စီတနှင့် ဝမ်မင်ယာတို့၏ လှုပ်ရှားမှု
Vol. 66 Ch. 916
မူလဂြိုဟ်ထက်ရှိ မြို့ကြီး အချို့၌ ‘အစွန်းလေးဖက် နန်းတော်’ ဟု ဆိုင်းပုဒ် တပ်ထားသည့် အဂ္ဂိရတ် ဆေးဆိုင် အချို့ ပေါ်လာခဲ့ပြီ ဖြစ်သည်။ ထူးခြားချက် အနေဖြင့် သူတို့က မသန့်စင်သည့် ထုတ်ကုန်များနှင့် အရည်အသွေးနိမ့် ထုတ်ကုန်များ လုံးဝ မရောင်းချပဲ အဆင့်မြင်နှင့် အထွတ်အထိပ် အရည်အသွေး ရှိသည့် ထုတ်ကုန်များကိုသာ ရောင်ချသည်။ ထို့အပြင် ထုတ်ကုန်များ အားလုံးက အဆင့်ငါး၊ အဆင့်ခြောက်နှင့် အဆင့် ခုနစ်များသာ ဖြစ်ကြပေသည်။
စီးပွားရေး လုပ်ငန်း အသစ် တစ်ခု စတင်ခြင်း အထိမ်းအမှတ် အဖြစ် ပထမ နှစ်ပတ်၌ အစွန်းလေးဖက် နန်းတော်တိုင်းမှာ အဂ္ဂိရတ် ထုတ်ကုန်များကို လျှော့စျေးများဖြင့် ရောင်းချကြသည်။ လာရောက် ဝယ်ယူသူတိုင်းမှာ အဖွဲ့ဝင်ကဒ်များ ရရှိလိမ့်မည် ဖြစ်ကာ နောင်အခါတွင်လည်း အလျင်းသင့်သလို လျော့စျေးများ ရရှိလိမ့်မည် ဖြစ်သည်။ ထိုကဲ့သို့ အခွင့်အရေးမျိုးကို မည်သူက ငြင်းဆန်နိုင်ပါမည်နည်း။
အခြားတစ်ဖက်၌ ထိုအဖွဲ့အကြောင်း စိတ်ဝင်စားကာ စုံစမ်းခဲ့ကြသူ အချို့လည်း ရှိပေသည်။ သို့သော်လည်း သတင်းအချက်အလက် ရင်းမြစ်က အလွန်လေး သေသပ်လွန်းလှရာ ဘာမှ သိပ်မထူးခြားခဲ့ပါချေ။ ထိုအကြောင်း စုံစမ်းရန် ကြိုးပမ်းသည့် လျှို့ဝှက် အာဏာရှင် အဆင့်များကိုပင် မြေကြီး ရှန့်ထိုများက ပိတ်ပင် တားဆီးခဲ့ကြသည်။
အမျိုးမျိုးသော အကြောင်းရင်းများကြောင့်ပင် အစွန်းလေးဖက် နန်းတော်များ အပေါ် လူများ၏ စိတ်ဝင်စားမှုများမှာ ပိုမို မြင့်တက်လာခဲ့ကြသည်။ သူတို့ ထုတ်လုပ် ရောင်းချနေသည့် အဂ္ဂိရတ် ထုတ်ကုန်များမှာ အမျိုးအစား ကွဲပြားစုံလင်သည့် အပြင် အရည်အသွေးပိုင်းမှာလည်း မြင့်မားလွန်းလှသည်။
စတင် ဖွင့်လှစ်ပြီး ရက်ပိုင်း အတွင်းမှာပင် အဂ္ဂိရတ် ထုတ်ကုန်များ၏ တစ်စတစ်စနှင့် ရောင်းအားမှာ ကြောက်မက်ဖွယ် ကောင်းအောင် ထိုးတက် လာခဲ့၏။ သို့သော်လည်း ထုတ်ကုန်များမှာ အကန့်အသတ် မဲ့ဟန် ရကာ ကုန်ဆုံး သွားသည်ဟု မရှိသလောက်ပင် ဖြစ်လေသည်။
နှစ်ပတ် ကြာမြင့်ပြီးနောက်၌ စျေးများက ပုံမှန် ပြန်ဖြစ်သွားသည်။ တစ်နည်းအားဖြင့် စျေးတက်သွားသည်ဟု ဆိုနိုင်ပေသည်။ သို့သော်လည်း လက်မလည်အောင် ရောင်းချ နေရဆဲ ဖြစ်သည်။ အကျိုးဆက် အနေဖြင့် စျေးဆိုင်ခွဲများ ထပ်မံ ပေါ်ထွက် လာခဲ့၏။
တစ်လ အတွင်းမှာပင် မြို့နှစ်ဆယ်ခန့်၌ ဆိုင်ခွဲပေါင်း နှစ်ဆယ့် အထိ ရှိနေခဲ့ပြီ ဖြစ်သည်။ သူတို့က အမျိုးမျိုးသော ထိပ်တန်း အဆင့် အဂ္ဂိရတ် နန်းတော်များ၊ အဖွဲ့အစည်းများနှင့် ယှဉ်ပြိုင် လာနိုင်ခဲ့၏။ သို့သော်လည်း ထိုဆိုင်များမှာ သူတို့နှင့် ယှဉ်ပါက အရည်အသွေးပိုင်း၊ အရေအတွက်ပိုင်းတွင် အားနည်းချက်များ ရှိလေရာ မကြာခင် ပြတ်ကျကျန်ခဲ့တော့မည့် လက္ခဏာများပင် ပေါ်လွင်နေသည်။
နောက်ပိုင်း၌ အစွန်းလေးဖက် နန်းတော်များမှာ စျေးနှုန်း မြင့်တက်မှုများ ရှိသည့်တိုင် ပေးရသည့် စျေးနှင့် ထိုက်တန်လှရာ မည်သူမဆို ဝယ်ယူရန် လုယက်နေဆဲ ဖြစ်သည်။
နှစ်လ အတွင်းမှာပင် မူလဂြိုဟ်ထက်၌ အစွန်းလေးဖက် နန်းတော်ပေါင်း လေးဆယ့် ရှစ်ခု အထိ တိုးပွား လာခဲ့ပြီ ဖြစ်လေသည်။
ထို့နောက်... သူတို့က အထွတ်အထိပ် အရည်သွေး ရှိသည့် အဆင့်ရှစ် နှင့် အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်များကို ထုတ်ဖော် ရောင်းချမည့် စျေးရောင်းပွဲတော်ကြီးကို ကျင်းပခဲ့ကြသည်။မူလဂြိုဟ် တစ်ခုလုံးမှာ ထိုအခွင့်အရေး အတွက် ဝရုန်းသုန်းကား ဖြစ်သွားကြကာ မူလဂြိုဟ် အပြင်ဘက်မှ လူများပင် ပါဝင် လာကြသည်။
စျေးရောင်းပွဲတော်ကို လေလံပွဲ အသွင်ဖြင့် ကျင်းပမည် မဟုတ်ချေ။ သတ်မှတ်စျေးနှုန်းအား ပေးဆောင်နိုင်သည့် မည်သူမဆို ဝယ်ယူနိုင်ပေသည်။ သို့သော်လည်း စျေးနှုန်းများမှာ အသေဖြစ်ကာ မည်သည့် ညှိနှိုင်းမှုမျိုးကိုမှ လက်ခံလိမ့်မည် မဟုတ်ပါချေ။
ထို့အပြင်... လူတစ်ယောက် သို့မဟုတ် အဖွဲ့အစည်း တစ်ခု အနေဖြင့် မည်ရွေ့မည်မျှ ဝယ်ယူနိုင်သည် ဆိုသည့် အရေအတွက်ကိုလည်း ကန့်သတ်ထားပေသေးသည်။ ထိုအရာက နောက်ပိုင်းတွင် မလိုလားအပ်သည့် မသမာမှုများ မဖြစ်စေရန် ရည်ရွယ်ပေသည်။
လပိုင်းမျှ အတွင်းမှာပင် မူလဂြိုဟ်ထက်ရှိ အခြား အဂ္ဂိရတ် လုပ်ငန်းများမှာ ကျရှုံးလုနီးပါး အထိ ဖြစ်သွားခဲ့သည်။ သူတို့ထံ အမျိုးမျိုးသော စောဒက တက်မှုများ ရောက်ရှိလာသည်။ ထိုအထဲမှ အထင်ရှားဆုံးမှာ ဝယ်ယူသူများဘက်မှ လိမ်ညာခံရသည်ဟု ခံစားနေရသည့် အချက်ပင် ဖြစ်သည်။ သူတို့၏ ထုတ်ကုန်များမှာ အရည်အသွေးပိုင်း နိမ့်ပါးသည့် အပြင် မသန့်စင်မှု များစွာ ပါဝင်နေရာ ကျင့်ကြံသူများ၏ တိုးတက်မှုကိုပင် ကြီးမားစွာ အဟန့်အတား ဖြစ်စေနိုင်သည်။
သူတို့ကို လောဘငယ်ထိပ် ရောက်နေသည့် ဝိသမသား စီးပွားရေးသမားများ အဖြစ် သမုတ်ကြသည်။ ဆယ်စုနှစ်ချီ၊ တစ်ချို့ဆိုလျှင် ရာစုနှစ် ချီ၍ပင် တည်ဆောက်ထားရသည့် ဂုဏ်သတင်းများက ယခုဆိုလျှင် မြောင်းထဲ လွှင့်ပစ်ခံလိုက်ရပြီ ဖြစ်သည်။
သို့သော်လည်း... ရုတ်ချည်း ဆိုသလိုပင် အစွန်းလေးဖက် နန်းတော်များမှာ ပျောက်ကွယ် သွားခဲ့သည်။ သူတို့က ကြီးမားသည့် ရောင်းချမှုများ ပြုလုပ်ခဲ့သည်။ ကြီးမားသည့် အကျိုးအမြတ်များ ပေးခဲ့သည်။ ဒြပ်စင် နယ်မြေ တစ်ခုလုံးကို စစ်မှန်သည့် အဂ္ဂိရတ်၏ အရသာကို မြည်းစမ်းစေခဲ့သည်။ သို့သော်လည်း ယခုတွင်တော့ ပျောက်ချင်းမလှ ပြန်လည် ပျောက်ကွယ် သွားပြန်ပြီ ဖြစ်သည်။
သူတို့ ဆိုင်ဖွင့်ခဲ့သည့် နေရာများမှာ မူလ စျေးဆိုင်များ အဖြစ် ပြန်လည် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။ အချို့က စားသောက်ဆိုင်များ ပြန်ဖြစ်သွားကာ အချို့က ဆေးခန်းများ၊ တည်းခိုရိပ်သာများ အဖြစ် ပြန်ပြောင်းသွားသည်။
ဆိုင်များအား စီမံ ခန့်ခွဲခဲ့သည့် ကျင့်ကြံသူများကတော့ အစစ်အမှန် ဒြပ်စင်ဂိုဏ်းထဲတွင်ပင် ဆက်လက် ရှိနေကြဆဲ ဖြစ်သည်။ လူအများက သူတို့ထံ သွားရောက်၌ ဆိုင်များ ပိတ်လိုက်ရသည့် အကြောင်းရင်းများကို မေးမြန်းခဲ့သော်လည်း အဖြေကတော့ တူညီစွာပင် တစ်လေသံတည်း ထွက်လာခဲ့သည်။ ၎င်းကား..
“ငါတို့လည်း မသိဘူး...”
ဟူ၍...။
သူတို့က အရာအားလုံး ပုံမှန် လည်ပတ် စီးဆင်းနေသည့် အလား အေးချမ်းစွာပင် ဆက်လက် ကျင့်ကြံ နေကြပေသည်။ အကြောင်းရင်းကို သိသူ တစ်ဦးတစ်ယောက်မျှ မရှိကြပါချေ။
သို့သော်လည်း အကျိုးဆက်က ထိုမျှနှင့် ရပ်တန့်သွားခြင်း မရှိပါချေ။ များစွာသော ကျင့်ကြံသူများမှာ ဒေါသတကြီး ဖြစ်နေကြ၏။ လွန်ခဲ့သည့် လပိုင်း အတွင်းမှာပင် ကျင့်ကြ့ခြင်း အခြေခံ တိုးတက်မှုများကြောင့် သူတို့ ပျော်ရွှင် နေခဲ့ကြခြင်း ဖြစ်သည်။ အလွန့်အလွန် ရှားပါးသော ထုတ်ကုန်များကိုပင် စျေးနှုန်း ခေါင်းပုံဖြတ်မှု မရှိပဲ သင့်တင့်မျှတသည့် စျေးနှုန်းဖြင့် ရရှိနိုင်ရာ ထိုအရာက ဆုလာဒ် တစ်ခုလိုပင် ဖြစ်သည်။
ဒြပ်စင်နယ်မြေ တစ်ခုလုံး အစွန်းလေးဖက် နန်းတော်များ၏ အောင်မြင်မှုများနှင့် လျှို့ဝှက်စွာ ပျောက်ဆုံးသွားမှုများကို အာရုံစိုက် နေကြချိန်တွင် မိန်းမငယ်လေး တစ်ယောက်မှာ ဒြပ်စင် နယ်မြေ အတွင်းရှိ အမျိုးမျိုးသော ငွေအဆင့်၊ ရွှေအဆင့် အင်အားစုများထံ သွားရောက် လည်ပတ်ကာ အပြုံးနှင့် ပြန်လည် ထွက်လာခဲ့ပေသည်။
သူမက ကောင်းကင် ပုရောဟိတ် မိန်းမငယ်လေး ဝမ်မင်ယာမှ လွဲ၍ မည်သူ ဖြစ်နိုင်ပါမည်နည်း။
တတိယမြောက်လ၌ သူမနှင့် စီတတို့မှာ ဝေ့ဝူယင် နေထိုင်ရာ ခြံဝန်းကလေးထဲတွင် စကားပြော နေခဲ့ကြလေသည်။ သူမနှင့် စီတတို့မှာ တာဝန် ပြီးမြောက်ပြီးနောက်တွင် ထိုနေရာသို့ ပြန်လာခဲ့ကြခြင်းပင် ဖြစ်၏။ မိန်းကလေး နှစ်ယောက်မှာ အကြိတ်အနယ် ဆွေးနွေး နေခဲ့ကြခြင်းပင်။
“အဆင်ပြေခဲ့တယ် မလား...”
စီတက စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်လိုက်၏။ သူမ၏ ကျင့်ကြံခြင်း အခြေခံက သန်မာကာ အစွမ်းထက်သည့် အော်ရာကို ထုတ်လွှတ်နေသည်။ မိန်းကလေးမှာ လွန်ခဲ့သည့် သုံးလ အတွင်း ကျင့်ကြံခြင်းတွင်လည်း များစွာ တိုးတက် လာခဲ့ကြောင်း ထင်ရှားလှသည်။
ဝမ်မင်ယာက ခေါင်းညိတ်လိုက်၏။
“ဒါပေါ့... သူတို့အားလုံး သဘောတူညီမှု စာချုပ်တွေနဲ့ ဝိညာဥ် ကျိန်ဆိုခဲ့ကြတယ်”
စီတက တောက်ပစွာဖြင့် ပြုံးလိုက်သည်။
“တော်ဝင် သားတော်က တကယ် ထက်မြက်တယ်...”
ဝမ်မင်ယာက လိုက်လံ ပြုံးလိုက်သည်။ ဝေ့ဝူယင်မှာ တကယ်ပင် ထက်မြက်ကာ အမျှော်အမြင် ကြီးမားသူ ဖြစ်သည်။ သူမ ဒြပ်စင် နယ်မြေ အတွင်းရှိ ရွှေအဆင့်၊ ငွေအဆင့် အင်အားစုများကို အင်အား တစ်စုံတစ်ရာ စိုက်ထုတ်မှု မရှိပဲ စည်းရုံးနိုင်ခဲ့သည်။ အဂ္ဂိရတ် ပညာရပ်၏ အနှစ်သာတရကို မြည်းစမ်းစေပြီး နောက်တွင် မည်သူမှ သူတို့ ကြော့ကွင်းမှ မလွတ်မြောက်နိုင်ခဲ့တော့ချေ။
အနန္တ ဧကရာဇ်ဂိုဏ်းတွင် ရှိစဉ်အခါကလည်း ဝေ့ဝူယင်မှာ ဂိုဏ်းတစ်ခုလုံးကို အိတ်ကပ်ထဲ ထည့်ထားနိုင်ခဲ့သူ ဖြစ်သည်။ ဥပဒေ ထိန်းသိမ်းရေး အဖွဲ့များမှာ ဂိုဏ်းထက် သူ့အပေါ် ပိုမို သစ္စာ ရှိကြသည်။ ကောလဟလများ အရဆိုလျှင်... မဟာ အင်ပါယာ သူတော်စင်များ ပင်လျှင် သူ့ထံမှ မျက်နှာပေးမှု ရရှိအောင် ကြိုးပမ်း ကြားရသည်ဟု ဆိုသည်။
နောက်ပိုင်းတွင် သူက အာရုဏ်ဦး အာဏာရှင် အင်ပါယာ ဖြစ်လာကာ လွှမ်းမိုးမှုကို ကြယ်တာရာ နယ်မြေ တစ်ခုလုံးထံ ဖြန့်ကျက်ခဲ့သည်။ နောက်ဆုံး သုံးလွှာ ကြယ်တာရာ နယ်မြေပင် အာရုဏ်ဦး ကြယ်တာရာ နယ်မြေ ဟု နာမည် ပြောင်းသွားခဲ့သည် အထိ။
“တော်ဝင်သားတော်က ငါတို့ကို ဘာလို့ လုပ်ခိုင်းရတယ် မသိဘူး...”
စီတက မေးလိုက်၏။ ဝမ်မင်ယာက ဝေ့ဝူယင် တံခါးပိတ် ကျင့်ကြံနေသည့် အဆောက်အအုံ၏ တံခါးကို လှမ်းကြည့်လိုက်သည်။
“မြေကြီးရှန့်ထိုတွေတောင် သတိမထားမိတဲ့ လှုပ်ရှားမှု တစ်ချို့ ရှိတယ်... သူတို့ သတိထားမိချင်လည်း သတိထားမိမှာ... သေးငယ်ပြီး အရေးမပါဘူး ဆိုပြီး လျစ်လျူထားတာလည်း ဖြစ်နိုင်တယ်”
“လှုပ်ရှားမှု ဟုတ်လား... ဘာလှုပ်ရှားမှုလဲ...”
စီတက အံ့သြသွားကာ မေးလိုက်၏။ ဝမ်မင်ယာ၏ မျက်လုံးများက မဆိုသလောက်လေး ကျဉ်းမြောင်း သွားသည်။
“ပြင်ပကလန်တွေ ဆီကို မျက်နှာဖုံးတပ်တွေ လာသွားတယ်... သူတို့ရဲ့ မျက်နှာဖုံးတွေက အစစ်အမှန် မွေးဖွားခြင်းရဲ့ အမှတ်အသားနဲ့ ဆင်တူတယ်”
“အစစ်အမှန် မွေးဖွားခြင်း... သူတို့လား...”
စီတမှာ အံ့သြသွား၏။ ဝမ်မင်ယာက ခေါင်းခါလိုက်သည်။
“ဆင်တာပါ... တူညီနေတာတော့ မဟုတ်ဘူး”
ထို့နောက် သူမက သင်္ကေတ တစ်ခု ပုံသဏ္ဌာန် ရေးဆွဲထားသည့် ပန်းချီကား တစ်ခုကို ထုတ်ယူလိုက်သည်။ ယင်းသင်္ကေတ၌ စက်ဝိုင်း သုံးခု ပါဝင်ကာ ထိပ်တွင် တစ်ခု အောက်ခြေ ဘယ်ဘက်တွင် တစ်ခု၊ ညာဘက်တွင် တစ်ခု ဖြစ်သည်။ ထိပ်ချင်း ထိစပ်နေသည့် စက်ဝိုင်း သုံးခု၏ အလယ်ဗဟိုတွင်တော့ ကြယ်ကဲ့သို့ ထူးဆန်းသည့် အရာ တစ်ခု ပါ၏။ ၎င်း၏ ဒေါင်လိုက် ရောင်စဉ်များက အလျားလိုက် ရောင်စဉ်များထက် ပိုမို ရှည်လျားကာ အကြမ်းဖျဉ်း နှစ်ဆခန့် အထိပင် ရှိပေလိမ့်မည်။
စီတက မျက်မှောင်ကြုတ် လိုက်၏။
“တစ်ခုတည်း မဟုတ်တာတော့ သေချာတယ်...”
ထိုကဲ့သို့ ပြောပြီးနောက် ဝမ်မင်ယာက ပန်းချီကားကို ပြန်လည် သိမ်းဆည်းလိုက်၏။ ထို့နောက် သူတို့ နှစ်ယောက်မှာ တံခါးကိုသာ တိတ်တဆိတ် ငေးကြည့် နေခဲ့ကြတော့သည်။
...
အခန်းအတွင်း၌...
ဝေ့ဝူယင်မှာ လက်ဟန်မုဒြာများကို အဆက်မပြတ် ဖန်တီးကာ မှော်ဆေးအိုး၏ အရှေ့တွင် ရပ်နေခဲ့သည်။ အဂ္ဂိရတ် ဧဒင် အင်အားများက ဆေးအိုး အတွင်း အဆက်မပြတ်ပင် စီးဆင်းနေခဲ့သည်။
မကြာခင်မှာပင် သန့်စင်သည့် စိမ်းပြာရောင် အလင်းများမှာ မှော်ဆေးအိုး အတွင်းမှ ပေါက်ကွဲ ထွက်ပေါ်လာ၏။ ၎င်းတို့က လောကတစ်ခုလုံးကို ဖြန့်ကျက်ကာ ထွန်းလင်းဖို့ ကြိုးစားကြသော်လည်း... နံရံများဆီသို့ ရောက်သည်နှင့် ဆေဘာ အလင်းများက သုတ်သင် ရှင်းလင်း ပစ်လိုက်သည်။ မည်သည့် ဆန်းကြယ်သော ဖြစ်စဉ်မှ ဖြစ်ပေါ်လာခြင်း မရှိချေ။
အခန်းအတွင်း အော်ဟစ် ရယ်မောသံကြီး တစ်ခုသာလျှင် ပျံ့လွင့် သွားခဲ့လေ၏။
“ဟား... ဟား... ငါတို့ လုပ်နိုင်ခဲ့ပြီကွ”
***