← Chapters

မုန်တိုင်း မတိုင်ခင် တည်ငြိမ်ခြင်း

Vol. 66 Ch. 919

မုန်တိုင်း မတိုင်ခင် တည်ငြိမ်ခြင်း

Vol. 66 Ch. 919

ဝေ့ဝူယင် မူလဂြိုဟ်ပေါ် ရောက်ရှိလာခြင်းက မျှော်လင့်မထားသည့် အဖြစ်အပျက်များနှင့် အပြောင်းအလဲများကို ခေါ်ဆောင် လာခဲ့လေသည်။ သူ၏ အလည်အပတ် ခရီးက ခဏတာသာ ဖြစ်သည့်တိုင် အစစ်အမှန် ဒြပ်စင်ဂိုဏ်း အတွင်းတွင် အလှည့်အပြောင်း များစွာကို ဖြစ်ပေါ်စေခဲ့သည်။ အထူးသဖြင့် လင်းမျိုးနွယ်နှင့် ပြင်ပ ကလန်တို့ပင်။

လင်းမျိုးနွယ်မှာ တစ်နည်းနည်းဖြင့် ပိုမို၍ အင်အားကြီးလာဟန် ရကာ ပြင်ပ ကလန်များကတော့ လွှမ်းမိုးမှုများ လျှင်မြန်စွာပင် လျော့ကျလာခဲ့သည်။ ဂိုဏ်းအတွင်းရှိ ပြင်ပကလန်များမှ အဖွဲ့ငယ် များစွာမှာ ပျောက်ကွယ် သွားကာ အများစုမှာ အတွင်းရေး ကိစ္စများ ရှိသည် ဟု ဆိုကာ ကလန်များထံသို့ ပြန်သွား ခဲ့ကြခြင်း ဖြစ်သည်။

အကျိုးဆက် အနေဖြင့် ဂိုဏ်းအတွင်း ပဋိပက္ခများ လျော့နည်းလာကာ ကျန်ရစ်သူများနှင့် အတူ ဝန်ကျင် တစ်ခုလုံးက လိုက်လျောညီထွေ ရှိလာခဲ့သည်။ အစစ်အမှန် ဒြပ်စင်းဂိုဏ်းမှာ စည်းလုံး ညီညွှတ်သည့် ဂိုဏ်းကြီး တစ်ခုနှင့် မတူညီခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အဖွဲ့ငယ်များစွာ၊ ဂိုဏ်းကဏ္ဍများစွာဖြင့် အစည်းပြေနေခဲ့သည့် နေရာ တစ်ခု ဖြစ်သည်။ သို့သော်လည်း ယခုတွင်တော့ အလင်းရောင် တစ်ခုကို မြင်လိုက်ရသည့် အလား ထိုပြဿနာများက သိသိသာသာ လျော့ကျလာနေသည်ကို လူတိုင်း ထင်ရှားစွာပင် တွေ့မြင်နိုင်ပေသည်။

ကုန်းလော့၏ သေဆုံးမှု၊ နန်စီ မျိုးနွယ် မြေကြီး ရှန့်ထို ပျောက်ဆုံးနေမှုတို့နှင့် အတူ ဂိုဏ်းအတွင်း၌ ပြိုကွဲဒြပ်စင် အဖွဲ့ ခေါင်းဆောင် ကျန်းကျိရီနှင့် ဂိုဏ်းချုပ် လင်းရှန်းရှန်းတို့၏ သြဇာ လွှမ်းမိုးမှုက သိသိသာသာပင် ကြီးမားလာခဲ့သည်။ ကျန်းကျိရီက ထိုအခွင့်အရေးကို ယူကာ အစစ်အမှန် မူလ အဖွဲ့၏ အရေးပါသည့် အဖွဲ့ဝင်များကို ရှင်းလင်းပစ် နေခဲ့သည်။

ကျန်းကျိရီမှာ တည်ငြိမ်သည့် အမူအရာ ရှိသည့်တိုင် ပြဿနာများကို ရှင်းလင်းရာ၌ အတော်လေး ရက်စက် ပြတ်သားသူ တစ်ယောက် ဖြစ်သည်။ လင်းမျိုးနွယ်၏ လွှမ်းမိုးမှုများကို လျှော့ချရန် အတွက် သူမမှာ လင်းရှန်းရှဲ့ကိုပင် ဒြပ်စင်နယ်မြေ အပြင်ဘက် ရောက်သည်နှင့် ရှင်းပစ်ရန် ကြိုးပမ်း ခဲ့ဖူးသည်။

ထိုကဲ့သို့ အပြောင်းအလဲများကို ထင်ရှားစွာ တွေ့မြင်နိုင်သည့် အစစ်အမှန် ဒြပ်စင်ဂိုဏ်း အတွင်းရှိ နေရာတစ်ခုကတော့ အစစ်အမှန် ဒြပ်စင် နန်းတော်ပင် ဖြစ်လေသည်။ ၎င်းက အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ဌာနချုပ် ဖြစ်သလို လင်းမျိုးနွယ် ခေါင်းဆောင် လင်းရှန်းရှန်း၏ နေအိမ်လည်း ဖြစ်ပေသည်။

လေပေါ် မျောလွင့်နေသည့် ထိုအဖြူရောင် ကောင်းကင် နန်းတော်ကြီး အတွင်းတွင် ကြီးကျယ် ခမ်းနားသည့် အစည်းအဝေး ခန်းမကြီး တစ်ခု ရှိနေခဲ့သည်။ ထိုအခန်းအတွင်း၌ ထိုင်ခုံ နှစ်ဆယ့် လေးလုံးပါသည့် ရှည်မျောမျော စားပွဲကြီး တစ်ခု ရှိနေခဲ့၏။ ယနေ့ ထိုထိုင်ခုံများ အားလုံးမှာ ဂိုဏ်း၏ ထိပ်သီး ကျင့်ကြံသူများနှင့် ပြည့်နှက် နေခဲ့ပေသည်။ သူတို့က အစစ်အမှန် ဒြပ်စင်ဂိုဏ်း အတွင်းရှိ အမျိုးမျိုးသော ကလန်များမှ ဖြစ်ကြပေသည်။

ထိုကလန်များထဲမှ အများစုကို ပြိုကွဲ ဒြပ်စင် အဖွဲ့မှ ဖြစ်ကြသည်။ သူတို့က ပြင်ပ ကလန်များ၏ ဖိအားပေးမှုကြောင့် လင်းမျိုးနွယ်၏ အမိန့်ကို နာခံနေရသူများလည်း ဖြစ်သည်။ အခြားသူများကတော့ အစစ်အမှန် ဒြပ်စင်ဂိုဏ်း ဖွဲ့စည်းပြီးမှ ပူးပေါင်းလာသည့် အဖွဲ့များနှင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

စားပွဲ၏ ထိပ်ဆုံး ထိုင်ခုံ၌ ထိုင်နေသည့် ပုဂ္ဂိုလ်ကတော့ လင်းရှန်းရှန်းပင် ဖြစ်လေသည်။ သူမ၏ ‌ရွှေရောင် မျက်လုံးများမှာ ပြင်းထန်သည့် သြဇာအာဏာ၊ ဉာဏ်ရည် မြင့်မားမှုတို့နှင့် ပြည့်နှက်နေကာ လောကဂိုဏ်းချုပ် တစ်ယောက်၏ အဆင့်အတန်းကို ဖော်ညွှန်းထားသည်။

အကြီးအကဲများစွာမှာ လင်းရှန်းရှန်းကို ကြည့်ကာ အနည်းငယ် အံ့သြမိသွားကြ၏။ ယနေ့ လင်းရှန်းရှန်းက ယခင်က လင်းရှန်းရှန်းနှင့် ကွာခြားသွားသလို ခံစားရသည်။ သူမက ယနေ့တွင်မှ ဂိုဏ်းချုပ် တစ်ယောက်နှင့် တူသွားသလိုပင်။

သို့သော်လည်း စားပွဲ၌ ထိုင်နေသူများထဲ၌ လင်းရှန်းရှန်းက အသန်မာဆုံး မဟုတ်ပါချေ။ သူမက လျှို့ဝှက် ဝိညာဥ် အဆင့် တစ်ယောက်သာ ဖြစ်သည်။ စားပွဲဝိုင်း၌ သူမထက် ပိုမို၍ အစွမ်းထက်သူ ငါးယောက် တိတိ ပါဝင်နေပေသည်။ တိတိကျကျ ဆိုရလျှင် ယောက်ျားလေး သုံးယောက် မိန်းကလေး နှစ်ယောက် ဖြစ်သည်။ ယောက်ျား နှစ်ယောက်မှာ ပြိုကွဲဒြပ်စင် အဖွဲ့မှ ဖြစ်ကာ အခြားလူများကတော့ ဟန်ယုဟိုင် ခေါင်းဆောင်သည့် ဒြပ်စင်အဖွဲ့ဝင်များ ဖြစ်ကြသည်။ သူတို့အားလုံးမှာ သေမျိုးတစ်ပိုင်း အရှင်များ ဖြစ်ကြ၏။

သို့သော်လည်း သြဇာအာဏာ အရ ပြောရစတမ်း ဆိုလျှင် လင်းရှန်းရှန်းမှာ သူတို့ထက် အဆပေါင်းများစွာ ပိုမို မြင့်မားပေသည်။ ခွန်အားကသာ အရာရာကို ဆုံးဖြတ်သည့် လောက၌ လင်းရှန်းရှန်းမှာ ကြိုးဆွဲရာ ကခဲ့ရသည့် ဂိုဏ်းချုပ် တစ်‌ယောက် ဖြစ်ခဲ့သော်လည်း ယခုတွင်တော့ အရာရာက ခြားနား သွားခဲ့ပြီ ဖြစ်သည်။

ဝေ့ဝူယင်၏ အစေခံ တစ်ယောက် ဖြစ်လာခဲ့ပြီး နောက်တွင် ဟန်ယုဟိုင်နှင့် ကျန်းကျိရီတို့ ပင်လျှင် သူမ အပေါ် သဘောထားများ ပြောင်းလဲ သွားခဲ့သည်။ အထူးသဖြင့် ကျန်းကျိရီပင်။ ယခင်က သူမမှာ လင်းရှန်းရှန်းကို တွေ့သည်နှင့် တစောင်းစောင်း တမဲမဲ ဖြစ်နေခဲ့သော်လည်း ယခုတွင်တော့ လင်းမျိုးနွယ် အတွက်ပင် အခွင့်အရေးများကို ဖန်တီးပေး နေခဲ့သည်။

သေမျိုးတစ်ပိုင်း အရှင်များမှာ အကြောင်းရင်း အတိအကျကို မသိကြသည့်တိုင် ကျန်းကျိရီတို့၏ သဘောထားနှင့် ဆန့်ကျင် ပြုမူရန် ဆန္ဒ မရှိကြပါချေ။

“...”

ကျန်းကျိရီက သူမကို နှစ်ပေါင်း တစ်ထောင်ကျော် အခက်တွေ့အောင် လုပ်ခဲ့ကြသည့် ပုံရိပ်များကို တစ်ချက် ဝှေ့ကြည့်လိုက်၏။ ထို့နောက် ခြိမ်းခြောက်သည့် အပြုံးတစ်ခုက သူမ နှုတ်ခမ်းထက်တွင် ဖွဲ့စည်း လာခဲ့သည်။ ပထမဆုံး အကြိမ် အဖြစ် ထိုလူများထံမှ လေးစားမှုများကို သူမ မရရှိခဲ့ပြီ ဖြစ်သည်။ သေမျိုး တစ်ယောက်၏ အစေခံ ဖြစ်ရုံဖြင့်ပင် စိတ်ကူးတောင် မယဉ်ဝံ့သည့် အခွင့်အရေးများ ရရှိလာခဲ့သည်မှာ ဘယ်လောက် ရယ်စရာ ကောင်းလိုက်သနည်း။

“ရင်းမြစ် ခွဲဝေဖို့ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မတို့ နည်းနည်းလောက် ဆွေးနွေး လိုက်ရအောင်”

လင်းရှန်းရှန်းက လက်ကို စားပွဲပေါ် တင်လိုက်ရင်း ခေါင်းစဉ်ကို ကြေညာလိုက်၏။ အခြားလူများက မငြင်းသလို စောဒက တက်ခြင်းလည်း မပြုချေ။ သူတို့က သဘောတူဟန်ဖြင့် ခေါင်းညိတ်ကာ မိန်းကလေးကို စတင် ဆွေးနွေးခွင့် ပြုလိုက်ကြသည်။ ပြင်ပမျိုးနွယ်များ၏ အစစ်အမှန် မူလ အဖွဲ့ ကျရှုံးခြင်းက သူတို့ အားလုံး အတွက် ထိုခေါင်းစဉ်ကို စိတ်ဝင်စားမှုများ ပိုမို ယူဆောင် လာခဲ့ပေသည်။

အားလုံး၏ လေးနက်နေသည့် အမူအရာများကို ကြည့်ရင်း လင်းရှန်းရှန်းက ကျေနပ်စွာ ပြုံးလိုက်လေတော့၏။

...

အစစ်အမှန် ဒြပ်စင်နန်းတော်၏ အပြင်ဘက်၌ ပုံရိပ် နှစ်ခုမှာ ကောင်းကင် အလွှာထက်၌ မျောလွင့် နေကြ၏။ သူတို့က အောက်ရှိ နန်းတော်ကို ငုံ့ကြည့် နေကြခြင်းပင်။ ထိုနှစ်ယောက်မှာ ဟန်ယုဟိုင်နှင့် ကျန်းကျိရီတို့မှ လွဲ၍ မည်သူ ဖြစ်နိုင်ပါတော့မည်နည်း။

ဟန်ယုဟိုင်က ထူးမခြားနား အမူအရာဖြင့် ရှိနေစဉ်တွင် ကျန်းကျိရီကတော့ စိတ်တိုင်းမကျသည့် မျက်လုံးများဖြင့် နန်းတော်ကို စိုက်ကြည့် နေခဲ့၏။

“အခွင့်အရေး နည်းနည်း ပေးလိုက်တာနဲ့ တစ်ဆုံးနှိုက်တော့တာပဲ... အစေခံမ... သူက သူ့ကိုယ်ကို နဂါးခေါင်းပေါ် စီးနေတယ်များ ထင်နေတလား မသိဘူး”

ကျန်းကျိရီက နှာခေါင်းရှုံ့လိုက်၏။ ဟန်ယုဟိုင်က မသိမသာ ပြုံးလိုက်သည်။

“ဒါဆိုလည်း သူပြောတကို လက်မခံနဲ့လေ...”

“...”

ကျန်းကျိရီမှ တိတ်ဆိတ်သွား၏။ သူမက စိတ်ကြည်လင် မနေသည်မှာ ရှင်းလင်းလှပေသည်။ လင်းရှန်းရှန်းမှာ လက်ရှိ၌ ဝေ့ဝူယင်၏ အစေခံ တစ်ယောက် ဖြစ်သည်။ ဝေ့ဝူယင်မှာ သာမန် သေမျိုး တစ်ယောက် မဟုတ်ချေ။ အစေခံ တစ်ယောက် ဆိုသည့် အဆင့်အတန်းကို အထင်သေး၍ မရကြောင်း သူမ သိပေသည်။ ထာဝရ ဧကရာဇ်၏ အစေခံ စန်းမျိုးနွယ်မှာ အကောင်းဆုံး ဥပမာပင် ဖြစ်သည်။

ဝေ့ဝူယင်မှာ မရိုးရှင်းချေ။ သူက ရှန့်ထို ဖန်ဆင်းရှင် တစ်ယောက် ဖြစ်သည်။ မဟာ သေမျိုး အဂ္ဂိရတ် အာဏာရှင် ဖြစ်သည်။ အင်ပါယာ မျိုးနွယ်ပင် ထိတ်လန့်ရသည့် လျှို့ဝှက် ဆန်းကြယ်သော နောက်ခံကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ထို့အပြင် သူက ကျင့်ကြံသူ တစ်ယောက် အနေဖြင့်လည်း ပါရမီ မြင့်မားကာ သန်မာသူ ဖြစ်သည်။ ထိုအချက်များဖြင့်ပင် သူ့ကို လေးစားရန် လုံလောက်နေချေပြီ ဖြစ်သည်။

သို့သော်လည်း ဝေ့ဝူယင်၏ ပိုင်ဆိုင်မှုများက ထိုမျှ မကသေးချေ။ သူ့နောက်ကွယ်တွင် အစွမ်းထက် မြေကြီး ရှန့်ထို နှစ်ယောက် ရှိနေသည်။ ထို့အပြင် သေမျိုးတစ်ပိုင်း အရှင်အဆင့်ထက် ပိုမို အစွမ်းထက်သည့် မီးဖီးနစ် တစ်ကောင်လည်း ရှိသည်။ ချမ်းသာ ကြွယ်ဝမှု အရာတွင်တော့ ပြောစရာပင် မလိုတော့ချေ။ ဝူယု သိမ်းဆည်းလာသည့် လက်စွပ်များဖြင့်ပင် ကြယ်တာရာ နယ်မြေများကိုပင် ဝယ်ယူနေနိုင်ပြီ ဖြစ်လေသည်။

“သူ ဘာလုပ်နေတယ် လို့ ထင်လဲ...”

ကျန်းကျိရီက မေးလိုက်၏။ လွန်ခဲ့သည့် လေးလ အတွင်း၌ ဝေ့ဝူယင်မှာ မူလဂြိုဟ်ထက်တွင် ကြီးမားသော လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။

အထူးသဖြင့် အစွန်းလေးဖက် နန်းတော်များမှာ ဆူပူအုံကြွမှုများကိုပင် ဖန်တီးနိုင်ခဲ့ကာ ကြယ်တာရာ အမြုတေ အဆင့်များ အကြား ကြီးမားသော တိုးတက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

အစစ်အမှန် ဒြပ်စင်ဂိုဏ်းထဲတွင်ပင် လွန်ခဲ့သည့် လေးလအတွင်း၌ လောသခင် အယောက် နှစ်ဆယ် မွေးဖွားခဲ့သည်။ အချိန်သခင် သုံးယောက်နှင့် ကြယ်တာရာ သခင် တစ်ယောက် ပေါ်ထွက်ခဲ့သည်။ ထို့အပြင် အဆင့်နိမ့် ကျင့်ကြံသူများမှာလည်း အောင်မြင်မှု များစွာကို ရရှိနိုင်ခဲ့သည်။ ကြယ်တာရာ ကပ်ဘေး ဆင့်ခေါ်မှုများမှာ နေ့စဉ် ရက်ဆက်ဆိုသလို ဖြစ်ပေါ် နေခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သည့် လေးလ အတွင်း တိုးတက်မှုမှာ ဆယ်စုနှစ် သုံးခုစာလောက်ပင် ရှိပေလိမ့်မည်။

ထို့အပြင် သူ၏ ‌ကောင်းကင် ပုရောဟိတ်မှာ ဒြပ်စင်နယ်မြေ အတွင်းရှိ ရွှေအဆင့်၊ ငွေအဆင့် အင်အားစုများထံ သွားရောက် လည်ပတ်ခဲ့သေးသည်။ ဂိုဏ်းအနေဖြင့် အတိအကျ စစ်‌ဆေးမှုများ မပြုလုပ်ခဲ့သည့်တိုင် အချို့ အရာများကိုတော့ ပြန်လည် ကြားခဲ့ရသည်။ ထိုအထဲမှ တစ်ခုက ထိုအင်အားစုများ အတွင်း ဝိညာဥ် ကျိန်ဆိုမှု များစွာ ပြုလုပ်ခဲ့သည် ဆိုခြင်းပင်။

လက်ရှိ အစစ်အမှန် ဒြပ်စင်နန်းတော် အတွင်းရှိ စားပွဲဝိုင်း၌ ထိုင်နေသည့် လူအချို့ ပင်လျှင် သူနှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံမှုများ ရှိခဲ့သည်။

“အဲဒါက ကိစ္စရှိလို့လား...”

ဟန်ယုဟိုင်က ထူးမခြားနားဟန်ဖြင့် မေးလိုက်၏။

“ကိစ္စ မရှိဘူးလား...”

ကျန်းကျိရီက သူ့ကို ကြည့်လိုက်သည်။ ဟန်ယုဟိုင်က ခေါင်းကို မော့ကာ အမှောင် ဟင်းလင်းပြင်ထဲကို စိုက်ကြည့် လိုက်၏။ ထို့နောက် သူက ခေါင်းခါလိုက်လေသည်။

“ကိစ္စမရှိဘူး...”

ဝေ့ဝူယင်မှာ မာ့ကျန်း အသက်ကို ကယ်တင်ကာ မြေကြီးရှန့်ထို တစ်ယောက် ဖြစ်အောင် ပြောင်းလဲ ပေးခဲ့သည်။ ထို့အပြင် ဝူယု... ထိုလူအိုကြီးမှာ တတိယမြောက် ခြေချခြင်း၌ သေဆုံးခဲ့တာ သေချာသည်။ သို့သော်လည်း ယခုတွင်တော့ သူက အစစ်အမှန် ဒြပ်စင်ဂိုဏ်းကိုပင် အနိုင်ယူနိုင်သည့် မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်လာခဲ့သည်။ ထို့အပြင် သူ့ကဲ့သို့ အလွန်တရာ မာနကြီးသူ တစ်ယောက်က ဝေ့ဝူယင်၏ အဂ္ဂိရတ် စစ်သည်‌တော် တစ်ယောက် ဖြစ်ကြောင်း ကိုယ့်ကိုယ်ကို ကြေညာခဲ့သည်။ မည်သည့် အရာများ ဖြစ်ပျက်သွားခဲ့ကြောင်း ရှင်းလင်းလှပေသည်။

ဝေ့ဝူယင်မှာ အသက် တစ်ရာပင် မပြည့်သေးချေ။ သူ့၌ မည်ကဲ့သို့ နောက်ခံမျိုး ရှိကြောင်းမသိသည့်တိုင် သေမျိုး တစ်ယောက် အနေဖြင့် သူပိုင်ဆိုင်ထားသည့် နည်းလမ်းများကတော့ သူတို့ စိတ်ကူးနိုင်သည့် အတိုင်းအတာထက်ပင် ကျော်လွန်နေတာ ထင်ရှားပေသည်။

ဝေ့ဝူယင်မှာ ခေတ်တစ်ခုလုံးကို ပြောင်းလဲနိုင်သူ ဖြစ်သည်။ ထာဝရ ဧကရာဇ်ထက်ပင် ကြီးကျယ် ခမ်းနားသည့် ခေတ်သစ် တစ်ခုကို ယူဆောင်လာနိုင်သည်။

“လောကရှန့်ထို အဆင့်က သူ့ရဲ့ အကန့်အသတ် ဖြစ်မယ်လို့ ငါတော့ မထင်ဘူး...”

ဘုန်း...

ရုတ်တရက် ဟင်းလင်းပြင် တစ်ခုလုံး တုန်ရီသွား၏။

“ဘာလဲ...”

ကျန်းကျိရီက ခေါင်းကို ငုံ့ကာ မူလဂြိုဟ်ကို ကြည့်လိုက်သည်။ လောကကြီး တစ်ခုလုံးက ပြင်းထန်စွာ တုန်ခါနေသလို သူမ ခံစားလိုက်ရသည်။

“လောကသခင် အဆင့် ကပ်ဘေး မလား...”

ဟန်ယုဟိုင်က မျက်လုံး အစီအရင်ကို ဖော်ထုတ်ရင်း ရေရွတ်လိုက်၏။ သို့သော်လည်း ထိုအရာက သာမန် လောကသခင် အဆင့် ကပ်ဘေး မဟုတ်ကြောင်း သူ သိပေသည်။ တစ်ခုခုက ကွဲပြားနေကြောင်း သူ ခံစား နေမိပေသည်။

“ဝေ့ဝူယင်ခြံထဲက လာတာ...”

ကျန်းကျိရီက အော်ဟစ်လိုက်၏။ ‌အောက်ကို ငုံ့ကြည့်ရင်း ဟန်ယုဟိုင်၏ မျက်လုံးများက ပြူးကျယ် လာသည်။ မကြာခင်မှာပင် ထိုမျက်ဝန်းများမှာ မယုံကြည်နိုင်မှုများနှင့် ပြည့်နှက် သွားခဲ့တော့၏။

***

All Chapters