← Chapters

ထျန်းရှောင်လု

Vol. 66 Ch. 922

ထျန်းရှောင်လု

Vol. 66 Ch. 922

“အခြေအနေ ဘယ်လိုလဲ...”

အသံက မိန်းကလေးသံ ဖြစ်ကာ ညင်သာ၏။ သိမ်မွေ့ခြင်းများ ကိန်းအောင်းနေကာ နားထောင်သူတိုင်းကို မိခင် တစ်ယောက်လိုမျိုး နွေးထွေးမှု၊ စိတ်လုံခြုံမှုများ ပေးနိုင်စွမ်း ရှိသည်။ သို့သော်လည်း... အာရုံ စူးရှသူများကတော့ ထိုအသံထဲတွင် ဇာတိမာန်မာန အငွေ့အသက်များ ပါဝင်နေကြောင်း ခံစားမိလိမ့်မည် ဖြစ်သည်။

ထျန်းရှောင်လုက ခေါင်းခါလိုက်၏။

“အချိန်ဖြုန်းတာ သက်သက်ပါပဲ... ဦးလေး မူယန်က သူ့ကို သဘောတူခိုင်းမှာ မဟုတ်ဘူး”

ဝေ့ဝူယင်နှင့် တွေ့ဆုံခဲ့သည့် အဖြစ်အပျက်များ မတိုင်ခင် နှစ်လခန့်က အသံပိုင်ရှင်မှာ သူမကို လောကနယ်မြေမှ ထွက်ခွာကာ တာဝန်တစ်ခု ထမ်းဆောင်ဖို့ အမိန့်ပေးခဲ့သည်။ ထိုတာဝန်က ဆယ့်သုံးခုမြောက် ကောင်းကင် ဖော်စပ်ခြင်း နည်းလမ်းကို သုံးကာ အရည်အသွေးမြင့် လောက ရေလွှမ်းမိုးခြင်း ဆေးလုံး ဆယ့်သုံးခု ဖော်စပ်ဖို့ပင် ဖြစ်သည်။ ၎င်းက ကောင်းကင် သုံးဆယ့် သုံးသွယ် နည်းလမ်းနှင့် ဆင်တူကာ အဂ္ဂိရတ် ထုတ်ကုန် ဆယ့်သုံးခုကို တစ်ပြိုင်နက်တည်း ဖော်စပ်ခြင်းဖြစ်သည်။

ထျန်းရှောင်လုမှာ အချိန် ခြောက်လကြာ ယူခဲ့ကာ ထိုထုတ်ကုန်ကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သည်။ ယခု တာဝန် ပြီးမြောက်ခဲ့ပြီ ဖြစ်လေရာ သူမ ပြန်လာခဲ့ခြင်း ဖြစ်သည်။

“...”

အသံက ချက်ချင်း တုန့်ပြန်ခြင်း မပြုပဲ အချိန် ကြာမြင့်စွာ တိတ်ဆိတ်နေ၏။

ထျန်းရှောင်လု စိတ်ရှည်စွာပင် စောင့်ဆိုင်း နေခဲ့သည်။ သစ်သား နန်းတော် အတွင်း၌ ရှိနေသည့် ပုဂ္ဂိုလ်မှာ ယာယီ အချိန်ရပ်ဆိုင်းခြင်း အစီအရင်ကို သုံးကာ ဆေးဖော်စပ်မှုကို ခေတ္တ ရပ်ထားကြောင်း သူမ သိပေသည်။ လွန်ခဲ့သည့် လေးလ...ထျန်းမူယန် ဆင့်ခေါ်ခဲ့သည့် အချိန်တွင်လည်း သူမမှာ ထိုကဲ့သို့ပင် ဆေးဖော်စပ်မှုကို ရပ်နား ထားခဲ့ခြင်း ဖြစ်သည်။

၎င်းက သာမန် အဂ္ဂိရတ် ပညာရှင် တစ်ယောက် ဖန်တီးထားသည့် အစီအရင် မဟုတ်ချေ။ ထာဝရ ဧကရာဇ် ကိုယ်တိုင် လောက အဂ္ဂိရတ် ရှန့်ထို အဆင့်ကို မရောက်ခင် ဖန်တီးထားခဲ့သည့် အစွမ်းထက် အစီအရင် တစ်ခုပင် ဖြစ်သည်။ ၎င်းကို ထာဝရ ထိန်းချုပ်ရေး အဂ္ဂိရတ် အစီအရင်ဟု ခေါ်၏။

မိနစ် အနည်းငယ် ကြာပြီးနောက်၌ အသံပိုင်ရှင်က နောက်တစ်ကြိမ် စကားပြော လာခဲ့သည်။

“သူ့ကို ညည်း ဘယ်လိုထင်လဲ...”

မေးခွန်းက ထျန်းရှောင်လု၏ မျက်ခုံးများကို အနည်းငယ် ကျုံ့သွားစေခဲ့သည်။ အနည်းငယ်မျှ စဉ်းစားပြီးနောက် မိန်းကလေးက ပြန်ဖြေလိုက်၏။

“စိတ်တင်စားဖို့ ကောင်းတယ်...”

ထိုအရာက သူမ၏ အရိုးသားဆုံး အမြင် ဖြစ်သည်။ လူငယ်၏ ချောမောသော ရုပ်ရည်၊ အော်ရာနှင့် ပါရမီ၊ နောက်ပြီး... သူ စကားနေသည့် လှည့်ကွက်... အားလုံးက စိတ်ဝင်စားစရာ ကောင်းလှသည်။

“သူ့ခန္ဓာကိုယ်ပေါ်မှာ အမှတ်အသား ရှာတွေလား...”

အသံရှင်က မေးလိုက်၏။

“ဟင့်အင်း.. သူက သူ့တပည့် မဟုတ်သလို မျိုးဆက်လည်း မဟုတ်တာ သေချာတယ်”

ထျန်းရှောင်လုက ယုံကြည်ချက် ရှိစွာပင် ဖြေလိုက်၏။ ကောင်းကင် အင်ပါယာချီလို နည်းလမ်းကို အမှိုက်ပစ်သလို ပေါ့ပေါ့တန်တန် ပေးပစ်ကာ ပြဿနာ ရှောင်တိမ်းခဲ့သည့် လူငယ်၏ လှည့်ကွက်ကို ပြန်လည် တွေးရင်း သူမ ပြုံးလိုက်မိသည်။ ထာဝရ ဧကရာဇ်၏ မျိုးဆက် ဆိုလျှင် သူက ထိုပြဿနာလောက်ကို ရှောင်တိမ်းလိမ့်မည် မဟုတ်ချေ။ ထိပ်တိုက် ရင်ဆိုင်မှာ သေချာပေသည်။

“နောက်ပြီး သူ့ကိုယ်ပေါ်မှာ အဂ္ဂိရတ် အော်ရာ ချိတ်ဆက်မှုကိုလည်း ရှာမတွေ့ဘူး... သူ့မှာ အဂ္ဂိရတ် ဝိညာဥ် မရှိတာ ဖြစ်နိုင်တယ်... ကျွန်မ အထင် သူက လောကတစ်သောင်း ကလန်ကများလား... သူ့ဆီမှာ သူတို့ရဲ့ အော်ရာ အငွေ့အသက် တစ်ချို့ ရှိတယ်”

“လောကတစ်သောင်းကလန်... သူက အဲဒီ ကြယ်တာရာ နယ်မြေက လာတာ... အဲဒီလိုလား...”

အသံပိုင်ရှင်က ခပ်တိုးတိုး ရေရွတ်လိုက်၏။ ထို့နောက် သူမက သက်ပြင်း တစ်ချက် ချလိုက်သည်။

“သိပြီ... ဘယ်လောက် စိတ်ပျက်စရာ ကောင်းလဲ...”

“ဆရာ...”

ထျန်းရှောင်လုက ခေါ်လိုက်ပြီးခါမှ ဆက်မပြောပဲ ရပ်တန့်သွား၏။ သူမ၏ အမူအရာက စိတ်ရှုပ်ထွေး နေကြောင်း သိသာပေသည်။

အသံပိုင်ရှင်က သူမ၏ တုန့်ဆိုင်းမှုကို သိမြင်သည့် အလား မေးလိုက်၏။

“ညည်းရဲ့ တတိယ တာအိုက ပြည့်စုံခါနီးပြီလား...”

ထျန်းရှောင်လု၏ မျက်လုံးများက အနည်းငယ် မှေးမှိန်သွားသည်။

“ကျွန်မ လိုအပ်တာ...”

“ငါနားလည်ပြီ...”

အသံပိုင်ရှင်က ကြားဖြတ် ပြောလိုက်သည်။

“အခု လောလောဆယ် ဆရာ ညည်းအတွက် ဆေးဖော်စပ်တာ တန်းလန်းကြီး ဖြစ်နေတယ်... အဲဒါနဲ့ဆို အသက် တစ်ရာ မပြည့်ခင် ညည်း အချိန်သခင် အဆင့်ကို ရောက်နိုင်မှာပါ... သူ့ရဲ့ စမ်းသပ်ပွဲကို အောင်မြင်ဖို့ အခွင့်အရေး အပြည့် ရှိတယ်”

ထျန်းရှောင်လု၏ မျက်လုံးများက တောက်ပသွားသည်။ ဆရာနှင့် တွေ့ဆုံခွင့် ရခြင်းက ဘဝ တစ်လျှောက် အကောင်းမွန်ဆုံး အရာ ဖြစ်ကြောင်း သူမ တွေးလိုက်မိ၏။ မိန်းကလေးက အလျှင်အမြန်ပင် ဦးညွှတ် လိုက်လေသည်။

“ကျေးဇူးပါ... ဆရာ”

“ညည်း ငါ့ကို ကျေးဇူးတင်ချင်ရင် သူ ချန်ထားခဲ့တဲ့ ရတနာကိုသာ ရအောင် လုပ်ခဲ့... အဲဒီ အထဲမှာ အဂ္ဂိရတ် တာအိုကို နောက်တစ်ဆင့် တက်ဖို့ လျှို့ဝှက်ချက်တွေ ပါတယ်... အဲဒါက အကောင်းဆုံး ကျေးဇူးတင်တဲ့ နည်းပဲ”

“ကျွန်မ အကောင်းဆုံး လုပ်ပါ့မယ်”

ထျန်းရှောင်လု ကတိပေးလိုက်သည်။

ဝရုန်း...

ရုတ်တရက်... လောကကြီးက တုန်ရီသွားခဲ့၏။ ထျန်းရှောင်လု၏ အမူအရာက ပြောင်းလဲသွားကာ လောကနယ်မြေကို ဖြန့်ကျက်၍ ကိုယ့်ကိုယ်ကို ကာကွယ်လိုက်သည်။ အကယ်၍ ဝေ့ဝူယင်သာ ထိုလောကနယ်မြေကို တွေ့ပါက ရူးသွပ်လု နီးပါး ဖြစ်သွားလောက်သည်။

အဘယ်ကြောင့်နည်း။ ၎င်းက ယခင်ကလို ခုနစ်ရောင်ခြယ် မဟုတ်တော့သောကြောင့်ပင်။ ၎င်းအတွင်း၌ အဆုံးမဲ့သော အရောင်နှင့် ပုံသဏ္ဌာန်များ ပါဝင်နေကာ ဒြပ်စင်ကိုးခု အပါအဝင် ရုပ်တာအို၏ အော်ရာ အမျိုးမျိုးနှင့် ပြည့်နှက် နေ၏။ ၎င်က ဖန်တီးခြင်း မျိုးစေ့နှင့် ဆင်တူကာ ဖန်တီးခြင်းမျက်လုံးမှ ထုတ်လွှတ်သည့် အော်ရာအတိုင်း အတိအကျပင် ဖြစ်သည်။

“ဘာဖြစ်တာလဲ...”

မိန်းကလေးက သတ္တု အထူးပြု စွမ်းအင်များဖြင့် ခန္ဓာကိုယ်ကို ရစ်ပတ်ရင်း မေးလိုက်၏။

“လောကသခင် အဆင့် ကပ်ဘေးလား...”

အသံပိုင်ရှင်မှာလည်း အနည်းငယ် အံ့အားသင့်နေဟန် ရလေသည်။

“မဟုတ်ဘူး...”

တုန်လှုပ်မှုများ ပြည့်နှက်နေသည့် အသံ တစ်ခုနှင့် အတူ သစ်သား နန်းတော်ငယ်ထဲမှ အဂ္ဂိရတ် စွမ်းအင်များ စီးထွက် လာ၏။ ၎င်းက လောကနယ်မြေတစ်ခုလုံးကို လွှမ်းခြုံလိုက်ကာ တုန်ရီနေမှုကို အဆုံးတိုင် ပယ်ဖျက် ပစ်လိုက်သည်။

မကြာခင်မှာပင် လောကနယ်မြေမှာ ပြန်လည် တည်ငြိမ်သွား၏။ သို့သော်လည်း တင်မာမှုနှင့် ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်များကတော့ နန်းတော်ငယ် အတွင်း အဆက်မပြတ် လောင်ကြွမ်း နေခဲ့လေသည်။

ထျန်းရှောင်လုမှာ ထိုအရာကို ခံစားလိုက်ရရာ အနည်းငယ် တုန်ရီသွားခဲ့၏။

“ဆရာ...”

“ပြန်သွားပြီး ဘာဖြစ်တာလဲ စုံစမ်းလာခဲ့... အဲဒါက ဒြပ်စင် နယ်မြေလောက်က လာတာ ဖြစ်လိမ့်မယ်”

အသံပိုင်ရှင်က ဒေါသကို ထိန်းချုပ်ထားရသည့် လေသံဖြင့် ဆိုလိုက်၏။

“ကောင်းပါပြီ... ဆရာ...”

ထျန်းရှောင်လုမှာ နန်းတော်ငယ် အတွင်းမှ ထွက်ပေါ်လာသည့် မသန့်စင်သော အော်ရာ အငွေ့အသက် တစ်ချို့ကို ခံစားလိုက်ရသည်။ ထိုအရာက ဆေးဖော်စပ်မှု ကျရှုံးသွားသည့် လက္ခဏာပင် ဖြစ်၏။ ဆရာဖြစ်သူ ဒေါသထွက်ရသည့် အကြောင်းရင်းကို သူမ နားလည်လိုက်ပြီ ဖြစ်လေသည်။

သို့သော်လည်း မိန်းကလေးက ဘာမှ မမေးချေ။ အလျှင်အမြန်ပင် နောက်ပြန်ဆုတ်ကာ ငွေရောင် ကျောက်ဖြာထက်သို့ ပြန်လည် ရောက်ရှိသွားသည်။ မကြာခင်မှာပင် သူမ၏ ခန္ဓာကိုယ်မှာ အာကာသ အလင်းတန်းများဖြင့် ဝန်းရံလာကာ ပျောက်ကွယ် သွားခဲ့တော့၏။

“ကောင်လေးက သူ့တပည့် မဟုတ်ဘူး ဆိုရင် ဘယ်သူလဲ... သူက တကယ်ပဲ ချိပ်ပိတ်နယ်မြေ အပြင်ဘက်က လာတာလား... မဟုတ်ဘူး... မဖြစ်နိုင်ပါဘူး... အာကာသ ဝေဟင်ဂိုဏ်းက အဲဒီလို လုပ်ခွင့်ပြုမှာ မဟုတ်ဘူး”

အသံက ဖြည်းညင်းစွာပင် တိုးသွားကာ နောက်ဆုံး၌ သက်ပြင်း တစ်ချက်ဖြင့် အဆုံးသတ် လိုက်လေတော့၏။ လောကနယ်မြေ အတွင်းရှိ ဥယျာဉ်ငယ်၏ လှပမှုကတော့ ယခင်က အတိုင်း အနှောက်အယှက် မရှိ ဆက်လက် ရှင်သန်နေဆဲ ဖြစ်ပေတော့သည်။

...

အမှောင် ဟင်းလင်းပြင် အဆက်မပြတ် လှုပ်ခါခြင်း၊ ပတ်ဝန်းကျင်ရှိ မန်နာများ တုန်ခါခြင်း၊ အလင်း၊ ဆွဲငင်အားနှင့် အပူချိန် ပြောင်းလဲခြင်းများမှာ ဒြပ်စင် နယ်မြေတစ်ခုလုံးကို လွှမ်းခြုံကာ ဖြစ်ပွား နေခဲ့၏။ ထိုကဲ့သို့ ကြမ်းတမ်း ခက်ထန်သည့် ပရမ်းပတာ အဖြစ်အပျက်များက သက်ရှိ သတ္တဝါတိုင်း၏ အတွေးထဲကို ထိတ်လန့်တုန်လှုပ်မှု ခံစားချက်များ ယူဆောင်လာခဲ့လေသည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ ရင်းမြစ်ကို ရှာဖွေကြည့်ဖို့ ကြိုးစားခဲ့ကြသော်လည်း ၎င်းကို မမြင်နိုင်သည့် တံတိုင်း တစ်ခုက တားဆီးထားပုံ ပေါ်သည်။ ထိပ်တန်း အဆင့် ကျင့်ကြံသူများသာလျှင် ထိုမငြိမ်မသက် ဖြစ်စဉ်၏ ဗဟိုချက်ကို ဖော်ထုတ် နိုင်ခဲ့သည်။ ထိုအရာက ဒြပ်စင် နယ်မြေနယ်မြေ၏ မြို့တော် တစ်ဖြစ်လည်း မူလဂြိုဟ်မှ ထွက်ပေါ်လာခြင်းပင် ဖြစ်၏။

ဝမ်မင်ယာနှင့် စီတတို့မှာ ဝေ့ဝူယင်၏ ခြံဝန်းကလေး အတွင်းတွင် ရှိနေခဲ့ကြ၏။ သူတို့မှာ လွန်ခဲ့သည့် တစ်လခန့်က ဤနေရာသို့ ပြန်လည် ရောက်ရှိလာကြခြင်း ဖြစ်ကာ ဝေ့ဝူယင် တံခါးပိတ် ကျင့်ကြံရာမှ ပြန်ထွက် အလာကို စောင့်နေခဲ့ကြခြင်းဖြစ်သည်။

လောကတစ်ခုလုံး စတင် တုန်ရီလာသည်ကို သတိထားမိသော အခိုက်၌ သူတို့ နှစ်ယောက် စလုံးမှာ ဝေ့ဝူယင် တည်ရှိရာ တံခါးဝကို လှမ်းကာ ကြည့်လိုက်မိကြ၏။

“ဘာဖြစ်တာလဲ...”

စီတက မေးလိုက်သည်။ သူမ စိတ်ဝင်တစားဖြင့် ထပ်မံ စူးစမ်းရန် ဆုံးဖြတ်လိုက်စဉ်မှာပင် လက်တစ်ဖက်က သူမ၏ ပခုံးကို လာရောက် ဆုပ်ကိုင်လိုက်သည်။ ထို့နောက် လောက နယ်မြေ တစ်ခုကပါ ဝန်းရံသွားကာ မိန်းကလေးကို နောက်သို့ ပြန်ဆွဲခေါ်သွားခဲ့တော့၏။ အချိန်သခင် အဆင့် ကျင့်ကြံခြင်း အခြေခံဖြင့်ပင် ဘာမှ မတတ်နိုင်သလို သူမ ခံစားနေရသည်။

စီတက စွမ်းအင်များကို လှည့်ပတ်ဖို့ ကြိုးပမ်းခဲ့သော်လည်း ထူးဆန်းစွာပင် ချိပ်ပိတ် ခံထားရကြောင်း တွေ့လိုက်ရသည်။ သူမက လောကနယ်မြေ ထုတ်ဖော်ကြည့်ဖို့ ကြိုးစားပြန်တော့လည်း ကြယ်တာရာ ဝိညာဉ်က မတုန့်ပြန်ချေ။ ထိုအခိုက်၌ သူမ၏ သေမျိုး တစ်ယောက်နှင့်ပင် ခြားနားခြင်း မရှိတော့ချေ။

သို့သော်လည်း... ဝမ်မင်ယာကတော့ သူမ၏ လောကနယ်မြေကို မထိမခိုက် ထုတ်ဖော် ထားနိုင်ဆဲ ဖြစ်လေရာ ထိုအချက်က စီတကို အံ့အားသင့် သွားစေခဲ့၏။

“ငါတို့ ထွက်သွားမှ ဖြစ်မယ်...”

ဝမ်မင်ယာက အရေးတကြီး လေသံဖြင့် ပြောလိုက်၏။ တစ်ခဏ အတွင်းမှာပင် သူမမှာ ဝေ့ဝူယင်၏ ခြံဝန်းနှင့် မိုင်ပေါင်း ဆယ်ဂဏန်းခန့် အကွာအဝေး အထိ ရောက်ရှိ သွားခဲ့ပြီ ဖြစ်သည်။ ထိုအခါကျမှ မိန်းကလေးက ရပ်လိုက်၏။ သို့သော်လည်း သူမက လောကနယ်မြေကို ဆက်လက် ထုတ်ဖော်ထားဆဲ ဖြစ်ပေသည်။

“ဘာတွေ ဖြစ်နေတာလဲ...”

စီတက ကြောက်ရွံ့ ထိတ်လန့်စွာဖြင့် မေးလိုက်၏။ သူမ၏ စွမ်းအင်များ ချိပ်ပိတ်ခံထားရပုံ ပေါ်ကာ ကြယ်တာရာ ဝိညာဥ်မှာလည်း ထူးထူးဆန်းဆန်း တိတ်ဆိတ် ငြိမ်သက်နေသည်။ နှစ်ပေါင်း တစ်ထောင်ကျော် အသက်ရှင်ခဲ့သည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည့်တိုင် ယခုလို ကပ်ဘေးမျိုးနှင့် ကြုံတွေ့ချိန်တွင်တော့ စီတမှာ လုံးဝ မတည်ငြိမ် နိုင်ပါတော့ချေ။

“...”

ဝမ်မင်ယာက ချက်ချင်း အဖြေမပေးချေ။ ထို့အစား သူမက လောကနယ်မြေကိုသာ စစ်ဆေး လိုက်၏။ အာရုဏ်ဦး နေမီးတောက် ဆေးလုံးနှင့် ဖွဲ့စည်းထားသည့် အာရုဏ်ဦး နယ်မြေ မျိုးစေ့က အလွန်အမင်း တက်ကြွစွာ လှုပ်ရှားနေကြောင်း သူမ ခံစားမိပေသည်။ မိန်းကလေး၏ မျက်လုံးများက တမုဟုတ်ချင်းပင် တောက်ပသွား၏။

“ဝေ့ဝူယင် လောကသခင် အဆင့် ကပ်ဘေးကို ဖြတ်ကျော်နေတာ ဖြစ်ရမယ်”

“ဘယ်လို...”

အသံ တစ်ခု ထွက်ပေါ်လာ၏။ ဝမ်မင်ယာနှင့် စီတတို့မှာ ခေါင်းများကို စောင်း၍ ကြည့်လိုက်ကြရာ လင်းမင်နှင့် လင်းရှန်းရှဲ့တို့ စုံတွဲကို တွေ့လိုက်ရသည်။ သူတို့က အလောတကြီးပင် အမူအရာများနှင့် ပြေးလွှား လာကြခြင်း ဖြစ်၏။ ထိုအခိုက်၌ သူတို့သည်လည်း စီတကဲ့သို့ပင် ပျံ့သန်းမှုကို မပြုလုပ် နိုင်ကြကြောင်း ထင်ရှားပေသည်။

ဝမ်မင်ယာ၏ လောကနယ်မြေကို မြင်တွေ့လိုက်ရသော အခိုက်၌ သူတို့ နှစ်ယောက်စလုံး၏ အမူအရာများက ပြောင်းလဲ သွားကြလေတော့၏။

***

All Chapters