← Chapters

လောကသခင် အဆင့် ကပ်ဘေး

Vol. 66 Ch. 923

လောကသခင် အဆင့် ကပ်ဘေး

Vol. 66 Ch. 923

“ခင်ဗျားက ဘယ်လိုလုပ်ပြီး လောကနယ်မြေကို သုံးလို့ ရနေတာလဲ...”

လင်းမင်က ဝမ်မင်ယာကို ထူးဆန်းစွာ ကြည့်ရင်း မေးလိုက်၏။ သူ လောကနယ်မြေကို ထုတ်ဖော်ဖို့ အချိန်တိုင်း ကြိုးစား နေခဲ့သော်လည်း ယခုတိုင် မဖြစ်နိုင်သေးကြောင်း တွေ့နေရသည်။ ထို့အပြင်... သူ ကြယ်တာရာ ဝိညာဥ်မှာလည်း ထူးဆန်းသော အဆင့်တစ်ခုထဲကို ဝင်ရောက်နေသည်။ ထိုအခိုက်၌ သူ အသုံးပြုနိုင်တာ ဆို၍ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသာ ရှိပေသည်။

လောက၏ အပြောင်းအလဲများကို ကြည့်ရင်း လင်းရှန်းရှဲ့၏ မျက်လုံးများက သုန်မှုန်နေ၏။ များစွာသော လောကသခင် အဆင့် ကပ်ဘေးများကို သူမ ဘဝ တစ်လျှောက်လုံး မြင်တွေ့ခဲ့ဖူးပြီး ဖြစ်သည်။ သို့သော်လည်း သည်တစ်ခုကတော့ လုံးဝ ခြားနားသလို သူမ ခံစားရ၏။ ၎င်းက အလွန်အမင်း ပြင်းထန်ကာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ သူမ၏ ခန့်မှန်းချေအရ ၎င်းမှာ သာမန် ကပ်ဘေးများထက် အဆပေါင်း ထောင်ချီ ပိုမို ပြင်းထန်ပေလိမ့်မည်။

ဝမ်မင်ယာက လင်းမင်၏ မေးခွန်းကို လျစ်လျူထားကာ ဝေ့ဝူယင်၏ ခြံဝန်းကလေးကိုသာ အာရုံစိုက် နေခဲ့၏။ အာရုဏ်ဦး နယ်မြေမျိုးစေ့တွင် ဝေ့ဝူယင်၏ အော်ရာ အနည်းငယ် ပါဝင်နေ‌ကြောင်း သူမ သိပေသည်။ သူမကို ကပ်ဘေး မသက်ရောက်ရသည့် အကြောင်းရင်းမှာ ၎င်းက သူ့ကို တိုက်ရိုက် ဖိနှိပ်ဖို့ မကြိုးစားခြင်းကြောင့်ပင် ဖြစ်သည်။

စီတမှာ ဝေ့ဝူယင် လောကသခင် အဆင့် ကပ်ဘေး ဖြတ်ကျော်နေကြောင်း သိသည်နှင့် ထိတ်လန့် စိုးရိမ်မှုများကို ခံစားလိုက်ရ၏။ သူမမှာ ကိုယ်တိုင် လောကသခင် အဆင့် ကပ်ဘေးကို ဖြတ်ကျော်ဖူးလေရာ မည်မျှ ကြောက်စရာ ကောင်းကြောင်း နားလည်ပေသည်။ သို့တိုင်အောင် သူမ ရင်ဆိုင်ခဲ့ရသည့် ကပ်ဘေးက သာမန်ကာ လျှံကာ ဖြစ်သည်။ ယခု ဝေ့ဝူယင် ရင်ဆိုင် နေရသည့် ကပ်ဘေးက သူမထက်ပင် အဆပေါင်း ထောင်ချီ ပိုမို ပြင်းထန်လှသည်။

တစ်ချိန်တည်း၌ လင်းရှန်းရှဲ့ကတော့ အံ့သြ ထိတ်လန့် နေမိ၏။ လောကဂိုဏ်းကြီး တစ်ခုတွင် ကြီးပြင်းလာသည့် ပါရမီရှင် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် သူမ၏ ဗဟုသုတက စီတတို့ထက် များစွာ မြင့်မားပေသည်။ ထိုမျှ ကြီးမားသည့် ကောင်းကင် ကပ်ဘေးကိုပင် ဆင့်ခေါ်နိုင်သည် အထိ ဝေ့ဝူယင်က မည်ကဲ့သို့ ကျင့်ကြံထားသနည်း။

ထို့အပြင် ဝေ့ဝူယင်မှာ ကပ်ဘေးကို အောင်မြင်နိုင်လိမ့်မည်ဟု သူမ ခံစားရသည်။ ထိုလူငယ်က သာမန် ကျင့်ကြံသူ တစ်ယောက် မဟုတ်ချေ။ မဟာ သေမျိုး အဂ္ဂိရတ် အာဏာရှင် ဖြစ်သည်။ စကား တစ်ခွန်းတည်းဖြင့်ပင် ရှန့်ထိုများကို လွှမ်းမိုးနိုင်သူ ဖြစ်သည်။ ရာနှုန်းပြည့် ယုံကြည်ချက် မရှိပဲ သူက ကပ်ဘေးကို ဆင့်ခေါ်လိမ့်မည် မဟုတ်ချေ။

ဂျိန်း... ဒလိန်း..

သူတို့ ကြည့်နေစဉ်မှာပင် မိုးခြိမ်း သကဲ့သို့ အသံများနှင့် အတူ အလွန် ကြီးမားသည့် လှိုင်းကြီးများမှာ လေထု အတွင်း ဖြစ်ပေါ်လာနေခဲ့၏။ လောကသခင် ကပ်ဘေးကား စတင်နေခဲ့ချေပြီ ဖြစ်လေသည်။

ဝှစ်... ဝှစ်...

အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ လျှို့ဝှက် အာဏာရှင် အဆင့်များမှာ တစ်ယောက်ပြီး တစ်ယောက် ကောင်းကင်တွင် ပေါ်လာခဲ့ကြ၏။ သူတို့အားလုံးက ထိတ်လန့် တုန်လှုပ်သည့် အကြည့်များဖြင့် ဝေ့ဝူယင်၏ ခြံဝန်ကလေးကို ကြည့်နေ ခဲ့ကြသည်။

အားလုံးထဲ၌ လင်းရှန်းရှန်းမှာ အာရုံ အစူးစိုက်ဆုံး ဖြစ်၏။ သည်နေရာသို့ ရောက်ရှိနေသည့် လျှို့ဝှက် အာဏာရှင် အဆင့်များထဲတွင် သူမမှာ ဝေ့ဝူယင် ထိုနေရာ၌ ရှိကြောင်း သိသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်သည်။ မြေပြင်၌ ရပ်နေသည့် သူ့သမီး အပါအဝင် အခြား သုံး‌ယောက်ကို တွေ့သော အခိုက်၌ လင်းရှန်းရှန်း၏ ခံစားချက်များက ပိုမို၍ ရှုပ်ထွေး သွားခဲ့လေသည်။

“သူ ဘာမှ မဖြစ်ပါစေနဲ့...”

လင်းရှန်းရှန်း ကြိတ်ကာ ဆုတောင်း လိုက်မိ၏။ ဝေ့ဝူယင်၏ အစေခံ တစ်ယောက် ဖြစ်လာပြီး ကတည်းက ဂိုဏ်းထဲ၌ သူမ၏အဆင့်အတန်းမှာ မြင့်တက်လာခဲ့သည်။ ဘဝ တစ်သက်တာလုံး မျှော်မှန်း မထားခဲ့သည့် အကျိုးအမြတ်များကို ရရှိခဲ့သည်။

အကယ်၍ ဝေ့ဝူယင်သာ သေဆုံးသွားပါက ကျန်းကျိရီ၏ သဘောထားများက ချက်ချင်း ပြောင်းလဲသွားမည်မှန်း သူမ သိပေသည်။ ဝူယုကို အားကိုးရအောင်လည်း သူမနှင့် ဝူယုက ဘာဆိုဘာမှ သက်ဆိုင်ခြင်း မရှိချေ။ ဝေ့ဝူယင်နှင့် ပတ်သက်၍မှ အဆက်အစပ် ရှိသူများ ဖြစ်ကြပေသည်။ သို့ဖြစ်လေရာ သူမနှင့် သမီးဖြစ်သူတို့ လုံခြုံဖို့ အတွက် ဝေ့ဝူယင် အသက် ဆက်ရှင်နေမှ ဖြစ်ပေလိမ့်မည်။

လင်းရှန်းရှန်းတို့၏ အထက် ပိုမို မြင့်မားသည့် ကောင်းကင် တစ်နေရာ၌ ကျန်းကျိရီနှင့် ဟန်ယုဟိုင်တို့မှာ မျောလွင့် နေခဲ့ကြ၏။

“ဒီလောကသခင် ကပ်ဘေးက မြေကြီး ခြေချခြင်းလောက်ကို ပြင်းထန်နေတာ... လျှို့ဝှက် ဝိညာဥ်ရဲ့ မန်နာ ထိန်းချုပ်နိုင်စွမ်းရည်ကိုသာ ပိုင်မထားရင် ကျွန်မတို့ ခုလို လေပေါ် ရပ်နေနိုင်မယ်တောင် မထင်ဘူး”

ကျန်းကျိရီက မယုံကြည်နိုင်စွာဖြင့် မှတ်ချက်ချလိုက်သည်။

“ပြင်းထန်တဲ့ ဆန္ဒ တစ်ခုခုက ငါ့ခန္ဓာကိုယ်ထဲ တိုးဝင်ပြီး သတိပေးနေသလိုပဲ... အဲဒီလိုဟာမျိုး တစ်ခါမှ မခံစားဖူးဘူး”

ဟန်ယုဟိုင်က ပြောလိုက်ရင်း မျက်လုံးများကို မှိတ်ကာ ခန္ဓာကိုယ် အတွင်းပိုင်း အခြေအနေများကို စစ်ဆေး လိုက်သည်။ လျှို့ဝှက် အာဏာရှင် အဆင့်လေး မြေကြီးရှန့်ထို တစ်ယောက် ဖြစ်သည့်တိုင် ထိုသေမျိုး ကပ်ဘေး၏ သက်ရောက်မှုမှ မလွတ်မြောက်နိုင်သလို သူ ခံစားနေရသည်။ ထိုအတွေ့အကြုံမျိုး အသက်နှင့် တစ်ကိုယ် သူ တစ်ခါမှ မခံစားဖူးချေ။

“လောကသခင် အဆင့် ကပ်ဘေးက ဘာလို့ ဒီလောက်တောင် သန်မာတာလဲ...”

ကျန်းကျိရီက နားမလည်နိုင်စွာဖြင့် မေးလိုက်၏။ လောကသခင် အဆင့် ဆိုသည်က သေမျိုး တာအိုတွင်ပင် အထွတ်အထိပ် အဆင့်ကို မရောက်သေးချေ။ မြေကြီး ခြေချခြင်းနှင့်ပင် နှိုင်းယှဉ်နိုင်သည် အထိ သန်မာ စရာ အကြောင်းမရှိချေ။

“အဲဒါက အရေးမကြီးပါဘူးလေ... အခု အရေးကြီးတာက ဂြိုဟ်ပေါ်က လူတွေကို နေရာပြောင်းထားဖို့ပဲ...”

ဟန်ယုဟိုင်က ပင့်သက်တစ်ချက် ရှိုက်ရင်း ပြောလိုက်သည်။ ကျန်းကျိရီမှာ အံ့သြသွားကာ ဟန်ယုဟိုင်ကို လှည့်ကြည့် လိုက်၏။ ထိုမျှလောက် လုပ်စရာ လိုသလော။

သို့သော်လည်း အဆုံးသတ်တွင်တော့ သူမက ခေါင်းညိတ်ကာ လက်ခံ လိုက်သည်။ ကပ်ဘေးမှာ ဆက်လက် မြင့်တက်ဦးမည့် လက္ခဏာများ ဖြစ်ပေါ်နေသည်။ ၎င်းက မပြီးသေးချေ။ လုံခြုံ ဘေးကင်းအောင် ကြိုတင် ပြင်ဆင်ထားသည်က အကောင်းဆုံး ဖြစ်ပေသည်။

မြေပြင်ထက်တွင်တော့ ဝမ်မင်ယာမှာ ကောင်းကင်တာအို၏ တီးတိုးပြောဆိုမှုကို ကြားရသလို ခံစားလိုက်ရသည်။ သူမ၏ ကြယ်တာရာ ဝိညာဥ်က ကောင်းကင် တေးဂီတသံ တစ်ခုနှင့် အတူ လှုပ်ရှား သွား၏။ မိန်းကလေး၏ မျက်လုံးများက ရွှေရောင် အလင်းများနှင့် တဖျပ်ဖျပ် တောက်ပသွားကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။

“အသင့်ပြင်ထား... တို့ ဒီနေရာက ထွက်ရတော့မယ်”

သူမက စီတကို ပြောလိုက်၏။ လင်းမင်မှာ ထိုစကားကို ကြားလိုက်ရရာ ဝမ်မင်ယာကို လှည့်ကြည့် လိုက်သည်။ အဘယ်ကြောင့်မှန်း မသိသော်လည်း ထိုမိန်းကလေးအား ရင်းနှီးနေသလို သူ ခံစားရသည်။ သို့‌သော်လည်း... သူ ဆက်စပ်၍ မရပါချေ။

စီတက စိတ်ကို တည်ငြိမ်အောင် ထိန်းရင်း ခေါင်းညိတ်လိုက်၏။ ရုတ်တရက်... အစွန်းလေးဖက် ကုန်းမြေ တိုက်ကြီး ပြိုကျတုန်းက အဖြစ်အပျက်ကို သူမ ပြန်လည် ‌တွေးလိုက်မိသည်။ အဘယ်ကြောင့် ထိုအဖြစ်ပျက်ကို အချိန်ကိုက် သတိရနေကြောင်း သူမ နားမလည်နိုင်ချေ။ ဝေ့ဝူယင် တည်ရှိရာ အရပ်ကို လှမ်းကြည့်ရင်း သူမ မျက်ဝန်းများက စိုးရိမ်စိတ်များဖြင့် ပြည့်နှက် လာခဲ့၏။

“သူ အဆင်ပြေမှာပါ... ကျွန်မ အာမခံတယ်”

ဝမ်မင်ယာက စီတ၏ လက်ကို ဆုပ်ကိုင်ရင်း ညင်သာစွာ ပြောလိုက်၏။ ချိန်သားကိုင်ပင် သေမျိုး အကန့်အသတ်ကို ကျော်လွန်နေသည့် ဟင်းလင်းပြင် စွမ်းအားများက မြေပြင်သို့ ဆင်းသက်လာကာ ဝန်းကျင် တစ်ခုလုံးကို ဝန်းရံသွားသည်။ ထို့နောက် လေတိုးဝှေ့သံ တစ်ခုနှင့် အတူ သူတို့ လေးယောက် စလုံး ပျောက်ကွယ် သွားကြတော့၏။

ဝှစ်... ဝှစ်...

မြေကြီး ရှန့်ထို နှစ်ယောက်မှာ ပူးပေါင်းကာ စတင် လှုပ်ရှား နေကြပြီ ဖြစ်လေသည်။ သူတို့က မူလဂြိုဟ် တစ်ခုလုံးရှိ လူဦးရေများကို အတင်းအကြပ်ပင် ရွှေ့ပြောင်းရန် လုပ်ဆောင် နေကြ၏။ သူတို့၏ နည်းလမ်းနှင့် စွမ်းအားများက နတ်ဘုရားများ ကဲ့သို့ ဆန်းကြယ် လှလေရာ ဂြိုဟ်တစ်ခုလုံး အလင်းများ ဖြာနေသည်ကိုသာ တွေ့မြင်လိုက်၏။

စက္ကန့်တစ်ရာမျှ မပြည့်ခင် အတွင်းမှာပင် ဂြိုဟ်တစ်ခုလုံးမှာ ဝေ့ဝူယင်မှ တစ်ပါး သက်ရှိ အော်ရာ အားလုံး ကင်းစင် သွားခဲ့ပြီ ဖြစ်လေတော့သည်။

...

ထိုအရာများ ဖြစ်ပျက် နေစဉ်တွင် ဝေ့ဝူယင်မှာ ပြင်းထန်သော အော်ရာများ၏ အလယ်ဗဟိုတွင် ရှိနေခဲ့လေ၏။ သူ တံခါးပိတ် ကျင့်ကြံနေခဲ့သည့် အခန်း၏ အမိုးများက ပေါက်ကွဲ လွင့်စဉ် သွားခဲ့ပြီ ဖြစ်ကာ နံရံများမှာလည်း ပြိုကျသွားခဲ့ပြီ ဖြစ်သည်။ ကြမ်းပြင်များမှာလည်း အက်ကွဲကြောင်းများဖြင့် နေရာအနှံ့ ပြည့်နှက် နေခဲ့လေ၏။

သူ၏ အပေါ်တည့်တည့်တွင်တော့ စွမ်းအင် မုန်တိုင်း ဗဟိုချက် တစ်ခု ဖွဲ့စည်း နေခဲ့ကာ အချိန်နှင့် အမျှ ပိုမို၍ ကြီးမား လာနေခဲ့သည်။ ၎င်းက အလင်း၊ အပူ၊ မြေဆွဲအား၊ မန်နာ၊ ဟင်းလင်းပြင် စွမ်းအင်များဖြင့် ပေါင်းစပ် ဖွဲ့စည်းထားကာ အဆုံးမဲ့ ဖျက်ဆီးခြင်း စွမ်းအားတို့ဖြင့် ပြည့်နှက် နေသည်။

ဝေ့ဝူယင် လေ့လာနေစဉ် အတွင်းမှာပင် မုန်တိုင်းမှာ ဆယ်မိုင်ခန့်မှ နေ၍ မိုင်တစ်ရာခန့် အထိ ကြီးမား လာနေခဲ့ပြီ ဖြစ်သည်။ ထို့အပြင်... ၎င်းက ရပ်တန့်သွားတော့မည့် လက္ခဏာ မရသေးချေ။

“ထပ်လာစမ်း... ထပ်လာစမ်း... ဟီး... ဟီး...”

အိုရီ၏ ရယ်မောသံက မုန်တိုင်း အကြားမှပင် ပျံ့လွင့်လာ၏။ သူ၏ အသံက အလွန် စိတ်လှုပ်ရှားကာ ပျော်ရွှင်နေဟန် ရသည်။

ယခုတစ်ကြိမ်တွင်လည်း ကြယ်တာရာ ဝိညာဥ်များမှာ ခါတိုင်းလိုပင် အတူတကွ ပူးပေါင်းကာ ကပ်ဘေးကို ဆင့်ခေါ် လိုက်ကြပုံ ပေါ်သည်။ သို့သော်လည်း... မတူကွဲပြားတာ တစ်ခု ရှိနေခဲ့လေ၏။

***

All Chapters