← Chapters

ကြယ်တာရာ ဝိညာဥ် ကိုယ်ပွားများ

Vol. 66 Ch. 924

ကြယ်တာရာ ဝိညာဥ် ကိုယ်ပွားများ

Vol. 66 Ch. 924

လောကသခင် အဆင့် ကပ်ဘေး...

လောကသခင် အဆင့် ကပ်ဘေးမှာ လောက ပေါင်းစပ် အင်အား ကပ်ဘေး အဖြစ် ကျော်ကြား၏။ ဝေ့ဝူယင် ကိုယ်တိုင်လည်း ရင်ဆိုင်ရင်း ထိုနာမည်နှင့် သင့်တော်သည်ဟု ခံစားရ၏။

လွန်ခဲ့သည့် နှစ်များ အတွင်း လေ့လာဖူးသလောက် မှတ်တမ်းများ အရ ဆိုလျှင် လောက ပေါင်းစပ် အင်အား ကပ်ဘေးမှာ အပြောင်းအလဲ မရှိ ထာဝရ တည်မြဲသည်ဟု ဆိုသည်။

သင့်အနေဖြင့် သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့်ကို ပိုင်ဆိုင်ထားသည် ဖြစ်စေ၊ သေမျိုး အဆင့်လေးကို ပိုင်ဆိုင်ထားသည် ဖြစ်စေ... တစ်စင်တီမီတာ အရွယ်အစား ရှိသည့် ကြယ်တာရာ ဝိညာဥ်ကို ပိုင်ဆိုင်ထားသည် ဖြစ်စေ၊ နှစ်ဆယ် စင်တီမီတာ အရွယ်အစား ရှိသည့် ကြယ်တာရာ ဝိညာဥ်ကို ပိုင်ဆိုင်ထားသည် ဖြစ်စေ... အနီရောင် မူလ အလင်းကို ပိုင်ဆိုင်သည် ဖြစ်စေ၊ အဖြူရောင် မူလ အလင်းကို ပိုင်ဆိုင်ထားသည် ဖြစ်စေ... ကပ်ဘေး၏ ခွန်အားက အမြဲတမ်း တသမတ်တည်း ရှိနေလိမ့်မည် ဖြစ်သည်။

သို့သော်လည်း သူ ရင်ဆိုင်ရမည့် ကပ်ဘေးက ထိုကဲ့သို့ ဖြစ်မည် မဟုတ်မှန်း ဝေ့ဝူယင် သိပေသည်။ သူ့ ကြယ်တာရာ ဝိညာဥ်များမှာ အကောင်းဆုံးသော အကျိုးအမြတ်များကို ရရှိရန် အတွက် ကပ်ဘေးကို အမြဲတမ်း လိုလို အကန့်အသတ်ထိ ရောက်အောင် မြှင့်တင်လေ့ ရှိသည်။ တစ်ခါကဆိုလျှင် ကြယ်ကွင်းပြင် အပြင်ဘက်ကိုပင် လွင့်စဉ်ကာ အမှောင် ဟင်းလင်းပြင်ထဲ၌ အသက် သေလုနီးနီး အထိ ဖြစ်ခဲ့သေးသည်။

“ဒီတစ်ခါရော ဘယ်လိုဖြစ်မှာလဲ...”

ဝေ့ဝူယင် ကောင်းကင်ရှိ စွမ်းအင် မုန်တိုင်းကြီးကို မော့ကြည့်လိုက်မိ၏။ ၎င်းက မိုင်ပေါင်း သုံးရာကျော်တိုင်အောင် ကြီးထွား နေခဲ့ပြီ ဖြစ်သည်။ ၎င်း၏ လွှမ်းမိုးမှုအောက်၌ ကောင်းကင် အလွှာများပင်လျှင် ပျက်စီးကာ ဂြိုဟ်တစ်ခုလုံးမှာ ကစဉ့်ကလျား ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ဂျိန်း... ဒလိမ်း...

မိုးကြိုးပေါက်ကွဲသံများနှင့် အတူ မုန်တိုင်းက မိုင်ငါးရာ အထိ ကြီးထွားလာနေခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင် ထိုင်နေရာမှ မတ်တပ် ထရပ်လိုက်၏။

ဘုန်း...

ကြီးမားသည့် ဖိအားများ အောက်၌ သူ၏ ခြေထောာက်များက ကြမ်းပြင်ထဲကို ဒူးတစ်ဝက်လောက်ထိ နစ်ဝင် သွားခဲ့သည်။

“ဧဒင်... ငါ ဘာကို မျှော်လင့်သင့်လဲ”

ဝေ့ဝူယင် လက်တစ်ဖက်ကို ဝှေ့ယမ်းကာ စစ်အမတေများနှင့် ဖန်တီးထားသည့် လျှို့ဝှက် မြေကြီး အထွတ်အထိပ် အဆင့် ဆေဘာကို ထုတ်ယူ လိုက်၏။ သူ၏ ငွေရောင် မျက်ဝန်းများက တိုက်ခိုက်လိုသည့် ဆန္ဒများနှင့် လောင်ကြွမ်းနေသည်။

“တိုက်ပွဲတစ်ခု...”

ဧဒင်က အဖြေပေးလိုက်၏။ ဆေဘာဓားရိုးကို ဆုပ်ကိုင်ထားသည့် ဝေ့ဝူယင်၏ လက်များက ပိုမို တင်းကြပ် သွားသည်။ သူ၏ အော်ရာက ဆေဘာ ရည်ရွယ်ချက်၊ မူလဒြပ်စင် ရည်ရွယ်ချက်၊ ဝိညာဥ်အင်အားတို့နှင့် အတူ ပိုမို၍ ပြင်းထန်လာနေခဲ့သည်။ တစ်ချိန်တည်း၌ သူ့နှလုံးသားက ပြင်းထန်စွာ ခုန်နေ၏။ နှလုံးခုန်သံ တစ်ချက်ချင်းစီတိုင်း၌ ဂြိုဟ်တစ်ခုလုံးက ငလျင်လှုပ်သလို တုန်ရီသွားနေခဲ့သည်။

“ဘယ်သူနဲ့လဲ...”

သူ မေးလိုက်၏။

“လောကနဲ့...”

ခရာတိုက ဖြေလိုက်သည်။ ကောင်းကင်ထက်ရှိ မုန်တိုင်းက မိုင်ပေါင်း ကိုးရာခန့် အထိ ရှိနေခဲ့ပြီ ဖြစ်သည်။ ၎င်းက စတင် ရပ်တန့်တော့မည့် လက္ခဏာများ ဖော်ပြနေ၏။

ဝေ့ဝူယင်၏ ခန္ဓာကိုယ်က အောက်ရှိ ကျောက်သား ကြမ်းပြင်ထဲ ဆက်လက် နစ်ဝင်နေကာ ပေါင်လယ်လောက် နီးပါး အထိ ရှိနေခဲ့ပြီ ဖြစ်သည်။

“ကလန့်...”

ဘုရင်က အသံပေးလိုက်၏။ ထို့နောက် ၎င်းက ထူးဆန်းစွာပင် စကားပြောလာခဲ့သည်။

“အဲဒီကောင်တွေကို ခုတ်ပြီးရင် တစ်ခါတည်း စုပ်ယူပစ်လိုက်”

“ကောင်တွေ... ဟုတ်လား”

ဝေ့ဝူယင်က နားမလည်ဟန်ဖြင့် မျက်မှောင်ကြုတ် လိုက်၏။ သူ ကြည့်နေစဉ်မှာပင် မုန်တိုင်းမှာ မရေမတွက်နိုင်သည့် အမှုန်အမွှားများ အဖြစ် ပြိုကွဲ သွား၏။ ထိုအမှုန်အမွှားများက အလွန်ပင် တောက်ပကာ အရောင်အားဖြင့် အမျိုးမျိုး ကွဲပြားကြပေသည်။

၎င်းတို့က မရေမတွက်နိုင်အောင် များပြားလှကာ အကြမ်းဖျဉ်း ဘီလျံနှင့်ပင် ချီ၍ ရှိလိမ့်မည် ဖြစ်သည်။ ဝေ့ဝူယင်မှာ ၎င်းတို့ကို မော့ကြည့်ရင်း ညကောင်းကင်တွင် ထွန်းလင်းနေသည့် ကြယ်တာရာများ အလား ခံစား လိုက်ရ၏။ သူ တစ်ခဏတာမျှ အံ့သြ မှင်သက် သွားခဲ့သည်။

ကံမကောင်းစွာပင် ထိုလှပသော မြင်ကွင်းက ကြာရှည် မခံပါချေ။ ထိုအမှုန်အမွှားများမှာ မတူညီသည့် နေရာ လေးခုတွင် အလွန် လျှင်မြန်သော အရှိန်ဖြင့် စုစည်း သွားကြ၏။ မကြာခင်မှာပင် ၎င်းတို့မှာ ဆယ့်သုံးမီတာ အရွယ်အစား ရှိသည့် ပုံရိပ် လေးခု အဖြစ် ရုပ်လုံးပေါ် လာခဲ့ကြသည်။

ထိုပုံရိပ်များကို တွေ့မြင်သည်နှင့် ဝေ့ဝူယင်၏ မျက်လုံးများက ပြူးကျယ် သွားခဲ့ကာ နှလုံးသားမှာ ဂရုဏာ မဲ့စွာ တုန်ရီသွား တော့သည်။

၎င်းတို့ကား... အဖြူရောင် နေကြယ်တစ်စင်း၊ သစ်ပင်တစ်ပင်၊ မြူမှုန်များ ရစ်ဆိုင်းနေသည့် သဏ္ဌာန် ပုံရိပ် တစ်ခုနှင့် လခြမ်းကွေး ဆေဘာတစ်စင်းတို့ ဖြစ်ကြပေသည်။

ထို့အပြင်... ၎င်းတို့မှာ အလွန် ပြင်းထန်သည့် သတ်ဖြတ်လိုမှု အငွေ့အသက်များကို ထုတ်လွှတ် နေကြလေ၏။

“ငါတို့ကို ငါတို့ ပြန်သတ်ကြမယ်ဟေ့...”

အိုရီက ပျော်ရွှင်စွာ အော်ဟစ်လိုက်လေတော့၏။

...

ဘုန်း... ဘုန်း...

ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်များက လောကတစ်ခုလုံးကို လွှမ်းခြုံကာ ကျရောက်နေ၏။ ကြောက်မက်ဖွယ် ဖိအားများက ပခုံးပေါ် မိုးများလို ရွာသွန်းနေ၏။ ကောင်းကင် ကြယ်တာရာ ဝိညာဥ် ကိုယ်ပွား လေးခုမှာ အချိန်မရွေး ခုန်ဆင်းလာတော့မည့်ဟန် ရ၏။ လောက၌ ကိုယ်အယုံကြည်ရဆုံး အရာများကို ပြန်လည် ရင်ဆိုင် ရသည်က အမြဲတမ်း ခက်ခဲလှပေသည်။

ဝေ့ဝူယင်၏ ကောင်းကင်ဘုံ နတ်မျက်လုံးများက တဖိတ်ဖိတ် တောက်ပနေကာ ဆယ့်သုံးမီတာ အရွယ်အစား ရှိသည့် ပုံရိပ်များကို ငေးကြည့် နေခဲ့သည်။ သူ ပင့်သက်တစ်ချက် ရှိုက်လိုက်ကာ စိတ်ကို အတည်ငြိမ်ဆုံး ဖြစ်အောင် ကြိုးပမ်းလိုက်၏။ မြေကြီးထဲ နစ်ဝင်နေသည့် သူ၏ ခြေထောက်များက အပေါ်သို့ ကြွတက်လာကာ မြေပြင် အထက် လက်မ အနည်းငယ်တွင် လွင့်မြောလာသည်။

“ဂရုစိုက်...”

ဧဒင်က သတိပေးလိုက်၏။ ထိုအခိုက်၌ ကြယ်တရာ ဝိညာဥ် လေးခု စလုံးမှာ ထူးဆန်းစွာပင် သုန်မှုန်သည့် အငွေ့အသက်များကို ထုတ်လွှတ် နေခဲ့သည်။

ဝေ့ဝူယင် ခေါင်းတစ်ချက် ညိတ်ကာ ကောင်းကင်ရှိ ကြယ်တာရာ ဝိညာဥ်များ၏ ဖွဲ့စည်းပုံနှင့် ခန္ဓာကိုယ်များကို လေ့လာလိုက်၏။ ထိုအခါ ၎င်းတို့ကို အလွန် ပမာဏ များပြားလှသည့် မန်နာ၊ မြေဆွဲအား၊ အလင်း စွမ်းအင်နှင့် လောကစွမ်းအင်တို့ဖြင့် ဖွဲ့စည်းထားကြောင်း သတိပြုမိလိုက်သည်။ မတူကွဲပြားသည့် ထိုစွမ်းအင်များမှာ သူတို့ ခန္ဓာကိုယ်များထဲတွင် တစ်နည်းနည်းဖြင့် ပြီးပြည့်စုံစွာ ပေါင်းစည်းနေသည်။

၎င်းတို့ကို သုတ်သင်ရန် နည်းလမ်း တစ်ခု ရှိရမည်ဟု ဝေ့ဝူယင် တွေးလိုက်မိ၏။ သူ မူလ မိုးကုပ်စက်ဝိုင်း အဆင့် မန်နာ ထိန်းချုပ်ခြင်း စွမ်းရည်ကို ထုတ်ဖော်ကာ ၎င်းတို့ အတွင်းရှိ မန်နာများကို ထိန်ချုပ်ဖို့ ကြိုးစားလိုက်သည်။

ရွှမ်း...

ရား...

ဝှစ်...

ရုန်း...

ကြယ်တာရာ ကိုယ်ပွား လေးခုမှာ ရန်လိုစွာဖြင့် တုန့်ပြန်လာကာ စတင် လှုပ်ရှား လာခဲ့သည်။ ရုတ်တရက်... ဝေ့ဝူယင်မှာ ပတ်ဝန်းကျင်ရှိ မန်နာ စွမ်းအင်များက သူ့အပေါ် ပုံကျလာသလို ခံစားလိုက်ရ၏။ သူ့ မျက်လုံးများက ပြူးကျယ်သွားကာ ပြင်းထန်သော အဟုန်ဖြင့် နောက်ပြန် လွင့်စဉ်သွားသည်။ ထိုအဟုန်တွင် ကျင့်ကြံခြင်း အခန်း တစ်ခုလုံးက ကျိုးပျက်သွားခဲ့၏။

“သူတို့ဆီမှာ ကျုပ်တို့ရဲ့ စွမ်းအားတွေ ရှိတယ်...”

ဧဒင်က နောက်တစ်ကြိမ် သတိပေးလိုက်၏။

ဂီး...

ပိုင်လင်မှာ ဝေ့ဝူယင်၏ အမိန့်ပေးမှုနှင့် အတူ ကပ်ဘေး မတိုင်ခင် ကတည်းက ထွက်ခွာ သွားခဲ့ပြီ ဖြစ်သည်။ သူမက ထိုမြင်ကွင်းကို ကောင်းကင်အလွှာများ၏ အထက် အမှောင် ဟင်းလင်းပြင်ထဲမှ ငေးမော ကြည့်နေခဲ့၏။ သူမ၏‌ ရွှေရောင် မျက်ဝန်းများက စိုးရိမ်သည့် အငွေ့အသက်များနှင့် ပြည့်နှက် နေခဲ့လေသည်။

ဝှစ်...

ဝေ့ဝူယင်မှာ တစ်ခဏ အတွင်းမှာပင် ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ပြန်လည် ထိန်းသိမ်း လိုက်သည်။ သူ၏ မျက်လုံးများက လေးနက်မှုများဖြင့် ပြည့်နှက် သွားကာ ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။

မယုံကြည်နိုင်စရာ ကောင်းစွာပင် ထိုလောက ကိုယ်ပွားများသည်လည်း သူ့ကဲ့သို့ မန်နာ လွှမ်းမိုးနိုင်စွမ်းကို ပိုင်ဆိုင်ထားပေသည်။ ထို့အပြင်... သူတို့၏ ထိန်းချုပ်နိုင်စွမ်းက သူ့ထက်ပင် ကျော်လွန်နေ၏။

“ငါတို့ စွမ်းအား အကုန်လုံးကို သူတို့ ပိုင်ထားတာလား...”

ဝေ့ဝူယင် မခံမရပ်နိုင်ဟန်ဖြင့် မေးလိုက်လေ၏။

***

All Chapters