← Chapters

အခန်း (၈၅၉)

Vol. 62 Ch. 859

အခန်း (၈၅၉)

Vol. 62 Ch. 859

နေရာလွတ်ထဲသို့ ဝင်ရောက်သွားသော ကျင့်ကြံသူများကလည်း ဆယ့်ငါးမိနစ်အတွင်း ပြန်ထွက်လာရမည်။ ထို့သို့မဟုတ်လျှင် သူတို့ကလည်း အမှုန့်ဖြစ်သွားလိမ့်မည်။

ပိုင်ရှင်သေသွားသောကြောင့် နေရာလွတ်၏စွမ်းအားက ဖရိုဖရဲ ဖြစ်နေလိမ့်မည်။ အကယ်၍ ကောင်းကင်အင်မော်တယ်တစ်ယောက် ဖြစ်နေလျှင်ပင် အန္တရာယ်ရှိသည်။ ရတနာရှာဖွေရန်အတွက်လည်း အချိန်ယူရလိမ့်မည်။

ယခုအချိန်၌ နေရာလွတ်၏ရှေ့တွင် မည်သူက အချိန်ဖြုန်းချင်မည်နည်း။

“စည်းကမ်းလား”

ဟန်မူယဲ့က တည်ငြိမ်သောမျက်နှာထားဖြင့် ဓားမြှောက်သည်။

“ငါ့ဓားက စည်းကမ်းပဲ”

သူ့ဓားသည် စည်းကမ်းဖြစ်သည်။

လူတိုင်း၏ မျက်နှာထားက ပြောင်းလဲသွားသည်။

အဝေးတစ်နေရာမှ စောင့်ကြည့်နေသော ကောင်းကင်အင်မော်တယ်အဆင့်အောက် ကျင့်ကြံသူများက စိတ်ပျက်သွားကြသည်။ ကောင်းကင်အင်မော်တယ်အဆင့် ကျွမ်းကျင်သူများကပင် တားဆီးခံထားရသည်။ သူတို့က မည်သို့ ရှေ့ဆက်သွားနိုင်မည်နည်း။

“မင်းက ဘာလိုချင်တာလဲ”

ဟန်မူယဲ့၏ရှေ့တွင် အပြာရောင်ချပ်ဝတ်နှင့် မုတ်ဆိတ်မွေးများရှိသော ခက်ရင်းခွတစ်ခုကိုင်ထားသည့် လူသန်ကြီးတစ်ယောက်က တီးတိုးပြောသည်။

သူက ကောင်းကင်အင်မော်တယ်အဆင့်သို့ ဝင်ရောက်ခါစဖြစ်ပြီး ကိုယ်ပိုင်နေရာလွတ်တစ်ခုကို မပိုင်ဆိုင်သေးပေ။

ယခုအချိန်တွင် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ၏ နေရာလွတ်က သူရှေ့တွင် ရှိနေသည်။ အကယ်၍ သူက ထိုနေရာလွတ်ကို မစူးစမ်းနိုင်လျှင် တစ်ဘဝလုံး နောင်တရနေလိမ့်မည်။

ကျင့်ကြံခြင်းလောကသည် ထိုသို့ပင်ဖြစ်သည်။ ရှေ့တွင်ရှိနေသော အခွင့်အရေးအတွက် မတိုက်ခိုက်လျှင် တစ်သက်လုံး တိုးတက်နိုင်မည်မဟုတ်ပေ။

လူအများစုက အတိတ်၏ဖြစ်ရပ်ကြောင့် နောင်တရနေပြီး ထိုခံစားချက်ကို မကျော်လွှားနိုင်‌သောကြောင့် စိတ်အခြေအနေ ပြိုလဲသွားကြသည်။

“မင်းတို့က နေရာလွတ်ထဲကို ဝင်ချင်ရင် ယွင်လန်မြို့ကို ဧည့်သည်အကြီးအကဲတစ်ယောက်အနေနဲ့ ရောက်လာပြီး နှစ်ပေါင်းတစ်ရာ စောင့်ရှောက်ပေးရမယ်”

ဟန်မူယဲ့က အက်ကွဲကြောင်းများဖြင့်ပြည့်နေသော နေရာလွတ်ကို လှမ်းကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

“မင်းတို့ အချိန်ရသေးတယ်။ သေချာစဉ်းစားပါ”

‘စဉ်းစားရမယ်တဲ့လား’

စဉ်းစားနေရန် မလိုအပ်ပေ။ အချိန်ဖြုန်းနေလျှင် နောင်တရလိမ့်မည်။

“ငါ ကျူးထိုက်စစ်က သဘောတူတယ်”

ရှေ့တွင်ရှိနေသော ဆံပင်ဖြူလူအိုကြီးက အော်ပြောလိုက်ပြီး နေရာလွတ်ထဲသို့ တိုက်ရိုက်တိုးဝင်သွားသည်။

ယွင်လန်မြို့ကို နှစ်တစ်ရာစောင့်ရှောက်ခြင်းသည် အဆုံးမရှိသောသက်တမ်းနှင့် ကောင်းကင်အင်မော်တယ်များအတွက် အချိန်ခဏသာဖြစ်သည်။

သူတို့က လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ၏ အမွေအနှစ်ကို ရရှိနိုင်လျှင် ထိုက်တန်သည်။

“ငါလည်း သဘောတူတယ်”

မုတ်ဆိတ်မွေးများနှင့် အပြာရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသော ကျင့်ကြံသူကလည်း အော်ဟစ်လိုက်ပြီး ရှေ့တက်သွားသည်။

“ငါ့နာမည်က စွန်းကျီဟူပဲ”

လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ၏ နေရာလွတ်ထဲသို့ ဝင်ရောက်ရန် ယွင်လန်မြို့ကို နှစ်တစ်ရာ ကာကွယ်ပေးရမည်။

ထိုအချက်ကို စဉ်းစားနေရန်ပင် မလိုအပ်ပေ။

လူများက တစ်ယောက်ပြီးတစ်ယောက် သဘောတူလိုက်ပြီး ကောင်းကင်ထက်သို့ ပျံတက်လာကြသည်။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ဘဲ အော်ဟစ်လိုက်ကြသည်။

မြို့သခင်ကို ဆုံးရှုံးသွားသော ကွမ်ယွဲ့မြို့မှ ဒါဇင်ချီနေသောပုံရိပ်များ ပျံထွက်လာကြသည်။ သူတို့အားလုံးက အနည်းဆုံး လူသားအင်မော်တယ်အဆင့်တွင် ရှိကြသည်။

ဤနေရာသည် ကျင့်ကြံခြင်းလောက ဖြစ်သည်။ ကျင့်ကြံခြင်းလောက ဖြစ်စေ၊ လူသားလောက ဖြစ်စေ အရေးအကြီးဆုံးအရာသည် ကိုယ်ပိုင်အကျိုးအမြတ် ဖြစ်သည်။

ကွမ်ယွဲ့မြို့သခင်သည် အတိတ်တွင် ကျန်ရစ်ခဲ့သည်။ ယခု ကျန်ရှိနေသော နေရာလွတ်ကို အကောင်းဆုံး အသုံးချရမည်။

သူတို့က လိုအပ်သောရတနာများကို ရှာဖွေရန်အတွက် ကွမ်ယွဲ့မြို့သခင်၏ နေရာလွတ်ထဲသို့ ဝင်ရောက်ကြမည်။

“ဘုန်း”

လူများက ပျံသန်းသွား‌သောအချိန်တွင် ဟန်မူယဲ့က ပေထောင်ချီအကွာတွင်ရှိသော အနက်ရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်တစ်ဦးကို ရုတ်တရက် ဓားဖြင့် ခုတ်ချသည်။

ထိုတာအိုတန်ခိုးရှင်က ကောင်းကင်အင်မော်တယ်အဆင့်တွင် ရှိနေသည်။ သူက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများနှင့် ရောနှောပြီး နေရာလွတ်ထဲသို့ ဝင်ရောက်ချင်ခဲ့သည်။

“မင်းကလည်း ငါ့ကို နှစ်ပေါင်းတစ်ရာ ခစားချင်တာလား”

ဟန်မူယဲ့က တာအိုတန်ခိုးရှင်ကို ဓားဖြင့် ညွှန်ပြထားသည်။

တာအိုတန်ခိုးရှင်၏ မျက်နှာထားက ပြောင်းလဲသွားသည်။ သူက သဘောတူတော့မည့်အချိန်တွင် ဟန်မူယဲ့က ထပ်ပြောလိုက်သည်။

“မဖြေခင် သေချာစဉ်းစားလိုက်အုံး။ ငါက မိစ္ဆာလောကလန်ကို စိတ်မဝင်စားဘူး”

မိစ္ဆာလောကလန် ....

ဟန်မူယဲ့၏စကားကြောင့် ပတ်ဝန်းကျင်တွင်ရှိသော ကျင့်ကြံသူများ၏မျက်နှာထားက ပြောင်းလဲသွားသည်။

လူတိုင်းက အင်မော်တယ်ကမ္ဘာတွင် ပြန့်ကျဲနေသော မိစ္ဆာလောကလန်၏အကြောင်းကို သိကြသည်။

သို့သော် မိစ္ဆာကလန်သားများကို မည်သူမှ မသိကြပေ။

အဆင့်နိမ့်ကျင့်ကြံသူများကြားတွင် မိစ္ဆာ‌လောကလန်သည် ကြောက်မက်ဖွယ်ကောင်းသော ဖြစ်တည်မှုတစ်ခု ဖြစ်သည်။

ဟန်မူယဲ့က တာအိုတန်ခိုးရှင်၏ အထောက်အထားကို ထုတ်ဖော်လိုက်သည်။ တာအိုတန်ခိုးရှင်က ပုန်းကွယ်မနေတော့ဘဲ မိစ္ဆာချီများကို ထုတ်လွှတ်လိုက်သည်။ သူ့နဖူးတွင် မိစ္ဆာအင်းကွက်တစ်ခု ပေါ်လာသည်။ သူက ဖျတ်ခနဲလှုပ်ရှားလိုက်ပြီး ပျောက်ကွယ်သွားသည်။

ပြိုင်ဘက်ကင်းဟန်က ဓားအင်မော်တယ်တစ်ယောက် ဖြစ်သင့်သည်။ သူက ပြတ်သားပြီး လှည့်ကွက်များကို လက်မခံပေ။

ဟန်မူယဲ့က မိစ္ဆာလောကလန်သားကို နှင်ထုတ်လိုက်သောကြောင့် တခြားလူများက သက်ပြင်းချမိကြသည်။

“မင်းတို့မှာ ဆယ့်ငါးမိနစ်အချိန်ရှိတယ်။ နေရာလွတ်ထဲကိုဝင်ပြီး အကျိုးအမြတ်ရဖို့ကတော့ မင်းတို့ရဲ့ ကံကောင်းခြင်းအပေါ်မှာပဲ မူတည်တယ်”

ဟန်မူယဲ့က ဓားရှည်ကို သိမ်းလိုက်ပြီး နေရာတွင် ရပ်နေသည်။

ကောင်းကင်အဆင့်နှင့် အောက်အဆင့်တွင်ရှိသော ကျင့်ကြံသူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး နေရာလွတ်ထဲသို့ တိုးဝင်သွားကြသည်။

ဆယ့်ငါးမိနစ်အကြာတွင် မရေမတွက်နိုင်သော ကျင့်ကြံသူများက နေရာလွတ်ထဲမှ ပျံသန်းထွက်လာကြသည်။ ထို့နောက် မိုင်တစ်ရာနေရာလွတ်က ကျယ်လောင်သောအသံနှင့်အတူ ပြိုကွဲပြီး ပျောက်ကွယ်သွားသည်။

အစိမ်းရောင်အင်မော်တယ်အလင်းသည် နေရာအနှံ့သို့ ပြန့်ကျဲသွားသည်။

ကောင်းကင်နှင့်မြေကြီး ရရှိထားသော စွမ်းအားများသည် အလွန်များပြားပြီး အချိန်တိုအတွင်း ပျောက်ကွယ်သွားမည်မဟုတ်ပေ။

နေရာလွတ်ထဲမှ ပြန်ထွက်လာသော ကျင့်ကြံသူအများစုက ပြုံးနေကြသည်။

လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ ရတနာများကို သူတို့က စိတ်ကူးမကြည့်နိုင်ပေ။

သူတို့က ရရှိလာသော ပစ္စည်းများကြောင့် ထိတ်လန့်သွားရသည်။

ထိုအရာသည် အခွင့်အရေးတစ်ခု ဖြစ်သည်။

ဟန်မူယဲ့၏ အကြည့်များက ထူးဆန်းသွားသည်။

မှိန်ဖျော့သော လေဟာနယ်စွမ်းအားသည် သူ့ကိုယ်ထဲသို့ စိမ့်ဝင်လာသည်။

‘ကောင်းကင်နဲ့မြေကြီးရဲ့ လက်‌ဆောင်လား’

‘ဒီလိုလက်ဆောင်မျိုးမရတာ ဘယ်လောက်ကြာသွားပြီလဲ’

သူက ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ကောင်းကင်တာအို၏လက်ဆောင်ကို ရခဲ့ဖူးသည်။

နောက်ပိုင်းတွင် သူ၏ ကျင့်ကြံဆင့်က တိုးတက်လာပြီး ကောင်းကင်တာအိုက သူ့ကို ညီမျှစွာဆက်ဆံသောကြောင့် လက်ဆောင်မရှိဘဲ အလဲအလှယ်သာ ရှိတော့သည်။

အတော်လေး စိတ်ဝင်စားဖွယ်ကောင်းသည်။ ဟန်မူယဲ့က လေဟာနယ်စွမ်းအားကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်သည်။

သူက လေဟာနယ်စွမ်းအားကို စုပ်ယူနေသောကြောင့် ရွှေအလင်းများ ပေါ်ထွက်လာသည်။

“သုံးလအတွင်းမှာ ယွင်လန်မြို့ကို ရောက်မလာရင် ငါကိုယ်တိုင် လာခေါ်မယ်”

ဟန်မူယဲ့က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ကျယ်လောင်စွာပြောသည်။

ကောင်းကင်အင်မော်တယ်အဆင့် ကျင့်ကြံသူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ဟန်မူယဲ့ကို အရိုအသေပေးသည်။ ထို့နောက် လှည့်ထွက်သွားရန် ပြင်လိုက်ကြသည်။

သူတို့က သုံးလအတွင်း၌ ကိုယ်ပိုင်ကိစ္စများကို ဖြေရှင်းပြီး ယွင်လန်မြို့သို့ သွားရမည်။ အချိန်သိပ်မရှိပေ။

သူတို့အားလုံးက ကောင်းကင်အင်မော်တယ်များ ဖြစ်ကြသည်။ သူတို့က သဘောတူထားသောကြောင့် ကတိချိုးဖောက်မည်မဟုတ်ပေ။

ထို့အပြင် ပြိုင်ဘက်ကင်းဟန်က လွှမ်းမိုးနိုင်စွမ်းကို ထိန်းသိမ်းရန်အတွက် ကောင်းကင်အင်မော်တယ်အချို့ကို ဆက်လက်သတ်ဖြတ်ရန် လုပ်ဆောင်နိုင်သည်။

“ပြိုင်ဘက်ကင်းမြို့သခင်၊ စွန်းကျီဟူက တခြားကိစ္စတွေ ဖြေရှင်းစရာမရှိပါဘူး။ ယွင်လန်မြို့ကို တစ်ခါတည်းလိုက်ခဲ့ပါ့မယ်”

ခက်ရင်းခွကိုင်ထားသော အပြာရောင်ချပ်ဝတ်နှင့်လူက လက်နှစ်ဖက်ကိုဆုပ်ကိုင်ပြီး အော်ပြောလိုက်သည်။

တစ်ဖက်သို့လှည့်သွားသော ကောင်းကင်အင်မော်တယ်အဆင့် ကျင့်ကြံသူများက တစ်ကိုယ်လုံး တုန်ခါသွားကြသည်။

‘သူက သစ္စာရှိကြောင်းပြဖို့ အခွင့်အရေးကို တကယ်ဖမ်းဆုပ်တတ်တာပဲ’

စွန်းကျီဟူ၏ ဦးဆောင်မှုအောက်တွင် ကျွမ်းကျင်သူတချို့က ထွက်မသွားတော့ဘဲ နေရစ်ခဲ့ကြသည်။

ဟန်မူယဲ့က ခွန်အားကောင်းပြီး ကွမ်ယွဲ့မြို့သခင်ကို ခေါင်းဖြတ်ပစ်ခဲ့သည်။

သူ့လက်အောက်တွင် ခစားရခြင်းသည် ရှက်ရွံ့စရာမဟုတ်ပေ။ ထို့အပြင် သူတို့က သူ့ဆီမှ အကျိုးအမြတ်များကို ရထားကြသည်။

ပြိုင်ဘက်ကင်းဟန်သည် လေဟာနယ်သန့်စင်ခြင်းအဆင့် နေရာလွတ်ကြောင့် လှုပ်ရှားမသွားခဲ့ပေ။ သူက ယုံကြည်ချက်မရှိဘဲ ထိုသို့ ရက်ရောသောအပြုအမူမျိုးကို လုပ်ဆောင်မည်မဟုတ်ပေ။

ဟန်မူယဲ့က ကွမ်ယွဲ့မြို့သို့ ပျံသန်းသွားသောအခါတွင် အမိန့်ပေးနေရန် မလိုအပ်ခဲ့ပေ။

သူ့နောက်တွင်ပါလာသော ကျွမ်းကျင်သူများက နှစ်ပေါင်းများစွာတည်ရှိခဲ့သော ကွမ်ယွဲ့မြို့ကို ထိန်းချုပ်လိုက်ကြသည်။

ဟန်မူယဲ့က ကွမ်ယွဲ့မြို့ကို ဆယ်ရက်ကြာအောင် အုပ်ချုပ်ခဲ့သည်။ ထိုအချိန်အတွင်း၌ မြို့တွင်းနှင့် မြို့ပြင်တွင် အရှုပ်အထွေးများ မရှိခဲ့ပေ။

သူက ကွမ်ယွဲ့မြို့သခင်ကို အနီးကပ်တိုက်ခိုက်မှုဖြင့် သတ်ဖြတ်နိုင်လိမ့်မည်ဟု မည်သူမှ ထင်မထားကြပေ။

မည်သည့်အင်အားစုပင်ဖြစ်စေ ဟန်မူယဲ့၏ ဓားချက်အောက်တွင် မလှုပ်ရှားရဲကြပေ။

ဟန်မူယဲ့က မြို့သခင်ခြံဝိုင်းအတွင်းရှိ ငါးထပ်စံအိမ်မြင့်ဆီသို့ တက်လှမ်းသွားပြီး တစ်မြို့လုံးကို ကြည့်ရှုနိုင်သော ခန်းဆောင်ထဲတွင် ရှိနေသည်။

သူ့နောက်တွင်ပါလာသော ကျွမ်းကျင်သူများက မြို့သခင်ခြံဝိုင်း၏ လုံခြုံရေးကို ထိန်းသိမ်းထားကြသည်။ ယွင်လန်မြို့မှ အပြေးရောက်လာသော ဇောင်ပိုင်ချွမ်နှင့် ကုန်သည်များက မြို့တွင်းကိစ္စရပ်များကို စီစဉ်ပေးနေသည်။

မြို့သည် ပြောင်းလဲမှုသိပ်မရှိပေ။

ဆယ်ရက်ကြာသည်အထိ ရန်ပွဲများမရှိခဲ့ပေ။ ဟန်မူယဲ့က သုံးရက်ကြာအောင် တံခါးပိတ်ကျင့်ကြံပြီး ယွင်လန်မြို့သို့ ပြန်သွားမည်ဟု အမိန့်ပေးခဲ့သည်။

ဟန်မူယဲ့က တည်ငြိမ်သောမျက်နှာထားဖြင့် တံခါးပိတ်ထားသော ခန်းဆောင်ကို ကြည့်သည်။ သူက လက်မြှောက်လိုက်သောအခါတွင် ရွှေရောင်အလင်းတစ်ခု ဖြတ်ပြေးသွားပြီး အကာအကွယ်ဝင်္ကပါတစ်ခု ဖြစ်တည်လာသည်။

ထိုအရာသည် မြို့စောင့်ဝင်္ကပါ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ကောင်းကင်အင်မော်တယ်များကို ခုခံနိုင်သည်။

ကွမ်ယွဲ့မြို့သခင်က ဟန်မူယဲ့ကို အထင်သေးပြီး တိုက်ပွဲကို အချိန်တိုအတွင်း အဆုံးသတ်နိုင်လိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော် ဟန်မူယဲ့က ရုတ်တရက် လှုပ်ရှားပြီး လုပ်ကြံသတ်ဖြတ်သော ပုံစံမျိုးဖြင့် သူ့ကို အနီးကပ် သတ်ပစ်လိုက်သည်။

ကွမ်ယွဲ့မြို့သခင်က ယွင်ထန့်တောရိုင်းမြေ၏ နှစ်သောင်းချီသမိုင်းကြောင်းတွင် သနားစရာအကောင်းဆုံးပုံစံဖြင့် သေဆုံးသွားသော ကောင်းကင်အင်မော်တယ်အဆင့် ကျွမ်းကျင်သူ ဖြစ်နိုင်သည်။

ဟန်မူယဲ့က ခန်းဆောင်ထဲတွင် အကာအကွယ်ဝင်္ကပါကို အသက်သွင်းလိုက်သည်။ ထို့နောက် သူက လေဟာနယ်စွမ်းအားနှင့် ခွေသားရဲ၏စွမ်းအားကို အသက်သွင်းလိုက်သည်။

လမ်းတစ်လျှောက်တွင် သူက ဖိအားများနှင့် ရင်မဆိုင်ခဲ့ရပေ။

သူ၏ ဓားတာအိုသည် သူကိုယ်တိုင်ပင် မတိုင်းတာနိုင်အောင် အားကောင်းသည်။

သူက ဝိညာဉ်ဓားနှစ်လက်ကို စုစည်းထားသောကြောင့် ဓားတာအိုဖြင့် လွတ်မြောက်ခြင်းလမ်းစဉ်ပေါ်သို့ ရောက်လာသည်။

သူက မသိလိုက်ဘဲ လွတ်မြောက်ခြင်းလမ်းစဉ်ပေါ်သို့ ခြေချမိခဲ့သည်။

ကောင်းကင်ကိုဖီဆန်ခြင်း ....

သူက လူသားလောကတွင် မဟာတာအိုကို ရှာဖွေခဲ့သည်။

ကောင်းကင်ဖီဆန်ခြင်းလမ်းစဉ်သည် ခက်ခဲသော်လည်း ကောင်းကင်နှင့်လူသား၏ ပျက်စီးခြင်းငါးပါးကို ရှောင်တိမ်းနိုင်သည်။

ဟန်မူယဲ့က အကျိုးအမြတ်များကို တွက်ချက်ကြည့်ခဲ့သည်။

သိမ်မွေ့သော ဝိညာဉ်အလင်းသည် သူ့ခန္ဓာကိုယ်ထဲမှ ထွက်လာသည်။ သူက အသားမဲ့ဝါးတောအုပ်မှ ထိုဝိညာဉ်စွမ်းအင်ကို ရရှိခဲ့သည်။

ထိုဝိညာဉ်စွမ်းအားသည် စိတ်ကို သန့်စင်ပေးပြီး ငြိမ်သက်စေသည်။

လမ်းတစ်လျှောက်တွင် သူက ဆက်တိုက်သတ်ဖြတ်ခဲ့သည်။ သူ၏ စိတ်ဓာတ်က ခိုင်မာသော်လည်း နှလုံးသားတွင် စွန်းထင်းနေနိုင်သည်။

လူသားအင်မော်တယ်များက ကောင်းကင်အင်မော်တယ်အဆင့်သို့ တက်လှမ်းရာတွင် နှလုံးသား၏ အစွန်းအထင်းများကြောင့် ကောင်းကင်နှင့်လူသား၏ ပျက်စီးခြင်းငါးပါးကို ကြုံတွေ့ရလိမ့်မည်။

လူသားလောကတွင် နေထိုင်လျှင် အလိုလျောက် ငြိတွယ်မှုများကို ခံစားရလိမ့်မည်။

အစပိုင်းတွင် သတိမထားမိသော်လည်း အင်မော်တယ်တစ်ပါး ဖြစ်သွားသောအခါ နှလုံးသားထဲတွင် စွဲလမ်းမှုနှင့် စိုးရိမ်စိတ်များ ရှိနေကြောင်း သိလာလိမ့်မည်။

ထိုအရာသည် ကောင်းကင်နှင့်လူသား၏ ပျက်စီးခြင်းငါးပါး ဖြစ်သည်။

လွတ်မြောက်ခြင်းလမ်းစဉ်ကတော့ လက်မလျော့ခြင်းကို ဆိုလိုသည်။

“ငါက အတိတ်ကို မစွန့်လွှတ်နိုင်ဘူး။ ငါက ငါပဲ ဖြစ်နေရမယ်”

ထာဝရရှင်သန်ခြင်းနှင့် မဟာတာအိုသည် အလွန်ဝေးကွာသည်။ ထိုအတားအဆီးကို ကိုယ်ပိုင်စွမ်းအားဖြင့် ကျော်ဖြတ်ရန် အလွန်ခက်ခဲသည်။

ဟန်မူယဲ့က မလိုအပ်သောအတွေးများကို ဖယ်ရှားရန် ဝိညာဉ်စွမ်းအားဖြင့် စိတ်ကို သန့်စင်လိုက်သည်။ ထို့နောက် လောက၏ ဆုလာဘ်ဖြစ်သော လေဟာနယ်စွမ်းအားကို ဖြည်းဖြည်းချင်း သန့်စင်နေသည်။

All Chapters