← Chapters

အခန်း (၈၆၀)

Vol. 62 Ch. 860

အခန်း (၈၆၀)

Vol. 62 Ch. 860

အနီရောင်သတ်ဖြတ်ခြင်းအငွေ့အသက်သည် သူ့စိတ်ထဲတွင် စတင်လည်ပတ်လာသည်။

မိစ္ဆာအနှစ်သာရဂိုဏ်းမှ စစ်သည်များ၏ သတ်ဖြတ်ခြင်းအငွေ့အသက်ကို သတ်ဖြတ်ခြင်းဓားက ဆယ်စုနှစ်ချီအောင် သန့်စင်နိုင်သည်။ သူက ထိုအငွေ့အသက်နှင့်ပတ်သတ်၍ စိုးရိမ်ရန် မလိုအပ်ပေ။

သူက အလွန်ကောင်းမွန်သော နားလည်နိုင်စွမ်းကို ပိုင်ဆိုင်မထားလျှင် ကိစ္စများကို ပြိုင်တူပြုလုပ်မည်မဟုတ်ပေ။

သူ၏ ပြိုင်ဘက်ကင်းနားလည်နိုင်စွမ်းကြောင့် လက်မြှောက်ပြီး လရောင်အလင်းတစ်ခုကို စုစည်းနိုင်ခဲ့သည်။

ကွမ်ယွဲ့မြို့သည် လရောင်စွမ်းအားကို စုစည်းနိုင်သည်။

အစိမ်းရောင်နှင့်အဝါရောင် လခြမ်းကွေးသည် ဟန်မူယဲ့၏ဘေးတွင် ပေါ်လာခဲ့သည်။

လအနှစ်သာရဓားဂိုဏ်း၏ ဓားနည်းစနစ် ဖြစ်သည်။

လူများက သေဆုံးသွားနိုင်သော်လည်း ဓားနည်းစနစ်က ရှင်သန်နေလိမ့်မည်။

လူသားလောက၏ ဓားနည်းစနစ်သည် အင်မော်တယ်ကမ္ဘာထက် မနိမ့်ကျပေ။

ကောင်းကင်တွင်ရှိသော လရောင်သည် လှုပ်ရှားနေပြီး ခန်းဆောင်ထဲတွင်ရှိသော ဟန်မူယဲ့၏ကိုယ်ပေါ်သို့ ကျဆင်းလာသည်။

တိတ်ဆိတ်နေသော ခန်းဆောင်သည် အသက်ဝင်လာပုံရသည်။

အဆုံးမရှိသော လရောင်စွမ်းအားသည် ပတ်ဝန်းကျင်တွင်ရှိသော နံရံများမှ တိုးထွက်လာကြသည်။

ဤခန်းဆောင်ကို လရောင်စွမ်းအား သိုလှောင်ရန်အတွက် အထူးတည်ဆောက်ထားခဲ့သည်။

ယခုအချိန်တွင် ဟန်မူယဲ့က နှစ်သောင်းချီကြာအောင် သိမ်းဆည်းထားသော လရောင်စွမ်းအားများကို အသက်သွင်းလိုက်ပြီး ပင်လယ်တစ်စင်းသဖွယ် လှုပ်ရှားနေစေခဲ့သည်။

သူ၏ ပတ်ပတ်လည်တွင် လရောင်စွမ်းအားသည် လခြမ်းကွေးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

လရောင်စွမ်းအားက ဆက်တိုက်လှုပ်ရှားနေပြီး လခြမ်းကွေးသည် တစ်ခုမှ တစ်ထောင်အထိ တိုးပွားသွားသည်။

ထောင်ချီ‌နေသော လဓားသွားများသည် ညင်သာစွာတုန်ခါပြီး လွင့်မျောနေကြသည်။

ဓားအလင်းသည် တုန်ခါနေပြီး လရောင်သည် အေးစက်နေသည်။

လဓားသွားတိုင်းသည် လေဟာနယ်ကို ထိုးခွဲနိုင်ကြသည်။

လရောင်ဓားသွား၏ရှေ့တွင် ကောင်းကင်အင်မော်တယ်များကပင် ဒုက္ခရောက်သွားကြလိမ့်မည်။

ထောင်ချီနေသော လဓားသွားများသည် ဟာကွက်မရှိစေဘဲ ဟန်မူယဲ့ကို လွှမ်းခြုံလိုက်ကြသည်။

“ဒီဓားကွက်ကို လမင်းထောင်ချီလို့ ခေါ်မယ်”

ဟန်မူယဲ့က စိတ်ကျေနပ်စွာ ရေရွတ်လိုက်ပြီး မျက်လုံးဖွင့်သည်။

ထိုဓားကွက်၏ ခုခံနိုင်စွမ်း၊ သတ်ဖြတ်နိုင်စွမ်းနှင့် ပေါက်ကွဲနိုင်စွမ်းသည် အလွန်ရှားပါးသည်။

လမင်းထောင်ချီဓားကွက်သည် အလွန်အလားအလာကောင်းသည်။

အနာဂတ်တွင် သူက ထိုဓားကွက်ကို အသုံးပြုပြီး ဓားကို လအဖြစ် ပြောင်းလဲနိုင်သည်။

ကွမ်ယွဲ့မြို၏ခန်းဆောင်တွင် သိမ်းဆည်းထားသော နှစ်သောင်းချီလရောင်စွမ်းအားသည် အဆုံးတွင် ဟန်မူယဲ့အတွက် ဖြစ်သွားခဲ့သည်။

ထို့ကြောင့် သူက စိတ်ခံစားချက် ကောင်းနေသည်။

သူက လက်ကိုဝှေ့ယမ်းလိုက်ပြီး အစိမ်းရင့်ရောင်ဓားတစ်လက်ကို ထုတ်ယူသည်။

သူက ဓားရိုးကို ကိုင်ထားပြီး ညင်သာစွာပြောသည်။

“ကွမ်ယွဲ့ရဲ့မြို့နောက်ကွယ်မှာ ဘယ်သူရှိနေတာလဲ ကြည့်ပါရစေ”

ထိုဓားသည် ရတနာတိုက်ထဲမှဖြစ်ပြီး ကွမ်ယွဲ့မြို့သခင်၏ ကိုယ်ပိုင်ဓား ဖြစ်သည်။

မြို့သခင်က ထိုဓားကို သိပ်မသုံးပေ။ နေရာလွတ်ထဲတွင်လည်း သိမ်းဆည်းမထားခဲ့ပေ။

“ဝီ”

ဟန်မူယဲ့က ဓားချီများကို ထည့်သွင်းလိုက်ပြီး ပုံရိပ်များကို မြင်ရသည်။

ထိုဓား၏နာမည်က လဆယ့်သုံးစင်းဖြစ်ပြီး လအရိပ်ကျောက်တုံးမှတစ်ဆင့် သန့်စင်ထားသည်။ ထို့အပြင် လရောင်စွမ်းအားကိုလည်း စုစည်းနိုင်သော ရှားပါးသည့် ဝိညာဉ်ရတနာအဆင့် မှော်ဓားတစ်လက် ဖြစ်သည်။

ထိုမှော်ဓားမျိုးသည် ဓားစွမ်းအားကိုအသုံးပြု၍ တိုက်ခိုက်ခြင်းထက် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို လှုံ့ဆော်ပြီး တာအိုမန္တန်နှင့် နည်းစနစ်များကို အသက်သွင်းရာတွင် အသုံးပြုသည်။

ထိုဓားရှည်မျိုးသည် အင်မော်တယ်လောကတွင် တွေ့ရများသည်။ မန္တန်ကို အသက်သွင်းခြင်းနှင့် ခုခံခြင်းတို့တွင် အသုံးပြုနိုင်သောကြောင့် ဖြစ်သည်။

ဓားရှည်ထဲတွင် ကွမ်ယွဲ့မြို့သခင်၏ နှစ်ပေါင်းငါးထောင်ကြာ မှတ်ဉာဏ်များ ပါဝင်နေသည်။ ထိုမှတ်ဉာဏ်ထဲတွင် အမျိုးမျိုးသော လရောင်ကျင့်ကြံခြင်းနည်းစနစ်များနှင့် လျှို့ဝှက်ချက်များ ပါဝင်နေသည်။

ဟန်မူယဲ့အတွက် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ၏ ဉာဏ်အလင်းများသည် ရတနာတစ်ပါး ဖြစ်သည်။

“ခါးသီးအင်မော်တယ်နယ်မြေရဲ့ ငွေလမိစ္ဆာဘုရင်မလား”

ကွမ်ယွဲ့မြို့သခင်က ဆယ်စုနှစ်အနည်းငယ်တိုင်းတွင် ကွမ်ယွဲ့မြို့စုစည်းထားသော လရောင်စွမ်းအားများကို ခါးသီးအင်မော်တယ်နယ်မြေ၏ မိစ္ဆာဘုရင်မဆီသို့ ပို့ပေးလေ့ရှိသည်။

ကွမ်ယွဲ့မြို့၏ ‌နောက်ကွယ်တွင် ခါးသီးအင်မော်တယ်နယ်မြေ၏ မိစ္ဆာဘုရင်မတစ်ပါး ရှိနေသည်။

သို့သော် ကွမ်ယွဲ့မြို့သခင်က အေးစက်ပြီး ဖြူဖျော့နေသော မိစ္ဆာဘုရင်မကို အလွန်လေးစားပြီး မြှောက်ပင့်နေသည့်အတွက် ဟန်မူယဲ့က ရယ်ချင်သွားသည်။

မြို့သခင်၏ မှတ်ဉာဏ်များက မိစ္ဆာဘုရင်မကို အလွန်ဒေါသထွက်နေသည်။

သူက နှစ်ပေါင်းများစွာကြာအောင် လရောင်စွမ်းအားများကို စုဆောင်းပေးခဲ့ရသည်။

ထိုသို့မဟုတ်လျှင် သူ၏ ကျင့်ကြံခြင်းက နှစ်သောင်းချီကြာမြင့်သည်အထိ ရပ်တန့်နေမည်မဟုတ်ပေ။

ယခုအချိန်တွင် ဟန်မူယဲ့က ကွမ်ယွဲ့မြို့သခင်ကို သတ်ဖြတ်လိုက်သောကြောင့် ထိုမိစ္ဆာဘုရင်မ၏ လက်စားချေခြင်းကို ခံရနိုင်သည်။

ကံကောင်းစွာဖြင့် ခါးသီးအင်မော်တယ်နယ်မြေက မိုင်သန်းချီကွာဝေးသောနေရာတွင် ရှိနေသည်။ သတင်းပြန့်သွားရန် အချိန်တချို့ ကြာလိမ့်မည်။

ထို့အပြင် ဟန်မူယဲ့က ခါးသီးအင်မော်တယ်နယ်မြေသို့သွားရန် စီစဉ်ထားသည်။ ထိုမိစ္ဆာဘုရင်မက ပြဿနာလာရှာလျှင် တစ်ခါတည်း ဖြေရှင်းနိုင်သည်။

သူက ယွင်ထန့်တောရိုင်းမြေသို့ ရောက်လာသောအချိန်တွင် အင်အားစုအချို့ကို ရန်စမိခဲ့သည်။

အင်အားစုအများအပြားက သူ့ကို လေ့လာနေကြသည်။

ဟန်မူယဲ့က ကွမ်ယွဲ့မြို့သခင်၏ဓားကို သိမ်းဆည်းလိုက်ပြီး လက်မြှောက်သည်။ ရွှေရောင်အင်းကွက်တစ်ခု ပျံသန်းထွက်လာသည်။

နာရီဝက်အကြာတွင် အစိမ်းရောင်ဝတ်စုံနှင့် အသက်သုံးဆယ်အရွယ် လူငယ်တစ်ယောက်က ခန်းဆောင်ထဲသို့ ဝင်ရောက်လာသည်။

“နှုတ်ဆက်ပါတယ်အရှင်”

လူငယ်၏အငွေ့အသက်က ပြောင်းလဲသွားသည်။ သူ၏ နဖူးပေါ်တွင် ဒေါင်လိုက်အမှတ်အသားတစ်ခု ရှိနေသည်။ သူက ဟန်မူယဲ့မောင်းထုတ်ခဲ့သော မိစ္ဆာလောကလန်၏ ကျွမ်းကျင်သူဖြစ်သည်။

ဟန်မူယဲ့က နေရာလွတ်၏ရှေ့တွင် မိစ္ဆာလောကလန်၏ ကျင့်ကြံသူ ချီထူထျန်းနှင့် ပူးပေါင်းပြီး ဟန်ဆောင်ခဲ့သည်။

ချီထူထျန်းက ကျောက်စိမ်းသမင်ကုန်သွယ်ရေးအဖွဲ့၏ အကြီးအကဲတစ်ယောက်ဖြစ်ပြီး အပြင်သိပ်မထွက်ပေ။ အပြင်လူများက သူ့ကို မသိကြပေ။

ရှဲ့ချောင်ယန်က သူ့ကိုဆင့်ခေါ်ပြီး ကွမ်ယွဲ့မြို့တွင် နေရာချထားခဲ့သည်။

“ကျူးလင်းမြို့ရဲ့ နောက်ကွယ်မှာရှိနေတဲ့ ကျွမ်းကျင်သူကို ရှာတွေ့ပြီလား”

“မိစ္ဆာအနှစ်သာရဂိုဏ်းက ဘယ်လိုတုံ့ပြန်လဲ”

“မြို့သိမ်းတိုက်ပွဲ ပြီးသွားတဲ့အချိန်မှာ ပတ်ဝန်းကျင်အင်အားစုတွေက ဘယ်လိုနေလဲ”

ဟန်မူယဲ့က ချီထူထျန်းကို ကြည့်လိုက်ပြီး မေးသည်။

မိစ္ဆာလောကလန်သည် လှုပ်ရှားမှုများကို ဖုံးကွယ်ရန်အတွက် လုံလောက်သော သတင်းအချက်အလက်များကို ပိုင်ဆိုင်သည်။

ဟန်မူယဲ့က သတင်းများကို သိချင်သောကြောင့် ချီထူထျန်းကို ဆင့်ခေါ်လိုက်သည်။

“အရှင်၊ ကျူးလင်းမြို့ရဲ့ နောက်ကွယ်မှာရှိနေတဲ့ ‌‌ရွှေအင်မော်တယ်အဆင့် ကျွမ်းကျင်သူက တောရိုင်းမြေရဲ့ နာမည်ကြီး တစ်ကိုယ်တော်ကျင့်ကြံသူ ရယ်မင် ဖြစ်ပါလိမ့်မယ်”

ချီထူထျန်းက မိစ္ဆာလောကလန်၏ သတင်းအချက်အလက်များကို လျင်မြန်စွာ ပြောပြလိုက်သည်။

ရွှေအင်မော်တယ်ရယ်မင်သည် လွန်ခဲ့သောနှစ်တစ်သောင်းတွင် တောင်ရိုင်းမြေသို့ ရောက်လာခဲ့သည်။ သူက ဖူယွီအင်မော်တယ်ကမ္ဘာမှ မဟုတ်ဘဲ တခြားအင်မော်တယ်ကမ္ဘာမှ ရောက်လာသည်ဟု ပြောသည်။

သူက ဖူယွီအင်မော်တယ်ကမ္ဘာသို့‌ ရောက်လာသောအခါတွင် အင်အားစုအများအပြားက ပူးပေါင်းရန် ဖိတ်ခေါ်ခဲ့သော်လည်း စိတ်မဝင်စားဘဲ ယွင်ထန့်တောရိုင်းမြေတွင် လျှောက်သွားပြီး သီးသန့်နေထိုင်ခဲ့သည်။

“သူက အသားမဲ့ဝါးတောအုပ်ကို တည်ဆောက်ခဲ့တယ်။ ဖြောင့်မတ်တဲ့လမ်းစဉ်က မဟုတ်ဘဲ ရက်စက်တဲ့နည်းစနစ်တချို့ကို လေ့ကျင့်ထားတာကြောင့် အဓိကဂိုဏ်းကြီးတွေနဲ့ မပူးပေါင်းခဲ့တာ ဖြစ်လိမ့်မယ်”

ချီထူထျန်းက ကိုယ်ပိုင်ထင်မြင်ချက်ကို တီးတိုးပြောသည်။

ဟန်မူယဲ့က ခေါင်းမညိတ်ပေ။ ခေါင်းလည်း မခါပေ။

သို့သော် သူက ချီထူထျန်း၏ သုံးသပ်ချက်ကို သဘောမတူပေ။

ကျင့်ကြံခြင်းလောကတွင် လုံလောက်စွာ ကျင့်ကြံဆင့်မြင့်မားလျှင် ကျင့်ကြံခြင်းနည်းစနစ်ကို မည်သူက ဂရုစိုက်နေမည်နည်း။

ဖြောင့်မတ်သောလမ်းစဉ်ဖြစ်စေ၊ ဆိုးယုတ်သောလမ်းစဉ်ဖြစ်စေ လုံလောက်စွာ ခွန်အားကြီးမားနေလျှင် လူတိုင်းက လေးစားကြလိမ့်မည်။

သို့သော် ရွှေအင်မော်တယ်ရယ်မင်က ဆိုးယုတ်သောလမ်းစဉ်ကို ကျင့်ကြံလျှင် သတိထားရလိမ့်မည်။

“မိစ္ဆာအနှစ်သာရဂိုဏ်းက ကျွမ်းကျင်သူတွေကို ကွမ်ယွဲ့မြို့ဆီ စေလွှတ်လိုက်ပါတယ်။ ဒါပေမဲ့ သူတို့က အရှင်ပြန်မယ့်လမ်းမှာ အလစ်တိုက်ဖို့ စောင့်ဆိုင်းနေကြပါတယ်”

ချီထူထျန်းက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ဆက်ပြောသည်။

ဟန်မူယဲ့၏ဓားချက်ကြောင့် မိစ္ဆာအနှစ်သာရဂိုဏ်းမှ ကျွမ်းကျင်သူများသည် လှုပ်ရှားရန် တုံ့ဆိုင်းနေကြသည်။

ထိုအရာသည် ခွန်အား၏ ကောင်းကျိုးပင် ဖြစ်သည်။

လူတစ်ယောက်က လုံလောက်စွာ ခွန်အားကောင်းနေလျှင် တခြားလူများက ရန်စရဲမည်မဟုတ်ပေ။

ထို့ကြောင့် ဟန်မူယဲ့က မြို့သိမ်းတိုက်ပွဲကို ရွေးချယ်ခဲ့သည်။

ပထမအချက်အနေဖြင့် သူက ကွမ်ယွဲ့မြို့သခင်ကို အနိုင်ယူလိုက်လျှင် မြို့ကြီးတစ်မြို့ကို ထိန်းချုပ်ပြီး ယွင်လန်မြို့အတွက် အရင်းအမြစ်များ ပိုရလာလိမ့်မည်။

ဒုတိယအချက်အနေဖြင့် သူက မိုင်ရှစ်သောင်းခရီးနှင်ပြီး မြို့သခင်ကို အနိုင်ယူ၍ ဓားအင်မော်တယ် ပြိုင်ဘက်ကင်းဟန်အဖြစ် နာမည်တစ်ခု တည်ဆောက်နိုင်မည်။

ယခုအချိန်တွင် သူက ရည်ရွယ်ချက်နှစ်ခုလုံးကို အောင်မြင်ခဲ့သည်။

သို့သော် သူက ပိုမိုများပြားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရလိမ့်မည်။

မြို့သခင်ကို အနိုင်ယူခြင်းသည် အသိအမှတ်ပြုခြင်းကို ရရှိရန်အတွက် ပထမဆုံးအဆင့် ဖြစ်သည်။ သူ၏ ဂုဏ်သတင်းကို ခိုင်မာစွာတည်ဆောက်ရန်အတွက် ပိုမိုများပြားသော တိုက်ပွဲများနှင့် ရင်ဆိုင်ရမည်။

“မိစ္ဆာအနှစ်သာရဂိုဏ်း၊ ကောင်းပြီလေ”

ဟန်မူယဲ့က တီးတိုးပြောလိုက်သည်။ သူ့မျက်လုံးများက ကြောက်ရွံ့မှုအစား စိတ်လှုပ်ရှားမှုကို ဖော်ပြနေသည်။

ဓားကျင့်ကြံသူများက ထိုသို့ပင် ဖြစ်သင့်သည်။

သန်မာသော ရန်သူများကသာ သူတို့၏ တိုက်ခိုက်လိုစိတ်ကို လှုံ့ဆော်ပေးနိုင်သည်။

တခြားအင်အားစုများက စောင့်ကြည့်နေဆဲ ဖြစ်သည်။ သူက မိစ္ဆာအနှစ်သာရဂိုဏ်းကို အနိုင်ရခဲ့လျှင် ယွင်လန်မြို့သို့ လုံခြုံစွာ ပြန်သွားနိုင်လိမ့်မည်။

သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သောအခါတွင် ချီထူထျန်းက ခန်းဆောင်ထဲမှ ထွက်သွားသည်။ သူ့လက်ထဲတွင် ရွှေရောင်တံဆိပ်ပြားသုံးခု ပေါ်လာသည်။

ထိုတံဆိပ်ပြားများက ရိုးရှင်းပြီး ရှေးကျသော်လည်း လေးနက်သော အင်မော်တယ်အင်းကွက်များကို ပိုင်ဆိုင်ထားသည်။

“ရွှင်းထျန်းခန်းဆောင်၊ ကျန်းထျန်းခန်းဆောင်နဲ့ ကျန်းရွှမ်ခန်းဆောင်”

“စွမ်းအားကို အသုံးပြုရမယ့်အချိန်မှာ အသုံးပြုလိုက်တာကောင်းတယ်”

“ဂိုဏ်းတစ်ဂိုဏ်းက ဒီလိုမျိုး လည်ပတ်နေတာပဲမဟုတ်လား”

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး တံဆိပ်ပြားတစ်ခုကို လက်ညှိုးညွှန်သည်။ တံဆိပ်ပြားက ရွှေရောင်အလင်းဖြင့် တောက်ပလာသည်။

ခဏအကြာတွင် တံဆိပ်ပြားက ရွှေရောင်စာလုံးများကို ထုတ်ပေးလိုက်သည်။

“သွားကြစို့”

....

ယွင်လန်မြို့၏ ဓားအင်မော်တယ် ပြိုင်ဘက်ကင်းဟန်သည် ကွမ်ယွဲ့မြို့သခင်ကို သတ်ဖြတ်ပြီး ကွမ်ယွဲ့မြို့တွင် လဝက်ခန့် နေထိုင်ခဲ့သည်။ ထို့နောက် ယွင်လန်မြို့သို့ ပြန်တော့မည်ဖြစ်သည်။

သူက ကွမ်ယွဲ့မြို့သို့ ဓားတစ်လက်နှင့် တစ်ယောက်တည်း ရောက်လာခဲ့သည်။

သို့သော် ပြန်သွားသောအချိန်တွင် မျက်စိတစ်ဆုံးမြင်နိုင်သော ကုန်လှည်းများကို သယ်သွားခဲ့သည်။

ဇောင်ပိုင်ချွမ်နှင့် တခြားလူများက ကွမ်ယွဲ့မြို့ကို သေချာစစ်ဆေးပြီး မြို့တော်၏ စီးပွားရေးတစ်ဝက်နှင့် မိသားစုတစ်ဝက်ကို ယွင်လန်မြို့သို့ ရွေ့ပြောင်းရန် ခြိမ်းခြောက်မှု၊ ဆွဲဆောင်မှုတို့ကို အသုံးပြုခဲ့သည်။

ဟန်မူယဲ့ကို အဖော်ပြု၍ ယွင်လန်မြို့သို့ လိုက်လာသောလူများထဲတွင် ကွမ်ယွဲ့မြိုမှ လူဦးရေး ၃၀% ပါလာသည်။

သူသိမ်းသွင်းခဲ့သော မြို့စောင့်စစ်သည်များကိုပါ ထည့်တွက်လိုက်လျှင် လူတစ်သိန်းခန့်သည် ခမ်းနားသောပုံစံဖြင့် ယွင်လန်မြို့သို့ ချီတက်လာကြသည်။

အင်မော်တယ်အလင်းဖြင့် လွှမ်းခြုံထားသော ကျင့်ကြံသူများသည် ကောင်းကင်ထက်တွင် ပျံသန်းနေကြသည်။

ထိုမြင်ကွင်းသည် လူအများအပြားကို စိတ်လှုပ်ရှားသွားစေခဲ့သည်။

“ယွင်လန်မြို့က တိုးတက်လာဖို့ သေချာနေပြီထင်တယ်”

လွင်ပြင်တစ်ခုတွင် ရပ်နေသော လူတစ်ယောက်က ညင်သာစွာ ပြောသည်။

“ယွင်ထန့်တောရိုင်းမြေက နှစ်ပေါင်းများစွာကြာအောင် တည်ငြိမ်နေခဲ့တယ်။ အခု ခါးသီးအင်မော်တယ်နယ်မြေက ရှုပ်ထွေးနေပြီး ယွင်လန်မြို့က ထင်ပေါ်လာတယ်။ ဒါတွေအားလုံးက အစပဲရှိသေးမှာကို စိုးရိမ်မိတယ်”

“တစ်ခါတလေမှာ အရင်ဆုံး ခြေလှမ်းနိုင်ရင် ဘက်ပေါင်းစုံမှာ အားသာချက်ရှိနေလိမ့်မယ်”

“တကယ်လို့ ယွင်လန်မြို့က ဒီအရှိန်အဟုန်ကို အကောင်းဆုံးအသုံးချနိုင်ရင် ကောင်းမွန်တဲ့နေရာတစ်ခု ဖြစ်လာလိမ့်မယ်”

တခြားလူတစ်ယောက်က အသိဉာဏ်ပြည့်ဝ‌နေသော မျက်လုံးတစ်စုံဖြင့် ခေါင်းညိတ်သည်။

“အလျင်စလို မဆုံးဖြတ်ကြရအောင်။ ပြိုင်ဘက်ကင်းဟန်က စိန်ခေါ်မှုတွေကို ကျော်ဖြတ်ဖို့ လိုနေသေးတယ်”

လူတစ်ယောက်က ရှေ့သို့ကြည့်ပြီး တုံ့ဆိုင်းစွာ ပြောလိုက်သည်။

“မိစ္ဆာအနှစ်သာရဂိုဏ်းလား။ တကယ်အားကောင်းတဲ့ရန်သူပဲ ....”

မိစ္ဆာအနှစ်သာရဂိုဏ်းက မိစ္ဆာဂိုဏ်းတစ်ဂိုဏ်း ဖြစ်သောကြောင့် မိစ္ဆာနည်းလမ်းအတိုင်း လှုပ်ရှားလိမ့်မည်။

သူတို့၏ မြင်းစီးစစ်သည်တစ်သိန်းက သတ်ဖြတ်ခံလိုက်ရပြီး လက်တုံ့ပြန်မှု မပြုလုပ်နိုင်လျှင် မိစ္ဆာဂိုဏ်း၏ ဂုဏ်သိက္ခာ ကျဆင်းသွားလိမ့်မည်။

ကွမ်ယွဲ့မြို့ထဲတွင် သတင်းမရှိသော်လည်း မြို့အပြင်ဘက်တွင် ကောလဟာလများ ပေါ်ထွက်နေသည်။

မိစ္ဆာအနှစ်သာရဂိုဏ်း၏ ကျွမ်းကျင်သူများက လမ်းတစ်ဝက်တွင် စောင့်ဆိုင်းနေကြသည်။

“မိစ္ဆာအနှစ်သာရဂိုဏ်းက လမ်းမှာစောင့်နေတာကို ပြိုင်ဘက်ကင်းဟန်က သိထားပေမဲ့ တမင်သက်သက် လူတစ်သိန်းကို ခေါ်ထုတ်လာတာလို့ မင်းတို့ထင်လား”

လူတစ်ယောက်က မျက်မှောင်ကြုတ်လိုက်ပြီး ညင်သာစွာမေးသည်။

ထိုမေးခွန်း၏အဖြေကို မည်သူမှ မသိကြပေ။

All Chapters