အခန်း (၈၆၂)
Vol. 62 Ch. 862
နတ်ဘုရားအမည်စာရင်းက အမှန်တကယ် မသန်မာပေ။ ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို ချေးယူနိုင်ရုံသာ ရှိသည်။
ကောင်းကင်နှင့်မြေကြီး၏စွမ်းအားသည် နှစ်ပေါင်းမရေမတွက်နိုင်သော အငြိုးအတေးစွမ်းအင်များကို စုစည်းထားပြီး ခုခံရန်ခက်ခဲသော ကပ်ဘေးကို လှုံ့ဆော်ခဲ့သည်။
လူတိုင်းက ကပ်ဘေးနှင့် ရင်ဆိုင်ဖူးကြသည်။
ကောင်းကင်အင်မော်တယ်အဆင့်သို့ ရောက်လာရန်အတွက် ကောင်းကင်နှင့်မြေကြီးကို ချိုးဖောက်ပြီး ကိုယ်ပိုင်နေရာလွတ်တစ်ခုကို တည်ဆောက်ရသည်။
ကောင်းကင်နှင့်မြေကြီးက နာခံမှုရှိစွာ ချိုးဖောက်ခံပြီး နေရာလွတ်တစ်ခုကို လိုလားစွာ ဖန်တီးပေးမည်မဟုတ်ပေ။
ကောင်းကင်နှင့်မြေကြီး၏ ရန်ငြိုးကို ယေဘုယျအားဖြင့် မဖယ်ရှားနိုင်ပေ။
ဟန်မူယဲ့က တည်ငြိမ်သောမျက်နှာထားဖြင့် နတ်ဘုရားအမည်စာရင်းကို တိုက်ခိုက်လိုက်သော ကျန်းထျန်းမင်၏ဓားကို ကြည့်နေသည်။
အကယ်၍ လူသားလောက၏ နတ်ဘုရားအမည်စာရင်းဆိုလျှင် ထိုဓားချက်ကို ခုခံနိုင်မည်မဟုတ်ပေ။
သို့သော် ယခုတည်ရှိနေသော နတ်ဘုရားအမည်စာရင်းသည် သမာဓိစွမ်းအားဖြင့် ပေါင်းစပ်ထားရုံသာမက တောရိုင်းမြေတွင်စုစည်းနေသော အငြိုးအတေးစွမ်းအားများလည်း ပါဝင်သည်။
ထူရန်စစ်တည်ဆောက်ထားသော ဝင်္ကပါသည် ဟန်မူယဲ့ကို အကြံရသွားစေခဲ့သည်။
ယခုအချိန်တွင် နတ်ဘုရားအမည်စာရင်းအား ကာကွယ်ပေးထားသော လျှပ်စီးကြောင်းနှစ်ခုကို ကျန်းထျန်းမင်က ခုခံနိုင်မည်မဟုတ်ပေ။
နတ်ဘုရားအမည်စာရင်း၏ရှေ့တွင် နတ်စစ်သည်များ၏ဝင်္ကပါ ရှိနေသည်။ လျှပ်စီးကြောင်းများ လှုပ်ရှားနေပြီး သူတို့က ကောင်းကင်ထက်မှ ကျဆင်းလာကြသည်။
“ဘုန်း”
အင်မော်တယ်အငွေ့အသက်နှင့်အတူ အစိမ်းရောင်လျှပ်စီးကြောင်းတစ်ခု ဆင်းသက်လာသည်။
“ကောင်းကင်အင်မော်တယ်မိုးကြိုးက အင်မော်တယ်ကမ္ဘာရဲ့ စွမ်းအားစုစည်းမှုပဲ။ အင်မော်တယ်ကမ္ဘာရဲ့ အသိအမှတ်ပြုခြင်းကို ရထားတဲ့လူကပဲ အဲဒီမိုးကြိုးကို ခုခံနိုင်တယ်”
လျှပ်စီးကြောင်းက ကျန်းထျန်းမင်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံလိုက်သည်။
ကျန်းထျန်းမင်ကို လွှမ်းခြုံထားသော မှိန်ဖျော့နေသည့် မိစ္ဆာအငွေ့အသက်က ပျောက်ကွယ်သွားပြီး သန့်စင်သော အင်မော်တယ်အငွေ့အသက်အဖြစ် ပြောင်းလဲသွားသည်။
ထိုမြင်ကွင်းကြောင့် မရေမတွက်နိုင်သော လူများ၏ မျက်နှာထားက ပြောင်းလဲသွားသည်။
တာအိုဂိုဏ်း ....
အမှန်တကယ်ပင် တာအိုဂိုဏ်းဖြစ်သည်။
“ကျန်းယွမ်ဘုရားကျောင်းရဲ့ ကျင့်ကြံခြင်းနည်းစနစ်။ မိစ္ဆာအနှစ်သာရဂိုဏ်းရဲ့ နောက်ကွယ်မှာ ကျန်းယွမ်ဘုရားကျောင်း ရှိနေပုံပဲ”
“ကျန်းယွမ်ဘုရားကျောင်းလား။ အဲဒါက စည်းကမ်းတင်းကျပ်ပြီး ဖြောင့်မတ်မှုကိုအလေးပေးတဲ့ ဂိုဏ်းတစ်ဂိုဏ်းမဟုတ်လား ....”
“အရူးလုပ်ခံလိုက်ရတာပဲ”
....
ကျန်းထျန်းမင်က ပတ်ဝန်းကျင်တွင်ရှိသော စကားသံများကို ဂရုမစိုက်ခဲ့ပေ။
တတိယမြောက်လျှပ်စီးကြောင်းသည် သူ့ကို မထိခိုက်စေရုံသာမက သူ၏ အင်မော်တယ်စွမ်းအင်ကို သန့်စင်ပေးပြီး အချိန်ကြာမြင့်စွာ ရပ်တန့်နေသော ကျင့်ကြံခြင်းကို လှုပ်ရှားလာစေသည်။
ယခုအချိန်၌ သူ၏ပတ်ဝန်းကျင်တွင် လှုပ်ရှားနေသော လျှပ်စီးကြောင်းများက သူ၏ ကျင့်ကြံဆင့်ကို တိုးတက်အောင် ကူညီပေးနေသည်။
‘ဒီအင်မော်တယ်မိုးကြိုးက ရှားပါးအခွင့်အရေးတစ်ခုလား’
အင်မော်တယ်မိုးကြိုးက နေရာလွတ်ထဲသို့ ဝင်ရောက်သွားပြီး ဝိညာဉ်ဆေးပင်နှင့် ဝိညာဉ်သတ္တုများကို လျင်မြန်စွာ ကြီးထွားလာစေသည်။
အောက်တွင်ရှိနေသော ထူရန်စစ်က အင်မော်တယ်အလင်းဖြင့် တောက်ပနေသော ကျန်းထျန်းမင်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။
‘သူက ဘယ်လိုလုပ်ပြီး အဆင့်တက်သွားတာလဲ’
အဝေးတစ်နေရာတွင်ရှိနေသော စောင့်ကြည့်နေသည့် ကျင့်ကြံသူများကလည်း နားမလည်နိုင်ဖြစ်နေကြသည်။
‘အဲဒီမိုးကြိုးက ရန်သူကိုတိုက်ခိုက်ဖို့အတွက် အသုံးပြုတာမဟုတ်ဘူးလား’
လျှပ်စီးကြောင်းများ ပျောက်ကွယ်သွားသောအခါတွင် ကျန်းထျန်းမင်က နောင်တအချို့နှင့် မျက်လုံးဖွင့်လိုက်သည်။
သူ့ခန္ဓာကိုယ်က အင်မော်တယ်အရှိန်အဝါဖြင့် ပြည့်လျှံနေသည်။
သူက မျက်နှာထားပြောင်းလဲသွားပြီး နောက်ဆုံးကျန်ရှိနေသော အပြာဖျော့ရောင်လျှပ်စီးကြောင်းကို ခေါင်းမော့ကြည့်သည်။
‘အဲဒီမိုးကြိုးက ဘယ်လိုမျိုးလဲ’
‘ငါ့ရဲ့ကျင့်ကြံဆင့်ကို တိုးမြှင့်ပေးမှာလား။ ဒါမှမဟုတ် မခုခံနိုင်တဲ့စွမ်းအားကို ပိုင်ဆိုင်ထားတာလား’
ကျန်းထျန်းမင်က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ဓားမြှောက်၍ ကျဆင်းလာသော လျှပ်စီးကြောင်းကို ညွှန်ပြသည်။
ဟန်မူယဲ့က ပြုံးသည်။
တချို့အရာများကို လွယ်ကူစွာမရနိုင်ပေ။
လွယ်ကူစွာရရှိထားလျှင် အခွင့်အရေးမဟုတ်တော့ပေ။
“ဘုန်း”
ရေခဲပြာရောင်လျှပ်စီးကြောင်းက ကျန်းထျန်းမင်ကို လွှမ်းခြုံသွားသည်။ သူ့ဓားပေါ်တွင် ရေခဲအလွှာများ ပေါ်လာသည်။
“ကောင်းကင်မိုးကြိုးက မဟာတာအိုရဲ့စွမ်းအားကို လိုက်နာပြီး အင်မော်တယ်တွေကို အားဖြည့်ပေးတယ်”
“အခု အခွင့်အရေးကို သယ်ဆောင်ထားပြီး ကောင်းကင်ကို တစ်ခါတည်း တက်လှမ်းသွားနိုင်တယ်”
“ဒါမှမဟုတ်ရင်လည်း လက်မလျော့ဘဲ ကောင်းကင်ကို ဖီဆန်လိုက်ပေါ့”
ဟန်မူယဲ့က မျက်နှာထားပြောင်းလဲသွားသော ကျန်းထျန်းမင်ကိုကြည့်လိုက်ပြီး ခပ်ဟဟရယ်သည်။
“အကြီးအကဲက နတ်ဘုရားအမည်စာရင်းမှာ ပါဝင်ချင်လား”
မိုးကြိုးလေးစင်း၏ နောက်ဆုံးလှုပ်ရှားမှုသည် ကောင်းကင်တာအိုမိုးကြိုး ဖြစ်သည်။
ပထမဆုံးမိုးကြိုးနှစ်ခုသည် ခွန်အားမလုံလောက်သော လူများကို ရှင်းထုတ်ပစ်ခြင်းသာ ဖြစ်သည်။
တတိယမြောက်မိုးကြိုးသည် အခွင့်အရေးတစ်ခု ဖြစ်ပြီး ကျင့်ကြံဆင့်ကို တိုးမြှင့်ပေးနိုင်သည်။
သို့သော် အကျိုးအမြတ်အတွက် ပြန်လည်ပေးဆပ်ရမည်။
စတုတ္ထမြောက်မိုးကြိုးသည် ကောင်းကင်တာအိုစွမ်းအားကို လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးလိုက်သည်။
ထိုအဆင့်များကိုကျော်ဖြတ်ပြီး အင်မော်တယ်ဖြစ်လာလျှင် ကောင်းကင်၏ အလိုဆန္ဒအရ နတ်ဘုရားအမည်စာရင်းတွင် ပါဝင်လိမ့်မည်။
အကယ်၍ ကောင်းကင်ကို ဆန့်ကျင်မည်ဆိုလျှင် မဖြစ်နိုင်ပေ။
ဟန်မူယဲ့က ရုန်းကန်နေသော ကျန်းထျန်းမင်ကို ကြည့်လိုက်ပြီး ပိုမိုနက်ရှိုင်းစွာ ပြုံးသည်။
သူက ကောင်းကင်နှင့်လူသား၏ ပျက်စီးခြင်းငါးပါးကို ကျော်ဖြတ်ပြီး ကောင်းကင်အင်မော်တယ်တစ်ပါး ဖြစ်လာခဲ့သည်။ ထို့အပြင် ယခုလေးတင် အင်မော်တယ်မိုးကြိုး၏စွမ်းအားနှင့် ပေါင်းစပ်ထားသည်။ သူ၏ ကျင့်ကြံခြင်းက ကောင်းကင်တာအိုနှင့် ချိတ်ဆက်သွားသည်။ သူက မည်သို့ ငြင်းဆန်နိုင်မည်နည်း။
ယခုအချိန်တွင် ကျန်းထျန်းမင်က ကောင်းကင်၏အလိုဆန္ဒကို ဖီဆန်လိုက်လျှင် ကျင့်ကြံဆင့် ဆုံးရှုံးပြီး နေရာလွတ်လည်း အက်ကွဲသွားလိမ့်မည်။
ကောင်းကင်တာအိုက ရက်စက်ပြီး ညှာတာမှုမရှိပေ။
ကောင်းကင်ကို ဆန့်ကျင်သောလူများက ချက်ချင်း ရှင်းထုတ်ခံရလိမ့်မည်။
ကျန်းထျန်းမင်၏ ရုန်းကန်မှုက အတွင်းစိတ်ရုန်းကန်မှုသာ ဖြစ်သည်။
သူက ကျင့်ကြံဆင့်ကို လက်မလွှတ်နိုင်ပေ။ သူ၏ အသက်ကိုလည်း လက်မလျော့နိုင်ပေ။
“ထားလိုက်ပါတော့ ....”
ကျန်းထျန်းမင်က ညင်သာစွာ သက်ပြင်းချသည်။
သူ့ခန္ဓာကိုယ်တွင် အင်မော်တယ်အလင်းသည် ပေါက်ကွဲလုနီးပါး လှုပ်ရှားလာသည်။
“ကောင်းကင်နဲ့မြေကြီးရဲ့ အလိုဆန္ဒကို မဆန့်ကျင်နိုင်ဘူး။ ငါက ဒီအမိန့်စာကို လက်ခံတယ်”
ရွှေအလင်းသည် သူ့ကို လွှမ်းခြုံသွားသည်။ ရေခဲပြာမိုးကြိုးက အပြာရောင်ချပ်ဝတ်အဖြစ် ပြောင်းလဲသွားသည်။
ကျန်းထျန်းမင်၏နောက်တွင်ရှိသော သုံးလွှာတိမ်တိုက်တွင် အဆုံးမရှိသော ရွှေအလင်းများ စုစည်းလာပြီး ရောင်စုံတိမ်တိုက်မြူခိုးများဖြင့် ပြည့်နှက်နေသော နေရာလွတ်ကမ္ဘာငယ်တစ်ခုကို ဖန်တီးလိုက်သည်။
လေဟာနယ်သန့်စင်ခြင်း အထွတ်အထိပ်အဆင့် ....
သူက မိုးကြိုးနှစ်ခုမှ အကျိုးအမြတ်များကို ရရှိခဲ့ပြီး နတ်ဘုရားအမည်စာရင်းသို့ ဝင်ရောက်ခြင်းအားဖြင့် လေဟာနယ်သန့်စင်ခြင်း အထွတ်အထိပ်အဆင့်သို့ ချက်ချင်းရောက်သွားသည်။
ထိုမြင်ကွင်းကြောင့် လူတိုင်းက ကြောင်အသွားသည်။
“ဒါက ကံကောင်းမှုတစ်ခုပဲ။ ကံကောင်းမှုပဲ ဖြစ်ရမယ် ....”
ထူရန်စစ်က ဖျော့တော့သော အပြုံးတစ်ခုနှင့် ရေရွတ်သည်။
လူတိုင်းက လေဟာနယ်သန့်စင်ခြင်း အထွတ်အထိပ်အဆင့်သို့ ဝင်ရောက်ပြီး ကောင်းကင်အင်မော်တယ်များကြားတွင် ကျွမ်းကျင်သူတစ်ယောက် ဖြစ်ချင်ကြသည်။
သို့သော် ကျန်းထျန်းမင်က ထိုနည်းလမ်းမျိုးဖြင့် လေဟာနယ်သန့်စင်ခြင်း အထွတ်အထိပ်အဆင့်သို့ ဝင်ရောက်သွားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
နတ်ဘုရားအမည်စာရင်းသည် ရွှေအလင်းဖြင့် တောက်ပလာပြန်သည်။
ကျန်းထျန်းမင်ရှိနေသောကြောင့် နတ်ဘုရားအမည်စာရင်း၏ စွမ်းအားက အဆတစ်ရာ ပိုတိုးလာသည်။
နတ်ဘုရားစစ်သည်တစ်သိန်း၏ နတ်ဘုရားစွမ်းအားကလည်း ပိုမိုအားကောင်းလာပြီး သူတို၏ စစ်ပွဲဝင်္ကပါက အလွန်ခမ်းနားနေသည်။
ဟန်မူယဲ့က မိစ္ဆာအနှစ်သာရဂိုဏ်းကို ထိုနည်းလမ်းမျိုးဖြင့် တုံ့ပြန်လိမ့်မည်ဟု မည်သူမှ ထင်မထားကြပေ။
မိစ္ဆာအနှစ်သာရဂိုဏ်း၏ ကျွမ်းကျင်သူငါးယောက်တွင် အများစုက အပြင်းအထန် ဒဏ်ရာရသွားပြီး တစ်ယောက်က နတ်ဘုရားအမည်စာရင်းသို့ ဝင်ရောက်သွားသည်။
ထူရန်စစ်က နေရာတွင် ကြောင်အစွာ ရပ်နေသည်။
သူတို့က ရှုံးနိမ့်သွားခဲ့သည်။
ဟန်မူယဲ့က သူတို့ကို ဂရုစိုက်မနေဘဲ လက်မြှောက်ပြီး နတ်ဘုရားအမည်စာရင်းကို မိုင်ပေါင်းနှစ်သောင်းအကွာတွင်ရှိနေသည့် ယွင်လန်မြို့တံတိုင်းပေါ်သို့ ပို့လိုက်သည်။
ယခုအချိန်မှစ၍ နတ်ဘုရားအမည်စာရင်းသည် ယွင်လန်မြို့ကို ကာကွယ်ပေးလိမ့်မည်။
လေဟာနယ်သန့်စင်ခြင်း အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ယောက် ရှိနေသောကြောင့် လူအများစုက ယွင်လန်မြို့ကို မကောင်းကြံရဲတော့မည်မဟုတ်ပေ။
နတ်ဘုရားစစ်သည်တစ်သိန်းက နတ်ဘုရားအမည်စာရင်းတွင် နေရာယူနေသည်။ ကျန်းထျန်းမင်က ဟန်မူယဲ့ကို ဦးညွတ်လိုက်ပြီး ပျောက်ကွယ်သွားသည်။
ဟန်မူယဲ့က ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ယွင်လန်မြို့သို့ ဦးတည်လိုက်သည်။
ယနေ့မှစ၍ ယွင်လန်မြို့သည် ပတ်ဝန်းကျင်မိုင်တစ်သန်း၏ နံပတ်တစ်မြို့ ဖြစ်သည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ဆက်လက်ရွေ့လျားသွားသေ ဟန်မူယဲ့တို့ကို ကြည့်လိုက်ပြီး မျက်လုံးများ တောက်ပနေကြသည်။
ယခု ရွေးချယ်ရမည့်အချိန်သို့ ရောက်လာသည်။
“ဘုန်း”
ထိုအချိန်တွင် ဓားအလင်းတစ်ခုက ကောင်းကင်ထက်မှ ပေါ်ထွက်လာပြီး ဟန်မူယဲ့ကို ခုတ်ချလိုက်သည်။
ဓားအလင်းသည် မည်းနက်နေပြီး မိစ္ဆာအလင်းတချို့ကို ထုတ်ပေးနေသည်။
ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ဓားဖြင့် တိုက်ရိုက်ညွှန်ပြသည်။
“ခလွမ် ....”
ဓားသွားက ပျက်စီးသွားပြီး ပုံရိပ်အများအပြား ပေါ်ထွက်လာသည်။
“မိစ္ဆာလောကလန်ပဲ”
“မိစ္ဆာလောကလန်က အလစ်တိုက်တာပဲ”
ထိတ်လန့်စွာ အော်ဟစ်သံများကြားတွင် ဟန်မူယဲ့က ကောင်းကင်ပေါ်သို့ ခုန်တက်လိုက်ပြီး ထိုပုံရိပ်များ၏နောက်သို့ လိုက်သွားသည်။ သူ၏ ဓားချက်တိုင်းသည် အော်ဟစ်သံများကို ပေါ်ထွက်လာစေသည်။
ပိုမိုများပြားသော မိစ္ဆာပုံရိပ်များ ပေါ်ထွက်လာခဲ့သည်။
မိစ္ဆာလောကလန်က ဟန်မူယဲ့ကို တိုက်ခိုက်ရန်အတွက် ကျွမ်းကျင်သူများကို စေလွှတ်ခဲ့ပုံပေါ်သည်။ သို့သော် သူက သူတို့ကို ဖိနှိပ်ထားနိုင်သည်။
ထိုတိုက်ပွဲသည် မိုင်တစ်ထောင်ပတ်ဝန်းကျင်ကို သက်ရောက်မှုရှိပြီး ရက်ပေါင်းများစွာ ကြာမြင့်ခဲ့သည်။
ဟန်မူယဲ့က ဓားအလင်းကို ထုတ်လွှတ်နေပြီး မိစ္ဆာလောကလန်၏ ရာချီနေသော ကျွမ်းကျင်သူများကို တစ်ယောက်တည်း တိုက်ခိုက်ခဲ့သည်။ သူက အရေးနိမ့်မနေဘဲ ရန်သူများကို ဒဏ်ရာရသွားစေခဲ့သည်။
နောက်ပိုင်းတွင် ယွင်လန်မြို့သို့ ဟန်မူယဲ့နှင့်အတူလိုက်လာသော ကျင့်ကြံသူများသည် စွန်းကျီဟူ၏ ဦးဆောင်မှုနောက်တွင် တိုက်ပွဲသို့ ဝင်ရောက်လာပြီး မိစ္ဆာလောကလန်သားများကို ထွက်ပြေးသွားစေခဲ့သည်။
ထိုတိုက်ပွဲသည် ဟန်မူယဲ့၏ ဓားသမားစိတ်ဓာတ်ကို ပေါ်လွင်သွားစေသည်။ သူက မိစ္ဆာအင်အားစုများနှင့် ပတ်သတ်မည်မဟုတ်ပေ။
မိစ္ဆာလောကလန်က ရှုံးနိမ့်သွားပြီး ဟန်မူယဲ့က အနှောင့်အယှက်ကင်းစွာဖြင့် ယွင်လန်မြို့သို့ ပြန်ရောက်လာသည်။
သူက မြို့အပြင်ဘက်သို့ ရောက်လာသောအခါတွင် ယွင်လန်မြို့က အော်ဟစ်သံများဖြင့် ဆူပွက်သွားသည်။
ဟန်မူယဲ့က မြို့ဂိတ်တံခါးတွင် ရပ်နေပြီး ဂုဏ်ပြုပွဲသုံးရက် ကျင်းပမည်ဟု ကြေညာခဲ့သည်။ ထို့နောက် ဇောင်ပိုင်ချွမ်နှင့် တခြားလူများကို မြို့စည်းကမ်းများအား မြို့နံရံတွင် ရေးထွင်းစေခဲ့သည်။
ဓားအလင်းက လှုပ်ရှားသွားပြီး စာလုံးတိုင်းသည် ဓားဆန္ဒကို ထုတ်လွှတ်နေသည်။
ကောင်းကင်ထက်တွင် နတ်ဘုရားအမည်စာရင်း၏ ရွှေရောင်နတ်ဘုရားစွမ်းအားသည် ဓားအလင်းနှင့် ရောယှက်နေသည်။
ယနေ့အချိန်မှစ၍ ယွင်လန်မြို့ကို မကောင်းကြံချင်သောလူများသည် နတ်ဘုရားအမည်စာရင်း၏ ပစ်မှတ်ထားခြင်းကို ခံရပြီး ဓားအလင်းက အလိုလျောက် တိုက်ခိုက်လိမ့်မည်။
ယွင်လန်မြို့၏ စည်းကမ်းများကို ဖောက်ဖျက်လျှင်လည်း နတ်ဘုရားအမည်စာရင်းနှင့် ဓားဆန္ဒက တိုက်ခိုက်လိမ့်မည်။
ဓားဆန္ဒနှင့် နတ်ဘုရားအမည်စာရင်းသည် ယွင်လန်မြို့၏ ပထမဆုံးအကာအကွယ် ဖြစ်သည်။
ဒုတိယတစ်ခုကိုတော့ ဟန်မူယဲ့က စဉ်းစားနေသည်။
မြို့သခင်ခြံဝိုင်း၏ ခန်းဆောင်တွင် ဟန်မူယဲ့က ဖြောင့်မတ်စွာ ထိုင်နေသည်။ ကျန်းကျန်ပေါင်နှင့် တခြားလူများက သူ့ရှေ့တွင် လေးစားစွာ ရပ်နေကြသည်။
ထိုခန်းဆောင်သည် ကောင်းကင်အင်မော်တယ်၊ လူသားအင်မော်တယ်နှင့် ကျွမ်းကျင်သူများ၏ စုရပ်တစ်ခု ဖြစ်လာခဲ့သည်။
“ငါက ယွင်လန်မြို့အတွက် ဝင်္ကပါတစ်ခုတည်ဆောက်ဖို့ စီစဉ်ထားတယ်”
ဟန်မူယဲ့က သူတို့ကိုကြည့်လိုက်ပြီး ပြောသည်။
“မင်းတို့မှာ အကြံပြုစရာရှိလား”