← Chapters

အခန်း (၈၆၆)

Vol. 62 Ch. 866

အခန်း (၈၆၆)

Vol. 62 Ch. 866

ယွင်လန်မြို့သည် မြို့အသစ် ဖြစ်သည်။

ယွင်လန်ဓားအင်မော်တယ်သည် ယွင်ထန့်တောရိုင်းမြေတွင် တိုက်ပွဲများကို အနည်းငယ်သာ တိုက်ခိုက်ရသေးသည်။

သို့သော် ဓားအင်မော်တယ်ရှကျွင့်၏ စိန်ခေါ်စာကို လက်ခံလိုက်ရသည်။ ထိုအရာသည် ယွင်လန်မြို့နှင့် ယွင်လန်ဓားအင်မော်တယ်၏ အလားအလာကို ဖော်ပြနေသည်။ ထို့အပြင် အနာဂတ်တွင် စိန်ခေါ်မှုများနှင့် ပိုမိုရင်ဆိုင်ရလိမ့်မည်။

ထိုအရာသည် ခွန်အားကို အသိအမှတ်ပြုခြင်းဖြစ်သည်။ သို့သော် အခက်အခဲများနှင့် ပိုမိုရင်ဆိုင်ရလိမ့်မည်။

ဤအခက်အခဲကို ကျော်လွှားရန်အတွက် ခန်းဆောင်ထဲတွင် ထိုင်နေသော ယွင်လန်ဓားအင်မော်တယ်အပေါ်တွင် မူတည်နေသည်။

“ပြိုင်ဘက်ကင်းမြို့သခင်၊ အရင်ဆုံး သူ့ကို စမ်းသပ်ကြည့်သင့်လား”

ရှဲ့ချောင်ယန်က လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး တီးတိုးပြောသည်။

“ကျွန်တော်တို့က တောရိုင်းမြေမှာ ကြားဖြတ်တိုက်ပွဲတစ်ခုကို ဖန်တီးနိုင်ပါတယ်”

“အခုအချိန်မှာ ယွင်လန်မြို့က ကောင်းကင်အင်မော်တယ်အဆင့် ကျွမ်းကျင်သူတွေကို ပိုင်ဆိုင်ထားပါတယ်။ သူတို့က သူ့ကို အနိုင်မယူနိုင်ရင်တောင် အနည်းဆုံး ခွန်အားကို စမ်းသပ်နိုင်မှာပါ”

“မြို့သခင် ကျွန်တော်က အရင်ဆုံး တိုက်ခိုက်ပေးပါ့မယ်”

လေဟာနယ်လမ်းကြောင်းအဆင့် ကျင့်ကြံသူများက ပြောလိုက်ကြသည်။

သူတို့က ကိုယ်ပိုင်နေရာလွတ်ကို ယွင်လန်မြို့တွင် အခြေချထားသည်။ သူတို့က ယွင်လန်မြို့၏ မိုင်တစ်ထောင်အတွင်း၌ ပြိုင်ဘက်ကို အနိုင်မယူနိုင်လျှင်ပင် ကိုယ်ပိုင်နေရာလွတ်ကမ္ဘာငယ်များထဲသို့ ဝင်ရောက်နိုင်သည်။

လောကတွင် ပြိုင်ဘက်ကင်းမြို့သခင်ကဲ့သို့ နေရာလွတ်ထဲကို ဝင်ရောက်ပြီး သတ်ဖြတ်နိုင်‌သောလူများ သိပ်မရှိပေ။

ယခုအချိန်သည် သစ္စာရှိခြင်းကို ပြသရန် အခွင့်ကောင်းဖြစ်သည်။

လူတိုင်းက ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။

ဟန်မူယဲ့က ခေါင်းခါပြီး မတ်တပ်ရပ်သည်။

“ငါ့လက်ထဲမှာ ဓားရှိနေသ၍ မင်းတို့ ဝင်ပါစရာမလိုဘူး”

သူက မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး လေးနက်သောအကြည့်ဖြင့် ပြောသည်။ တခြားလူများက သူ့ကို တိုက်ရိုက်မကြည့်နိုင်ကြပေ။

“ငါက ဓားပညာနဲ့ပတ်သတ်လာရင် ဘယ်သူ့ကိုမှ မကြောက်ဘူး”

ရိုးရှင်းသော ထိုစကားသည် ပြိုင်ဘက်ကင်းသော လွှမ်းမိုးနိုင်စွမ်းကို သယ်ဆောင်ထားသည်။

ထိုစကားမျိုးကို ပြောရန်အတွက် မည်သည့် ယုံကြည်ချက်မျိုးကို လိုအပ်သနည်း။

ဇောင်ပိုင်ချွမ်က စိတ်လှုပ်ရှားနေသော မျက်နှာထားဖြင့် ကျောက်ချန်နှင့် ရှဲ့ချောင်ယန်ကို လှည့်ကြည့်သည်။

သူတို့သုံးယောက်က စီးပွားရေးနောက်ခံကို ပိုင်ဆိုင်ထားပြီး တွက်ချက်မှု ကျွမ်းကျင်သည်။

ဖန်ကျန်းယောင်က စိန်ခေါ်ရန် ရောက်လာသောအခါတွင် သူတို့၏လက်ချက်ကြောင့် ပတ်ဝန်းကျင်က အလွန်လှုပ်ရှားသွားခဲ့သည်။

ထိုတိုက်ပွဲသည် ဟန်မူယဲ့ကို အလွန်နာမည်ကြီးသွားစေသည်။

ယခုအချိန်တွင် ဖန်ကျန်းယောင်ထက် ပိုမိုနာမည်ကြီးသော ဓားကျင့်ကြံသူတစ်ယောက်က စိန်ခေါ်ရန် ရောက်လာတော့မည်။ အကယ်၍ ကောင်းမွန်စွာ ကိုင်တွယ်နိုင်လျှင် ယွင်လန်ဓားအင်မော်တယ်၏ ဂုဏ်သတင်းသည် ယွင်ထန့်တောရိုင်းမြေ၏တစ်ဝက်သို့ ပျံ့နှံ့သွားလိမ့်မည်။

“မြို့သခင်၊ အကြီးအကဲဖန်ကျန်းယောင်နဲ့ တိုက်ပွဲမှတ်တမ်းက မိုင်သန်းချီအကွာအဝေးအထိ ပျံ့နှံ့နေပါပြီ။ ဓားကျင့်ကြံသူတွေက မြို့သခင်ရဲ့ ခွန်အားနဲ့ ဓားကျင့်ကြံခြင်းကို စိတ်ဝင်စားနေကြပါတယ်”

ရှဲ့ချောင်ယန်က ဇောင်ပိုင်ချွမ်နှင့် ကျောက်ချန်ကို ခေါင်းညိတ်ပြလိုက်ပြီး ဟန်မူယဲ့ကို ပြောသည်။

“တကယ်လို့ မြို့သခင်က အနိုင်ရဖို့ ယုံကြည်ချက်ရှိတယ်ဆိုရင် ပတ်ဝန်းကျင်မှာရှိတဲ့ ဓားကျွမ်းကျင်သူတွေကို စုစည်းပြီး နတ်ဘုရားမဲ့ဓားအင်မော်တယ်နဲ့ တိုက်ပွဲကို စောင့်ကြည့်ခိုင်းလို့ ရပါတယ်”

တိုက်ပွဲကို ကြည့်ရှုရန်အတွက် ကျွမ်းကျင်သူများကို ဖိတ်ခေါ်မည်။

ထိုအရာသည် နာမည်ကြီးလာရန် အမည်ဆုံးနည်းလမ်း ဖြစ်သည်။

တောရိုင်းမြေ၏ နာမည်ကြီးကျင့်ကြံသူများ အားလုံးသည် မရေမတွက်နိုင်သော တိုက်ပွဲများကို ရင်ဆိုင်ခဲ့ရသည်။

အကယ်၍ ဟန်မူယဲ့က လျင်မြန်စွာ နာမည်ကြီးလာချင်လျှင် ပွဲကြည့်ရန်အတွက် တခြားလူများကို ပါးနပ်စွာ ဖိတ်ခေါ်ရမည်။

“ငါတို့ အချိန်ရလား”

ဟန်မူယဲ့က မငြင်းဘဲ ညင်သာစွာ မေးသည်။

သူက တိုက်ပွဲ၏ အနိုင်အရှုံးကို ဂရုမစိုက်ဘဲ ကျွမ်းကျင်သူများကို ဖိတ်ခေါ်ရန် အချိန်မလုံလောက်မည်ကို စိုးရိမ်နေသည်။

သူ၏ စကားသံသည် ခိုင်မာသောယုံကြည်ချက်ကို ဖော်ပြနေပြီး ခန်းဆောင်၏လေထုကို ပေါ့ပါးသွားစေသည်။

ယွင်လန်မြို့၏ ပြိုင်ဘက်ကင်းဟန်ဆိုသော နာမည်သည် အလကားမဟုတ်ပေ။

“ကျွန်တော်တို့ ကျောက်စိမ်းသမင်ကုန်သွယ်ရေးအဖွဲ့က လုမင်မြို့ကနေ ယွင်လန်မြို့ကို သွားလာဖို့ ယာယီ တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို တည်ဆောက်ပေးနိုင်ပါတယ်”

ရှဲ့ချောင်ယန်က ကျယ်လောင်စွာ ပြောလိုက်သည်။

လုမင်မြို့၏ ကျွမ်းကျင်သူများက ယာယီ တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို အသုံးပြုပြီး တိုက်ပွဲကြည့်ရန်အတွက် ယွင်လန်မြို့သို့ ရောက်လာကြလိမ့်မည်။

အကယ်၍ အနိုင်ရရန် ယုံကြည်ချက်မရှိလျှင်တော့ ထိုသို့ ဒုက္ခခံနေရန် မလိုအပ်ပေ။

“ကောင်းပြီ”

ဟန်မူယဲ့က တည်ငြိမ်စွာပြောလိုက်ပြီး ခန်းဆောင်ထဲမှ ပျောက်ကွယ်သွားသည်။

ခန်းဆောင်ထဲတွင်ရှိသော ကျွမ်းကျင်သူများက တစ်ယောက်ကိုတစ်ယောက် ပျော်ရွှင်စွာ ကြည့်လိုက်ကြသည်။

မြို့သခင်၏ ပုံစံအရ စိုးရိမ်စရာ မရှိပေ။

နေ့တစ်ဝက်အကြာ၌ ယွင်လန်မြို့နှင့် မိုင်တစ်ရာအကွာတွင်ရှိသော တောင်ကြားတစ်ခုတွင် အင်မော်တယ်ချီအလင်းများ ပေါ်ထွက်လာသည်။

လုမင်မြို့နှင့် တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို တည်ဆောက်ခဲ့သည်။

ဝင်္ကပါသည် စွမ်းအားကုန်ဆုံးမှုများပြီး တစ်နှစ်သာ အသုံးပြုနိုင်သော်လည်း ယွင်လန်ဓားအင်မော်တယ်၏ ဂုဏ်သတင်းအတွက် ထိုက်တန်သည်။

ဝင်္ကပါတည်ဆောက်ပြီး နှစ်ရက်အတွင်း၌ မကြာခဏပေါ်ထွက်လာသော ဓားအလင်းများကို မြင်ရသည်။

ဓားအလင်းများသည် အားကောင်းပြီး ကောင်းကင်အထိ အလင်းပေးနေသည်။

သုံးရက်မြောက်နေ့တွင် အားကောင်းသော ဓားအလင်းတစ်ရာခန့်သည် ယွင်လန်မြို့ကို ဝိုင်းရံထားခဲ့သည်။

ထိုအချိန်တွင် ကောင်းကင်ထက်မှ နားအူလောက်‌သောအသံကို ကြားလိုက်ရသည်။

ဓားအလင်းတစ်ခုသည် အင်မော်တယ်ချီများကို လှုပ်ရှားစေပြီး ကောင်းကင်နှင့်မြေကြီးကို ကျော်ဖြတ်၍ အနောက်အရပ်မှ ‌ရောက်လာခဲ့သည်။

နတ်ဘုရားမဲ့ဓားအင်မော်တယ်သည် ဖန်ကျန်းယောင်နှင့် မတူဘဲ အရှိန်အဟုန်စုစည်းရန် မလိုခဲ့ပေ။

သူ့ကိုယ်တိုင်က အသန်မာဆုံး ဓားမာန်ဟုန်ဖြစ်သည်။

အနောက်အရပ်မှ ဝင်ရောက်လာသော ဓားကြောင့် လောကတစ်ခုလုံး တုန်ခါသွားသည်။

“ယွင်လန်ဓားအင်မော်တယ် ပြိုင်ဘက်ကင်းဟန်တဲ့လား”

“ငါ့လက်အောက်မှာ ဓားကိုင်ဖို့ လူငယ်တစ်ယောက် လိုနေသေးတယ်။ မင်းဆိုရင်ရော ဘယ်လိုလဲ”

ဓားတစ်လက်က ကောင်းကင်ကို ထိုးခွင်းလာပြီး ကျယ်လောင်သောအသံကို ကြားရသည်။

“ဓားကိုင်ရမယ်တဲ့လား”

ဟန်မူယဲ့က ယွင်လန်မြို့တံတိုင်းပေါ်သို့ ရောက်လာသည်။ ထို့နောက် တစ်ချက်လှုပ်ရှားလိုက်ပြီး မိုင်တစ်ထောင်အကွာသို့ ရောက်သွားသည်။

“ဘယ်လိုဓားမျိုးကို ငါက ကိုင်ပေးရမှာလဲ ကြည့်ပါရစေ”

“ဒီဓားဆိုရင်ရော ဘယ်လိုလဲ ....”

အသံတစ်သံနှင့်အတူ ဓားအလင်း ကျဆင်းလာသည်။

ပေတစ်သောင်းမြင့်မားသော ဓားအလင်းသည် မိုင်ထောင်ချီအကွာမှ တိုက်ခိုက်လိုက်ပြီး ဟန်မူယဲ့၏ဦးခေါင်းကို ခုတ်ချသည်။

ထိုဓားချက်သည် လှပသောနည်းစနစ်များကို အသုံးပြုမထားဘဲ သတ်ဖြတ်လိုစိတ်သာ ပါဝင်နေသည်။

ဟန်မူယဲ့က ထိုသတ်ဖြတ်လိုစိတ်ကို ဓားရှည်တစ်လက်၏ မှတ်ဉာဏ်ထဲတွင် မြင်ဖူးသည်။

သွေးစစ်ပွဲဂိုဏ်း ဖြစ်သည်။

ဖူယွီအင်မော်တယ်ကမ္ဘာ၏ အင်အားစုကြီးတစ်ခု ဖြစ်ပြီး ယခုအချိန်တွင် အင်မော်တယ်တက်လှမ်းစင်မြင့်ကို ထိန်းချုပ်ထားသည်။

ဟန်မူယဲ့က ဖူယွီအင်မော်တယ်ကမ္ဘာတွင် သွေးစစ်ပွဲဂိုဏ်းမှ လူတစ်ယောက်ကို ပထမဆုံးအကြိမ်အဖြစ် မြင်လိုက်ရသည်။

သို့သော် နတ်ဘုရားမဲ့ဓားအင်မော်တယ် ရှကျွင့်က သွေးစစ်ပွဲဂိုဏ်း၏ တပည့်တစ်ယောက်အနေဖြင့် ရောက်လာခြင်းမဟုတ်ပေ။

“ဓားကောင်းပဲ”

ဟန်မူယဲ့က ကျဆင်းလာသောဓားအလင်းကို ကြည့်လိုက်ပြီး တီးတိုးရေရွတ်သည်။ ထို့နောက် ဓားဆန္ဒကို စုစည်းသည်။

သူ၏ အင်မော်တယ်ချီ ကျင့်ကြံခြင်းသည် ကောင်းကင်အင်မော်တယ်များ၏အမြင်တွင် အသုံးမဝင်ပေ။ သို့သော် သူ၏ ဓားတာအို ကျင့်ကြံခြင်းသည် လူတိုင်းထက် သာလွန်နေသည်။

သူ့နောက်တွင် ပုံရိပ်ယောင်ဆန်သော နေရာလွတ်ကမ္ဘာငယ်တစ်ခု ပေါ်လာသည်။

သူက ကမ္ဘာငယ်စွမ်းအားကို အသုံးပြုနိုင်သော ယွင်လန်မြို့နှင့် မိုင်တစ်ထောင်ပတ်ဝန်းကျင်တွင် လှုပ်ရှားရန် ရွေးချယ်ခဲ့သည်။

သူက ထိုကမ္ဘာငယ်၏ ခွန်အားဖြင့် ကောင်းကင်အင်မော်တယ်အဆင့် ဓားကျင့်ကြံသူနှင့် ယှဉ်ပြိုင်ရန် ယုံကြည်ချက်ရှိသည်။

“ဓား၊ လာစမ်း”

ဟန်မူယဲ့၏ဓားသည် နောက်ကျောတွင်ရှိသော ဓားအိမ်ထဲတွင် ရှိနေသည်။ ထိုဓားအိမ်ထဲတွင်ရှိသော ဓားများ၏အရေအတွက်ကို မည်သူမှ မသိကြပေ။ သို့သော် ဟန်မူယဲ့က ဓားအိမ်ထဲတွင်ရှိသော ဓားများဖြင့် ဓားအလင်းနဂါးတစ်ကောင်ကို ဖွဲ့စည်းခဲ့ဖူးသည်။

တခြားလူများက သူ့ကို အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်သည်ဟု သံသယဝင်နေပြီး ကိုယ်ပိုင်ဓားမျှော်စင်ကို ပိုင်ဆိုင်ထားနိုင်ကြောင်း ခန့်မှန်းထားကြသည်။

သို့သော် သူက အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ ဓားနည်းစနစ်များကို အသုံးမပြုသောကြောင့် အတည်ပြုရန် ခက်ခဲနေသည်။

သို့သော် တောရိုင်းမြေတွင် ထိုကိစ္စသည် အရေးမကြီးပေ။

ဤနေရာတွင် ခွန်အားကသာ အရေးပါသည်။

ယခုလည်း ထိုသို့ပင်ဖြစ်သည်။

ဟန်မူယဲ့က ခပ်အုပ်အုပ်ဟိန်းဟောက်သည်။ သူ၏ ဓားအိမ်ထဲမှ သောင်းချီသောဓားရှည်များ ပေါ်ထွက်လာပြီး မြစ်တစ်စင်းနှင့်တူသော ဓားအလင်းနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

ဓာရှည်တိုင်းသည် အလွန်တောက်ပနေပြီး ကောင်းကင်စက်ဝန်း၏ကြယ်များနှင့် ဆင်တူသည်။

“ခလွမ်”

ဓားရှည်တစ်လက်သည် တိုးဝင်လာသောဓားအလင်းနှင့် ထိတွေ့ပြီး အနည်းငယ်တုန်ခါသွားသည်။ ထို့နောက် အောက်သို့ ပြုတ်ကျလာသည်။

ဓားရှည်က ရန်သူ၏တိုက်ခိုက်မှုကို မခုခံနိုင်ခဲ့ပေ။

သွေးစစ်ပွဲဂိုဏ်း၏ နည်းစနစ်များသည် သတ်ဖြတ်ခြင်းတွင် အခြေခံထားပြီး အင်မော်တယ်စွမ်းအင်ကို ဖိနှိပ်နိုင်သည်။

ဟန်မူယဲ့၏ ဓားရှည်က နတ်ဘုရားမဲ့ဓားအင်မော်တယ် ရှကျွင့်၏ဓားချက်ကို အနည်းငယ်ပင် မခုခံနိုင်ပေ။

သို့သော် ဟန်မူယဲ့က ဓားတစ်လက်ကိုသာ အသုံးပြုလိုက်ခြင်း မဟုတ်ပေ။

သူက သောင်းချီသောဓားရှည်များကို တစ်ပြိုင်နက် ထုတ်လွှတ်ခဲ့သည်။

“ခလွမ် ....”

“ခလွမ် ....”

....

ဓားရှည်တိုင်းသည် နတ်ဘုရားမဲ့ဓားအင်မော်တယ် ရှကျွင့်၏ ဓားအလင်းနှင့် ထိတွေ့ပြီး ပြုတ်ကျသွားကြသည်။

ဓားတစ်လက် ....

ဓားဆယ်လက် ....

ဓားရှည်တစ်ရာ ....

ဓားရှည်တစ်ထောင် ....

ကျဆင်းလာသော ဓားရှည်သည် အနည်းငယ် နှေးကွေးသွားခဲ့သည်။

ထောင်ချီသောဓားရှည်များသည် နတ်ဘုရားမဲ့ဓားအင်မော်တယ် ရှကျွင့်၏ ဓားအလင်းကို အဆုံးတွင် အနည်းငယ် နှေးကွေးသွားစေခဲ့သည်။

သို့သော် ထိုနှေးကွေးမှုသည် လုံလောက်သည်။

မရေမတွက်နိုင်သော ဓားအလင်းများက ကျဆင်းလာသော ဓားရှည်ကို ကျိုင်းကောင်များသဖွယ် ဝိုင်းရံထားကြသည်။ အဆုံးမရှိသော ဓားချင်းထိတွေ့သံကို ကြားနိုင်သည်။

ဓားရှည်က ဟန်မူယဲ့နှင့် သုံးပေအကွာသို့ ရောက်လာသောအခါတွင် အရှိန်အဟုန် ပျောက်ဆုံးသွားပြီး လေထုထဲတွင် တိတ်ဆိတ်စွာ လွင့်မျောနေသည်။

သုံးပေနှင့်တစ်လက်မ ရှည်လျားသော အစိမ်းပုပ်ရောင်ဓားတစ်လက် ဖြစ်သည်။ ဓားရှည်သည် အင်မော်တယ်အင်းကွက်များဖြင့် လွှမ်းခြုံနေပြီး ရွှေရောင်ဓားရိုးပေါ်တွင် ထူးဆန်းသော မိုးကြိုးငှက်တစ်ကောင်၏ပုံရိပ်ကို မြင်နိုင်သည်။

ဟန်မူယဲ့၏ရှေ့တွင် ဓားရှည်များ မရှိတော့ပေ။

ယခုအချိန်တွင် သူက ထိုဓားနှင့် တိုက်ရိုက်ရင်ဆိုင်နေရသည်။

“သူက တကယ်တားဆီးလိုက်တာပဲ”

ပတ်ဝန်းကျင်တွင် အံ့အားသင့်နေသောအသံ ပေါ်ထွက်လာသည်။

နတ်ဘုရားမဲ့ဓားအင်မော်တယ် ရှကျွင့်၏ ဓားအလင်းသည် ကောင်းကင်ပြိုကျလာသကဲ့သို့ ခမ်းနားပြီး မရေမတွက်နိုင်သော ဓားကျင့်ကြံသူများကို ရင်တုန်သွားစေခဲ့သည်။

စောင့်ကြည့်နေသော ကျွမ်းကျင်သူများထဲတွင် ထိုဓားချက်ကို တားဆီးနိုင်သည်ဟု ပြောရဲသောလူများ အနည်းငယ်သာ ရှိလိမ့်မည်။

All Chapters