အခန်း (၈၆၇)
Vol. 62 Ch. 867
“အဲဒီနည်းလမ်းက အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းနဲ့ တူပေမဲ့ အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းရဲ့ နည်းစနစ် မဟုတ်ဘူး”
လူတစ်ယောက်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။
အကယ်၍ ဟန်မူယဲ့က အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ တပည့်တစ်ယောက် ဖြစ်နေခဲ့လျှင် ဓားမျှော်စင်ကို အသုံးပြုပြီး ပိုမိုထက်မြိသော ဓားအလင်းကို ဖော်ထုတ်နိုင်လိမ့်မည်။
သို့သော် ဓားတစ်သောင်းကို အသုံးပြုပြီး နတ်ဘုရားမဲ့ဓားအင်မော်တယ် ရှကျွင့်၏ ဓားအလင်းကို တားဆီးနိုင်သောကြောင့် သူ့ကို အသန်မာဆုံး ဓားကျင့်ကြံသူများထဲမှ တစ်ယောက်အဖြစ် သတ်မှတ်နိုင်သည်။
“စိတ်လှုပ်ရှားစရာပဲ။ ဒီခရီးက အလကားမဟုတ်ဘူး”
အနက်ရောင်ဝတ်စုံနှင့် အနက်ရောင်ဓားတစ်လက်ကို လွယ်ထားသော မီးခိုးရောင်ဆံပင်များနှင့် လူအိုကြီးတစ်ယောက်က ဓားဆန္ဒကို ထုတ်လွှတ်၍ မျက်လုံးများ တောက်ပလာသည်။
ဤခရီးသည် အလကားမဟုတ်ပေ။
ထိုဓားနည်းစနစ်များ၏ ယှဉ်ပြိုင်မှုကို မြင်တွေ့လိုက်ရသောကြောင့် ထိုက်တန်မှုရှိသည်။
လူတိုင်း၏ အကြည့်အောက်တွင် ဟန်မူယဲ့က ဖြည်းဖြည်းချင်း လက်ကိုဆန့်ထုတ်သည်။
မှိန်ဖျော့သောဓားအလင်းသည် သူ့လက်ချောင်းထိပ်မှ ထွက်လာပြီး ဓားရှည်နှင့် ထိတွေ့သွားသည်။
ဓားအလင်းက ဓားရှည်ထဲသို့ စိမ့်ဝင်သွားသောအခါတွင် ဓားရှည်က လွတ်မြောက်ချင်သကဲ့သို့ အပြင်းအထန် တုန်ခါသွားသည်။ သို့သော် မလွတ်မြောက်နိုင်ခဲ့ပေ။
“လာစမ်းပါ ....”
မိုင်ထောင်ချီအကွာမှ ဒေါသတကြီးအော်ဟစ်သံကို ကြားနိုင်သည်။ ထို့နောက် လေပြင်းနှင့်လျှပ်စီးများ လှုပ်ရှားလာကြသည်။
နတ်ဘုရားမဲ့ဓားအင်မော်တယ် ရှကျွင့်က လေဟာနယ်ကို ဖြတ်သန်း၍ ကိုယ်တိုင်ရောက်လာတော့မည်။
သို့သော် မိုင်ထောင်ချီအကွာအဝေးကို ဖြတ်သန်းရန်အတွက် အချိန်အနည်းငယ်ကြာလိမ့်မည်။
ဓားအလင်းက ဓားရှည်ထဲသို့ စိမ့်ဝင်သွားသောအခါတွင် ဟန်မူယဲ့က ပြုံးလိုက်သည်။
သူ့စိတ်ထဲတွင်ရှိသော ပုံရိပ်များကြောင့် သူက ကျယ်လောင်စွာ အော်ရယ်ပစ်ချင်နေသည်။
‘ဒါက သာမန်ဓားတစ်လက် မဟုတ်ဘူး’
‘နတ်ဘုရားဝိညာဉ်ကနေ ဖွဲ့စည်းထားတဲ့ ဓားပဲ’
နတ်ဘုရားမဲ့ဓားအင်မော်တယ် ရှကျွင့်သည် ကိုယ်ပိုင်ဝိညာဉ်ကို ဓားအဖြစ် စုစည်းပြီး မိုင်ထောင်ချီအကွာမှ တိုက်ခိုက်ခဲ့သည်။
ဟန်မူယဲ့က ဓားထဲတွင်ရှိသော လျှို့ဝှက်ချက်များကို စစ်ဆေးပြီး ရှကျွင့်၏မှတ်ဉာဏ်များကို တိုက်ရိုက်ကြည့်နိုင်သည်။
ထို့အပြင် ဟန်မူယဲ့က ကိုယ်ပိုင်ဓားဆန္ဒကို ထည့်သွင်းလိုက်လျှင် ဓားရှည်ကို လုယူနိုင်ပြီး ရှကျွင့်ကို နတ်ဘုရားမဲ့ဓားအင်မော်တယ်အစစ် ဖြစ်သွားစေလိမ့်မည်။
အနက်ရောင်ဝတ်စုံနှင့် အရပ်ရှစ်ပေရှည်သော အသက်ငါးဆယ်အရွယ်လူတစ်ယောက်သည် ဓားအလင်းနှင့် လေပြင်းများကို သယ်ဆောင်ထားပြီး ဟန်မူယဲ့နှင့် ပေတစ်ရာအကွာတွင် ပေါ်လာသည်။
သူက လက်မြှောက်ပြီး ဓားရှည်ကို ပြန်သိမ်းရန် ကြိုးစားသည်။
သို့သော် ဟန်မူယဲ့၏ ထိန်းချုပ်မှုအောက်တွင် ဓားရှည်က သူ့အမိန့်ကို မနာခံတော့ပေ။
ထို့ကြောင့် ရှကျွင့်၏မျက်နှာထားက အလွန်ရုပ်ဆိုးသွားသည်။
“ဘာဖြစ်နေတာလဲ”
တိုက်ပွဲကို စောင့်ကြည့်ရန်အတွက် အဝေးတစ်နေရာမှရောက်လာသော ကျွမ်းကျင်သူများအားလုံးက နားမလည်နိုင်ဖြစ်နေကြသည်။
‘နတ်ဘုရားမဲ့ဓားအင်မော်တယ်က ကိုယ်ပိုင်ဓားရှည်ကို ဘာဖြစ်လို့ ပြန်မသိမ်းနိုင်တာလဲ’
ဓားကျင့်ကြံသူတစ်ယောက်အတွက် ကိုယ်ပိုင်ဓားသည် ခြေလက်သဖွယ်ဖြစ်ပြီး အသက်နှင့် တူညီသည်။
တခြားတစ်ယောက်က ဓားကို ထိန်းချုပ်လိုက်ခြင်းသည် ကိုယ်ပိုင်အသက်ကို ထိန်းချုပ်ထားခြင်းနှင့် ဆင်တူသည်။
“ယွင်လန်ဓားအင်မော်တယ်ရဲ့ နည်းစနစ်တွေက ကြောက်စရာပဲ”
ကျွမ်းကျင်သူတစ်ယောက်က တချို့အရာများကို မြင်နိုင်ပြီး တီးတိုးပြောလိုက်သည်။
ဓားရှည်သည် ထွက်သွားချင်သော်လည်း မတတ်နိုင်ခဲ့ပေ။
အနာဂတ်တွင် ပြိုင်ဘက်ကင်းဟန်နှင့် တိုက်ခိုက်ချင်သောလူများသည် ဓားထိန်းချုပ်နည်းစနစ်ကို မသုံးသင့်ပေ။ ထိုသို့မဟုတ်လျှင် ဓားကို ဆုံးရှုံးရလိမ့်မည်။
သူတို့က တုန်ခါနေသော ဓားရှည်ကို ကြည့်နေကြသည်။ နတ်ဘုရားမဲ့ဓားအင်မော်တယ်က အံတင်းတင်းကြိတ်ပြီး လက်နှစ်ဖက်လုံးကို မြှောက်လိုက်သည်။
“ဝီ”
ဓားရှည်က တုန်ခါနေပြီး ရွှေရောင်စွမ်းအင်တန်းများအဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲသွားသည်။
ဝိညာဉ်စွမ်းအား ဖြစ်သည်။
ထိုဓားသည် အစစ်အမှန်ဓားတစ်လက် မဟုတ်ဘဲ နတ်ဘုရားဝိညာဉ်ဖြင့် စုစည်းထားခြင်း ဖြစ်သည်။
ထိုအရာသည် နတ်ဘုရားမဲ့ဓားအင်မော်တယ် ရှကျွင့်၏ လျှို့ဝှက်ချက် ဖြစ်သည်။
မရေမတွက်နိုင်သော အာမေဍိတ်သံများကို ကြားနိုင်သည်။
နတ်ဘုရားမဲ့ဓားအင်မော်တယ် ရှကျွင့်၏ နာမည်သည် ယွင်ထန့်တောရိုင်းမြေတွင် နှစ်သောင်းချီကြာအောင် ပျံ့နှံ့နေခဲ့သည်။ သို့သော် အဝေးမှ တိုက်ခိုက်ရန်အတွက် သူအသုံးပြုနေသော ဓားရှည်သည် မူလဝိညာဉ်မှ ဖြစ်တည်လာကြောင်း မည်သူမှ မသိကြပေ။
‘သူက တခြားလျှို့ဝှက်နည်းစနစ်တွေနဲ့ ဓားအသိမ်းခံရမှာကို မကြောက်ဘဲ မူလဝိညာဉ်ဓားနဲ့ တိုက်ခိုက်ရဲတယ်ပေါ့လေ’
မူလဝိညာဉ်ဓား၏ အမြန်နှုန်းကို သာမန်ဓားများက မယှဉ်နိုင်ကြပေ။
သို့သော် မူလဝိညာဉ်သည် မူလဝိညာဉ်သာ ဖြစ်သည်။ အစစ်အမှန်ဓားတစ်လက်ကဲ့သို့ ခိုင်မာမှုမရှိပေ။ မူလဝိညာဉ်ဓား၏ အသိစိတ်က သန်မာသော်လည်း လွယ်ကူစွာ စွန်းထင်းခံရနိုင်သည်။
ရှကျွင့်၏ဓားက မူလဝိညာဉ်ဓား ဖြစ်နေကြောင်း သူတို့ သိထားခဲ့လျှင် ရှကျွင့်က နှစ်ပေါင်းသုံးသောင်းကြာသည်အထိ ပြိုင်ဘက်ကင်းနေမည်မဟုတ်ပေ။
“ဒါပေမဲ့ ရှကျွင့်ကိုအနိုင်ယူမယ့် အခွင့်အရေးကို ယွင်လန်ဓားအင်မော်တယ်က ယူသွားခဲ့ပြီ”
လူတစ်ယောက်က တောက်ပနေသောမျက်လုံးများဖြင့် ပြောလိုက်သည်။ သို့သော် သူတို့က အံ့အားသင့်သွားပြီး မျက်လုံးပြူးနေသည်။
ပြန့်ကျဲသွားသော ဝိညာဉ်စွမ်းအားသည် ရှကျွင့်၏ရှေ့တွင် ပြန်ပေါ်လာသည်။
သို့သော် ဓားတစ်လက်အဖြစ် မဟုတ်ဘဲ သွေးနီရောင်လှံတစ်စင်းအဖြစ် ပြန်ပေါ်လာသည်။
သွေးစစ်ပွဲလှံ ....
သွေးစစ်ပွဲဂိုဏ်း ....
ယွင်ထန့်တောရိုင်းမြေ၏ လွှမ်းမိုးနိုင်စွမ်းရှိသော နတ်ဘုရားမဲ့ဓားအင်မော်တယ် ရှကျွင့်သည် သွေးစစ်ပွဲဂိုဏ်း၏ တပည့်တစ်ယောက် ဖြစ်နေခဲ့သည်။
အကယ်၍ ယွင်လန်ဓားအင်မော်တယ်က ရှကျွင့်၏ မူလဝိညာဉ်ဓားကို မဖယ်ရှားခဲ့လျှင် သွေးစစ်ပွဲဂိုဏ်း၏ တပည့်တစ်ယောက်ဖြစ်နေကြောင်း မည်သူမှ သိနိုင်မည်မဟုတ်ပေ။
သွေးစစ်ပွဲဂိုဏ်းသည် ဖူယွီအင်မော်တယ်ကမ္ဘာ၏ အင်အားစုကြီးတစ်ခုဖြစ်ပြီး မနှောင့်ယှက်သင့်သော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။
လူအများစုက သွေးနီရောင်လှံရှည်ကို ကြည့်လိုက်ပြီး အလိုလျောက် နောက်ဆုတ်မိကြသည်။
သွေးစစ်ပွဲဂိုဏ်း၏ ရူးသွပ်မှုသည် ဖူယွီအင်မော်တယ်ကမ္ဘာမှ ကျင့်ကြံသူများ၏ နှလုံးသားထဲတွင် နက်ရှိုင်းစွာ ရှိနေခဲ့သည်။
သွေးစစ်ပွဲဆိုသော နာမည်သည် မရေမတွက်နိုင်သော စစ်ပွဲများကြောင့် ဖြစ်ပေါ်လာခဲ့သည်။
သွေးစစ်ပွဲဂိုဏ်း၏ တပည့်တစ်ယောက်ကို ရန်စမိလျှင် ဂိုဏ်းတစ်ဂိုဏ်းလုံး၏ တုံပြန်မှုကို ခံစားရလိမ့်မည်။
“အထင်ကြီးစရာပဲ။ နှစ်ထောင်ချီအတွင်းမှာ မူလဝိညာဉ်ဓားကို လှံရှည်အဖြစ်ပြောင်းသွားအောင် လုပ်နိုင်တာ မင်းတစ်ယောက်ပဲ ရှိသေးတယ်”
ရှကျွင့်က လက်မြှောက်ပြီး လှံရှည်ကိုကိုင်လျက် ပြောသည်။ သူက သတ်ဖြတ်လိုစိတ်များဖြင့် ဟန်မူယဲ့ကို ကြည့်နေသည်။
“လှံရှည်ကို နောက်ဆုံးမြင်သွားတဲ့လူက ဓားအင်မော်တယ်ဟယ်ချွီဖြစ်တဲ့ တုမင်ပဲ”
“သူ့ကိုသတ်ရတာ တကယ်ခက်တယ်”
ဓားအင်မော်တယ် ဟယ်ချွီ ....
ထိုနာမည်ကြောင့် ပတ်ဝန်းကျင်တွင် ပင့်သက်ရှိုက်သံများ ပေါ်ထွက်လာသည်။
ယွင်ထန့်တောရိုင်းမြေ၏ နာမည်ကြီး တစ်ကိုယ်တော်ဓားကျင့်ကြံသူဖြစ်သော လေဟာနယ်သန့်စင်ခြင်းအဆင့်တွင် ရှိနေသည့် ဓားအင်မော်တယ် ဟယ်ချွီသည် နှစ်ပေါင်းတစ်သောင်းအကြာတွင် ပျောက်ဆုံးသွားခဲ့သည်။ သူက လေဟာနယ်ဖွဲ့စည်းခြင်းအဆင့်သို့ ဝင်ရောက်ရန် ကြိုးစားနေသည်ဟု လူအများက ခန့်မှန်းထားခဲ့ကြသည်။
သို့သော် သူ့ကို နတ်ဘုရားမဲ့ဓားအင်မော်တယ် ရှကျွင့်က သတ်ပစ်လိုက်သည်။
ရှကျွင့်၏ သွေးရောင်လှံရှည်ထက်တွင် သွေးဝံပုလွေတစ်ကောင် စုစည်းလာသည်။
ဝံပုလွေသည် ခေါင်းသုံးလုံးရှိပြီး ပုံရိပ်ယောင်ဆန်သော အနက်ရောင်အလင်းကို ထုတ်လွှတ်နေသည်။
“မင်းက ငါ့ရဲ့ သွေးလှံမှာ စတုတ္ထမြောက်ဝိညာဉ် ဖြစ်မလာဖို့ မျှော်လင့်တယ်”
ရှကျွင့်က မည်သည့်အရာကိုမှ ဖုံးကွယ်မထားတော့ဘဲ လှံရှည်ဖြင့် ထိုးချသည်။
လှံသွားသည် စူးရှစွာ အသံပေးလိုက်ပြီး လေဟာနယ်ကို ထိုးဖောက်သည်။
လေဟာနယ်၏ တစ်လက်မသည် ချက်ချင်းထိုးဖောက်ခံလိုက်ရသည်။
ခွန်အားများကို တစ်နေရာတည်းသို့ စုစည်းလိုက်ပြီး လေဟာနယ်ကို ချိုးဖောက်ခဲ့သည်။
တစ်လက်မရှည်လျှင် တစ်လက်မ ပိုမိုသန်မာသည်။
လှံရှည်၏စွမ်းအားသည် ဓားနှင့် ယှဉ်နိုင်သည်။
သွေးစစ်ပွဲဂိုဏ်း၏ ဂုဏ်သတင်းသည် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းနှင့် ယှဉ်နိုင်သည်။
ရှကျွင့်၏ လှံရှည်သည် မူလဝိညာဉ်ဓားထက် ပိုမိုသန်မာသည်။
လှံရှည်ဖြင့် ထိုးချလိုက်သောအချိန်တွင် မရေမတွက်နိုင်သော လူများက နှလုံးခုန်နေပြီး မျက်လုံးပြူးသွားသည်။
လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူကပင် ထိုလှံရှည်ကို ရင်ဆိုင်နိုင်မည်မဟုတ်ပေ။
“ဘုန်း”
လှံရှည်က သွေးရောင်အလင်းများကို ထုတ်လွှတ်၍ ဟန်မူယဲ့ကို လွှမ်းခြုံလိုက်သည်။
ဝါးမြိုခြင်း ....
လှံရှည်သည် သွေးစွမ်းအားဖြင့် ဟန်မူယဲ့ကို တိုက်ရိုက်ဝါးမြိုခဲ့သည်။
သွေးစစ်ပွဲဂိုဏ်းသည် တိုက်ပွဲများမှတစ်ဆင့် သန်မာလာပြီး အမြဲတမ်း တိုက်ခိုက်နေသည်။
ထိုလှံရှည်က ဟန်မူယဲ့၏ အသွေးအသားနှင့် ဝိညာဉ်ကို ဝါးမြိုပြီးသွားလျှင် နောက်ထပ် လှံဝိညာဉ်တစ်ခုကို ပိုင်ဆိုင်သွားလိမ့်မည်။
ဝံပုလွေဦးခေါင်းကလည်း သုံးခုမှ လေးခုအဖြစ် ပြောင်းလဲသွားလိမ့်မည်။
ရှကျွင့်က သွေးအလင်းရောင်ကို ကြည့်လိုက်ပြီး ပြုံးသည်။
“သွေးဝိညာဉ်ဝါးမြိုခြင်းပဲ။ မထူးဆန်းတော့ပါဘူး”
“ရှကျွင့်က ဝိညာဉ်တွေကို ဝါးမြိုတဲ့နေရာမှာ ကျွမ်းကျင်တဲ့ သွေးစစ်ပွဲဂိုဏ်းသားတစ်ယောက်ပဲ။ သူက နတ်ဘုရားမဲ့ ဓားအင်မော်တယ်တဲ့လား။ တကယ်ရယ်ချင်စရာပဲ”
သွေးစစ်ပွဲဂိုဏ်းတွင် သွေးသတ်ဖြတ်ခြင်း၊ သွေးဝိညာဉ်နှင့် သွေးချိပ်စည်းဟူ၍ ခန်းဆောင်သုံးခု ရှိသည်။ သွေးသတ်ဖြတ်ခြင်းက အကြမ်းတမ်းဆုံးဖြစ်ပြီး သွေးဝိညာဉ်က အကြင်နာမဲ့သည်။ သွေးချိပ်စည်းက အရက်စက်ဆုံး ဖြစ်သည်။
သွေးဝိညာဉ်ခန်းဆောင်၏ ကျွမ်းကျင်သူတစ်ယောက်က ရန်သူ၏ဝိညာဉ်ကို ဆွဲထုတ်ပြီး သန့်စင်လိမ့်မည်။ ထို့ကြောင့် ရှကျွင့်က နတ်ဘုရားမဲ့ဓားအင်မော်တယ်ဟု အမည်ရလာခဲ့သည်။
“ယွင်လန်ဓားအင်မော်တယ်က အခုအချိန်ကစပြီး ပျောက်ကွယ်သွားလိမ့်မယ် ....”
လူအများက ရှုပ်ထွေးသောမျက်နှာထားဖြင့် သွေးအလင်းရောင်ကို ကြည့်လိုက်ကြသည်။
အဓိကဂိုဏ်းများ၏ နောက်ခံနှင့် အမွေအနှစ်ကို သာမန်ကျင့်ကြံသူများက မယှဉ်နိုင်ကြပေ။
သွေးစစ်ပွဲဂိုဏ်း၏ သွေးဝိညာဉ်ဝါးမြိုခြင်း နည်းစနစ်သည် ယေဘုယျအားဖြင့် မကျိုးပျက်နိုင်ပေ။
ထိုသို့မဟုတ်လျှင် သွေးစစ်ပွဲဂိုဏ်းက ဖူယွီအင်မော်တယ်ကမ္ဘာ၏ လွှမ်းမိုးနိုင်စွမ်းရှိသော အင်အားစုတစ်ခု ဖြစ်နေမည်မဟုတ်ပေ။
ရှကျွင့်က ရှေ့တွင်ရှိနေသော ယွင်လန်မြို့ကို ကြည့်သည်။
ခဏအကြာတွင် သူက ထိုမြို့၏ပိုင်ရှင် ဖြစ်လာလိမ့်မည်။
အကယ်၍ ဂိုဏ်းက အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းမှဖြစ်သည်ဟု သံသယရှိသော ရုတ်တရက်ပေါ်ထွက်လာသည့် ယွင်လန်ဓားအင်မော်တယ်ကို ဖိနှိပ်ရန် တာဝန်မပေးခဲ့လျှင် သူက ဤနေရာသို့ ရောက်လာမည်မဟုတ်ပေ။
သို့သော် ယွင်လန်မြို့သည် အလွန်တိုးတက်နေပုံရသည်။
သူက ပြုံးလိုက်ပြီး လက်ကို ဆန့်ထုတ်သည်။
ဟန်မူယဲ့ကို လွှမ်းခြုံထားသော သွေးရောင်ပိုအိမ်သည် စတင်ပြိုကျလာသည်။
သို့သော် ထိုအချိန်တွင် သူ့အပြုံးက ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက် အလွန်ထိတ်လန့်ဖွယ်ကောင်းသောအရာကို မြင်လိုက်ရသကဲ့သို့ သူ့မျက်နှာက ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
သူ၏ ကျင့်ကြံခြင်းဖြင့် စုစည်းထားသော သွေးစွမ်းအားကို သူက မထိန်းချုပ်နိုင်တော့ပေ။
သွေးဝိညာဉ်စွမ်းအားသည် ပျက်စီးနေသည်။
သွေးစစ်ပွဲဂိုဏ်း၏ သွေးဝိညာဉ်ခန်းဆောင်သည် သွေးဝိညာဉ်စွမ်းအားကို အသုံးပြုပြီး အရပ်မျက်နှာတိုင်းကို ဖိနှိပ်ခဲ့သည်။ အကယ်၍ သွေးဝိညာဉ်စွမ်းအား ကျိုးပျက်သွားခဲ့လျှင် သွေးဝိညာဉ်ခန်းဆောင်က အသုံးမဝင်တော့ပေ။
ရှကျွင့်၏မျက်နှာထားက ပြောင်းလဲသွားသည်။ စောင့်ကြည့်နေသော ကျွမ်းကျင်သူများကလည်း ပြောင်းလဲမှုကို သတိထားမိကြသည်။
အာရုံခံနိုင်စွမ်းကောင်းသော လူများက တစ်ခုခုမှားယွင်းနေကြောင်း သိနေခဲ့သည်။
‘သွေးဝိညာဉ်စွမ်းအားက ပြိုင်ဘက်ကင်းဟန်ကို မသတ်နိုင်ဘူးလား’
“ဘုန်း”
ဟန်မူယဲ့ကို လွှမ်းခြုံထားသော သွေးဝိညာဉ်စွမ်းအားက ပေါက်ကွဲထွက်သွားပြီး သွေးရောင်အလင်းစီးကြောင်းသုံးခုကို ထုတ်ပေးလိုက်သည်။ ထိုအလင်းစီးကြောင်းသုံးခုက ယွင်လန်မြို့၏ နတ်ဘုရားအမည်စာရင်းသို့ ဝင်ရောက်သွားသည်။
ထို့နောက် ရွှေရောင်ပုံရိပ်သုံးခု ပေါ်လာသည်။