ဖန်းဝမ်။
Vol. 46 Ch. 640
မိုးကြိုး တိမ်တိုက်များ အောက်တွင်၊ မီးတောင် အတွင်း၌ လျှပ်စီးများ၊ ကြောက်မက်ဖွယ် လင်းလက် နေ၏။
မီးတောင် 'ဝ'တွင် ရပ်လျက် အောက်ကို ငုံ့ကြည့် နေသော လူအုပ်ကြီးမှာ၊ စိတ်လှုပ်ရှား မှုကြောင့်၊ ငြိမ်နေ ချေသည်။
အရည် အချင်းနှင့် ထိုးထွင်း နားလည် နိုင်စွမ်းမှ လွဲ၍၊ တိုက်ပွဲဝင် စွမ်းအား တိုးမြှင့် လာစေရန်၊ အတွေ့ အကြုံများ အပေါ် တွင်သာ၊ အားကိုး နိုင်သည်။
မိုးကြိုး ရတနာသိုက် ဖြစ်တည် လာ သည်မှာ၊ ဆယ့်ငါးနှစ် မျှသာ ရှိပြီး၊ အင်ပါရီယန် သင်္ချိုင်းနှင့် မယှဉ် နိုင်ချေ။
သို့သော် လဲ့ယန်းဇီ ဆိုသူမှာ၊ ကောင်းကင် ဝိညာဉ် သတ္တမ အဆင့်တွင် ရှိနေသည် ဖြစ်ရာ၊ ကျန်ရစ် ခဲ့သော ရတနာ များက၊ သွေးဆောင် နိုင်လေပြီ။
မီးတောင် ဝ ဆီသို့ နောက်ဆုံးမှ ချဉ်းကပ် လာသော လင်းယွန်က ရှေ့တိုးကာ၊ အောက်ကို ငုံ့ကြည့် လိုက်သည်။
မီးငြိမ်းတောင် အတွင်း၌ မိစ္ဆာများ နေထိုင်ရာ အသိုက် တစ်ခုဖြင့် တူပြီး၊ အန္တရာယ် ရှိကြောင်း သူ့အား သတိ ပေးနေသည်။
“ ဒီအဘိုးကြီးက တကယ့်ကို ဒုက္ခပေး တာပဲ ဟား ဟား ဟား။ ”
သွေးဝံပုလွေက သဘောကျ စွာဖြင့်၊ ရယ်မော လိုက်ပြီး၊ သူ့လူ များကို ဝင်ရောက်ရန် အချက်ပြ လိုက်သည်။
သူတို့ ခေါင်းဆောင် ထံမှ အမိန့်ရ သည်နှင့်၊ သွေးဝံပုလွေ မိသားစု၏ ကျွမ်းကျင်သူ များမှာ၊ ကောင်းကင်သို့ ခုန်တက်လျက်၊ အလျိုလျို ခုန်ဆင်း သွား ကြသည်။
“ ... သွား။ ”
လက်ဦးမှု ရယူ သွားသော ပြိုင်ဘက် ကျွမ်းကျင်သူ များကြောင့်၊ သခင် လိန်းက သိမ်းငှက် ရဲတိုက်မှ လူတိုင်းကို ဦးဆောင်လျက် ခုန်ပျံ လိုက်ရသည်။
သည်အချိန်၌ ပြိုင်ဘက်ကို နှာတဖျားပင် သာခွင့် မပြု နိုင်ချေ။ ခဏ အကြာတွင်၊ လူတိုင်း နီးပါး မီးတောင် အတွင်းသို့၊ ခုန်ဝင်သွား ကြသည်။
သံသယ များကြောင့်၊ သတိပေး လိုသော်လည်း၊ မည်သူမျှ သူ့ စကား အပေါ်၊ ဂရုစိုက်မည် မဟုတ် ကြောင်း၊ လင်းယွန် သိသည်။
ဤသို့ တိုက်ရိုက် ခုန်ဆင်း ခြင်းဖြင့်၊ စီးကြို နေမည့် အန္တရာယ် များကို၊ ကြောက်လန့်ပုံ မရ ချေ။
ထို့ကြောင့် ၎င်းတို့ လုပ်ရပ် အပေါ်၊ ခေါင်းခါ သက်ပြင်း ချလိုက် မိသည်။ သူ့ အနေဖြင့် လေနှင့် လျှပ်စီး စွမ်းအင် များအား၊ အနည်းငယ် မျှပင် ဂရုစိုက် စရာ လိုချေ။
ခုန်ဆင်း လိုက်သည်နှင့်၊ မျှော်လင့် ထားသည့် အတိုင်း၊ မိုးခြိမ်း သံများ ဆက်တိုက် မြည်ဟည်း လာပြီး၊ လျှပ်စီးများ လင်းလက် လာ၏။
ကျရောက် လာသော လေနှင့် လျှပ်စီး များကို၊ မိုးပြာ နဂါး မူလ ပုံစံဖြင့်၊ ထုတ်ဖော် ကာကွယ် လိုက်သည်။
ထို့ကြောင့် ဒဏ်ရာ မရရှိခဲ့ ရုံသာမက၊ မိုးပြာနဂါး မူလ ပုံစံ နည်းစနစ် သည်ပင်၊ ပို၍ တိုးတက် လာခဲ့ သည်။
“ သူ့ နောက်က လိုက် ... ။ ”
သခင် လိန်းက လင်းယွန် တစ်ဝိုက်တွင်၊ လေနှင့် လျှပ်စီး စွမ်းအင်များ၊ များစွာ အားနည်း နေကြောင်းကို၊ သတိ ထားမိ သွားကာ၊ အော်ဟစ် လိုက်၏။
ထို့ကြောင့် လင်းယွန် အနား၊ ကပ်လိုက် ခြင်းဖြင့်၊ သိမ်းငှက် ရဲတိုက်၏ ကျွမ်းကျင်သူ များကို ဒဏ်ရာ ရခြင်းမှ ကာကွယ် နိုင် ခဲ့သည်။
အခြား တစ်ဖက်တွင်၊ သွေးဝံပုလွေ မိသားစု ဝင်များ အနေဖြင့်၊ သိပ်သည်းသော လျှပ်စီး စွမ်းအင် များကြောင့် သေဆုံးသူ များပြား လာလေသည်။
လင်းယွန် နောက်မှ ကပ်လိုက် လာသော၊ သိမ်းငှက် ရဲတိုက်မှာ၊ အခြေ အနေ ပိုကောင်း လာပြီး၊ ဆယ့်ငါးမိနစ် အကြာ၌၊ မြေပြင် ပေါ်သို့ ခြေချ သွားမိ၏။
“ အကိုကြီး၊ ဒီကောင်လေးမှာ၊ လျှို့ဝှက် ချက်တွေ ရှိနေပုံပဲ။ ”
တတိယ သခင်က လင်းယွန်ကို ကြည့်ပြီး၊ သတိပေး စကား ဆိုလိုက်သည်။
“ ထားလိုက်ပါ၊ သူက ပြဿနာ မဟုတ်ဘူး။ ”
“ အလယ် အလတ် ယန် အဆင့်က၊ ကောင်လေး တစ်ယောက်က၊ ဘာများ လုပ်နိုင် ဦးမှာလဲ၊ လောလောဆယ် သူက အသုံးဝင် နေသေးတယ်။ ”
သခင် သုံးပါက အခြေနေ အရပ်ရပ် အပေါ်၊ အုပ်စီး ကြည့်ကာ၊ အချင်းချင်း လျှို့ဝှက်စွာ တိုင်ပင် နေမိ ကြသည်။
နှစ်ဖက် စလုံး မြေပြင် ပေါ်သို့၊ ဆင်းသက် သွားချိန်၌၊ ချိုင့်ဝှမ်း အတွင်းတွင် ပေါက်ကွဲသံ တစ်သံ၊ ထွက်ပေါ် လာသည်။
ပေါက်ကွဲမှု အတွင်းမှ၊ (၁၅- ၁၆) အရွယ် နုပျို လွန်းသော လူငယ်လေး တစ်ယောက် ဆင်းသက် လာ၏။
အသွင်အပြင် အရ၊ လူငယ် တစ်ဦး အဖြစ် ထင်မိ စေသော်လည်း၊ မျက်ဝန်းများ၌ ရင့်ကျက် အိုမင်းသော အသွင်ကို၊ ပြသ နေချေပြီ။
မြင်သူ တိုင်းကို ကြောက်စရာ ကောင်းစေသော အပြုံး တစ်ပွင့် နှင့်အတူ၊ ဓား တစ်လက်အား ဆွဲကိုင် ထား၏။
ထို့ပြင် ထိူလူငယ် ထံမှ၊ ယင်-ယန် အဆင့် အရှိန်အဝါများ၊ ထွက်ပေါ် လာသောကြောင့် လူ အများမှာ၊ ထိတ်လန့် ကုန်၏။
ဤမျှ အရွယ်ဖြင့်၊ ယင်-ယန် အဆင့်၊ ကျင့်ကြံမှုကို ရယူထား နိုင်သော ပါရမီ ရှင်မျိုး၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး တစ်ခုလုံး ၌ပင်၊ တစ်ယောက် မရှိချေ။
သူ့ ဘေးတွင် မီးခိုးရောင် ဝတ် အဘိုးအို တစ်ဦး မတ်တပ် ရပ်နေ ပြီး၊ မျက်နှာကို ကမာခွံ ဖြင့်၊ ဖုံးအုပ် ထားသည်။
၎င်းတို့၏ အသွင်အပြင် များကြောင့်၊ စောင့်ကြည့်ရန် ကျန်ရစ် ခဲ့သော လူ အချို့မှာ၊ မျက်မှောင်ကြုတ် သွားမိ သည်။
“ မင်းတို့က ... ဘယ်သူ တွေလဲ။ ”
မေးခွန်းထုတ် လိုက်စဉ် မှာပင်၊ လူငယ်က သူ့ ဓားကို ဆွဲထုတ်ပြီး၊ ဓားရည်ရွယ် ချက်အား ထုတ်ဖော် လိုက်သည်။
ချိုင့်ဝှမ်း အနှံ့၊ စူးရှသော ဓားမြည်သံ နှင့် အတူ၊ မီးတောင်ဝတွင် နေရာ ယူ ထားသည့် အစောင့် လူအုပ်မှာ၊ သွေးမြူများ အဖြစ် ချက်ချင်း ပြောင်းလဲ သွား၏။
ဤလူငယ်မှာ အလံငယ် ခရိုင်တွင်၊ မကြာသေး မီက ထွက်ပေါ် လာခဲ့သော အမှောင် ကျင့်ကြံသူ ဖန်းဝမ် ဖြစ်လေသည်။
အသက် ငါးဆယ်ကျော် နေပြီ ဖြစ်သော်လည်း၊ လူငယ် တစ်ဦး ကဲ့သို့ အရွယ်တင် နုပျို နေသည်။ ထို့ကြောင့် လင်းယွန်ကို ဖန်းဝမ်ဖြင့် လူမှား ခဲ့ခြင်း ဖြစ်၏။
ရောက်ရောက်ချင်း လူ ဆယ်ဂဏန်း ကျော်အား သတ်ပစ် ပြီးနောက်၊ မျက်နှာပေါ် ဖိတ်စင် လာသော သွေးစက် များကို၊ လက်ကိုင် ပုဝါဖြင့် သုတ်လိုက်သည်။
ခဏ အကြာတွင် ‘မှန်’ တစ်ချပ်ကို ထုတ်ယူကာ၊ သူ့ကိုယ်သူ ကြေနပ်သည် အထိ စစ်ဆေး နေခဲ့၏။
ထိုအပြု အမူများ အပေါ်၊ ငြီးငွေ့ လာဟန်ဖြင့်၊ မီးခိုးရောင် ဝတ် အဘိုးအိုက၊ မီးတောင်ဝကို ငုံ့ကြည့် လိုက်ပြီး၊
“ ဖန်းဝမ်၊ မင်းက သွေးဝံပုလွေနဲ့ သိမ်းငှက် သုံးကောင်ကို၊ ဝင်ရောက်ခွင့် ပေးပြီး တာတောင်၊ တည်ငြိမ်နိုင် သေးတာလား။ ”
“ ရတနာ မြေပုံမှာ၊ မူပွား နှစ်ခု ရှိတယ်၊ နောက်ဆုံး မူပွားက သွေးဝံပုလွေ ဆီမှာ၊ သူတို့ ဆီကနေ၊ ငါ အချိန် မရွေး ပြန်ယူ နိုင်တယ်၊ ဒါပေမယ့် ... ”
“ ... သိမ်းငှက် သုံးကောင်က ဒီကိစ္စမှာ ဝင်စွက်ဖက် လာလိမ့် မယ်လို့ မထင် တာတော့ အမှန်ပဲ။ ”
ဖန်းဝမ်က သခင် သုံးပါးကို ရည်ညွှန်း လိုက်ချိန်၌၊ စိတ်ပျက် သွားပုံ ရသည်။ ဤ အချင်းအရာအား သိမ်းငှက် ရဲတိုက်မှ သိရှိ နေလိမ့် မည်ဟု မမျှော်လင့် ထားပေ။
သို့သော် ၎င်းမှာ အနည်းငယ်၊ ပို၍ ခက်ခဲ လာနိုင် ရုံမျှသာ ဖြစ်ပြီး၊ အလေးထား တွေးတော နေစရာ မလိုချေ။
မီးခိုးရောင် ဝတ် အဘိုးအိုက၊ ဖန်းဝမ် အပေါ်၊ စစ်ဆေး ပြန်လည် လိုက်သည်။ အလယ် အလတ် ယင်-ယန် အဆင့်နှင့် နီးကပ် နေပြီး၊ ထက်ရှသော ဓား ရည်ရွယ်ချက် ရှိသောကြောင့်၊ ကြောက်စရာ ကောင်းသည်မှာ အမှန် ပေပင်။
ခဏ အကြာတွင် သူက၊
“ လဲ့ယန်းဇီရဲ့ ရတနာ သိုက်မှာ၊ အဖိုးတန် ရတနာ ငါးပါးပဲ ရှိတယ်၊ မင်း ဘာကို စိတ်ဝင်စားလဲ။ ”
၎င်းရတနာ များမှာ၊ (၁) သွေး မိစ္ဆာကျမ်း၊ (၂) မီးလျှံ မိုးကြိုး ကြာပွတ်၊ (၃) အသူရာ ဝိုင်၊ (၄) Dreamcatcher ပန်းနှင့်၊ (၅) တော်ဝင် အလင်း ပုတီးစေ့ တို့ဖြစ်သည်။
ဖန်းဝမ်က ပြုံးလိုက်ပြီး၊
“ ဒါတွေ အားလုံးက အကောင်း ဆုံးတွေ ပါပဲ၊ ဒါပေမယ့် ... ငါ အလို ချင်ဆုံး အရာက၊ သွေးမိစ္ဆာကျမ်း မဟုတ် သလို၊ ... ”
“ ... တော်ဝင် မိုးကြိုး အလင်း ပုတီးစေ့လည်း မဟုတ်ဘူး၊ ပန်းခန်းမ ကနေ သူ ခိုးယူ လာတဲ့၊ ရုပ်ပျို ဆေးလုံးပဲ။ ”
ထိုနာမည် အတိုင်း၊ ရုပ်ပျို ဆေးလုံးမှာ၊ ငယ်ရွယ် နုပျိုသော အသွင် အပြင်ကို ထိန်းသိမ်း ထားနိုင်မည် ဖြစ်သည်။
အလှအပ အပေါ်၊ ဤမျှ စွဲလန်း နေလိမ့် မည်ဟု၊ မထင်ထား သောကြောင့်၊ မီးခိုးရောင် ဝတ် အဘိုးအိုမှာ၊ ငြိမ်သက် သွားမိသည်။
“ ဒါပေမယ့် ငါ ...၊ တော်ဝင် အလင်း ပုတီးစေ့ကို အရင် ယူရမယ်၊ ဒါမှ ဒီအိုမင်းမစွမ်း နှစ်ယောက်ကို နှိမ်နင်း နိုင်မှာ၊ ဆရာကြီး ဂိုယံ မင်းက ... ရူရ်တွေ ကိုတော့ တကယ် ကျွမ်းကျင်တယ် မလား။ ”
ဖန်းဝမ်က အေးစက်သော လေသံဖြင့်၊ အဘိုးအိုကို မေးလိုက်သည်။ မီးခိုရောင် ဝတ် အဘိုးအိုက၊
“ အဲဒါကို စိတ်မပူ ပါနဲ့၊ သွေးဝံပုလွေ ဖိတ်ခေါ် ထားတဲ့ ဆရာဖူ ဆိုတာ၊ အဲဒီ တုန်းက မိုးသားပြာ အကယ်ဒမီ ကနေ ထုတ်ပယ် ခံခဲ့ ရတဲ့ သူပါ၊ ... ”
“ ... သိမ်းငှက် သုံးကောင်ရဲ့၊ ကောင်မလေး အနေနဲ့ ကတော့ ငါ့ကို ဘယ်လိုလုပ် ယှဉ်နိုင် မှာလဲ။ ”
ဂိုယံ ဟူသော အဘိုးအိုမှာ၊ အလံငယ် ခရိုင်ရှိ ဝိညာဉ် ရေးရာ ဆရာ သခင် များထက်၊ ပို၍ သန်မာသူ တစ်ဦး ဖြစ်သည်။
မီးတောင် အတွင်းရှိ လူအုပ် ကြီးမှာ၊ လဲ့ယန်းဇီ ရောက်ရှိ လာမှန်း မသိ သောကြောင့်၊ သက်တောင့် သက်သာ အနားယူ နေခဲ့ မိသည်။
အစောပိုင်း သေဆုံးမှု များကြောင့်၊ သွေးဝံပုလေွနှင့် သခင်လိန်းမှာ၊ မျက်နှာများ ပျက်ယွင်း လာ၏။
သို့သော် နောက်ဆုတ်ရန်၊ နည်းလမ်း မရှိ သဖြင့်၊ ရှေ့ ကိုသာ တိုးရ ပေမည်။
“ ရှေ့မှာ ဂူ တစ်လုံး ရှိတယ်။ ”
စေလွှတ် ထားသော ကင်းထောက် နှစ်ဦး၊ ပြန်လည် ရောက်ရှိ လာပြီး၊ သူတို့၏ ခေါင်းဆောင် များထံ၊ ပြန်လည် သတင်းပို့ လာသည်။ ထိုကြောင့် စိတ်လှုပ်ရှား စွာဖြင့်၊ လူတိုင်း ထရပ် လိုက်မိ၏။
“ သွား ရ အောင်။ ”
ကင်းထောက်၏ လမ်းညွှန် မှုဖြင့်၊ မှောင်မည်း ဆိတ်ငြိမ် လွန်းသော ‘ဂူ’ တစ်လုံး ထံသို့၊ ခရီးဆက် လာမိသည်။
နီးကပ် လာသော အခါတွင်၊ မြေအောက် လိုဏ်ဂူ အတွင်းမှ၊ အလင်းရောင် ဖျော့ဖျော့များ တိုးထွက် နေသည်ကို မြင်လိုက် ရ၏။
လှိုဏ်ဂူ အဝင် တစ်ဖက် တစ်ချက် ဆီ၌၊ ကြီးမားသော ရုပ်တုကြီး နှစ်ရုပ်၊ နေရာ ချထား လေသည်။ ယင်းမှာ မီတာဝက် မျှသာ မြင့်သော၊ ကျားရုပ်တု ကြီးများ ဖြစ်၏။
“ ဒီရုပ်တု တွေ …။ ”
ကျားရုပ်တု များ ထံမှ၊ အမည်မဲ့ ခံစား ချက်များ ပေးစွမ်း နေချေပြီ။ ယင်းကား မည်သည် အရာ ဖြစ်သည်ကို၊ လင်းယွန် မသိနိုင်။
လှိုဏ်ဂူ ထိပ်တွင်၊ ‘မိုးကြိုး တိမ်လွှာ ရတနာသိုက်’ ဟူသော စာလုံးများ ရေးထွင်း ထား၏။
ထိုစာလုံး များကို မြင်သည်နှင့်၊ သခင်လိန်း တစ်ယောက် စိတ်လှုပ်ရှား သွားကာ၊ ကျားရုပ်၏ ဦးခေါင်းထံ လှမ်းပုတ် လိုက်သည်။
“ ဝေါင်း ..... ။ ”
ထို့ကြောင့် ကျားဟိန်း သံများ ဝိုးတဝါး ထွက်ပေါ် လာပြီး၊ ကြမ်းပြင် တစ်ခုလုံး၊ တုန်ခါ သွားတော့၏။
“ မင်း ဘာ လုပ် လိုက် တာလဲ။ ”
ရုတ်တရက် ယိမ်းထိုး သွားသော အပြောင်းအလဲ များကြောင့်၊ သခင်လိန်းထံ ပြန်လှည့် ကြည့်ကာ၊ သွေးဝံပုလွေက ဒေါသ တကြီး အော်ငေါက် လိုက်သည်။
“ ငါလည်း မသိဘူး၊ ဒီအတိုင်း ထိလိုက် မိတာပါ။ ”
သခင် လိန်းက ထိတ်လန့် တကြား ပြန်ဖြေ သည်။
“ မင်း အရူး ... အရူးကောင်၊ မင်းက ငါတို့ အားလုံးကို သတ်ဖို့ ကြိုးစား နေတာပဲ။ ”
သွေးဝံပုလွေက ပျစ်ပျစ် နှစ်နှစ် ကျိန်ဆဲ ပစ်လိုက်သည်။
ထို့နောက်တွင် ကျယ်လောင်သော မြည်ဟည်းသံ နှင့်အတူ လှိုဏ်ဂူ ‘အဝင်ဝ’ ရှိ တံခါးကြီး ပွင့်လာ တော့၏။
တံခါးပွင့် သွား သည်နှင့်၊ သွေးဝံပုလွေ မိသားစု၏ ကျွမ်းကျင် သူများက၊ အတွင်းသို့ ပြေးဝင် ကုန်ပြီး၊
“ ခေါင်းဆောင်၊ ဝင်ပါ၊ ” -ဟု အော်ခေါ် လိုက်ကြ၏။
ထို့နောက်တွင် လူတိုင်းက တုန့်ဆိုင်းခြင်း မရှိဘဲ၊ အလျင် အမြန် ဝင်ရောက် သွားကြသည်။
လူအုပ်ကြီး အဆုံး၌ ရပ်နေသော၊ လင်းယွန် တစ်ယောက် ဖြည်းညှင်း စွာဖြင့်၊ လျှောက်လှမ်း လာမိသည်။
သခင်လိန်း ပုတ်ခဲ့သော ကျားရုပ် အနား အရောက်တွင်၊ သံသယ စိတ်များ ဝင်ရောက် လာပြီး ခဏ ရပ်လိုက်၏။
ထိုသူ ပြုမူ သကဲ့သို့ ကျားခေါင်းကို ပုတ်ကြည့် လိုက် သည်။ သို့သော် မည်သည့် အပြောင်း အလဲမှ၊ မရှိ ခဲ့ချေ။
“ ထူး ဆန်း တယ် …။ ”
သခင်လိန်း တစ်ယောက် မတော်တဆ ထိမိသွားခြင်း အပေါ်၊ အတွေးများ ဝင်ရောက် လာခဲ့ သည်။
အနည်းငယ်ကြာ နစ်မျော သွားပြီးနောက်၊ သခင်လိန်း မထိ ခဲ့သော ညာဘက် ကျားရုပ်ကို ပုတ်ကြည့် လိုက်သည်။
အလားတူ တုံ့ပြန် မှုမျိုး မရှိ ခဲ့ပေ။ ထိုအချိန် မှာပင် လူအုပ်နှင့် အတူ၊ ဝင်ရောက် လာခြင်း မရှိသည့် လင်းယွန်အား၊ သတိပြုမိ လိုက်သော ဆရာဖူ ထံမှ၊ အေးစက်စက် အကြည့် တစ်ချက် ထွက်ပေါ် လာသည်။
“ ဒီ အဘိုးကြီး …။ ”
လင်းယွန်က စိတ်ပျက် လက်ပျက်ဖြင့်၊ ညည်းတွား လိုက်ပြီး၊ လက် ဝှေ့ယမ်းကာ ဂူ အတွင်းသို့၊ လှမ်းဝင် လိုက်ရ တော့၏။
***