ဓားဆွဲရန် တောင်းဆို ခံရခြင်း။
Vol. 47 Ch. 652
ဖန်းဝမ်၊ သွေးဝံပုလွေနှင့် သခင် လိန်းတို့ သုံးယောက်မှာ၊ မျက်နှာများ ဖြူဖျော့ သွားပြီး၊ မြေပြင်ပေါ် ပြန်လည် ပြုတ်ကျ လာ၏။
တုန့်ဆိုင်းခြင်း မရှိ၊ မတ်တပ် ထရပ် လိုက်ကာ၊ မယုံကြည် နိုင်ဖွယ် အမူ အရာဖြင့်၊ မော့ကြည့် မိသည်။
“ ချေး ပဲ ... ။ ”
၎င်းတို့ သုံးဦး အနက်၊ သခင် လိန်းမှာ ဒဏ်ရာ အပြင်း ထန်ဆုံး ဖြစ်၏။ သူ့ နှုတ်ခမ်းမှ သွေးစ များကို သုတ်ပြီး၊ နောင်တ ရလာသည်။
လင်းယွန်သာ အစွမ်း ထက်ကြောင်း သိရှိ ခဲ့ပါက၊ သည်ထက် အဆ တစ်ရာ ရဲရင့် နေလျှင် ပင်၊ ခေါ်ဆောင် လာရန် စိတ်ကူး ရှိမည် မဟုတ် ချေ။
ထိုအချိန်က လင်းယွန်ကို ချေမှုန်းရန် လွယ်ကူ မည်ဟု သူ ထင်ခဲ့၏။ ယခုမူ သူ့ အတွေးမှာ၊ စိတ်ပျက် စရာ ကောင်းခဲ့ ကြောင်း၊ သဘောပေါက် လိုက်သည် ။
“ ဒါက မဖြစ် နိုင်ဘူး၊ ဒီတိရစ္ဆာန် လေးရဲ့ ရုပ်ခန္ဓာက၊ ငါ့ရဲ့ ... မီးနဂါး ချပ်ဝတ် ကိုတောင် ယှဉ်နိုင် နေတယ်။ ”
သခင် လိန်းထက် သွေးဝံပုလွေမှာ၊ ပို၍ ကြောက်ရွံ့ လာခဲ့သည်။ မီးနဂါး ချပ်ဝတ် မည်မျှ အစွမ်း ထက်ကြောင်း၊ သူ သာလျှင် သိ၏။
“ သေ စမ်း ... ၊ ဒီကောင် … ။ ”
ဖန်းဝမ် တစ်ယောက် သည်သာ သတ်ဖြတ်လိုသော ရည်ရွယ်ချက်များ ထုတ်ဖော် လျက်၊ လင်းယွန်ကို လှမ်းကြည့် လိုက်သည်။
သူတို့ သုံးဦး ပေါင်းစပ် ခြင်းဖြင့်၊ အလယ်အလတ် ယင်-ယန် အဆင့် ကျင့်ကြံ သူများ ကိုပင်၊ ခြိမ်းခြောက် နိုင်ပေမည်။
သို့သော် သူ့ရှေ့ရှိ ဤလင်းယွန်မှာ ရုပ်ခန္ဓာ သက်သက်ဖြင့်၊ ထိုတိုက်ခိုက်မှု အားလုံးကို ခံယူ သွား ခဲ့၏။
လင်းယွန်က သူ့ လက်သီးရှိ စွမ်းအင် များကို ဖြေလျော့ပြီး၊ “လွှတ် လိုက် ပါ” -ဟု လှမ်းပြော လိုက်သည်။
ယင်းမှာ လိန်းရွှမ်ယင်ကို ဆိုလိုကြောင်း၊ လူတိုင်း သိချေ သည်။ ထို့ကြောင့် သခင် နှစ်ပါး မှာ၊ ဆုံးဖြတ်ချက် မချ ဝံ့ဘဲ၊ သခင် လိန်းကို ပြန်ကြည့် မိ၏။
“ မင်း ... ဘာလုပ်ဖို့ ကြိုးစား နေတာလဲ။ ”
ဖန်းဝမ်က စူးစမ်း လိုက်သည်။ ထို့နောက် သူကပင်၊
“ မင်းက ဒီကောင်မလေးကို စတေးပြီး သွေးမိစ္ဆာကျမ်း လိုချင် လို့လား။ ”
ဖန်းဝမ် စကားကြောင့် လိန်းရွှမ်းယင်မှာ၊ နှုတ်ခမ်းများ တုန်ရီ လာပြီး၊ မျက်နှာ ပြောင်းလဲ သွား၏။
ဖခင် အရင်း ကိုပင်၊ မယုံကြည် ရသည့်နောက်၊ မည်သူ့ အပေါ် အားကိုး ရမည်မှန်း မသိနိုင် တော့ချေ။
သို့သော် ငြားလည်း လင်းယွန် နောက်ကျောကို ကြည့်ပြီး၊ သူမ နှလုံးသား ထဲ၌ မျှော်လင့်ချက် အရိပ် အယောင် ရှိနေ သေး၏။။
သူမ ရွေးချယ် ခဲ့သည့်၊ အစ်ကိုကြီး လင်းမှာ၊ အခြား သူများနှင့် ကွဲပြား လိမ့်မည်ဟု၊ မိုက်မဲစွာ ယုံကြည် နေမိ မြဲဖြစ်သည်။
“ ယဇ်ပူဇော် ဖို့လား။ ”
ယဇ်ပလ္လင်ကို တစ်ချက် ကြည့်ပြီး၊ လိန်းရွှမ်းယင်ကို ဖမ်းချုပ် ထားသော သခင် နှစ်ပါးထံ၊ အေးစက်စွာ လှည့်ကြည့် လိုက်၏။
လက်ရှိ အခြေ အနေနှင့် ပတ်သက်၍၊ ဖန်းဝမ် စကားများ အရ၊ အရာ အားလုံးကို ချက်ချင်း နားလည် သွားသည်။
ထို့ကြောင့် သူ့ မျက်နှာမှာ၊ တင်းမာ သွားရခြင်း ဖြစ်၏။ မိစ္ဆာ လမ်းစဉ် ကျင့်ကြံ သူများ အနေဖြင့်၊ အဆုံးတွင် လူသား တစ်ဦး၏ ဖြစ်တည် မှုကို စွန့်ပယ်ကာ၊ စွမ်းအားနောက် လိုက်ခဲ့ ကြကြောင်း၊ ကြားသိ ထားဖူး ချေသည်။
သို့သော် ယင်းကို မြင်ဖူး သည်မှာ၊ ပထမဆုံး အကြိမ် ဖြစ်၏။ လိန်းရွှမ်းယင်မှာ အသက် (၁၄)နှစ် မျှသာ ရှိသေး သော်လည်း၊ လူတိုင်းက သူ့ကို စတေးချင် နေကြသည်။
“ ငါ ... ဘာလုပ်မယ် ဆိုတာ၊ မင်းကို ရှင်းပြ နေစရာ လိုလို့လား၊ လွှတ် လိုက် ... ။ ”
လင်းယွန်က စူးရှသော အကြည့် များဖြင့်၊ သခင် နှစ်ပါးထံ လှမ်းကြည့်ကာ၊ ခပ်ပြတ်ပြတ် အမိန့် ပေးလိုက်သည်။
ထို့ကြောင့် ဓား တစ်လက်ဖြင့်၊ အုပ်မိုး ခံထားရ သကဲ့သို့၊ အချိန် မရွေး ဇာက်ပြတ် သွား နိုင်မည်ဟု၊ ထင်မှား မိလာ စေ၏။
“ မင်း တစ်ယောက်တည်း၊ သွေးမိစ္ဆာ ကျမ်းကို အပိုင် စီးချင် နေတာလား၊ အိပ်မက် မက်မနေနဲ့။ ”
သခင်လိန်းက အံကြိတ်ကာ ဆို၏။ လိန်းရွှမ်းယင်ကို နှစ်ပေါင်း များစွာ ကျွေးမွေး ပြုစု ပေးခဲ့ သည်မှာ၊ ယနေ့ အတွက် ဖြစ်သည်။
ထို့ကြောင့် လင်းယွန်ထံ လက်လွှဲ ပေးနိုင်စရာ၊ မရှိချေ။
“ မင်းမှာ ဆန္ဒပဲ ရှိပြီး၊ အရည် အချင်း မရှိ ပါဘူး။ ”
လင်းယွန်က မျက်ခုံးပင့် လိုက်ပြီး၊ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်၏။ ပုံရိပ် ကိုးရိပ် ထွက်ပေါ် လာကာ၊ ရိပ်ခနဲ လက်သီး တစ်ချက် ပစ်ချ လိုက်သည်။
နောက်ဆက်တွဲ ပုံရိပ် ကိုးရိပ် ပေါင်းစပ် သွားပြီး၊ မိုးကြိုး တစ်စင်းက ဂျိန်းခနဲ ပစ်ချ လာ၏။
ပြတ်သားသော လုပ်ရပ်ကြောင့်၊ သခင် နှစ်ပါး ထဲရှိ တစ်ပါးကို လွင့်စင် သွားစေ ခဲ့သည်။ တစ်ချိန် တည်း မှာပင်၊ ကျန်ရှိ နေသော သခင် တစ်ပါး၏ ဦးခေါင်း အထက်၌ လင်းယွန် ထွက်ပေါ် လာ၏။
“ ဖယ် စမ်း ... ။ ”
ရင်ဘတ် ပေါ်ရှိ နဂါး အမှတ် အသား လင်းလက် လာချိန်တွင်၊ တစ်ဖက် လူ၏ လက်ကောက် ဝတ်အား ဆုပ်ကိုင် လိုက်သည်။
နဂါး အမှတ် အသားဖြင့်၊ ဆက်သွယ် ထားကြောင့် နှလုံးသားမှာ၊ တဆက်ဆက် ခုန် လာပြီး၊ သွေးကြော များဆီ စွမ်းအင် လှိုင်းများ ပေးပို့ လာခဲ့သည်။
ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားဖြင့်၊ ထိုသခင်၏ လက်ကောက်ဝတ် အရိုးကို ချေမွေ ပစ်လိုက်သည်။
ယင်းကြောင့် လင်းယွန်၏ ကြမ်းကြုတ်သော ခွန်အားမှာ၊ အခြား သူများကို ထပ်မံ ထိတ်လန့် သွားစေသည်။
ကာယကံရှင် ဖြစ်သော ထိုသခင် မှာမူ၊ ဆိုဖွယ် မရှိ တော့ချေ။ နာကျင် စွာဖြင့် ငိုကြွေး ခြင်းငှာ မထိန်းနိုင် ဖြစ်သွား၏။
“ လာ ... ။ ”
လင်းယွန်က လိန်းရွှမ်းယင်ကို ဖမ်းကိုင် လိုက်ပြီး၊ နဂါး တံခါး ဆီသို့ ပြန်လည် ဆုတ်ခွာ သွားသည်။
“ သူ့ ကို တား ... ။ ”
ဖန်းဝမ်၊ သွေးဝံပုလွေနှင့်၊ သခင်လိန်း တို့မှာ၊ မျက်နှာများ ပြောင်းလဲ သွားပြီး၊ ထိတ်လန့် တကြားဖြင့် အော်ဟစ် လိုက်ကြ၏။
လင်းယွန်မှာ လိန်းရွှမ်းယင် နှင့်အတူ၊ အမှန်တကယ် ထွက်သွားရန် ကြိုးစား လိမ့် မည်ဟု မမျှော်လင့် ခဲ့ကြချေ။
“ ဘယ်လောက်တောင် ... ၊ စိတ်ပျက် စရာ ကောင်းလိုက်လဲ။ ”
လင်းယွန် မျက်ဝန်း များ၌၊ သတ်ဖြတ် လိုခြင်း ရည်ရွယ်ချက်များ ထွက်ပေါ် လာပြီး၊ ငေါက်ငမ်း လိုက်၏။
ဓားသေတ္တာ အတွင်းရှိ ပန်းသင်္ချိုင်း ဓားတွင်၊ အဆုံးမဲ့ ဓား ဆန္ဒများ စုရုန်းလာ သဖြင့်၊ ဆူညံ သံများ ထွက်ပေါ် လာသည်။
ဓား ရည်ရွယ် ချက်မှာ၊ ကန့်သတ် ချက်သို့ ရောက်ရှိ သွားချိန်၌၊ မီးတောင် တစ်လုံး အသွင်၊ ဆူပွက် လာ၏။
ပန်းသင်္ချိုင်း ဓားက သူ့အား၊ ဆွဲခိုင်း နေချေပြီ။ သည်လူ များကို သင်ခန်းစာ တစ်ခု ပေးရန်၊ တိုက်တွန်း နေခြင်း ဖြစ်၏။
သူ့ထံ အားယူ နေသော ထိုသုံးဦးကို ကြည့်ပြီး၊ လင်းယွန်၏ နှလုံး ခုန်နှုန်းမှာ များစွာ လျင်မြန် လာသည်။
ထိုစည်းချက်ကို လိုက်မမှီ တော့သဖြင့်၊ အသက်ရှူ ကြပ်လာသည်။ ၎င်းအား ငြင်းဆန် မိသော်၊ နှလုံးသားက သူ့ အပေါ် စိတ်ပျက် ပေတော့ မည်။
အသွင် ပြောင်းလဲ သွားသော လင်းယွန်၏ အရှိန် အဝါ အသစ်ကြောင့်၊ သွေးဝံပုလွေ၊ ဖန်းဝမ်နှင့်၊ သခင်လိန်း တို့အပေါ်၊ ဖိအားများ ပေးစွမ်း လာသည်။
ထို့နောက် သုံးဦးသား ရှေ့သို့၊ နောက်တစ်လှမ်းပင် တိုးရန် မဝံ့ တော့ဘဲ၊ ရပ်တန့် လိုက်ကြ၏။
“ ဒါ က ... ၊ အချည်း အနှီး ပါပဲ၊ ငါတို့ အားလုံး သွေးမိစ္ဆာ ကျမ်းကို မရဘဲ၊ ဘယ်သူမှ ဒီနေရာ ကနေ ထွက်ခွာမှာ မဟုတ်ဘူး။ ”
“ မင်းသာ သွေးမိစ္ဆာ ကျမ်းကို မျှဝေဖို့ ဆန္ဒ ရှိရင်၊ ငါတို့က ရတနာ တွေနဲ့ သွေးမိစ္ဆာကျမ်းကို ပေးလိုက် နိုင်ပါတယ်။ ”
သခင် လိန်းက တစ်ဖက် လှည့်ဖြင့် ပြန်လည် ညှိနှိုင်း လာ၏။
“ ကောင်လေး၊ သွေးမိစ္ဆာ ကျမ်းကို စိတ်မဝင်စား ဖူးလို့တော့ မပြောနဲ့၊ မင်းက သွေးစွန်းသော ဧည့်ခံပွဲမှာ ယှဉ်ပြိုင်ဖို့၊ ကြိုးစား နေတာ မဟုတ်လား၊ ... ”
“ ... မင်း သန်မာ တာကို၊ ငါ ... ဝန်ခံ ပါတယ်၊ ဒါပေမယ့် လည်း အတွင်း အဆင့်မှာ ရှိတဲ့ ပါရမီရှင် တွေနဲ့ ယှဉ်ရင်၊ ဒါက ဘာမှ မဟုတ် သေးပါဘူး၊ အထူးသဖြင့် ... ”
“ ... ဘုရင် သုံးပါးနဲ့ အထက် တန်းစား ခုနစ်ယောက် တို့ပဲ၊ အထက် တန်းစား (၇) ယောက် လုံးက၊ အထွတ် အထိပ် ယင်-ယန် အဆင့်မှာ ရှိပြီး၊ ဘုရင် သုံးပါး ကတော့ ... ”
“ ... ကောင်းကင် ဝိညာဉ် နယ်ပယ်က၊ ကျွမ်းကျင်သူ တွေကိုတောင် ရင်ဆိုင် နိုင်တယ်၊ ဒါပေမယ့် မင်းသာ သွေးမိစ္ဆာ ကျမ်းကို ရယူနိုင် ရင်တော့၊ ထိပ်တန်း ဆယ်ယောက်ထဲ ဝင်ဖို့၊ အခွင့်အရေး ရှိလာမှာ အမှန်ပါ။ ”
ဖန်းဝမ်က လင်းယွန်ကို သွေးဆောင်ရန်၊ ရှည်လျားစွာ ဆို လိုက်သည်။
“ မင်း ... ပြောလို့ ပြီးပြီလား။ ”
ဖန်းဝမ် စကားဆုံး သည်နှင့်၊ လင်းယွန်က အေးစက်စွာ ပြန်မေး လိုက်သည်။
“ မင်း ... ။ ”
အဆိုပါ တုန့်ပြန် မှုကြောင့်၊ လက်ထဲရှိ မီးလျှံ မိုးကြိုး ကြာပွတ်ကို၊ တင်းတင်း ကြပ်ကြပ် ဆုပ်ကိုင် လိုက်ပြီး၊ အမုန်း တရား များဖြင့်၊ လင်းယွန်အား ပြန်ကြည့် လိုက်၏။
သူ့ ရုပ်ခန္ဓာ သည်သာ၊ သည့်ထက် ပို၍ သန်မာ နေပါက၊ မီးလျှံ မိုးကြိုး ကြာပွတ်၏ စွမ်းအား (၅၀%) ကို ထုတ်လွှတ် နိုင်မည် ဖြစ်သည်။
ထိုအချိန်၌ လင်းယွန်မှာ၊ သူ့အပေါ် ဤမျှ မောက်မာစွာ ပြုမူ ရဲတော့မည် မဟုတ်ချေ။
‘တိမ်’ စီရင်စု အတွင်း၊ မိစ္ဆာ ကျင့်ကြံသူ အဖြစ်၊ နှစ် အတန်ကြာ အုပ်စိုး ထားခဲ့သည်။ ထိုကာလ အတွင်း ဤမျှလောက် အရှက် ရဖွယ် မရှိခဲ့ ဖူးချေ။
“ ဘာလို့ ... ဒီလို အရူးနဲ့၊ ညှိနှိုင်း နေရ တာလဲ၊ ငါတို့ရဲ့ သိုင်းဝိညာဉ် တွေကို ထုတ်ပြီး သူ့ကို သတ်ပစ် ရအောင်။ ”
မုန်းတီးသော အကြည့်ဖြင့်၊ သွေးဝံပုလွေက ဆိုသည်။ သူတို့ အသက်ကို အရင်း ပြုကာ၊ လင်းယွန်အား သတ်ပစ် နိုင်မည်ဟု ယုံကြည်၏။
“ လာ စမ်း ကြည့် ကြ ...။ ”
လင်းယွန်က တုန်လှုပ်ဟန် မရှိဘဲ၊ လှောင်ပြောင် ဖိတ်ခေါ် လိုက်သည်။ ပန်းသင်္ချိုင်း ဓား၏၊ ပြင်းပြသော ဆန္ဒ များကြောင့်၊ သူ့ ကျောပြင်ရှိ အရေပြားမှ၊ သွေးအချို့ စိမ့်ထွက် နေပြီ ဖြစ်၏။
ယင်-ယန် အဆင့် ကျွမ်းကျင် သူများ သည်သာ၊ သိုင်းဝိညာဉ်အား ထုတ်ဖော် ခဲ့ပါက၊ မည်မျှ ကြောက်စရာ ကောင်းမည်ကို တွေးဆ ကြည့်နိုင်သည်။
သို့ရာတွင် အပြည့်အ၀ ကျွမ်းကျင်သော ရှန်ရှင်း ဓား၏ ထက်ရှ မှုအား၊ ၎င်းတို့ မြည်းစမ်း ဖူးမည် မဟုတ်ချေ။
***