ငါ့ကိုလာ မောင်းထုတ် လှည့်။
Vol. 51 Ch. 714
လင်းယွန်၏ ပြတ်သားသော တုန့်ပြန် မှုကြောင့်၊ ချန်စီယုနှင့် ကျန်သူ များကို၊ ဒေါသ ထွက်လာ စေသည်။
ချက်ချင်းပင် သတ်ဖြတ် လိုသော ရည်ရွယ်ချက်များ မြင့်တက် လာပြီး၊ လင်းယွန် ထံ လှမ်းကြည့် လိုက်၏။
ချန်စီယု အမြင် အရ လင်းယွန်မှာ၊ သေမင်းကို အမှန် တကယ် ဖိတ်ခေါ် နေသူ ဖြစ်သည်။ သူ့ အသက်ကို ချမ်းသာ ပေးနေ သော်လည်း လုံးဝ တန်ဖိုး ထားပုံ မပေါ်ချေ။
တစ်ဖက်တွင် လင်းယွန်အား တိုက်ခိုက် ခြင်းဖြင့်၊ နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီး ကို လက်လွှတ် ရမည်အား၊ လူတိုင်း စိုးရိမ် နေမိသည်။
ရှန်ရှင်းဓား ရည်ရွယ်ချက် အပေါ်၊ အပြည့်အ၀ ကျွမ်းကျင် ထားသော ပြိုင်ဘက် အား၊ မည်သူမျှ အထင် မသေး ဝံ့ချေ။
အနိုင် ယူရန် လွယ်ကူ သော်လည်း၊ သတ်ရန် ကြိုးစား ခြင်းမှာ၊ ဆန့်ကျင်ဘက် ဖြစ်သည်။ ထို့ကြောင့် လင်းယွန်ကို တိုက်ခိုက်ရန် ချိန်ဆ နေကြခြင်း ဖြစ်၏။
ဤသို့ တွေးတော နေကြစဉ် သစ်ပင်ကြီး တစ်ပင်လုံး ယိမ်းထိုး လှုပ်ခါလာပြီး၊ အရွက်များ တဖွဲဖွဲ ကြွေကျ လာလေသည်။
ချန်စီယုက သစ်ရွက် တစ်ရွက်ကို ဖမ်းယူရန် လက်ဆန့်ထုတ် လိုက်ပြီး၊ ချက်ချင်းပင် မျက်နှာ ပြောင်းလဲ သွားသည်။
ဤသည်မှာ စစ်မှန်သော နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီး မွေးဖွား တော့မည့် လက္ခဏာ ဖြစ်သဖြင့်၊ လူတိုင်းက သစ်ပင် အနီးသို့ တိုးကပ် ကုန်ကြသည်။
“ နတ်ဆိုး သစ်သီးကို အရင် သိမ်းယူလိုက်၊ ငါတို့ သူ့ကို နောက်မှ သတ်မယ်။ ”
ချန်စီယုက အော်ဟစ်လျက် လင်းယွန်ကို လျစ်လျူရှု လိုက်တော့သည်။
“ ဝှစ် ... ။ ”
လက်နှစ်ဖက်ကို ဆန့်လျက် လင်းယုန် တစ်ကောင် ကဲ့သို့၊ နတ်ဆိုး အသွင် ပြောင်းခြင်း သစ်ပင်ဆီ၊ ပျံသန်း သွား၏။
လူတိုင်းက နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီးများ၊ ဤမျှ မြန်မြန် မွေးဖွား ကြီးရင့် လာလိမ့် မည်ဟု၊ မထင်ထား ကြချေ။
ထို့ကြောင့် လင်းယွန်အား မည်သူမျှ ဂရု မစိုက် တော့ဘဲ၊ နတ်ဆိုး အသွင် ပြောင်းခြင်း သစ်ပင်ထံ အာရုံ ရောက်ကုန် ကြသည်။
“ ငါတို့ မင်းကို အခု ... ချမ်းသာ ပေးထားမယ်။ ”
ဂျီ ညီအစ်ကိုက လင်းယွန်ကို အေးစက်စွာ စိုက်ကြည့်ပြီး ဆိုသည်။
အစောပိုင်း အပြု အမူများ အရ၊ အရှက် ရဖွယ် ဖြစ်သဖြင့်၊ တစ်ဖက်လူ အပေါ် သဘာဝ အတိုင်း မကျေမနပ် ဖြစ်လာ မိခြင်း ဖြစ်သည်။
သစ်ပင် ပေါ်သို့ လူတိုင်း အလျိုလျို တက်သွားကြ သော်လည်း၊ လင်းယွန်က လှုပ်ရှားခြင်း မရှိ သေးချေ။
ပုံမှန် မဟုတ်သော သစ်ပင်ကို စစ်ဆေးရန်၊ ရှန်ရှင်း ဓားကို အရင် ထုတ်လွှတ် လိုက်သည်။ သစ်ပင် ကြီးမှာ အလွန် ကြီးမား သဖြင့်၊ တောင်ကြီး တစ်လုံး နှင့်တူ၏။
သတိထား ကြည့်မည် ဆိုပါက၊ မတူ ညီသော အစိတ် အပိုင်း ကိုးပိုင်း ရှိနေ သည်ကို ဂရုပြု မိမည် ဖြစ်သည်။
သစ်သီး များမှာ ကောင်းကင်တွင် ချိတ်ဆွဲ ထားသော ကြယ်တာရာ များနှင့် တူသည်။ အောက်ခြေ အပိုင်းတွင် သီးသော သစ်သီးမှာ၊ ကြက်သွေးရောင် အဆင်းသာ ရှိ၏။
ဤအခိုက် အတန့်တွင် နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီး တစ်လုံးက၊ ရုတ်တရက် ဖောင်းပွ ပေါက်ကွဲ သွားပြီး၊ အထွတ်အထိပ် ယင်-ယန် အဆင့် ကျင့်ကြံသူကို အံ့အားသင့် စေခဲ့သည်။
ထိုပေါက်ကွဲ မှုကြောင့် သစ်သီး အချို့ ထပ်မံ ပေါက်ကွဲ လာကာ၊ အနီး ဝန်းကျင်ရှိ ကျင့်ကြံသူ များကို၊ ထိမှန်ကုန် လေသည်။
အသားတစ် များ အဖြစ်သို့ ပြောင်းသွား ခြင်းမှာ၊ မည်မျှ ကြောက်စရာ ကောင်းသည်ကို စိတ်ကူး ကြည့်နိုင်သည်။
ထိုပေါက်ကွဲမှု များမှာ၊ အကြီးမားဆုံး အတားအဆီး မဟုတ် သေးချေ။
နတ်ဆိုး အသွင် ပြောင်းခြင်း သစ်ပင် ကိုယ်တိုင် ကပင်၊ ကြီးမားသော ဖိအားကို ထုတ်လွှတ် နေသောကြောင့်၊ သစ်ပင်ပေါ် တက်ရ ခြင်းသည်၊ တောင် တစ်လုံးကို ပုခုံးပေါ် တင်ထား ရသကဲ့သို့ လေးပင် ချေပြီ။
မိုးပြာ နဂါး မူလ ပုံစံကို၊ ဖြန့်ကျက် လိုက်သဖြင့်၊ လင်းယွန်၏ ခန္ဓာကိုယ် အတွင်းမှ နဂါး ဟောက် သံများ ပဲ့တင်ထပ် သွားသည်။
ခရမ်းရောင် အခိုး အငွေ့များ ရစ်သိုင်း လာချိန်တွင်၊ သူ့ သွေးများ ဆူပွက် လာ၏။ ဤအခိုက် အတန့်တွင် နဂါး အရှိန် အဝါကို အတား အဆီး မရှိဘဲ၊ ထုတ်လွှတ် လိုက်မိသည်။
သည့်နောက် ကောင်းကင်ပေါ် ခုန်တက် သွားပြီး၊ နတ်ဆိုး အသွင် ပြောင်းခြင်း သစ်ပင်၏ ဆဋ္ဌမ အပိုင်းသို့၊ ဆင်းသက် လိုက်သည်။
ဤဝန်းကျင်ရှိ သစ်သီး များတွင်၊ ရောင်စင် ခြောက်သွယ် ပါရှိသည်။ ထိုရောင်စင် များက နိုးထ နိုင်သော သိုင်းရည်ရွယ်ချက်ကို ကိုယ်စား ပြု၏။
ပါရမီရှင် ခုနှစ်ဦးနှင့် သန်မာသော ကျွမ်းကျင်သူ များက၊ ဤအပိုင်းနှင့် အထက် တွင် စုရုံး နေကြသည်။ အနိမ့်ဆုံး အဆင့်ရှိ သစ်သီး များကို ငုံ့ကြည့် ရန်ပင် စိတ် မ၀င်စား ကြချေ။
သစ်ကိုင်းကြီး တစ်ကိုင်း ပေါ်သို့ ဆင်းသက် လိုက်သည်နှင့်၊ ဖိအားများ ချက်ချင်း သက်ရောက် လာသည်။
သူ့ ရွေ့လျားမှု နည်းစနစ်ကို (၃၀%) ခန့် ဖိနှိပ် ခံလိုက် ရ၏။ သို့သော် (၅၀%) ခန့်ပင် ကျွမ်းကျင်မှု မရှိ သေးသော သူများ အတွက်မူ ပို၍ စိတ်ပျက်စရာ ကောင်းပေမည်။
“ နတ်ဆိုး အသွင် ပြောင်းခြင်း အသီး။ ”
မလှမ်း မကမ်းရှိ၊ အရောင် (၆) မျိုးဖြင့် တောက်ပ နေသော သစ်သီးထံ လှမ်းကြည့်ကာ ပြုံးလိုက်သည်။
သူ့ ကံမှာ ဆိုးပုံ မရချေ။ ဤတစ်ကြိမ် သစ်သီးများ ပြန်လည် မွေးဖွား ရာ၌၊ အရေ အတွက် နည်းပါး သောကြောင့်၊ ၎င်းတို့ကို ရှာဖွေရန် လွယ်ကူခြင်း မရှိ သည်မှာ အမှန်ပင်။
ထို့ကြောင့် ကျွမ်းကျင်သူ အများကြီး ပါဝင်သည့်၊ ဤပြိုင်ပွဲသည် မည်မျှ ရက်စက် ကြမည်ကို တွေးကြည့် နိုင်ပေ၏။
ကံမကောင်း စွာဖြင့်၊ ဂျီ ညီအစ်ကိုနှင့် ချင်ရှုမှာ မလှမ်း မကမ်း အရပ် ဆီ၌ ရှိနေသည်။ ၎င်းတို့ သုံးဦး အပြင်၊ အထွတ်အထိပ် ယင်-ယန် အဆင့်၊ လေလွင့် ကျင့်ကြံသူ များလည်း ရှိနေ သေး၏။
သို့သော် ထိတ်လန့် သွားခြင်း မရှိဘဲ၊ နတ်ဆိုး အသွင် ပြောင်ခြင်း သစ်သီးထံ ဦးတည် လိုက်သည်။
“ ထွက် သွား စမ်း ... ။ ”
“ ဓားကျွန်၊ မင်းက သေချင် နေတာပဲ။ ”
လင်းယွန်ကို မြင်သော အခါ၊ ဂျီ ညီအစ်ကိုက ဒေါသ တကြီးနှင့် ချက်ခြင်း တိုက်ခိုက် လာသည်။
လက်ဖဝါး ရိုက်ချက်များ ထုတ်ဖော် လိုက်သဖြင့်၊ ပူပြင်းသော မီးတောက် များက လင်းယွန်ထံ ဦးတည် သွား၏။
သို့သော် လင်းယွန်က လက်မဖြင့် လက်ခလယ်ကို ဖိလျက် ဓားသုတ္တန်အား ဖြန့်ကျက်ကာ၊ တောက်ထုတ် လိုက်သည်။
“ ဝှစ် ... ။ ”
စူးရှသော ဓား အလင်း တစ်လက် ထွက်ပေါ် လာပြီး မီးတောက် နေသော လက်ဖဝါး များကို ဖျက်ဆီး ပစ်တော့သည်။
ထို့နောက် နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီး အနီးသို့ ဆက်လက် တိုးကပ် လာခဲ့၏။ ဂျီညီအစ်ကို တို့၏ ဟန့်တားမှုကြောင့် နှေးကွေး သွားသော်လည်း၊ အခြားသူ များထက် မြန်နေဆဲ ဖြစ်သည်။
အားလုံးက လင်းယွန်ကို သတ်ဖြတ် လိုသော ဆန္ဒ များဖြင့်၊ စိုက်ကြည့်လျက် လိုက်ပါ လာကြ ၏။
“ ထွက်သွား မလား ... ၊ အသေ ခံမလား ဓားကျွန်ကောင်။ ”
ချင်ရှုက နတ်ဆိုး မျောက်ဝံ အရှိန် အဝါကို ထုတ်လွှတ်ကာ အော်ဟစ် လိုက်သည်။ သန်မာ လွန်းသော ရုပ်ခန္ဓာ အရ၊ ပထမ တန်းစား ပါရမီရှင် အဆင့်သို့ တက်လှမ်း လာနိုင်ခြင်း ဖြစ်သည်။
ကံကောင်းမှု တစ်ခုကြောင့် နတ်ဆိုး မျောက်ဝံ နည်းစနစ်ကို ရရှိ ခဲ့ပြီး၊ အထွတ် အထိပ် အထိ လေ့ကျင့်ထား နိုင်၏။
ရှေးဟောင်း နတ်ဆိုး မျောက်ဝံ တစ်ကောင် ကဲ့သို့၊ ယင်ယန် အဆင့် နတ်ဆိုး တစ်ကောင်ကို လက်ဗလာဖြင့် သတ်ဖြတ် နိုင်သည်။
ထို့ကြောင့် သူ့ အမြင်တွင်၊ လင်းယွန် ဟူသည် စိတ်အနှောက် အယှက် ဖြစ်စေသော ယင်ကောင် တစ်ကောင် မျှသာ ဖြစ်၏။
“ မင်း ... စွမ်းရင် ပါးစပ် ပိတ်ပြီး၊ ငါ့ကို လာ မောင်းထုတ် လှည့်။ ”
သို့သော် လင်းယွန်က မကြောက်မရွံ့ စိန်ခေါ် လိုက်သည်။
“ မင်းက မင်းရဲ့ သေမင်းကို ဖိတ်ခေါ် လိုက်တာပဲ၊ ဓားကျွန် တစ်ယောက်က ငါ့ကို အာခံနိုင်မယ် ထင်နေလား။ ”
စကားဆုံး သည်နှင့်၊ ချင်ရှုက လက်ကို ဆန့်ထုတ် လိုက်၏။ လက်သည်းများ ရှည်ထွက်လျက်၊ အနက်ရောင် အမွေး အမှင်များ ပေါက်ပွား လာသည်။
ပြန့်ကား လာသော လက်ကြီးက၊ လေဟာနယ် တစ်ခုလုံး တုန်ယင် သွားစေပြီး၊ လင်းယွန် အပေါ် ပြိုကျ သွားသည်။
နဂါး ရူရ် (၁၁) လုံးကို အသက် သွင်းကာ၊ ထိုနတ်ဆိုး မျောက်ဝံ လက်ကြီးထံ လက်သီးဖြင့် ပြန်လည် ထိုးနှက် လိုက်၏။
လက်နှစ်ဖက် ထိပ်တိုက် တွေ့ဆုံ သွားပြီး၊ ပေါက်ကွဲမှု တစ်ခုနှင့် အတူ၊ လင်းယွန်လက် အတွင်းသို့၊ ထူးဆန်းသော ရောင်ဝါများ တိုးဝင် လာကာ၊ သွေးကြော များကို အပိုင်းပိုင်း ဖြတ်တောက် ပစ်တော့သည်။
စက္ကန့်ပိုင်း အတွင်း မှာပင် သူ့လက် တစ်ဖက်လုံး သွေးများဖြင့် ဖုံးလွှမ်း သွား၏။
“ မင်းက ငါ့ကို ယှဉ်ဖို့ ... ၊ အရမ်း နုပါ သေးတယ်၊ ဟား ဟား ဟား ။ ”
ချင်ရှုက ရှေ့တစ်လှမ်း တိုးကာ လင်းယွန် လက်သီးကို ဆုပ်ကိုင် လျက်၊ လှောင်ပြောင် ရယ်မော လိုက်လေသည်။
ဖမ်းဆုပ်ခံ ရသော လက်မောင်း တစ်လျှောက်၊ အနက်ရောင် အခိုး အငွေ့များ၊ ချက်ချင်း ဖုံးလွှမ်း လာသည်။
“ သေ လိုက် တော့ ... ။ ”
ချင်ရှုက နှာခေါင်း ရှုံလျက်၊ အထင် သေးသော အမူ အရာဖြင့်၊ လင်းယွန် လက်ကို ဖြတ်ယူ၊ ကိုင်ပေါက်ရန် ကြံရွယ် လေသည်။
ဤအမြင့်မှ ကိုင်ပေါက် ခံရ ပါက၊ သေဆုံး မည်မှာ၊ မေးခွန်း ထုတ်စရာ မလိုပေ။
“ လင်းယွန်ကို ချင်ရှု ဖမ်းမိ သွားပြီ။ ”
“ ဂျီ ညီအကို နှစ်ယောက်လည်း ဝင်လာ နေပြီ၊ ဒီကောင် သွားပြီ။ ”
“ ဒီကို သူ ... မလာ သင့်ဘူး။ ”
ပါရမီရှင် ခုနစ်ပါးမှာ၊ အာရုံ စူးစိုက်မှု ဗဟိုချက် ဖြစ်သဖြင့်၊ ဤတိုက်ပွဲကို လူတိုင်း သတိထား မိကုန်သည်။
ကြီးမားသော သစ်ကိုင်း များက၊ ဂျီ ညီအစ်ကို၏ သတ်ဖြတ်မှု ရောင်ဝါကြောင့် တုန်ခါ လာသည်။
ခြေတစ်ချက် နင်းချ လိုက်တိုင်း သစ်ကိုင်းပေါ်၌ ခြေရာများ ထင်ကျန် ရစ်ကာ၊ သိမ့်သိမ့် တုန်အောင် ယမ်းခါ သွား၏။
“ ဝှစ် ... ။ ”
သို့သော် လင်းယွန်က ထိတ်လန့်ခြင်း မရှိဘဲ၊ ဓား အလင်းများ စုရုံးကာ၊ ဘယ်လက်ကို မြှောက် လိုက်သည်။
“ ထပ် ကြိုးစားချင် တာလား။ ”
၎င်းကို မြင်ချိန်၌၊ ချင်ရှုက ရယ်မော လိုက်သည်။ ထို့နောက် သူ့လက် တစ်ဖက် လုံးအား၊ ရှေးဟောင်း နတ်ဆိုး မျောက်ဝံ လက်မောင်း အဖြစ်၊ ပြောင်းလဲ ပစ်၏။
အမှန်မှာ ချင်ရှုကို အာရုံလွှဲ လိုသောကြောင့်၊ လင်းယွန်က ဘယ်လက်ကို မြှောက်လိုက်ခြင်း ဖြစ်သည်။
မျက်စိ တစ်မှိတ် အတွင်း ရင်ဘတ် ပေါ်ရှိ နဂါး အမှတ် အသားကို ဖွင့်ကာ၊ နဂါး အငွေ့ အသက်များ ထုတ်လွှတ် လိုက်သည်။
တစ်ချိန်တည်း မှာပင်၊ တံဆိပ် တစ်ခုအား ဖွဲ့တည် နေသဖြင့်၊ အပြာရောင် အလင်းများ တောက်ပ လာသည်။
ယင်းဖြစ်စဉ် အောက်တွင် ညာလက်ရှိ ဒဏ်ရာများက၊ လျင်မြန် လွန်းသော အဟုန်ဖြင့်၊ ပြန်လည် ကောင်းမွန် လာခဲ့သည်။
ချင်ရှု၏ ဖောင်းပွ နေသော လက်မောင်း ကြီးမှာ၊ အနက်ရောင် အစက် အပြောက်များ ကင်းစင် သွားပြီး၊ သွေးများ စီးကျ လာ၏။
“ အား ... ။ ”
ယင်းကြောင့် နာကျင်စွာ အော်ဟစ် လိုက်ကာ၊ တိုးဝင် လာသော စွမ်းအင် စီးကြောင်းကို ဖြတ်တောက်ရန်၊ နောက်ဆုတ် လိုသော ရည်ရွယ် ချက်ဖြင့်၊ လက်အား လွှတ်ချ လိုက်သည်။
“ မင်း ထွက်သွားချင် လို့လား နောက်ကျ နေပြီ … ၊ နဂါး လက်သည်း။ ”
လင်းယွန်က ဟောက်လိုက်ပြီး၊ နဂါး လက်သည်း အသွင် ပြောင်းကာ ညာလက်ဖြင့်၊ ထွက်သွား လိုသော ချင်ရှု လက်ကောက် ဝတ်ကို ဖမ်းယူ လိုက်၏။
ထို့နောက် လက်မှ ကိုင်ဆွဲကာ၊ ပျံသန်း လာသော ဂျီ ညီအစ်ကိုထံ အားကုန် လွှဲပေါက် ပစ်လိုက်သည်။
“ ခွေး သား ... ။ ”
ဂျီ ညီအစ်ကိုက လွင့်စင် လာသော ချင်ရှုကြောင့်၊ ကျိန်ဆဲ မိသည်။ မီးလျှံများ တောက်လောင် နေသည့်၊ ချပ်ဝတ် များကို အလျင် အမြန် ဆင့်ခေါ် လိုက်ရ၏။
ချင်ရှုနှင့် တိုက်မိ ပြီးနောက်၊ မီတာ တစ်ထောင် အကွာသို့၊ သွေး အန်လျက် အတူ တကွ လွင့်စင် သွားတော့သည်။
သစ်ကိုင်း များပေါ် နင်းလျက်၊ ပြန်လည် ကိုယ်ရှိန်သပ် နိုင်ချိန်တွင်၊ လင်းယွန်မှ နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီးကို၊ ခူးယူ လိုက်ပြီ ဖြစ်သည်။
ယင်းက သူတို့ သုံးဦး မျက်နှာကို မည်းမှောင်သွား စေခဲ့၏။ လင်းယွန်မှ အရှက် ခွဲခြင်းကို ထပ်မံ ခံလိုက်ရ ပြန်လေသည်။
***