← Chapters

တော်ဝင်မြင်းတွေ စီး၊ ရတနာရထားလုံးကို နင်းလို့ ခြေရာတွေ ချန်ခဲ့တယ်

Vol. 62 Ch. 816

တော်ဝင်မြင်းတွေ စီး၊ ရတနာရထားလုံးကို နင်းလို့ ခြေရာတွေ ချန်ခဲ့တယ်

Vol. 62 Ch. 816

“ပန်းတွေဟာ ပန်းတွေမဟုတ်၊ မြူတွေဟာ မြူတွေမဟုတ်။ ညသန်းခေါင်ယံမှာ ရောက်လာတဲ့ အရိပ်သဏ္ဍာန်တွေလို၊ လင်းမနက်မှာ ထွက်သွားကြတယ်....”

ချင်မူမှာ ကဗျာကို ထပ်ခါတလဲလဲ ရွတ်နေရင်း အတွေးထဲ နစ်မျောနေသည်။

လွန်ခဲ့သော နှစ်တစ်သန်းတုန်းက နဂါးသွဲ့ရေကန်တွေ့ဆုံပွဲတွင် ချင်မူသည် ခိုင်ဧကရာဇ်၊ ကောင်းကင်နတ်အရှင်လင်တို့နှင့်အတူ ‘ဒြပ်ထုများကို မပြောင်းလဲ၊ မတက်၊ မကျ’စေနိုင်သော ကောင်းကင်နတ်သိုင်းတစ်ခုနှင့်ပတ်သက်၍ သုတေသန လုပ်ခဲ့ဖူး၏။ အချိန်သိပ်မရခဲ့သော်လည်း လမ်းတစ်လမ်းတော့ စမ်းတဝါးဝါး ရှာတွေ့ခဲ့ကြသည်။

မှန်သည်၊ ကောင်းကင်နတ်အရှင်လင်က သုတသေနလုပ်ငန်းစဉ်၏ အခရာ ဖြစ်ပြီး ချင်မူနှင့် ခိုင်ဧကရာဇ်သည် ဘေးမှသာ ကူညီပေးခဲ့ကာ ဖန်ဆင်းပညာကိုလည်း သူမဆီ သင်ပေးခဲ့ကြ၏။ ထိုအချိန်က ကောင်းကင်နတ်အရှင်လင်၏ ကောင်းကင်နတ်သိုင်းကို အခြေတည်ပေးခဲ့သော အချိန် ဖြစ်ခဲ့သည်။

နောင်နှစ်များစွာကြာသည့်အခါ ဤကောင်းကင်နတ်သိုင်းကို သုံးသပ်၍ ပြည့်စုံအောင် မွမ်းမံခဲ့သူမှာ ကောင်းကင်နတ်အရှင်လင်သာ ရှိခဲ့လေသည်။

ဤတစ္ဆေသင်္ဘော၏ အခြေအနေအရ ကောင်းကင်နတ်အရှင်လင်သည် ဤသင်္ဘောအပေါ် ကောင်းကင်နတ်သိုင်း ထုတ်လွှတ်ခဲ့စဉ်အခါက ကောင်းကင်နတ်သိုင်းကို ပြည့်စုံအောင် မမွမ်းမံရသေးပေ။ ထို့ကြောင့် လူသုံးဆယ့်ခြောက်ယောက်သည် ဟာကွက်အဖြစ် ကျန်ခဲ့၏။

ဤသင်္ဘော အချိန်နှင့် နေရာကို ပြန်စတင်လိုက်သည့်အခါတိုင်း ဟာကွက်တစ်ကွက် ပေါ်လာတတ်သည်။

ယင်းဟာကွက်ကြောင့် အခြေအနေသုံးရပ် ဖြစ်ပေါ်လာသည်။

ပထမ၊ ဟာကွက်သည် သင်္ဘောပေါ်ရှိ သက်ရှိသက်မဲ့များကို ပေါင်းစည်းပြီး သက်ရှိလည်းမဟုတ်၊ သက်မဲ့လည်း မဟုတ်တော့သော မကောင်းဆိုးဝါးများအသွင် ပြောင်းလဲပေးလိမ့်မည်။ ဤအချက်က သင်္ဘော‌ပေါ် တက်လာခဲ့သည့် လူအတော်များများသည် သင်္ဘောနှင့် ပေါင်းစည်း၍ သင်္ဘော၏ ခန္ဓာကိုယ်ထဲမှ မျက်နှာပေါက်လာသလို၊ ခေါင်းများထွက်လာသလို၊ ခြေလက်များ ထွက်နေသလို အခြေအနေများ ဖြစ်သွားသည့် အကြောင်းရင်း ဖြစ်ချေသည်။

ဒုတိယ၊ ကောင်းကင်နတ်သိုင်းက သင်္ဘောနှင့် တစ်သားတည်း ဖြစ်သွားပြီး ဆန်းကြယ်သော သတ္တဝါတစ်ကောင်ပမာ ဖြစ်လာလိမ့်မည်။ ဤသတ္တဝါက မတူညီသည့် နှစ်သုံးဆယ့်ခြောက်နှစ်တွင် သွားလာပြီး ၎င်းကို အန္တရာယ်ပြုနိုင်သော သင်္ဘောအပေါ်ရှိ ဖြစ်တည်မှုများကို တိုက်ခိုက်လိမ့်မည်။

တတိယ၊ မတူညီသည့် နှစ်သုံးဆယ့်ခြောက်နှစ် ပြည့်သွားသည့်အခါ သင်္ဘောအပေါ်၌ ရှိနေသူများ ဟင်းလင်းပြင်ထဲ၌ မှေးမှိန်လာကြလိမ့်မည်။ အဆုံးသတ်တွင် သူတို့မှာ သေလည်းမသေ၊ ရှင်လည်းမရှင်ဘဲ မမြင်ရသော အခြေအနေတစ်ရပ်သို့ ဝင်ရောက်သွားကြရမည်။

ဤသင်္ဘောကို စီးနင်းနေသော လူများအတွက် ဤကောင်းကင်နတ်သိုင်းမှာ အထူးဆန်းဆုံး၊ ကြောက်စရာအကောင်းဆုံး ကောင်းကင်နတ်သိုင်း ဖြစ်၏။ သို့သော် ကောင်းကင်နတ်အရှင်လင်အတွက်မူ သူမ၏ကောင်းကင်နတ်သိုင်း မပြည့်စုံမှု၏ ရလဒ်သာ ဖြစ်လေသည်။

သင်္ဘောပေါ်ရှိ လူများအတွက် အဆန်းတကြယ် ဖြစ်နေသော်လည်း သူမအတွက် ဟာကွက်တစ်ကွက်သာ ဖြစ်ပြီး တမင်တကာ ရည်ရွယ်ခဲ့ခြင်းလည်း မဟုတ်ပေ။

ကောင်းကင်နတ်အရှင်လင်သည် ဤသင်္ဘောကို လိုက်ပါစီးနင်းပြီး သူမ၏ကောင်းကင်နတ်သိုင်း မပြည့်စုံကြောင်း သဘောပေါက်လိုက်၍ ဟာကွက်ကို ဖော်ပြနေသည့်အနေဖြင့် ဤကဗျာကို ချန်ခဲ့ခြင်း ဖြစ်မည်။

သင်္ဘောအပေါ်ရှိ လူများအတွက် အသက်ရှင်နိုင်ခြေသည် ကောင်းကင်နတ်အရှင်လင်၏ ကောင်းကင်နတ်သိုင်းကို တတ်မြောက်ကျွမ်းကျင်ခြင်းအပေါ် မမူတည်ပေ။ ကောင်းကင်နတ်အရှင်လင်၏ ကောင်းကင်နတ်သိုင်းထဲရှိ ဟာကွက်ကို ထုတ်ဖော်နိုင်မှ လွတ်မြောက်မည်ဖြစ်သည်။

ချင်မူ လမ်းစရှာတွေ့လိုက်သော်လည်း တခဏကြာသည်အထိ ရှင်းလင်းစွာ မတွေးနိုင်သေးပေ။

ရုတ်တရက် ကြောက်မက်ဖွယ်ရာ လှိုင်းဂယက်များ နန်းဆောင်၏ အနောက်ဘက်မှ ဖြာဆင်းလာသည်။ နန်းဆောင်အပြင်သို့ ထွက်လိုက်သည့်အခါ ချိမင်နတ်ဘုရားသားတော်နှင့် မင်းသားချိုးမင်၏ နောက်လိုက်နှစ်ယောက် တိုက်ခိုက်နေသည်ကို တွေ့လိုက်ရ၏။

ချိမင်နတ်ဘုရားသားတော်နှင့် ထိုနတ်ဘုရားနှစ်ယောက်၏ ခန္ဓာကိုယ်များမှာ ဟင်းလင်းပြင်ထဲတွင် မှေးမှိန်နေပြီဖြစ်သည်။ ရုပ်ခန္ဓာများနှင့် မူလဝိညာဉ်များမှာ အစစ်နှင့် မတူတော့သော်လည်း သိုင်းစွမ်းအားသည် အားကောင်းသင့်ဖွယ် ပြင်းထန်နေသေး၏။

ချင်မူ ချိဧကရာဇ်၏ မူလဝိညာဉ်သုံးသွယ် ထာဝရနတ်ဘုရားအသိစိတ်အလျဉ်ကို သူ့ဆီ ပေးအပ်ခဲ့ကတည်းက ချိမင်နတ်ဘုရားသားတော်သည် သူ၏မူလဝိညာဉ်အတွက်လည်း ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ကျင့်ကြံကာ အားနည်းချက်များ ဖယ်ရှားနိုင်ခဲ့၏။ မင်ဧကရာဇ်၏ အန္တရဝသိုင်းနတ်ဘုရားကျင့်စဉ်နှင့် ပေါင်းစည်းလိုက်သည့်အခါ သူကား လမ်းတွင် ပိတ်ရပ်နေသူမှန်သမျှ သတ်ပစ်နိုင်ချေပြီ။

သို့သော် မင်းသားချိုးမင်၏ နောက်လိုက် နတ်ဘုရားနှစ်ပါးကလည်း မခေပေ။ နတ်ဘုရားတစ်ပါးက လပေါ်မှ ကြိုးချခဲ့သည့်အတွက် ချင်မူ သတိပြုမိခဲ့သော နတ်ဘုရားဖြစ်သည်။

ထိုနတ်ဘုရား၏ ငွေကြိုးမှာ လမင်းကြီးဆီမှ အောက်သို့ ချခဲ့တုန်းက မိုင်တစ်သိန်းကျော် ရှည်လျားခဲ့သော်လည်း သူ့အင်္ကျီလက်အိုးထဲတွင် ဆန့်ခဲ့လေသည်။

သူ ယခု သုံးနေသော ‌ငွေကြိုးမှာမူ ကြာပွတ်သဏ္ဍာန် ရှိနေသည်။ ငွေကြာပွတ်က တစ်ချက်တစ်ချက် ရှည်လာပြီး တစ်ချက်တစ်ချက် တိုသွားကာ ကြာပွတ်သိုင်းကွက်မျိုးစုံ ထုတ်လွှတ်နေသည်။ သို့သော် ဤမျှမကသေး။ ကြာပွတ်၏ ခေါင်းက တစ်ချက်တစ်ချက် အစွယ်ထုတ်လျက် မာန်ဖီနေသည့် မြွေခေါင်းဖြစ်သွားတတ်သည်။ တစ်ချက်တစ်ချက် ငွေရောင်လှံအသွင် ပြောင်းကာ ခန့်မှန်းမရသော သိုင်းကွက်များနှင့်အတူ ထိုးနှက်တိုက်ခိုက်တတ်သည်။

နတ်ဘုရားနောက်တစ်ယောက်ကလည်း အတိုင်းထက်အလွန် အင်အားကြီးမားသည့်အတွက် နှစ်ယောက်ပေါင်း၍ ချိမင်နတ်ဘုရားသားတော်ကို တိုက်ခိုက်သည့်အခါ နန်းဆောင်များ တစ်ဆောင်ပြီးတစ်ဆောင် ပြိုကျကုန်၏။

ရွာလူကြီး ရုတ်တရက် ပြောလိုက်သည်။ “သူတို့စွမ်းရည်တွေက အရင်ထက် အများကြီး အားနည်းသွားပြီ... သူတို့သိုင်းအဆင့်တွေလည်း ဟင်းလင်းပြင်ထဲမှာ မှေးမှိန်ကုန်တာ ဖြစ်မယ်... ဒီသင်္ဘောအပေါ်မှာ ပိုပြီး သန်မာအားကောင်းလေလေ၊ ပိုပြီး အားနည်းလေလေနဲ့ တူတယ်”

ချင်မူ ခေါင်းညိတ်လိုက်၏။ ဤအခိုက်အတန့်တွင် သူတို့အားလုံး ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခု၏ ချုပ်နှောင်ခံလိုက်ရသဖြင့် ခေါင်းမွှေးများ ထောင်ကုန်ကြသည်။ သုံးယောက်သား တုပ်တုပ်မလှုပ်ရဲတော့ပေ။

ရွာလူကြီးက အက်ကွဲနေသောအသံဖြင့် အော်လိုက်သည်။ “ရှေးဟောင်းနဂါးမင်း”

ချင်မူ နောက်လှည့်ကြည့်လိုက်ရာတွင် သူတို့ဆီသို့ ဒေါသတကြီး ပြေးဝင်လာသော ရှေးဟောင်းနဂါးမင်းအား မြင်လိုက်ရသည်။ သူတို့ဆီမှ ခြေလှမ်းတစ်ရာအကွာသို့ ရောက်နေပြီဖြစ်ပြီး နတ်ကောင်းကင်ခန်းမအဆင့် ဤနဂါးကြီးကား ပါးစပ်ကြီးဖြဲကာ သူတို့ကို ဝါးမြိုချင်နေသည်။

သို့သော် ချင်မူ လှည့်ကြည့်လိုက်သော အခိုက်အတန့်တွင် ရှေးဟောင်းနဂါးမင်း၏ ရုပ်ခန္ဓာသည် တမုဟုတ်ချင်း ဟင်းလင်းပြင်ထဲ၌ မှေးမှိန်သွားပြီး ခပ်ဝါးဝါးမျှသာ ပေါ်တော့၏။

သူ၏အစွမ်းအစများက အတိုင်းထက်အလွန် မြင့်မားပြီး ဖုန့်ချိုးယွင်အောက် အနည်းငယ်သာ နိမ့်ကျသည်။ ဖုန့်ချိုးယွင်မှာ ပန်းချီထဲ ရောက်နေ၍ ခန္ဓာကိုယ်လည်း မှေးမှိန်နေရာ သဲသဲကွဲကွဲ မတွေ့ရတော့ပေ။ ရှေးဟောင်းနတ်ဘုရားမင်းက သူမထက် အနည်းငယ် သာသော်လည်း သိပ်တော့မကွာ။

ချင်မူ နဂါးအရှိန်အဝါဆီမှ ရုန်းထွက်၍ လှည့်မကြည့်လိုက်လျှင် ရှေးဟောင်းနဂါးမင်းသည် မမြင်ရသောအခြေအနေသို့ ရောက်သွားမည်မဟုတ်သလို၊ ဟင်းလင်းပြင်ထဲ၌လည်း မှေးမှိန်သွားမည်မဟုတ်ပေ။ သို့သော် ချင်မူ့အကြည့်ကြောင့် သူ၏ရုပ်ခန္ဓာနှင့် မူလဝိညာဉ်မှာ လျင်မြန်စွာ မှိန်ကျသွားသောကြောင့် သူ၏သိုင်းစွမ်းအားလည်း အများစုလျော့ကျသွား၏။

ရှေးဟောင်းနဂါးမင်းက ‌ကောင်းကင်ထက်သို့ ကပျာကယာ ပျံတက်သွားသည်။ နောက်တခဏတွင် ချင်မူ့အနောက်၌ ပေါ်လာသော်လည်း ရွာလူကြီးနှင့် နဂါးထိန်းဧကရာဇ်က သူ့ဆီသို့ ကြည့်လိုက်ကြသည်။

“ပါးနပ်တယ်... ဒီတစ်ကြိမ်တော့ မင်းတို့ကို လွှတ်ပေးလိုက်ဦးမယ်”

ရှေးဟောင်းနဂါးမင်း အဝေးသို့ ပျံထွက်သွားသည်။

ကောင်းကင်နတ်ဘုံမှ နတ်ဘုရားနှစ်ပါးနှင့် တိုက်ခိုက်နေသော ချိမင်နတ်ဘုရားသားတော်က မျက်လုံးများ ပိတ်လိုက်သည်။ ရှေးဟောင်းနဂါးမင်း၏ အရိပ်သည် ငွေကြိုးနတ်ဘုရားအနောက်၌ ဘွားခနဲ ပေါ်လာကာ သူ့ကို စုတ်ဖြဲပစ်လိုက်၏။

ချိမင်နတ်ဘုရားသားတော် ‌နောက်ခုန်လိုက်သည့် အခိုက်၌ ကျန်နတ်ဘုရားမှာ ရှေးဟောင်းနဂါးမင်း၏ ကျိုင်းတုတ်ဆီမှ ရိုက်ချက်ကြောင့် အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားတော့သည်။

ချိမင်နတ်ဘုရားသားတော် ရုတ်တရက် ခေါင်းသုံးလုံးစလုံး၏ မျက်လုံးများကို ဖွင့်လိုက်သည့်အချိန်တွင် ရှေးဟောင်းနဂါးမင်းကား သူ့မျက်နှာအရှေ့တည့်တည့်သို့ ရောက်နေပြီဖြစ်၏။ ချိမင်နတ်ဘုရားသားတော်၏ အကြည့်ကြောင့် ရှေးဟောင်းနဂါးမင်း၏ ခန္ဓာကိုယ်မှာ တမုဟုတ်ချင်း မှေးမှိန်သွားတော့သည်။

ချိမင်နတ်ဘုရားသားတော်က ရဲရင့်စွာ ရိုက်ထုတ်လိုက်သည်။ ဒဏ်ရာအပြင်းအထန် ရထားသော ရှေးဟောင်းနဂါးမင်းမှာ သွေးအန်လိုက်ရပြီး သိုင်းကွက်အနည်းငယ် ထုတ်လွှတ်ပြီးနောက် ထွက်ပြေးသွားတော့သည်။

ချိမင်နတ်ဘုရားသားတော် သူ့နောက် လိုက်မသွားဘဲ လှမ်းအော်လိုက်သည်။ “ရှေးဟောင်းနဂါးမင်း၊ ခေါင်းမာမနေနဲ့... ခင်ဗျား နောက်တစ်ကြိမ်ကျ ခံမှာမဟုတ်တော့ဘူး.... ကျုပ်သာ ခင်ဗျားဆို တစ်နေရာမှာ ပုန်းနေပြီး ငြိမ်ငြိမ်လေး စောင့်နေမှာ... အဲဒါမှ အသက်ရှင်လိမ့်မယ်”

သူက ချင်မူ၊ ရွာလူကြီးနှင့် နဂါးထိန်းဧကရာဇ်ဆီသို့ လှည့်ကြည့်ကာ လမ်းလျှောက်လာသည်။

ရွာလူကြီးက ရွှင်ပျော်ပျော်ဓားကို တင်းတင်းဆုပ်၍ သူ၏ခြေလှမ်းများအား ကြည့်လိုက်၏။ “ချိမင်နတ်ဘုရားသားတော်၊ မင်း ဟင်းလင်းပြင်ထဲ မပျောက်ကွယ်သွားချင်ရင် တစ်ယောက်ပဲ ရှိတဲ့ ဟော့ဒီလောကသခင်ခန္ဓာ ဒီသင်္ဘောရဲ့ ပြဿနာကို ဖြေရှင်းနိုင်အောင် အားကိုးဖို့ နည်းလမ်းပဲ ရှိတယ်.... မင်း ငါတို့ကို သတ်ရင် မင်းပြည်သူတွေဆီ ဘယ်တော့မှ ပြန်နိုင်မှာမဟုတ်ဘူး”

ချိမင်နတ်ဘုရားသားတော်သည် ရပ်၍ ချင်မူ့ဆီ ကြည့်၏။ သူက တိုးညှင်းသော အသံဖြင့် ပြောသည်။ “ငါက လောကသခင်ခန္ဓာရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ ပါရမီကို အမြဲ လေးစားနေခဲ့တာပါ... ဒါပေမဲ့ လောကသခင်ခန္ဓာဆိုတဲ့ နာမည်လေးတစ်ခုအတွက် ငါ့အခွင့်အရေးကို လက်လျှော့လိုက်ဖို့က ကလေးကလား ကစားနေတယ် မှတ်နေလား... လောကသခင်ခန္ဓာချင်၊ ငါ လက်လျှော့ပေးရလောက်အောင် မင်းမှာ ဘယ်လိုအစွမ်းအစတွေ ရှိလဲ”

“နတ်ဘုရားသားတော်၊ လောင်းနိုင်ပါတယ်”

ချင်မူက ပြောလိုက်သည်။ “ကျွန်တော် ဒီသင်္ဘောရဲ့ပြဿနာကို ဖြေရှင်းနိုင်သွားပြီး ခင်ဗျား အသက်ရှင်ရက် ပြန်နိုင်မယ်လို့ လောင်းမလား... ကျွန်တော့်ကို သတ်ပြီး ဒီသင်္ဘောအပေါ်က မပြောင်းလဲတဲ့ ကိန်းသေ သုံးဆယ့်ခြောက်ယောက်ထဲက တစ်ယောက် ဖြစ်လာမယ်လို့ လောင်းမလား”

ချိမင်နတ်ဘုရားသားတော် တိတ်ဆိတ်သွားသည်။ တခဏကြာသော် သူက မေးသည်။ “ချိဧကရာဇ်က မင့်ကိုယ်ထဲမှာလား”

ချင်မူ ခေါင်းညိတ်ပြီး ပြောလိုက်၏။ “လောလောဆယ်တော့ အသိစိတ်အလျဉ်ပဲ ရှိတယ်... နာမ်နဲ့ရုပ် မရှိဘူး”

ချိမင်နတ်ဘုရားသားတော်က မျက်လုံးပိတ်၍ အချိန်အတော်လေး ကြာသည့်အခါ ပြန်ဖွင့်လိုက်သည်။ သူ၏သတ်ဖြတ်လိုစိတ်က လျော့နည်းသွားပြီး ဉာဏ်အလင်းပွင့်သွားသည့်အလား ပြုံးလျက် ပြော၏။ “အခုတစ်ကြိမ်ပြီးလို့ ‌နောက်တစ်ကြိမ် ပြန်စတင်ရင် ငါ့စွမ်းရည်တွေ ကြောက်ခမန်းလိလိ လျော့ကျသွားပြီး ဟင်းလင်းပြင်ထဲမှာ မှေးမှိန်သွားလိမ့်မယ်... ငါ မှေးမှိန်ပျောက်ကွယ်သွားရင် မင်းတို့ကိုယ်မင်းတို့ အားကိုးပါ”

ရွာလူကြီး အလေးအနက် ပြောလိုက်သည်။ “ကျေးဇူးအများကြီး တင်ပါတယ်”

ချိမင်နတ်ဘုရားသားတော်က ပြောသည်။ “အန္တရာယ်က ငါတို့အသုတ်မှာ သင်္ဘောအပေါ် တက်လာတဲ့သူတွေပဲ မဟုတ်ဘူး... နှစ်အမျိုးမျိုးကနေ သင်္ဘောအပေါ် တက်လာတဲ့သူတွေလည်း ရှိတယ်... ဟင်းလင်းပြင်ထဲမှာ သုံးဆယ့်ခြောက်ယောက် ကိန်းသေအဖြစ်နဲ့ ကျန်ခဲ့ပေမယ်ဆိုပေမယ့် သုံးဆယ်ခြောက်ယောက်လုံး မသေဘူးလို့ ပြောမရဘူး... ငါတို့ သင်္ဘောအပေါ် တက်လာတုန်းက ကိန်းသေလူတွေကို မမြင်ခဲ့ရတော့ သူတို့လည်း သေသွားလောက်ပြီဖြစ်မယ်”

ရွာလူကြီးက တင်းမာခက်ထန်စွာ ပြောလိုက်၏။ “အဲဒီမီးအိမ်က ဂြိုဟ်ဆိုးပဲ”

ချိမင်နတ်ဘုရားသားတော်က ထွက်ခွာရန် လှည့်လိုက်ပြီး ပြောသည်။ “နောက်တစ်ကြိမ် ပြန်စရင် ရှေး‌ဟောင်းနဂါးမင်း သေချာပေါက် ဟင်းလင်းပြင်ထဲ ပျောက်ကွယ်သွားလိမ့်မယ်... ဒါပေမဲ့ ရှေးဟောင်းနဂါးမင်း လက်အောက်က နတ်ဘုရားတစ်ပိုင်းတွေနဲ့ လော့ဝူရွှမ်အပြင် မတူညီတဲ့ အချိန်အပိုင်းအခြားမှာ သင်္ဘော‌ပေါ် တက်လာခဲ့တဲ့ တခြားသူတွေလည်း ရှိတယ်... ငါ သူတို့ကို သွားရှင်းသင့်ပြီ”

ရွာလူကြီး သူ ထွက်သွားသည်ကို ကြည့်နေမိသည်။

များစွာမကြာလိုက်ဘဲ အလင်းရောင်ထပ်မံ ထွက်‌ပေါ်လာကာ သင်္ဘောအား လွှမ်းခြုံသွားသည်။ အလင်းရောင် လွင့်ပျယ်သွားသည့်အချိန်တွင် ချင်မူ ရွာလူကြီးဆီသို့ ကပျာကယာ ကြည့်လိုက်ရာ ရွာလူကြီးသည် ပို၍ပင် မှေးမှိန်သွား၏။

ရွာလူကြီးက ပြောသည်။ “အခု ချိမင်နတ်ဘုရားသားတော် ငါတို့ကို မကာကွယ်နိုင်တော့ဘူး... ငါတို့ ကိုယ့်ဘာသာကိုယ်ပဲ အားကိုးရတော့မယ်”

ဤအချိန်တွင် ကောင်းကင်နတ်မြစ်၏ အပြင်၌ ကမ္ဘာဦးဘုံကို လွှမ်းခြုံလျက် အကိုင်းအခက်များ ဝေဆာစိမ်းစိုနေသည့် ကမ္ဘာဦးသစ်ပင်ကြီးတစ်ပင်အား လှမ်းမြင်လိုက်ရသည်။

ချုံဧကရာဇ်ခေတ်၏ နတ်ဘုရားများသည် ဤသင်္ဘောကို ရှာတွေ့သွားကြ၍ ကောင်းကင်နတ်သိုင်းများ ထုတ်လွှတ်ရင််း သင်္ဘောကို ချုပ်ကာ ကုန်းပတ်အပေါ် တက်လာကြသည်။ ထိုလူများသည် နတ်ဘုရားတစ်ပိုင်းများ ဖြစ်ကြပြီး မြောက်ချုံဧကရာဇ်ကောင်းကင်နတ်ဘုံ၏ အဆင့်မြင့်သိုင်းပညာရှင်များ ဖြစ်ကြ၏။

နတ်ဘုရားတစ်ပိုင်းများစွာ ရှိပြီး အရပ်လေးမျက်နှာတွင် ဝိုင်းအုံနေကြသည်။

“လူသားတွေနဲ့ နဂါးတစ်ကောင် ရှိနေတယ်” နတ်ဘုရားတစ်ပိုင်းတစ်ယောက်က သူတို့ကို ရှာတွေ့သွား၍ ပြေးလာသည်။

ရွာလူကြီးက ပြုံးလျက် သူ့လက်ထဲရှိ ဓားကို ကြည့်လိုက်သည်။ “ဒီဓားက သိပ်‌ကောင်းတဲ့ ဓားပဲ... မူအာ၊ ဒီဓားပေါ်မှာ ရွှင်ပျော်ပျော်လို့ ရေးထားတယ်.. ဓားနာမည်က ရွှင်ပျော်ပျော်ဓားလား”

ချင်မူ ခေါင်းညိတ်၍ အလေးအနက် ပြောလိုက်၏။ “ဟုတ်တယ်ဘိုးဘိုး... ဒီဓားက ခိုင်ဧကရာဇ်ရဲ့ ဓား”

ရွာလူကြီး မှင်သက်သွားပြီးနော် အပြုံးတစ်ခုဖြင့် ပြောသည်။ “ခိုင်ဧကရာဇ်ရဲ့ဓားလား.... ငါ သူ့ကို အလေးစားဆုံးပဲ... ငါ ငယ်ငယ်တုန်းက သိုင်းလောကမှာ လျှောက်သွားပြီး ရှေးဟောင်းမြို့ပျက်တွေ အများကြီး တွေ့ခဲ့တယ်... တစ်ခေတ်တစ်ခါက ခမ်းနားထည်ဝါခဲ့တဲ့ အဆောက်အဦတွေ၊ နတ်ဘုရားရုပ်တုတွေကိုလည်း မြင်ခဲ့ရတယ်... အဲဒါနဲ့ ငါလည်း တွေးမိခဲ့တယ်.... အိပ်မက်လေးတစ်ခုအတွက် အသက်တောင် ပေးဝံ့တဲ့ ဒီလို သူရဲကောင်းတွေရဲ့ သစ္စာ‌စောင့်သိမှုကို ရရှိထားတဲ့ ခိုင်ဧကရာဇ်က ဘယ်လောင်ရဲရင့်လိုက်မလဲလို့ပေါ့... အဲဒါကြောင့်ပဲ ငါ့ဒုတိယဓားကွက်က ခိုင်ဧကရာဇ်ရဲ့ဓား ဖြစ်ခဲ့တာ... သူ့ဓားကို ကိုင်ခွင့်ရတာ အင်မတန် ကံကောင်းတာပဲ”

သူက ဓားကို ဆွဲလျက် ရန်သူများဘက်သို့ ထွက်သွားသည်။ ဓားရောင်ကား သမုဒ္ဒရာတစ်စင်း စီးဖြာသွားသကဲ့သို့ ပျံ့နှံ့သွားပြီး ရေပြင်ထက်သို့ လရောင် ဖြာကျလာသဖြင့် ငွေရောင်တံလျှပ်များ တောက်ပနေသည့်အလား လင်းလက်နေတော့သည်။

ရွာလူကြီးသည် ရဲစွမ်းသတ္တိအပြည့် ရှိနေပြီး တော်ဝင်မြင်းများ ဆွဲနေသော ရတနာရထားလုံးကို စီးနင်းလျက် ပင်လယ်ကို ဖြတ်သွားရင်း ပင်လယ်လေးစင်း၏ ပုန်ကန်မှုကို နှိမ်နင်းတော့အလား ထင်ရသည်။

ဓားပန်းချီ၏ ဒုတိယဓားကွက်၊ ခိုင်ဧကရာဇ်၏ဓား

“မှောင်မိုက်နေတဲ့ ညတာ၊ အရှေ့အရပ်ဆီက လေတိုက်တဲ့အခါ... တစ်ထောင်သောသစ်ပင်၊ ပွင့်လန်းလာတဲ့ ပန်းတွေ”

သူ၏ဓားရောင်သည် ဖြာထွက်သွားပြီး သူက ခိုင်ဧကရာဇ် ပုန်ကန်မှုများ နှိမ်နင်းနေသော မြင်ကွင်းကို မြင်ယောင်နေသည်။ ဧကရာဇ်သည် ရန်သူများနှင့် တွေ့လိုက်ရ၍ ရထားလုံးအပေါ်မှ ခုန်ဆင်း၍ အရပ်လေးမျက်နှာသို့ ဓားဝှေ့ယမ်းလိုက်သယောင် ထင်ရ၏။

“ကြယ်မိုးတွေလည်း လေနဲ့အတူ တဖျောက်ဖျောက် ရွာကျလာသလို... တော်ဝင်မြင်းတွေ စီး၊ ရတနာရထားလုံးကို နင်းလို့ ခြေရာတွေ ချန်ခဲ့တယ်... ဖုန့်ဟွမ်တို့ရဲ့ တေးသီသံ... အချိန်အလှည့်အပြောင်းကို စောင့်ကြည့်ရင်း... ညမီးအိမ်တွေနဲ့အတူ ငါး၊ နဂါးတွေ ကခုန်တယ်”

ဓားရောင်က ငါးကြေးခွံများနှင့် တူ၍ ဓားပင်လယ်ထဲတွင် ငါးများ၊ နဂါးများ ကူးခတ်သွားလာနေသကဲ့သို့ လှပနေသည်။

ချင်မူလည်း ဤဓားကွက်ကို ရွာလူကြီးဆီမှ သင်ခဲ့ဖူးသည်။ သို့သော် ရွာလူကြီး၏ စိတ်ခံစားချက်နှင့် သူ၏ စိတ်ခံစားချက်က မတူခဲ့ပေ။

သို့ရာတွင် အတိတ်ရွာလူကြီးနှင့် ယခုရွာလူကြီးမှ ဖော်ကျူးနေသော စိတ်ခံစားချက်သည်လည်း ကွဲပြားနေ၏။

အတိတ်တုန်းက ရွာလူကြီး ဤဓားကွက်ကို ထုတ်လွှတ်လျှင် ‘တောင်တန်းနဲ့ မြစ်ပြင်တွေက တည်ရှိနေဆဲ၊ နှလုံးသားရင်ခွင်က အပြန့်ကျယ်တယ်… ဘေးဘီကို အကြည့်အရောက်မှာ ဇာတိမြေဟာ ရိုးရာဝတ်စုံကို မဆင်မြန်းတော့…’ ဖြစ်ခဲ့၏။ ဇာတိမွေးရပ်မြေ၊ အာဇာနည်များကို လွမ်းဆွတ်လျက် အထီးကျန်သော ခံစားချက်ကို ဖော်ကျူးခဲ့သည်။ ဝမ်းနည်းနေသော သူရဲကောင်းတစ်ယောက်၏ စိတ်ခံစားချက် ဖြစ်ခဲ့လေသည်။

ယခုတွင် ရွာလူကြီး၏ ဓားကွက်တွင် အရပ်လေးမျက်နှာမှ ပုန်ကန်မှုများကို နှိမ်နင်းနေသော လူငယ်ဧကရာဇ်တစ်ယောက်၏ ယုံကြည်ချက်များ အရိုင်းဆန်နေသည့် ခံစားချက် ကိန်းဝပ်နေသည်။ လူငယ်သူရဲကောင်းတစ်ယောက်၏ စိတ်အားတရှိန်ရှိန် တက်ကြွနေမှုကို ထုတ်ဖော်ပြသနေ၏။

စိတ်အခြေအနေ မတူညီလျှင် အတွေ့အကြုံလည်း ကွဲပြားသွားကာ ဓားတာအိုသည်လည်း ခြားနားသွားလိမ့်မည်။

ရွာလူကြီးသည် တစ်ခါသေခဲ့ဖူး၏။ အသက်ပြန်ရှင်လာသော ရွာလူကြီးက လူငယ်ဘဝသို့ ပြန်ရောက်သွားသလို ထင်ရသည်။ သူ့တွင် အကောင်းဆုံး ကြိုးစားလိုသည့် လူငယ်တစ်ယောက်၏ နှလုံးသား ရှိနေပြီး သူ၏ဓားတာအိုသည် အတိတ်တုန်းက ပူဆွေးဝမ်းနည်းမှုများကို ဖယ်ရှားပစ်လိုက်၏။ လူငယ်တစ်ယောက်၏ တုံးတိုက်တိုက် ကျားကိုက်ကိုက် တိုက်ခိုက်ရဲသော အားမာန်တို့နှင့်အတူ သူရဲကောင်းတစ်ယောက်၏ ရဲဝံ့သော သတ္တိတို့ အစားထိုးဝင်ရောက်လာခဲ့သည်။

မြောက်ချုံဧကရာဇ် ကောင်းကင်ဘုံ၏ နတ်ဘုရားတစ်ပါးများမှာ ဓားရောင်အောက်တွင် အတုံးအရုန်း သေဆုံးကုန်ကြသည်။ ရွာလူကြီးသည် တော်ဝင်မြင်းများ ဆွဲနေသည့် ရတနာရထားလုံးအပေါ်၌ ရပ်နေသော လူငယ်ဧကရာဇ်တစ်ပါးပမာ ကျူးကျော်လာသည့် အဆင့်သိုင်းပညာရှင်များအား ခုတ်ဖြတ်နေ၏။

သူ၏ဓားတာအိုက အဆက်မပြတ် ပြောင်းလဲနေပြီး ထက်သထက် ထက်လာသည်။ လျင်သထက် လျင်လာသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၊ ပြုပြင်ပြောင်းလဲနေသည့် ခေတ်အတိုင်း စီးမျောနေသယောင် ခံစားရသည်။

သူကား ဤခေတ်၏ အ‌ရှေ့မှ ဦး‌ဆောင်လျှောက်နေသည့် လူတစ်ယောက်ပမာပင်။

“ခမ်းနားလိုက်တဲ့ ဓားသိုင်း... လောကသခင်ခန္ဓာချင်ကို သင်ပေးခဲ့တဲ့ အဆင့်မြင့်သိုင်းပညာရှင်ဆိုတဲ့အတိုင်းပဲ”

အဝေးမှ ခပ်ဩဩအသံတစ်သံ ထွက်လာပြီး ဓားမရောင်က လမ်းရှင်းလိုက်သည်။ လော့ဝူရွှမ်သည် လှိုင်းဂယက်များကို ခွဲ၍ မြောက်ချုံဧကရာဇ်၏ နတ်ဘုရားတစ်ပိုင်းများအား သတ်ဖြတ်ရင်း ဓားပင်လယ်တစ်လျှောက် ထိုးခွင်းလာ၏။

လက်တစ်ဖက်ပြတ် ကောင်းကင်ဓားမလော့ဝူရွှမ်တွင် ရှိန်လောက်ဖွယ်ရာ အင်အားရှိသည်။ သူက ဓားပန်းချီကို ထိုးဖောက်၍ လူငယ်ဧကရာဇ်ဆီသို့ ပိုင်းချလိုက်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဓားနတ်ဘုရား၊ လောကသခင်ခန္ဓာရဲ့ ဓားကွက်က မင်းဆီက လာတာ... မင်းကို အရင်သတ်ပြီးမှ သူ့ကို သတ်မယ်”

သူသည် ဟင်းလင်းပြင်ထဲမှ ဆိုးဆိုးရွားရွား မှေးမှိန်နေပြီဖြစ်သော်လည်း ပြင်ပကောင်းကင်နတ်ဘုံ၏ နံပါတ်တစ် ကောင်းကင်ဓားမ မဟုတ်ပါ၏လော။ သူ၏အစွမ်းအစများက ကြောက်စရာကောင်းသေးလေသည်။ သူက ဓားမဖြင့် လမ်းစဉ်သို့ တက်ရောက်ခဲ့ပြီး ဓားမသိုင်းတွင် အံ့အားသင့်ဖွယ်ရာ အောင်မြင်ခဲ့၏။

ပြင်ပကောင်းကင်နတ်ဘုံ၏ နံပါတ်တစ်ကောင်းကင်ဓားမနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ဓားနတ်ဘုရား... နှစ်ယောက်စလုံး တာအိုအဆင့်သိုင်းကွက်များ ထုတ်လွှတ်နေကြပြီး ဓားမိုး၊ ဓားမမိုးများအတွင်း ရပ်နေသော ချင်မူနှင့် နဂါးထိန်းဧကရာဇ်မှာ မှင်သက်နေကြတော့သည်။

ထိုအချိန်တွင် ဤအဆင့်မြင့်ပညာရှင်နှစ်ယောက်၏ ဓားကွက်များနှင့် ဓားမကွက်များအတွင်း ပြေးဝင်လာမိသည့် နတ်ဘုရားတစ်ပိုင်းများလည်း မရှုမလှ သေဆုံးကုန်ကြသည်။ တာအိုအဆင့်သိုင်းကွက်များအား သူတို့ မခုခံနိုင်ကြပေ။

ရုတ်တရက် အလင်းရောင် ဖြာထွက်လာပြီး တစ္ဆေသင်္ဘောကား အချိန်နှင့်နေရာကို ပြစနေချေပြီ။

လော့ဝူရွှမ် ညည်းတွားသွားပြီး ထွက်သွားသည်။ ဤတစ်ကြိမ် ပြန်စတင်မှုတွင် သူ့အခြေအနေက ပို၍ပင် ဆိုးဝါးသွားခဲ့သည့်အတွက် ရန်သူများကို ရှောင်ရန် လုံခြုံသည့်နေရာ ရှာရလိမ့်မည်။

ရွာလူကြီးက ဓားကို ပြန်ရုတ်ပြီး ရွှင်ပျော်ပျော်ဓားကို ငုံ့ကြည့်ကာ ချီးကျူးနေသည်။ “ခမ်းနားလိုက်တဲ့ ဓား... လော့ဝူရွှမ်ကလည်း ကောင်းကင်ဓားမဘွဲ့နဲ့ ထိုက်တန်တယ်... သားသတ်သမားကို သူ့ကို မှီချင်ရင် အတော်လေး လိုသေးတယ်”

ချင်မူ ရွာလူကြီး၏ ခန္ဓာကိုယ်ကို ကြည့်လိုက်သည့်အခါ သူ၏ရုပ်ခန္ဓာနှင့် မူလဝိညာဉ်မှာ ဆိုးဆိုးဝါးဝါး မှေးမှိန်နေပြီဖြစ်ကြောင်း မြင်လိုက်ရသည်။ နဂါးထိန်းဧကရာဇ်လည်း တဖြည်းဖြည်း မှေးမှိန်လာသည်။

သူတို့သုံးယောက်သား အချိန်နှင့်ပြန်စတင်မှုကို နောက်ထပ်နှစ်ကြိမ် ကျော်ဖြတ်ခဲ့ရပြီး သင်္ဘောပေါ်တက်လာသော နောက်နှစ်သုတ်ကိုလည်း ရင်ဆိုင်ခဲ့ရ၏။ ရွာလူကြီး၏ အခြေအနေမှာ ဆိုးဝါးလွန်း၍ ရွှင်ပျော်ပျော်ဓားကို မကိုင်နိုင်တော့ပေ။

“မူအာ၊ နောက်တစ်ကြိမ် စတော့မယ်... ငါလည်း ပျောက်ကွယ်ခါနီးနေပြီ”

သုံးယောက်စလုံး နန်းဆောင်၏ ခေါင်ရိုးအပေါ်တွင် ထိုင်၍ အရှေ့အရပ်မှ နေထွက်လာသည်ကို ကြည့်နေကြသည်။ “ဒါပေမဲ့ မပူနဲ့... ငါ ပျောက်ကွယ်သွားရင်တောင် မင်းဘေးမှာပဲ ရှိနေမယ်... ဘယ်ကိုမှ မသွားဘူး”

ချင်မူ အသာအယာ ခေါင်းညိတ်လိုက်သည်။ “ကျွန်တော် သိပါတယ်”

“နဂါးထိန်းဧကရာဇ်၊ အခု တာဝန်က မင်းဆီ ရောက်သွားပြီ... မင်း သခင်ကို စောင့်ရှောက်ပါ”

အလင်းရောင်က နောက်တစ်ကြိမ် ထွက်ပေါ်လာကာ သူတို့ကို လွှမ်းခြုံသွား၏။ အလင်းရောင်ပျောက်ကွယ်သွားသည့်အခါ ချင်မူနှင့် နဂါးထိန်းဧကရာဇ်သာ ကျန်ခဲ့သည်။

‘ဘိုးဘိုး ကျွန်တော့်ဘေးမှာ ရှိနေသေးမှန်း ကျွန်တော် သိပါတယ်’

ချင်မူ ထရပ်၍ ကောင်းကင်နတ်မြစ်အပြင်ရှိ မရင်းနှီးသောကမ္ဘာအား ကြည့်လိုက်သည်။ ‘ကျွန်‌တော် သေချာပေါက် အဖြေရှာပြီး ဘိုးဘိုးကို ပြန်ခေါ်ပေးမယ်... ဘိုးဘိုးက ကျွန်တော့်ရဲ့ ဘိုးဘိုးရွာလူကြီး၊ ဘယ်သူမှ ဘိုးဘိုးကို ကျွန်တော့်ဆီက မယူသွားရဘူး”

All Chapters