မင်းသားတစ်ပါး၏ နတ်ရွာစံခြင်း
Vol. 62 Ch. 818
“မပြောင်းလဲတဲ့ ကိန်းသေတစ်ယောက်ကို သတ်ခဲ့တယ် ဟုတ်လား” ကျဲ့ဟွလီ၏ သူငယ်အိမ်များ ကျုံ့သွားပြီး သူ့ကျောနောက်ရှိ မိစ္ဆာဓားမကလည်း မျက်လုံးဖွင့်ကာ မင်းသားချိုးမင်ဆီသို့ စိုက်ကြည့်သည်။
မီးအိမ်ထဲရှိ ငလက်မလေးက မပြောင်းလဲသော ကိန်းသေများ၏ လျှို့ဝှက်ချက်အကြောင်း သူတို့ကို ပြောပြခဲ့ကာ သင်္ဘောပေါ်ရှိ သိုင်းပညာရှင်များအကြား သွေးထိုးလှုံ့ဆော်ခဲ့သည်။ ကျဲ့ဟွလီလည်း မပြောင်းလဲသော ကိန်းသေများကို သတ်၍ရလောက်သည်ဟု သံသယဝင်ခဲ့ဖူးသည်။
မင်းသားချိုးမင်က သူတို့နှင့်အတူ လိုက်ပါစီးနင်းလာသည့် လူများကို အမှန်တကယ် သတ်ဖြတ်ခဲ့ရုံသာမက မပြောင်းလဲသော ကိန်းသေတစ်ယောက်ကိုပင် သတ်နိုင်ခဲ့မည်ဟု သူ မထင်ထားခဲ့ပေ။
မင်းသားချိုးမင်သည် အေးအေးလူလူ ပြောနေ၏။ “မပြောင်းလဲကိန်းသေတွေကို သတ်ပစ်လိုက်ရင် ငါတို့အပေါ် သက်ရောက်မှုရှိမလား သိချင်တာနဲ့ သတ်ကြည့်ခဲ့တာ... သူတို့ထဲက တစ်ယောက် သေသွားရင် ငါတို့ထဲက တစ်ယောက် အသက်ရှင်နိုင်တာမျိုးပေါ့... ဒါပေမဲ့ ငါက မှေးမှိန်ရတော့မယ့် အခြေအနေနဲ့ နီးကပ်နေပြီ... စောစောကတစ်ခေါက် ပြန်စတင်လိုက်တုန်းက ငါ့စွမ်းအားတချို့ လျော့ကျသွားတယ်... ငါ မပျောက်ကွယ်ခင် ဒီသဘောတရားကို မစမ်းကြည့်နိုင်မှာ စိုးမိတယ်”
ကျဲ့ဟွလီ ရင်ထဲတွင် လေးလံသွားသည်။
သူက ယခုထက်ထိ မမှေးမှိန်သေးသည့်အတွက် တစ္ဆေသင်္ဘောသည် မင်းသားချိုးမင်၏ခွန်းအား သူ့ထက် သာလွန်ကြောင်း သတ်မှတ်ထားသည်ဟု ဆိုလို၏။ မင်းသားချိုးမင်က သူ့ထက် သန်မာအားကောင်း၍သာ သူ့ထက်အလျင် အားယုတ်စပြုလာခြင်း ဖြစ်ပေသည်။
“ငါ အခြားသူတွေရဲ့ လက်ချက်နဲ့ သေရမှာစိုးလို့ ငါ့သိုင်းအခြေခံကို မဖျက်စီးရဲခဲ့ဘူး... ဒါကြောင့် ကျန်တဲ့ကိစ္စတွေကို ဘေးဖယ်ပြီး မင်းတို့နှစ်ယောက်ဆီ လာရှာတာ”
မင်းသားချိုးမင်သည် အပြုံးတစ်ခုဖြင့် ပြော၏။ “ငါ အောက်ဘုံဆီ ဆင်းလာတဲ့ အကြောင်းရင်းက လောကသခင်ခန္ဓာချင်နဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်နေတဲ့သူတွေကို သတ်ဖို့.... အန္တရာယ်ကို အစပျိုးနေတဲ့အဆင့်မှာပဲ ရှင်းပစ်ဖို့.... ကျဲ့ဟွလီ၊ မင်းက ကောင်းကင်နတ်ဘုံရဲ့ ဝိညာဉ်အစောင့်တပ်သားတစ်ယောက်ပါ... ငါက ကောင်းကင်နတ်ဘုံရဲ့ မင်းသားတစ်ယောက်... မင်းက ငါ့လက်အောက်ငယ်သားဆိုတော့ မင်း ဘာလုပ်သင့်လဲ သိပါတယ်... လောကသခင်ခန္ဓာချင်ကို သတ်ပြီးရင် ငါ့ရဲ့သိုင်းအခြေခံကို ငါ့ဘာသာငါ ဖျက်စီးပစ်မယ်... မင်းကတော့ ဟင်းလင်းပြင်ထဲမှာ ပျောက်ကွယ်သွားရလိမ့်မယ်... ငါ တစ်ယောက်ပဲ ရှင်ကျန်ခဲ့ပြီး ဒီသင်္ဘောရဲ့ပဟေဠိကို ဖြေမယ်... ဒါဆို မင်းလည်း ပြန်ရှင်လာနိုင်မယ့် အခွင့်အရေးရှိပါတယ်”
ကျဲ့ဟွလီက တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် ခေါင်းခါလိုက်သည်။ “ငါ မင်းကို မယုံဘူး... ငါ့ဓားမကိုပဲ ယုံတယ်”
သူက ခေါင်းမော့၍ မင်းသားချိုးမင်ဆီသို့ ကြည့်သည်။ “ငါက ငါ့လမ်းငါ လျှောက်တယ်... ငါ့ဘာသာငါ ကျင့်ကြံတယ်.... ငါ့အသက်ကို ငါ့မိဘတွေ ပေးထားတာ၊ မင်းသား ပေးထားတာမဟုတ်ဘူး... ငါက ဝိညာဉ်အစောင့်တပ်သားတစ်ယောက် ဖြစ်ပေမယ့် မင်း ခိုင်းတာ လုပ်ရမယ့် ကျွန်မဟုတ်ဘူး... ငါ့မိဘပေးထားတဲ့ အသက်ကို ငါ့လက်ထဲမှာ ဆုပ်ကိုင်ထားဖို့ လိုတယ်... တခြားတစ်ယောက်ဆီ မပေးနိုင်ဘူး”
မင်းသားချိုးမင် မျက်မှောင်အနည်းငယ် ကြုတ်ပြီး ပြောသည်။ “ငါ့နည်းလမ်းက ရှင်းတယ်... မပြောင်းလဲတဲ့ ကိန်းသေအားလုံး သတ်ပစ်ဖို့ပဲ... ငါ တစ်ယောက်ပဲ ကျန်ရင် ငါ့ကိုယ်ငါ သတ်ပစ်မယ်”
ကျဲ့ဟွလီ သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။
မင်းသားချိုးမင်က ဆက်ပြောသည်။ “ဒီသင်္ဘောမှာ မပြောင်းလဲတဲ့ကိန်းသေတွေ မရှိတော့ရင် ကောင်းကင်နတ်သိုင်းရဲ့ တည်ငြိမ်မှုက အနိမ့်ဆုံးအမှတ်အထိ ကျဆင်းသွားပြီး ကောင်းကင်နတ်သိုင်း ပြိုကွဲသွားလိမ့်မယ်... ကောင်းကင်နတ်သိုင်း ပြိုကွဲသွားတာနဲ့ ငါတို့အားလုံး ငါတို့နှစ်ကို ပြန်ရောက်သွားမယ်... တစ်ယောက်မှ သေစရာမလိုဘူး... မပူနဲ့၊ ကျန်တဲ့ သုံးဆယ့်ငါးနှစ်က အဆင့်မြင့်သိုင်းပညာရှင်တွေကို သတ်ပစ်ဖို့ ငါ ယုံကြည်ချက်ရှိတယ်”
“မင်းက လော့ဝူရွှမ်နဲ့ ဖုရွေ့လော်ဆီက သင်ယူပြီး ဓားမတာအိုအဆင့်ကို ဝင်ရောက်ခဲ့တယ်.... ဒါပေမဲ့ မင်း သင်ယူခဲ့တာ အားလုံးက မှန်ကန်တဲ့နည်းလမ်းတွေ မဟုတ်ဘူး”
ကျဲ့ဟွလီ မျက်မှောင်ကြုတ်သွား၏။
မင်းသားချိုးမင်က ပြောသည်။ “ငါက ကောင်းကင်နတ်ဘုံရဲ့ ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်တွေကို သင်ယူခဲ့ရတာ.... ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်ဆရာသခင်တွေကိုယ်တိုင် ငါတို့ကို သင်ပေးခဲ့တာပဲ.. လူအတော်များများက တော်ဝင်မိသားစုရဲ့ မျိုးဆက်တွေဟာ မိဘအရှိန်အဝါနဲ့ ကောင်းစားနေတဲ့သူတွေလို့ မြင်ကြတယ်... အဲဒါ မှားတယ်ကွ... တော်ဝင်မိသားစုထဲမှာ မင်းညီမင်းသားတစ်ပုံကြီး ရှိတယ်... ပြိုင်ဘက်တွေကြားမှာ ထင်ပေါ်ချင်ရင် သူများတကာထက် အများကြီးကြိုးစားအားထုတ်ဖို့ လိုတယ်... မဟုတ်ရင် မင်းသားတစ်ယောက်ဟာ အမွေးအတောင်မရှိတဲ့ ဇာမဏီတစ်ကောင်ထက် မပိုဘူး.. ကြက်နဂါးမဟုတ်ရုံတမယ်ပဲ ရှိလိမ့်မယ်... ဒါ့အပြင် တော်ဝင်မိသားစုထဲမှာ တစ်ယောက်နဲ့တစ်ယောက် ချောက်ချမှုတွေ ရှိတယ်... နည်းလမ်းပေါင်းစုံနဲ့ အချင်းချင်း လုပ်ကြံကြတာမလို့ ငါ့ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ အန္တရာယ်တွေက မင်း ကြုံတွေ့ခဲ့ရတာတာတွေအောက် မလျော့ဘူး”
ကျဲ့ဟွလီ လေးစားသွားသဖြင့် အလေးအနက် ပြောလိုက်သည်။ “မင်းသား အရေးပါတဲ့တာဝန် အပေးခံခဲ့ရတာကြည့်ရင် ကျန်တဲ့မင်းသားတွေကို သတ်ဖြတ်ခဲ့ရတယ်ဖြစ်မယ်”
မင်းသားချိုးမင်က အပြုံးလိုက်ပြီး မေး၏။ “ကျဲ့ဟွလီ၊ မင်း ငါ့နောက်လိုက် လုပ်မလား”
“မလုပ်ဘူး”
ကျဲ့ဟွလီက အနိမ့်အမြင့်မရှိသော အသံဖြင့် ဖြေသည်။ “ငါ မင်းကို လေးစားပေမယ့် မင်းကိုတော့ သစ္စာခံမှာ မဟုတ်ဘူး.... ငါ မင်းကို မယုံဘူး... ငါ့ဓားမကိုပဲ ယုံတယ်... ငါ့ဓားမအပေါ်ပဲ သစ္စာရှိမယ်”
“အာဏာလေးနည်းနည်း ရသွားတာနဲ့ မင်းတို့လိုကောင်တွေက ဘာလို့ အမြဲ သွေးနားထင် ရောက်သွားတာလဲ”
မင်းသားချိုးမင်းက သက်ပြင်းချသည်။ “မင်းတို့လိုကောင်တွေကို ငါ အမြင်ကပ်ဆုံးပဲ.... နည်းနည်းလောက် စွမ်းဆောင်နိုင်တာနဲ့ ဘဝင်လေဟပ်နေကြတယ်... မင်းကိုယ်မင်း ဟုတ်လှပြီ ထင်နေပေမယ့် မင်း မသိတာက ငါက မင့်မိသားစုထက် အများကြီးသာတဲ့ မိသားစုကနေ မွေးဖွားလာတာ... ငါက မင်းထက်လည်း ပိုကြိုးစားတယ်... ငါ့အစွမ်းအစတွေကလည်း မင့်ထက် အများကြီးမြင့်မားတယ်... ဒါပေမဲ့ ငါလိုလူက မင်းကို ကောင်းကောင်းမွန်မွန် နားချနေတာတောင် မင်းလိုကောင်က မောက်မာနေသေးတယ်”
“ဘာကြောင့်လဲ သိလား...”
ကျဲ့ဟွလီက ဓားကို ဆွဲထုတ်၍ သူ့ဆီ ပြေးဝင်သွားရင်း မေးလိုက်သည်။ သူ မိစ္ဆာဓားမကို ပင့်မြှောက်လိုက်သည့်အခါ ဓားမရောင်သည် ကောင်းကင်တစ်လျှောက် ဖြာထွက်သွား၏။ ဓားမချီက လေကို ခွင်းလာသော မြားသဖွယ် တရှိန်ထိုး ထွက်ပေါ်လာပြီး သူက ဟိန်းဟောက်လိုက်သည်။ “မင်း မွေးဖွားလာတုန်းက မင်းမှာ ငါတို့ နှစ်ပေါင်းရာနဲ့ချီ ရုန်းကန်ကြိုးစားရင်တောင်မှ မရနိုင်တဲ့ အဆင့်အတန်းတွေ၊ ကြွယ်ဝမှုတွေ ပိုင်ဆိုင်နေခဲ့ပြီးသားကွ”
သူ၏ဓားမချက်က မြန်သထက် မြန်လာသည်။ ဓားမတွင် သူ၏တာဝန်၊ သူ၏လုံလနှင့် မယိမ်းယိုင်သော ဖြောင့်မတ်တည်ကြည်မှုတို့ ကိန်းဝပ်နေ၏။
“မင်းက တော်ဝင်မိသားစုမှာ မွေးဖွားလာတာ မထူးဆန်းဘူး ထင်ပေမယ့် ငါတို့အတွက်တော့ အဲဒါက လက်လှမ်းမမှီနိုင်တဲ့ အရာပဲ”
“မင်းက ငါတို့ကို ဘဝင်မြင့်ပြီး မောက်မာနေတဲ့ကောင်တွေလို့ မြင်ပေမယ့် ငါတို့ ဒီနေ့ ဒီလိုနေရာဆီ ရောက်လာဖို့ လူဘယ်နှယောက် သေခဲ့ရလဲ... ငါတို့ နင်းခဲ့တဲ့ အရိုးတွေ ဘယ်လောက်များလဲ မင်း မသိဘူး”
“မင်းက မင်းကိုယ်မင်း ကြိုးစားလှပြီ ထင်ပေမယ့် ငါတို့တွေလည်း ဘယ်လောက်ရုန်းကန်ခဲ့ရမှန်း မင်း မသိဘူး... ငါတို့လည်း ဒီနေ့ ဒီလိုနေရာဆီ ရောက်လာဖို့ မိတ်ဆွေတွေ၊ ရန်သူတွေကို သတ်ခဲ့ရတယ်ကွ”
“အဲဒါတောင် မင်းရဲ့ နောက်လိုက် လုပ်ရမယ်...မင်း မပြောင်းလဲနိုင်တဲ့ ကိန်းသေဖြစ်အောင် ကူညီပေးရမယ်ဟုတ်လား”
ကျဲ့ဟွလီ၏ မိစ္ဆာဓားမက ကြမ်းတမ်းလာသည်။ ဓားမရောင်သည် စုတ်တံမှ စီးထွက်လာသော မှင်များသဖွယ် ဖြာထွက်လာ၏။ ကျဲ့ဟွလီက ဓားမကို စုတ်တံသဖွယ် အသုံးပြုကာ သူ၏စိတ်ခံစားချက်များကို ရေးသားနေသည်။
“ငါ လက်လျှော့ပြီး မင့်နောက်လိုက်ရင် ငါ့ဘေးမှာ သေခဲ့ရတဲ့ မိတ်ဆွေတွေကို ဘယ်လိုမျက်နှာပြရမလဲ... ငါ့ဓားမအောက်မှာ သေဆုံးခဲ့ရတဲ့ ရန်သူတွေကို ဘယ်လိုဖြေရမလဲ”
သူသည် ကျယ်လောင်စွာ ရယ်မောလိုက်ရင်း ဓားမရှည်သိုင်းကွက်ကို ထုတ်လွှတ်လိုက်၏။ “ကောင်းကင်နတ်ဧကရာဇ်ရဲ့ မျိုးဆက်တိုင်း မွေးလာကတည်းက အခွင့်ထူးတွေ ခံစားရတယ်... အဲဒါက ဘယ်လိုလုပ် သာမန်ဖြစ်နိုင်မှာလဲ... မင်းတို့ကောင်တွေ သေသွားလို့မရဘူးလား”
မင်းသားချိုးမင်၏ ဓားရောင်က သူ့ဓားမကို ခုခံလိုက်ပြီး သူက အပြုံးတစ်ခုဖြင့် ပြောသည်။ “ဓားမတာအိုထဲ ဝင်ရောက်သွားတဲ့လူတိုင်းမှာ သူများနဲ့မတူတဲ့ သူရဲကောင်းသတ္တိမျိုး ရှိကြတယ်လို့ ကြားဖူတးယ်... ငါ တော်ဝင်သွေးအဖြစ် မွေးဖွားလာမိတာတော့ အားနာပါတယ်၊ အဲဒါက ငါ ပြောင်းလဲနိုင်တဲ့ အရာမဟုတ်ဘူး... ဒါပေမဲ့ မင်းလို သာမန်လူအနေနဲ့ မွေးဖွားလာလည်း ငါက သေချာပေါက် အောင်မြင်ကျော်ကြားလာဦးမှာပဲ... ဒါက တိုက်ဆိုင်တာမဟုတ်ဘူး... “
သူ၏ဓားရောင် ရုတ်ခြည်းဆိုသလို စီးဖြာလာပြီး လျင်မြန်စွာ ယှက်ဖွဲ့နေသော အပ်များကို ဖွဲ့တည်လိုက်သယောင် ထင်ရ၏။ ငွေအပ်တိုင်းက ကျဲ့ဟွလီ အတိအကျ ထုတ်လွှတ်လိုက်သည့် ဓားမရောင်တိုင်းနှင့် ထိပ်တိုက်တွေ့ကာ ဟန့်တားလိုက်သည်။
မင်းသားချိုးမင်၏ လက်ထဲတွင် ဓား မရှိပေ။ သူ့ခန္ဓာကိုယ်ကို ရုတ်တရက် လှုပ်ခါလိုက်သည့်အခါ သူ့အနောက်၌ ကောင်းကင်တာအို လေးဆယ့်ကိုးခု ဖွဲ့တည်လာပြီး သူက အရှေ့သို့ တွန်းထုတ်လိုက်၏။ ကြောက်မက်ဖွယ်ရာ ကောင်းကင်နတ်သိုင်းတစ်ခု ထွက်ပေါ်လာကာ ကျဲ့ဟွလီ၏ မိစ္ဆာဓားမဆီသို့ တွန်းတိုက်သွားသည်။
သူ့ကောင်းကင်နတ်သိုင်း၏ စွမ်းအားအောက်တွင် စခန်းထဲရှိ နန်းဆောင်ခန်းမများ အစိတ်စိတ်အမြွှာြမွှာ ပြိုကျလာသည်။
ကျဲ့ဟွလီ အင့်ခနဲ ညည်းတွားပြီး သွေးအန်လိုက်ရသည်။ သူက ဒုတိယဓားကွက်ဖြင့် ကောင်းကင်တာအိုကို ခုတ်ပိုင်းလိုက်၏။
ရွှပ် ရွှပ် ရွှပ်
ငွေအပ်များက သူ့ရင်ဘတ်အရှေ့မှ ထိုးဖောက်လာကာ ကျောနောက်မှ ထွက်သွားကြသည်။ သွေးများ အရပ်မျက်နှာတစ်ခွင်သို့ လွင့်စင်ပက်ဖျန်းသွားတော့သည်။
မင်းသားချိုးမင် ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည့်အခါ ကျွဲချို၊ ကျားမျက်နှာနှင့် လူသားခန္ဓာရှိသော မိစ္ဆာနတ်ဘုရားတစ်ပါး၏ အသွင်သဏ္ဍာန်သို့ ပြောင်းလဲသွားပြီး လက်သီးတစ်ချက်ဖြင့် ထိုးချလိုက်သည်။ အလိပ်လိပ် ထလာသော ယိုတုမိစ္ဆာနတ်ဆိုးချီသည် မိစ္ဆာလမ်းစဉ် ကောင်းကင်နတ်သိုင်းတစ်ခုကို ဖွဲ့တည်လိုက်ပြီး ငွေအပ်လက်သီးကြီးက ကျဲ့ဟွလီ၏ ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်သွားသည်။ ကျဲ့ဟွလီမှာ သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ချင်မူ့အရှေ့ရှိ နန်းဆောင်ခန်းမထံ လွင့်ထွက်သွားတော့သည်။
နန်းဆောင်ခန်းမ၏ တစ်ဝက်မှာ မင်းသားချိုးမင်၏ လက်သီးချက်ကြောင့် ပြိုကျသွား၏။
မင်းသားချိုးမင်က လက်သီးကို ပြန်ရုတ်ကာ ကျောနောက်ပစ်လျက် အေးအေးဆေးဆေး လျှောက်လာသည်။ သူ၏ခြေလှမ်းများက မြေပြင်နှင့် မထိပေ။ သူ့ခန္ဓာကိုယ်သည် မြေပြင်အထက် သုံးပေသို့ မြောက်တက်နေ၏။ သဲဖုန်များလည်း သူ့တွင် မကပ်ငြိနေပေ။ “မင်းက တစ်ဘဝလုံး ရုန်းကန်ကြိုးစားရင်း ဓားမတာအိုကို ဆင်ခြင်နိုင်ခဲ့ပြီး နောက်ဆုံး ဓားမတာအိုထဲ ဝင်ရောက်နိုင်ခဲ့တယ်... တကယ်တော့ ရယ်စရာအကောင်းသားကွ... မင်း ဘယ်လောက် ကြိုးစားကြိုးစား၊ ငါ့ဘဝရဲ့ စမှတ်လောက်တောင် မြင့်မားလာမှာမဟုတ်ဘူး... ငါ အခု သိုင်းကွက်သုံးကွက်ပဲ ထုတ်သုံးခဲ့တယ်... ဒီသိုင်းကွက်တွေက ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်သုံးမျိုးရဲ့ မဟာကောင်းကင်နတ်သိုင်းတွေပဲ... ကျင့်စဉ်တိုင်းမှာ မင်း အိပ်မက်တောင် မမက်နိုင်တဲ့ ကောင်းကင်နတ်သိုင်းတွေ ရှိတယ်... မင်း တစ်သက်လုံး ခွေးလိုနွားလို ရုန်းရင်တောင် အဲဒီလိုကျင့်စဉ်မျိုးကို ဖန်တီးနိုင်မှာမဟုတ်ဘူး... ဒါပေမဲ့ ငါကတော့ လွယ်လွယ်လေး ရတယ်”
ကျဲ့ဟွလီမှာ ပြိုကျသွားသော နန်းဆောင်ခန်းမထဲမှ တွားသွားထွက်လာပြီး မိစ္ဆာဓားမကို အားပြု၍ ထလိုက်သည်။ သူက မောဟိုက်ပင်ပန်းစွာ အသက်ရှူနေရင်း ပါးစပ်မှလည်း သွေးအမြုပ်များ ထနေသည်။ သူ့ခန္ဓာကိုယ်မှာ အချိန်မရွေး လဲကျသွားတော့မည့်အလား ယိမ်းယိုင်နေ၏။
ဆက်လက်တိုက်ခိုက်ချင်ပါသော်လည်း သူ၏ဒဏ်ရာများမှာ ပြင်းထန်လွန်း၏။ သူ့တွင် တိုက်ခိုက်နိုင်သည့် အင်အားမရှိတော့ပေ။
မင်းသားချိုးမင်က လမ်းလျှောက်လာကာ လက်မလျှော့နိုင်သေးသော ကျဲ့ဟွလီကို ကြည့်၍ ပြုံးလိုက်၏။ “ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်အစစ်က မင်း ကျင့်ကြံနေရင်းတန်းလန်း၊ ကောင်းကင်နတ်သိုင်းတွေကို တွေးနေရင်းတန်းလန်း တာအိုကို သဘောပေါက်သွားစေနိုင်တယ်... ငါ့တွေးခေါ်နိုင်စွမ်းက မမြင့်မားပေမယ့် ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်ဆရာသခင်တွေက ငါ တာအိုအဆင့် ဝင်ရောက်နိုင်အောင် ငါ့အတွက် ကြိုဖန်တီးပေးထားတတ်တယ်... ငါ့ကို လမ်းပြပေးတတ်ကြတယ်”
သူက အေးအေးလူလူ ပြောနေသည်။ “မင်းကတော့ အဲဒီလိုလုပ်ဖို့ သက်စွန့်ဆံဖျား ကြိုးစားခဲ့ရတယ်... ရုန်းကန်ခဲ့ရတယ်... တာအိုတစ်ခု ရဖို့လေးအတွက် မင်းလိုကောင်တွေ ဘယ်လောက်သေခဲ့ကြရလဲ သိလား... တော်တော်သနားစရာကောင်းတယ်.... ဒါပေမဲ့ မထူးဆန်းပါဘူး”
သူသည် ခြေလှမ်းများကို ရပ်၍ မတ်တပ်ထရပ်နေသော ချင်မူ့ဆီသို့ လှမ်းကြည့်၏။
စောစောက တိုက်ပွဲကြောင့် ချင်မူ့အရှေ့ရှိ တိုင်မှာ ပျက်စီးသွားချေပြီ။ ကောင်းကင်နတ်အရှင်လင်၏ ကဗျာမရှိတော့သောကြောင့် ချင်မူ့မျက်နှာကား အကြီးအကျယ် သုန်မှုန်နေသည်။
“လောကသခင်ခန္ဓာချင်လည်း ဒီလိုမျိုးပေါ့လေ”
မင်းသားချိုးမင်က ပြုံးလျက် ပြောသည်။ “မင်းက အောက်ဘုံမှာ အတော်လေး အလုပ်ဖြစ်နေတာပဲ... အောက်ဘုံသားတွေက မင်းကို လောကသခင်ခန္ဓာ၊ ဂိုဏ်းသခင်လို့ ခေါ်ကြပေမယ့် ကောင်းကင်နတ်ဘုံရဲ့ မျက်လုံးထဲမှာတော့ မင်းတို့အားလုံးက ရွှံ့ထဲ လူးလိမ့်နေကြတဲ့ ဝက်တွေ၊ အိုင်အသေးလေးတစ်အိုင်မှာ အသက်ရှင်ဖို့ ရုန်းကန်နေရတဲ့ ပုစွန်တွေထက် မပိုဘူး”
သူ့အကြည့်က သနားနေသောအကြည့် ဖြစ်လာ၏။ “ကောင်းကင်နတ်ဘုံအတွက် လောကသခင်ခန္ဓာ၊ နှစ်ငါးရာမှာ တစ်ခါပေါ်တဲ့ ပါရမီရှင်၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုဆိုတာအားလုံးက ဟာသတွေပဲ... မင်းတို့က မြက်ဖုတ်ထဲမှာ ခုန်ပေါက်သွားလာနေပြီး အချိန်မရွေး အနင်းသတ်ခံရနိုင်တဲ့ နှံကောင်တွေချည်းပဲ... ငါ့စကားလုံးတွေက နာစရာကောင်းပေမယ့် ဒီထက်မှန်တာ မရှိတော့ဘူး”
ချင်မူသည် လက်ဝါးဖြန့်လျက် လမ်းလျှောက်လာသည်။ ဓားစက်လုံးက သူ့လက်ဝါးထဲတွင် လည်နေ၏။
မင်းသားချိုးမင်လည်း ဆက်လျှောက်သွားကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “လောကသခင်ခန္ဓာချင်၊ ငါ ဒီတစ်ခေါက် အောက်ဘုံဆီ ဆင်းလာတဲ့ အကြောင်းရင်းက မင်းတို့လိုနှံကောင်တွေကို နင်းသတ်ပစ်ဖို့ပဲ... မင်းကိုတော့ အရင်ဆုံး ရှင်းပစ်နိုင်တော့မှာပေါ့လေ”
ချင်မူ၏ ညာလက်ခလယ်နှင့် လက်ညှိုးက ပူးကပ်သွားပြီး သူသည် ဓားကျင့်စဉ်တစ်ခုကို လက်ထဲတွင် ဆုပ်ထား၏။ ထို့နောက် ပူးကပ်ထားသော ဓားလက်ချောင်းကို မျက်ခုံးနှစ်ကြားသို့ ဖိလိုက်သည့်အခါ ဓားစက်လုံးက မျက်ခုံးနှစ်ဖက်ကြား၏ အရှေ့ သုံးလက်မအကွာသို့ လာရောက်၍ တဝှီးဝှီး လည်နေသည်။
မင်းသားချိုးမင် ပြုံးလိုက်သည်။ မရေမတွက်နိုင်သော ငွေအပ်များက သူ့ဆီ ပျံသန်းလာရင်း သူ့လက်နှင့် ထိတိုက်ကာ ရတနာဓားတစ်လက် ဖွဲ့တည်လာ၏။
ချင်မူ့ခြေလှမ်းများက သွက်သည်ထက် သွက်လာသည်။ ရုတ်တရက် သူက ဓားလက်ချောင်းကို အရှေ့သို့ ထိုးစိုက်လိုက်သည်။
ဝှမ်
တောက်ပနေသော ဓားတိုင်လုံးက ဆယ်မိုင်တစ်လျှောက် ဆန့်ထွက်သွားသည်။
ချင်မူက ခန္ဓာကိုယ်ကို လှုပ်ခါကာ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်အသွင် ပြောင်းလိုက်သည်။ သူ၏ကျန်ညာလက်နှစ်ဖက်ကလည်း မျက်ခုံးနှစ်ဖက်ကြားသို့ တစ်ပြိုင်တည်း ဖိလိုက်ကြသည်။
ဝှမ် ဝှမ်
ဒုတိယဓားတိုင်လုံးနှင့် တတိယဓားတိုင်လုံးတို့ ဆက်တိုက် ဖွဲ့တည်လာသည်။
မင်းသားချိုးမင်လည်း ဟိန်းဟောက်ကာ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်အသွင် ဖော်ပြလိုက်သည်။ ခေါင်းသုံးလုံး၏ မျက်ခုံးနှစ်ဖက်ကြား နေရာများ ပွင့်လာပြီး တတိယမျက်လုံးများ ထွက်လာ၏။ သူ၏အရှိန်အဝါကလည်း စောစောကထက် များစွာအားကောင်းလာကာ ကောင်းကင်နတ်သိုင်းများသည်လည်း ပိုမိုကြမ်းတမ်းလာသည်။
တခဏအတွင်း သူသည် ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ် သုံးမျိုးမှ မဟာကောင်းကင်နတ်သိုင်းများ ထုတ်လွှတ်လိုက်၏။ ကောင်းကင်နတ်သိုင်းသုံးမျိုးကား တစ်ခုနှင့်တစ်ခု ခြားနားပြီး ၎င်းတို့၏စွမ်းအားဖြင့် သူက ကပ်ဘေးဖွင့်ဓားသုံးလက်ကို အားကုန်ဖြိုခွဲလိုက်သည်။
ထိုစဉ် လေထဲရှိ ဓားပျံများသည် တခဏ ရပ်သွားပြီး သူ၏မျက်လုံးကိုးလုံးရှေ့မှောက်မှာပင် ထူးဆန်းသော လမ်းကြောင်းများဖြင့် ခုန်ပျံကွေ့ဝိုက်သွား၏။ ဤအခြင်းအရာက သူ၏ကောင်းကင်နတ်သိုင်းများကို ပစ်မှတ်လွဲသွားစေသည်။
ကပ်ဘေးဓား၏ ဒုတိယဓားကွက်၊ ကပ်ဘေးပင့်မြှောက်ခြင်း။
ရွှပ် ရွှပ် ရွှပ်
ခန္ဓာကိုယ်ကို ဓားထိုးဖောက်သွားသံများ ထွက်ပေါ်လာသည်။ မင်းသားချိုးမင်တွင် ဓားပျံများ ဖုံးလွှမ်းသွား၏။ သူ့မျက်လုံးများက အံ့အားသင့်နေချေသည်။
“ရွှမ်တု နတ်ဘုရင်ခန္ဓာ”
သူ ရုတ်တရက် ကြွေးကြော်အော်ဟစ်လိုက်သည့်အချိန်တွင် အလင်းရောင်သည် သူ့ကိုယ်တစ်လျှောက် ဖြာဆင်းသွား၏။ ၎င်းက ဧကရာဇ်ပလ္လင်ကျင့်စဉ်နောက်တစ်မျိုး ဖြစ်ပြီး ရုပ်ခန္ဓာနယ်ပယ်၌ ထင်ရှားကျော်ကြားသော ရွှမ်တုဆီမှ နတ်ဘုရားကျင့်စဉ်တစ်ခု ဖြစ်သည်။
အလင်းရောင်က သူ့ခန္ဓာကိုယ်ကို လှည့်ပတ်ဝန်းရံလျက် ဓားပျံများကို သူ့ကိုယ်ထဲမှ ညှစ်ထုတ်နေသည်။ သို့တိုင်အောင် ထိုအခိုက်အတန့်တွင် ချင်မူ၏ လက်သီးက သူ့မျက်နှာတည့်တည့်သို့ ပြေးဝင်လာကြောင်း မြင်လိုက်ရ၏။
ဆန်းကြယ်တောင်ထွတ်များအလွန်မှ တစ်ကျော့ပြန်လက်ဝါးတစ်ထောင်
ရိုက်ချက်များက သူ့ခန္ဓာကိုယ်အပေါ်သို့ ရက်ရက်စက်စက် ကျရောက်လာသဖြင့် ရွှပ်တုနတ်ဘုရင်ခန္ဓာပင် မတောင့်ခံနိုင်ပေ။
မင်းသားချိုးမင်မှာ အရိုးကျိုးသံများ ကြားလိုက်ရပြီး အသံများသည် သူ့ရင်ဘတ်မှ လာခြင်းဖြစ်၏။ အသံများက နံရိုးနေရာဆီသို့ လျင်မြန်စွာ ရောက်ရှိသွားကာ နောက်တခဏတွင် ကျောရိုးအပါအဝင် ရင်ဘတ်အရှေ့ရှိ အရိုးနှစ်ဆယ့်လေးချောင်းစလုံး ပေါက်ကွဲသွားတော့သည်။
သူ လွင့်ထွက်သွား၏။
မင်းသားချိုးမင် အရှေ့သို့ ကြည့်လိုက်သည့်အခါ ချင်မူက သူ့နောက် လိုက်လာနေကြောင်း မြင်လိုက်ရသည်။ ချင်မူသည် မျက်ခုံးနှစ်ဖက်ကြားရှိ မိုးမခသစ်ရွက်များကို ခွာနေ၏။ မိုးမခသစ်ရွက်များ ပွင့်လာသည့်အခါ ချင်မူ၏ တတိယမျက်လုံးများ ပေါ်လာသည်။
ချင်မူ့ခြေလှမ်းများက သူ့ကို လှည့်ပတ်နေပြီး သူ တစ်လှမ်းလျှောက်လိုက်တိုင်း ခေါင်းတစ်လုံးအပေါ်ရှိ တတိယမျက်လုံးတစ်လုံးက မင်းသားချိုးမင်၏ တတိယမျက်လုံးဆီသို့ အလင်းတန်းတစ်တန်း ပစ်လွှတ်တတ်သည်။ သူ နောက်တစ်လှမ်း လှမ်းလိုက်လျှင် နောက်တစ်ခေါင်းက အလင်းတန်းနောက်တစ်တန်း ပစ်လွှတ်၏။
ချင်မူက ခြေလှမ်းသုံးလှမ်းဖြင့် သူ့ကို လှည့်ပတ်ခဲ့ပြီး ခေါင်းတစ်ခေါင်းစီက အလင်းတန်းတစ်တန်းစီဖြင့် မင်းသားချိုးမင်၏ ခေါင်းများအား ဖောက်ထွက်သွားသည်။
ဘုန်း
မင်းသားချိုးမင်မှာ မြေကြီးနှင့် တိုက်ပြီး လိမ့်ထွက်သွားသည်။ ဆယ်လှမ်းကျော် ဆုတ်ပြီးနောက်မှ သူ့ကိုယ်သူ ထိန်းလိုက်နိုင်၏။ ငွေအပ်များက ပျံသန်းလာကာ သူ့လက်ထဲတွင် ဓားတစ်လက် ဖွဲ့တည်ပေးသည်။ ဓားထိပ်က မြေကြီးဆီသို့ ညွှန်ထားလေသည်။
“မင်း...”
သူ ချင်မူ့ကို ကြည့်နေစဉ် သူ၏ခေါင်းသုံးခေါင်းက ရုတ်တရက် ပေါက်ကွဲသွားသည်။ ခေါင်းပြတ်ခန္ဓာကိုယ်ကြီးမှာ ယိမ်းယိုင်သွားပြီးနောက် ဖုန်ထဲ လဲကျသွားတော့သည်။
“ငါ့ဘာသာငါ ကဗျာ အေးအေးဆေးဆေး ဖတ်နေတာကို မင်းကများ ငါ့တိုင်လုံးကို လာဖျက်စီးရတယ်လို့”
ချင်မူက နှာခေါင်းရှုံ့လိုက်သည်။ “စကားကလည်း တယ်များချက်... အခုတော့ တိုင်ပေါ်က ကဗျာကို ပြန်မြင်ရဖို့ နောက်တစ်ကြိမ် ပြန်စတင်မှာကို စောင့်ရပြန်ဦးမယ်... အကုန်လုံး မင့်အမှားကြောင့်ကွ.... ငါ့ဘိုးဘိုးနားကန်းက မင်းလိုကောင်တွေကို သိပ်မုန်းတာ.. ထွီ၊ မင်းကို မသေမချင်း ရိုက်သတ်ပစ်ရမှာ ငါ့ချီး...”