ကောင်းကင်ဓားမ ကျဲ့ဟွလီ
Vol. 62 Ch. 817
နဂါးထိန်းဧကရာဇ်က အဝေးမှ လမ်းလျှောက်လာနေသော နတ်ဘုရားတစ်ပိုင်းတစ်ယောက်ဆီသို့ ကြည့်သည်။ ထိုနတ်ဘုရားတစ်ပိုင်းလည်း ခန္ဓာကိုယ်မှေးမှိန်နေပြီဖြစ်၏။ သူက သင်္ဘောပေါ် တက်လာသူများကို လိုက်သတ်နေခဲ့သော ရှေးဟောင်းနဂါးမင်း၏နောက်လိုက် အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက် ဖြစ်သည်။
သို့သော် ဤနတ်ဘုရားတစ်ပိုင်းမှာ ရွာလူကြီးကို ကြောက်၍ ရွာလူကြီး ပျောက်ကွယ်သွားသည်အထိ စောင့်ပြီးနောက်မှ ပေါ်လာခြင်းဖြစ်သည်။
“ဒီကောင့်အစွမ်းအစတွေက တော်ရုံမဟုတ်ဘူး”
နဂါးထိန်းဧကရာဇ်က ခန်းမခေါင်းမိုးထက်မှ ခုန်ဆင်းကာ အလေးအနက် ပြောသည်။ “ငါ သူနဲ့ သေတဲ့အထိ တိုက်ခိုက်မယ်... မင်း ငါ့ကို နောက်ကျ ပြန်အသက်သွင်းပေးနိုင်ပါစေလို့ မျှော်လင့်ပါတယ်”
“နဂါးထိန်းဧကရာဇ်၊ စိတ်မပူပါနဲ့... ခင်ဗျားက ကျွန်တော့်ရဲ့ ကောင်းကင်နတ်မြစ်နဂါးဘုရင်ပါ.... ကျွန်တော် ခင်ဗျားကို ဒီမှာ သေခွင့်မပေးဘူး”
ချင်မူလည်း ခုန်ဆင်းပြီး ပြောလိုက်၏။ “နောက်တစ်ကြိမ် ပြန်စတင်ရင် ခင်ဗျား ဟင်းလင်းပြင်ထဲမှာ မှေးမှိန်ပျောက်ကွယ်သွားလိမ့်မယ်.... အဲဒီနတ်ဘုရားတစ်ပိုင်းအတွက်လည်း အတူတူပဲ.... နောက်တစ်ကြိမ် ပြန်စတင်မယ့်အချိန်အထိ အချိန်ဆွဲထားဖို့ပဲ လိုတယ်”
နဂါးထိန်းဧကရာဇ်က နတ်ဘုရားတစ်ပိုင်းကို မျက်နှာချင်းဆိုင်ကာ ဟက်ခနဲ ရယ်သည်။ “ဒါပေမဲ့ ငါ့မှာ ယုံကြည်ချက်မရှိဘူး... သူ့ကိုယ်ထဲက နဂါးသွေးက ငါ့ထက် အဆင့်မြင့်တော့ သူနဲ့ သေတဲ့အထိပဲ တိုက်ခိုက်ရလိမ့်မယ်... အချိန်ဆွဲလေ၊ သူ ငါ့ကို သတ်သွားနိုင်တယ်”
သူက နဂါးတွန်သံပြု၍ ရင်ဘတ်အရှေ့တွင် လက်ဝါးကို လက်သီးဖြင့် ထိလိုက်သည်။ သူ၏ချီနှင့်သွေးတို့က တထောင်းထောင်း ပျံ့လွင့်လာသည်။ “အားကြီးသူပဲ အနိုင်ရတယ်... အတိတ်တုန်းက ငါဟာ လူသားဧကရာဇ်စုနဲ့ တိုက်ခိုက်ခဲ့တဲ့ နတ်ဘုရားဖြစ်ခဲ့ပြီး သူ့ဓားချက်အောက်မှာ မသေခဲ့ဘူး... ငါ့သခင်နောက် လိုက်တဲ့အခါ အထက်ကောင်းကင်ဘုံမှာ နဂါးမွေးရတဲ့ အညတရ နတ်ဘုရားတစ်ပါးမဟုတ်တော့ဘဲ ကောင်းကင်နတ်မြစ်နဂါးဘုရင် ဖြစ်လာခဲ့ပြီ... မင်း ငါ့သခင်ရဲ့ အသက်ကို လိုချင်ရင် ငါ့အလောင်းကို ကျော်သွားမှပဲ ရမယ်”
သူက နတ်ဘုရားတစ်ပိုင်းဆီ ပြေးဝင်သွားကာ နှစ်ယောက်စလုံးသည် လူးလွန့်ရစ်ပတ်နေကြသော နဂါးကြီးနှစ်ကောင်အသွင်ပြောင်းလျက် တိုက်ခိုက်နေကြ၏။ နဂါးကြီးနှစ်ကောင်ကား ကောင်းကင်နတ်သိုင်းများဖြင့် မီးနှင့် ရေကို ထိန်းချုပ်ကာ ကြောက်မက်ဖွယ်ရာစွမ်းအားများ ထုတ်လွှတ်နေကြသည်။
ချင်မူ နန်းဆောင်ခန်းမအတွင်းထဲ ဝင်လိုက်သည်။
နတ်နဂါးနှစ်ကောင်၏ တိုက်ပွဲမှ ပေါက်ကွဲသံများ ကျယ်လောင်စွာ ဟိန်းထွက်နေပြီး သင်္ဘောပေါ်သို့ တက်လာခဲ့သူများများစားစား မကျန်တော့သော်လည်း အသက်ရှင်နေသေးသူတချို့ ရှိသေးသည်။ လော့ဝူရွှမ်၏ ဝိညာဉ်အစောင့်တပ်ဖွဲ့နှင့် ကောင်းကင်နတ်ဘုံမှ မင်းသားချိုးမင်၏ အပေါင်းအပါများကိုလည်း မမြင်ရသေးပေ။
ထိုလူများသည် ပုန်းနေကြခြင်းဖြစ်လိမ့်မည်။ သူတို့၏သိုင်းအဆင့်က နတ်ဘုရားအဆင့် မဟုတ်ကြ၍ ဟင်းလင်းပြင်ထဲ၌ မှေးမှိန်သွားဦးမည်မဟုတ်ပေ။ နတ်ဘုရားများ တစ်ယောက်နှင့်တစ်ယောက် သတ်ပြီး မှေးမှိန်ပျောက်ကွယ်သွားမည့်အချိန်အထိ စောင့်နိုင်ကြသည်။
ချင်မူ နန်းဆောင်ခန်းမကို လေ့လာလိုက်သည်။ ဤခန်းမသည် ဝေစွေ့ဖုန်း၏ နန်းဆောင်ခန်းမဖြစ်၏။
ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ တည်ထောင်သူဂိုဏ်းသခင်၊ ဝေစွေ့ဖုန်းသည် အဆုံးသတ်မြို့ပျက်သို့ သွားရောက်စူးစမ်းခဲ့ပြီး ထူးဆန်းသော အချိန်ခရီးသွားမှုနှင့် ကြုံတွေ့ကာ နဂါးဟန်ခေတ်သို့ ပြန်ရောက်သွားခဲ့၏။ ထိုမှတစ်ဆင့် နဂါးဟန်ကောင်းကင်နတ်ဘုံ၊ ယွီလင်နန်းစောင့်တပ်ဖွဲ့၏ လက်ယာတပ်မှူးချုပ် ဖြစ်လာခဲ့ကာ အင်အားအကြီးဆုံး နတ်ဘုရားစစ်တပ်ကို ဦးစီးခဲ့သည်။
ဤဆရာတူအစ်ကိုကြီးက ကောင်းကင်နတ်အရှင်လင်၏ ကောင်းကင်နတ်သိုင်းကိုလည်း တချို့တလေ နားလည်ထားသည်။ ယွီလင်နန်းစောင့်တပ်ဖွဲ့နှင့်အတူ ကောင်းကင်နတ်ဘုံသို့ သူ ပြန်နေစဉ် မြူခိုးများနှင့် ပြန်လည်ကြုံတွေ့သည့်အခါ အိမ်ပြန်ရန် အချိန်ကျပြီဟု သဘောပေါက်ခဲ့၍ မီးအိမ်ငြှိမ်းကာ ပြန်လာခဲ့သည်။
ဝေစွေ့ဖုန်းက အလွန်ထက်မြက်သည်။ ကောင်းကင်နတ်အရှင်လင်၏ ကောင်းကင်နတ်သိုင်းထဲရှိ ဟာကွက်ကို မြင်ခဲ့သည့်အတွက် ဘေးမသီရန်မခ လွတ်မြောက်သွားခဲ့ခြင်း ဖြစ်ပုံရသည်။
‘အစ်ကိုကြီးရဲ့နေရာမှာ သဲလွန်စတွေ ရှာတွေ့လောက်တယ်’
ချင်မူ နန်းဆောင်ခန်းမ၏ အခင်းအကျင်းကို လေ့လာပြီး ပစ္စည်းတစ်ခုချင်းစီ၏ အထားအသိုကို မှတ်သားပြီးနောက် အသေးစိတ် ရှာဖွေတော့သည်။
သူက တည်ထောင်သူဂိုဏ်းသခင်၏ စာအုပ်စင်ကို ရှာတွေ့သွား၏။ စာအုပ်စင်ပေါ်တွင် ဘာသာစကားအမျိုးမျိုးဖြင့် ရေးထားသော စာအုပ်များ ရှိနေသည်။ တချို့ကို နတ်ဘုရားဘာသာစကားဖြင့် ရေးသားထားပြီး တချို့ကတော့ မိစ္ဆာဘာသာစကားဖြင့် ဖြစ်သည်။ လူ့ဘာသာစကားဖြင့် ရေးထားသော စာအုပ်များလည်း တွေ့မြင်ရသည်။
ချင်မူ လှန်လှောဖတ်ကြည့်ပြီး ဖြစ်ကတတ်ဆန်း ပစ်ချထားသည်။
လူ့ဘာသာစကားဖြင့် ရေးထားသော ဆရာတူအစ်ကိုကြီး၏ ကိုယ်ရေးကိုယ်တာ မှတ်တမ်းများကိုလည်း တွေ့ရသည်။ စာများတွင် နဂါးဟန်ကောင်းကင်နတ်ဘုံ၌ သူ ကြုံတွေ့ခဲ့ရသော ကိစ္စများအား မှတ်ထား၏။ ချင်မူ လျှောက်ဖတ်ကြည့်သော်လည်း အသုံးတည့်သည့် အချက်အလက်မပါပေ။ သို့သော် အဆုံးသတ်မြို့ပျက်ဆီသို့ ဦးတည်ပြသနေသော မြေပုံတစ်ခု ရှိနေသည်။
ချင်မူ အနည်းငယ် မှင်သက်သွားသည်။ ဤအဆုံးသတ်မြို့ပျက်၏ မြေပုံက သူ့အစ်ကိုကြီး သူ့အတွက် ချန်ခဲ့သော မြေပုံများထဲက တစ်ခုနှင့် ဆင်နေ၏။ မြေပြင်အနေအထားက အနည်းငယ် ကွဲပြားသည်မှအပ အနည်းနှင့်အများ တူလေသည်။
“အစ်ကိုကြီး ငါ့ကို ရှာစေချင်ခဲ့တဲ့ တစ်နေရာက အဆုံးသတ်မြို့ပျက်ပဲ... သူ အဆုံးသတ်မြို့ပျက်မှာလည်း တစ်ခုခု ထားခဲ့လိမ့်မယ်... အဲဒါက သေချာပေါက် အရေးပါလိမ့်မယ်”
ချင်မူ စိတ်ကို တည်ငြိမ်စေသည်။ ဝေစွေ့ဖုန်း သူ့အတွက် ထားခဲ့သော မြေပုံများတွင် လျှို့ဝှက်ချက်များ၊ ရတနာများ ပါဝင်ခဲ့သည်။ သူ ပထမဆုံး ရှာတွေ့ခဲ့သည်မှာ ယွီလင်နန်းစောင့်တပ်ဖွဲ့၏ တပ်မှူးအမိန့်ပြား ဖြစ်၏။
ဒုတိယမြေပုံက နတ်ဘုရားချိရှီနှင့် နတ်ဘုရားစီရင်ရာဓားမဆီသို့ ရောက်ရှိစေခဲ့သည်။ သို့သော် ယင်းက အဓိကအချက်မဟုတ်။ အဓိကအချက်က ထိုဖြစ်ရပ်သည် ချင်မူ့အား ချိမင်ခေတ်၏ လက်ကျန်ပြည်သူများနှင့် ဆုံတွေ့စေကာ ချိမင်နတ်ဘုရားသားတော်နှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာအကြား မဟာမိတ်ထူထောင်နိုင်အောင် လမ်းကြောင်းဖောက်ပေးခဲ့ခြင်း ဖြစ်၏။
တတိယမြေပုံသည် ထိုက်မင်ကောင်းကင်ဘုံရှိ နတ်ဘုရားယင်ကျောက်၏ ဦးခေါင်းကို ရှာတွေ့စေခဲ့ပြီး ပရမတ္တလှေ၏ ပုံကြမ်းများကို အပြည့်အစုံ သိခွင့်ရစေခဲ့သည်။ (အခန်း ၆၃၀ - ဖန်အိုးထဲက ဦးခေါင်းတွင် ပြန်ဖတ်ကြည့်နိုင်ပါသည်)
ဤစတုတ္ထမြေပုံနှင့်ပတ်သက်၍ ချင်မူ နာမည်သိထားသည်။ ဝေစွေ့ဖုန်းက အဆုံးသတ်မြို့ပျက်တွင် စူးစမ်းလေ့လာနေစဉ် နဂါးဟန်ကောင်းကင်နတ်ဘုံသို့ ပြန်ရောက်သွားခဲ့၏။ ထိုနေရာ၌ တစ်ခုခု ရှာတွေ့ခဲ့၍ လျှို့ဝှက်ချက်ကို ချင်မူ သို့မဟုတ် တန်ခိုးရှင်သစ်ခုတ်သမား လာရှာနိုင်အောင် ဖွက်ထားခဲ့လိမ့်မည်။
ထိုစဉ် တစ္ဆေသင်္ဘောက ခပ်သာသာ လှုပ်ခတ်သွားသည်။ မကြာခင် ပြန်စတင်တော့မည့် ရှေ့ပြေးလက္ခဏာ ဖြစ်၏။
ချင်မူ့အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး နန်းဆောင်ခန်းမ၏ အပြင်သို့ အလျင်အမြန် ထွက်လိုက်သည်။ သူက ကျောက်တုံးတစ်တုံးဖြင့် ဝေစွေ့ဖုန်း၏ ကိုယ်ရေးကိုယ်တာမှတ်တမ်းများအပေါ် ဖိထားခဲ့ပြီး စုတ်တံမြှောက်ကာ ကောင်းကင်နတ်အရှင်လင် ကဗျာရေးခဲ့သော တိုင်လုံးအပေါ်တွင် ဟိုခြစ်သည်ခြစ် ရေးဆွဲလိုက်၏။ ထိုသို့လုပ်ပြီးသည်နှင့် ကပျာကယာ အထဲပြန်ဝင်သွားသည်။
ခန်းမအပြင်တွင် နဂါးထိန်းဧကရာဇ်မှာ နတ်နဂါးမင်းနှင့် တိုက်ခိုက်နေဆဲ ဖြစ်ပြီး နဂါးသွေးများ လွင့်စင်ပြန့်ကြဲနေသည်။ သူတို့နှစ်ယောက်စလုံး အသည်းအသန် တိုက်ခိုက်နေကြသဖြင့် သင်္ဘောပြန်စတင်လျှင်ပင် သူတို့ကိုယ်သူတို့ မရပ်တန့်နိုင်တော့မည့်ပုံရသည်။
အလင်းရောင် ဖြာထွက်လာကာ တစ္ဆေသင်္ဘောသည် အချိန်နှင့်နေရာကို ပြန်စတင်၏။ အလင်းရောင် မှေးမှိန်သွားသည့်အချိန်တွင် ချင်မူ့မျက်လုံးများ ပြန်မြင်လာရပြီး စောစောက ကျောက်တုံးဖြင့် ဖိထားခဲ့သော မှတ်တမ်းစာရွက်များ အစအနမကျန် ပျောက်သွားကြောင်း မြင်လိုက်ရသည်။
ချင်မူ့မျက်လုံးများ အရောင်လက်သွားသည်။ သူ ဖြစ်ကတတ်ဆန်း ရှုပ်ဖွထားခဲ့သော ပစ္စည်းများလည်း သူ့နေရာသူ ပြန်ရောက်နေကြောင်း တွေ့လိုက်ရ၏။ အရာအားလုံး သေသပ်သန့်ရှင်းနေချေသည်။
ချင်မူက နန်းဆောင်ခန်းမအပြင်မှ ထွက်လာသည်။ တိုင်လုံးအပေါ်၌ သူ စုတ်တံဖြင့် ခြစ်ခဲ့သော အရာများလည်း မရှိတော့ပေ။ သို့သော် ကောင်းကင်နတ်အရှင်လင်၏ စာသားများကတော့ ရှိနေဆဲ။
ချင်မူ ပြုံးလိုက်ပြီး ကျယ်လောင်စွာ ရယ်လိုက်တော့သည်။
အဝေးတွင် နဂါးထိန်းဧကရာဇ်၏ ပြိုင်ဘက်သည် ပျောက်ကွယ်သွားပြီဖြစ်ပြီး နဂါးထိန်းဧကရာဇ်မှာလည်း ချုံးချုံးကျနေချေပြီ။ သူလည်း ဒဏ်ရာဗလပွဖြင့် မှေးမှိန်တော့မည်ဖြစ်သည်။ သူက မောဟိုက်ပင်ပန်းစွာ အသက်ရှူရင်း မေးသည်။ “သခင်ကြီး ဘာတွေ ရယ်နေတာလဲ”
“ကျွန်တော် ပစ္စည်းတချို့ကို နေရာပြောင်းခဲ့ပေမယ့် ပြန်စတင်ပြီးသွားတာနဲ့ ပစ္စည်းတွေက သူ့နေရာသူ ပြန်ရောက်သွားတယ်”
ချင်မူက တိုင်လုံးအပေါ်ရှိ ကဗျာကို စိတ်ဝင်တစား ကြည့်၍ ပြုံးလိုက်သည်။ “ကောင်းကင်နတ်အရှင်လင်ရဲ့ ကဗျာအပေါ်မှာတောင် လျှောက်ခြစ်ခဲ့ပေမယ့် ခြစ်ရာတွေ ပျောက်သွားတယ်.. ဒါပေမဲ့ ကောင်းကင်နတ်အရှင်လင်ရဲ့ ကဗျာကတော့ မပျောက်သွားဘူး... ဒါက ဘာအဓိပ္ပါယ်လဲ သိလား”
နဂါးထိန်းဧကရာဇ် နားမလည်ပေ။
“ကျွန်တော်တို့က ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းထဲမှာ ရှိနေတာမလို့၊ သင်္ဘောပေါ်က ဘယ်အရာကိုမှ ပြောင်းလဲလို့မရဘူး... သင်္ဘော အစပြန်ရောက်သွားတာနဲ့ ဖျက်စီးခံလိုက်ရတဲ့ အရာတွေလည်း မူလအခြေအနေ ပြန်ဖြစ်သွားတယ်... ဒါပေမယ့် ကောင်းကင်နတ်အရှင်လင်က နောက်ပိုင်းမှ သင်္ဘောအပေါ် တက်လာပြီး တစ်စုံတစ်ခု ပြောင်းလဲခဲ့တယ်... ပြီးတော့ ဒီကဗျာကို ချန်ခဲ့တယ်”
ချင်မူ မေးလိုက်သည်။ “သူ ဘာကြောင့် ကဗျာကို ချန်ခဲ့နိုင်တာလဲ”
နဂါးထိန်းဧကရာဇ်မှာ ပို၍ပင် နားမလည်တော့ပေ။ သူက ခေါင်းယမ်းကာ ပြောလိုက်သည်။ “သခင်ကြီး ငါက တုံးအတယ်... ဉာဏ်ကောင်းနေရင် ကောင်းကင်နတ်မြစ်နဂါးဘုရင် ဖြစ်လာအောင် မင်းထောင်ထားတဲ့ ထောင်ချောက်ထဲ ဝင်ခဲ့မိပါ့မလား”
“ဒီသင်္ဘောအပေါ်က ဒြပ်ထုတွေဟာ မပြောင်းလဲ၊ မရွေ့လျား၊ မတက်၊ မကျဘူး... ဒါပေမဲ့ ကောင်းကင်နတ်အရှင်လင်က ကဗျာကို ချန်ခဲ့နိုင်သေးတယ်... သဘောက သူ့ကောင်းကင်နတ်သိုင်းကို သူကိုယ်တိုင် ဖြေရှင်းခဲ့ပြီးပြီပဲ”
ချင်မူ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “သူ့ကဗျာထဲမှာ ကောင်းကင်နတ်သိုင်းရဲ့ နောက်ကွယ်က အကြောင်းရင်းကို ဖော်ပြထားတယ်... သူ ကဗျာရေးတုန်းက ကောင်းကင်နတ်သိုင်းကို ဖြေထားတဲ့ နည်းလမ်း သုံးပြီး ရေးခဲ့တာ... ဒီကဗျာထဲမှာ ဒြပ်ထုတွေ မပြောင်းလဲ၊ မရွေ့လျား၊ မတက်၊ မကျတဲ့အခြေအနေအတွက် အဖြေကို မြှုပ်ထားတယ်... နဂါးထိန်းဧကရာဇ်၊ နဂါးထိန်းဧကရာဇ်...”
နဂါးထိန်းဧကရာဇ်၏ ခန္ဓာကိုယ်မှာ မှိန်သထက် မှိန်လာသည်။ ချင်မူ နောက်လှည့်ကြည့်လိုက်သည့်အခါ နဂါးထိန်းဧကရာဇ်သည် ပုံရိပ်ယောင်သဖွယ် ဖြည်းညှင်းစွာ ပျောက်ကွယ်သွား၏။
“သခင်ကြီး၊ ကျန်တဲ့ခရီးမှာ ကိုယ့်အားကိုယ်ကိုးမှ ဖြစ်ပါတော့မယ်...”
နဂါးထိန်းဧကရာဇ် လုံးလုံးလျားလျား ပျောက်ကွယ်သွားချေပြီ။
ချင်မူမှာ ငေးနေမိပြီး အတန်ကြာမှ သတိပြန်ဝင်လာသည်။ သူ့ဘေးတွင် သူနှင့် သူ့အရိပ်အပြင် မည်သူမျှ မရှိတော့ပေ။
“ခင်ဗျားတို့တွေ ကျွန်တော့်ဘေးမှာ ရှိသေးတယ်မလား... ဘိုးဘိးရွာလူကြီး၊ ဘိုးဘိုးတို့နှစ်ယောက်စလုံး အဝေးမသွားဘဲ ကျွန်တော့်အနားမှာ ရှိနေမှန်း ကျွန်တော် သိပါတယ်”
ချင်မူက ထိုင်ချပြီး တိုင်လုံးအပေါ်ရှိ ကဗျာကို ကြည့်ရင်း တစ်ယောက်တည်း တိုးညှင်းစွာ ရေရွတ်နေ၏။ “မပူနဲ့... ကျွန်တော် အဖြေရအောင် ရှာမယ်.... ကောင်းကင်နတ်အရှင်လင်က ဒီကမ္ဘာပေါ်မှာ အချိန်ဆိုတာ မတည်ရှိဘူးလို့ ယူဆတယ်... အချိန်က ဒြပ်ထုတွေရဲ့ အပြောင်းအလဲကြောင့် ထင်ယောင်မှားမှုသက်သက်ပဲတဲ့.... ဒြပ်ထုတွေ မပြောင်းလဲ၊ မရွေ့လျား၊ မတက်၊ မကျရင် အချိန် မတည်ရှိဘူး... ဒါက သူ့ကောင်းကင်နတ်သိုင်းရဲ့ အခြေခံသဘောတရားပဲ... သူ ဒီကောင်းကင်နတ်သိုင်းကို ထုတ်လွှတ်ခဲ့တုန်းက မပြည့်စုံသေးတော့ ဟာကွက်တစ်ကွက် ကျန်ခဲ့တယ်.... သူက ဒီနေရာကို ပြန်ရောက်လာတဲ့အခါ ဒီတိုင်လုံးအပေါ်မှာ စာသားတွ ချန်ခဲ့ပြီး ဒြပ်ထုတွေ တက်လာအောင် လုပ်ခဲ့တယ်...”
အဝေးတွင် တစ္ဆေသင်္ဘော၏ လက်နက်တိုက်ထဲရှိ စင်များအပေါ်၌ နတ်လက်နက်များ တင်ထားသည်။ နှစ်ပေါင်းထောင်ချီ ကြာပြီးနောက်တွင်ပင် ဤလက်နက်များသည် အသစ်ကျပ်ချွတ်အတိုင်း ရှိသေး၏။
လက်နက်တိုက်က အလွန်ကျယ်ပြီး ကြမ်းပြင်ထက်၌ လက်တစ်ဖြတ်ပြတ် အလောင်းများ ပြန့်ကြဲနေသည်။ ဓားမတစ်လက်၏ ထိပ်ဖျားမှ သွေးများက ပေါက်ခနဲ ပေါက်ခနဲ ကျနေသည်။
ထိုဓားမကို ဆွဲကိုင်ထားသော လူငယ်သည်လည်း ကြမ်းပြင်ထက်၌ အတုံးအရုန်းလဲနေသော အလောင်းများနည်းတူ လက်တစ်ဖက်သာ ရှိသည်။
“ညီလေးကျဲ့ဟွလီ၊ ဆရာလော့က ဟင်းလင်းပြင်ထဲမှာ မှေးမှိန်ပျောက်ကွယ်သွားပြီ... သင်္ဘောအပေါ်က လူအရေအတွက်လည်း နည်းသထက် နည်းလာပြီ... ငါတို့ ဝိညာဉ်အစောင့်တပ်ဖွဲ့က ကောင်းကင်နတ်ဘုံမှာ နတ်ဘုရားတွေ ရွေးချယ်ထားတဲ့ အထူးချွန်ဆုံး လက်ရွေးစင်တွေပဲ... ငါတို့ဟာ စည်းကမ်းတင်းကြပ်တဲ့ စမ်းသပ်မှုပေါင်းများစွာကို ကျော်ဖြတ်ခဲ့ပြီးမှ ဝိညာဉ်အစောင့်တပ်ဖွဲ့ထဲ ဝင်ရောက်နိုင်ခဲ့ကြတာ”
လက်တစ်ဖက်ပြတ် လူငယ်က လက်နက်စင်၏ အခြားတစ်ဖက်ရှိ ကျဲ့ဟွလီကို ကြည့်ကာ ခံစားချက်မဲ့စွာ ပြောနေသည်။ “ဝိညာဉ်အစောင့်တပ်ဖွဲ့ထဲ ဝင်ပြီး ဆရာလော့ရဲ့ အစစ်အမှန်ပညာတွေကို သင်ယူနိုင်ဖို့ အသုတ်တစ်သုတ်တိုင်း လူငယ်ပေါင်းထောင်နဲ့ချီ သေဆုံးကြရတယ်... အများစုက လက်တစ်ဖက် ဖြတ်ဖို့ ရွေးချယ်ခဲ့ကြတယ်... အဲဒါမှ ဆရာလော့ရဲ့ ဓားမလမ်းစဉ်ကို လျှောက်နိုင်မှာမလို့ပဲ... ဒါပေမဲ့ ဆရာက ဘက်လိုက်တယ်... မင်းကမှ အထုံပါရမီအထက်သန်ဆုံးလို့ မြင်ပြီး သူနဲ့မတူနဲ့ လမ်းစဉ်ကို မင်း လျှောက်နိုင်စေဖို့အတွက် ဖုရွေ့လော်ဆီက ပညာသင်ဖို့ အောက်ဘုံဆီ စေလွှတ်ခဲ့တယ်... “
ကျဲ့ဟွလီ၏ အနောက်ရှိ မိစ္ဆာဓားမက တုန်ခါလာပြီး သူက အလေးအနက် ပြောလိုက်သည်။ “အစ်ကိုကြီး၊ မင်းက ဆရာလော့ရဲ့ ဓားမသိုင်းကို တစ်ဖက်ကမ်းခတ် သင်ယူနိုင်ခဲ့တဲ့သူပါ... ငါတောင် မင်းနဲ့ယှဉ်ရင် နိမ့််ကျတဲ့အထိပဲ... ဒါပေမဲ့ ဓားမတာအိုမှာတော့ မင်း ငါ့အောက် အဆင့်နိမ့်တယ်... မင်းက ဆရာလော့နောက်ကပဲ လိုက်နေတာ... ဘာကြောင့် ညီလေး၊ ညီမလေးတွေကို သတ်ပစ်ခဲ့တာလဲ... သူတို့ဘာသူတို့ ဟင်းလင်းပြင်ထဲ ပျောက်ကွယ်သွားကြရမှာပဲမဟုတ်လား... မင်းအတွက် ဘာအန္တရာယ်ရှိခဲ့လို့လဲ”
“သူတို့က ငါ့ထက် အားနည်းတယ်... အဲဒါကြောင့် သတ်ပစ်ခဲ့တာ... ငါက သူတို့ထက် အလျင်ပျောက်ကွယ်သွားရမှာ မဟုတ်လား”
လက်တစ်ဖက်ပြတ်လူငယ်က အေးစက်စက် ပြောသည်။ “ငါတစ်ယောက်ပဲ အသက်ရှင်ကျန်ခဲ့အောင် လုပ်ဖို့ လိုတယ်.... ဓားမတာအိုအဆင့် ဝင်ရောက်ဖို့ ငါက ငါ့လက်ကိုငါ ဖြတ်ခဲ့သေးတာပဲ... သူတို့ကို ထည့်တွက်နေစရာလား... ဆရာလော့ မင်းဆီမှာ ဘာတွေသဘောကျခဲ့လဲ ငါ မြင်ချင်တယ်... မင်းက ငါ့ထက် ဘယ်လောက်သာနေတာလဲ.... ငါ့ထက် ဘယ်လောက်တော်နေလဲ ငါ တွေ့ချင်မိတယ်... အဲဒါကြောင့်ပဲ မင်းကို နောက်ဆုံးမှ သတ်ဖို့ ချန်ခဲ့တာ”
ထန်း
ဓားမရောင် ဖြာလာသည်နှင့် လက်နက်တိုက်တစ်တိုက်လုံး လင်းထိန်သွားသည်။ လူငယ်နှစ်ယောက် ဝင်တိုက်လိုက်၍ ကြောက်မက်ဖွယ်ရာစွမ်းအားက လက်နက်တိုက်ထဲရှိ နတ်လက်နက်များကို အသက်သွင်းလိုက်သည်။ နတ်လက်နက်များ၏ စွမ်းအား တရှိန်ထိုး ထွက်ပေါ်လာသောကြောင့် လက်နက်တိုက်တစ်တိုက်လုံး အစိတ်စိတ်အမြွှာြမွှာ ပြိုကွဲသွားတော့သည်။
ကြောက်မက်ဖွယ်ရာ နတ်စွမ်းအားများ အရပ်လေးမျက်နှာတခွင် ရိုက်ခတ်နေစဉ် ကျဲ့ဟွလီက လက်မြှောက်၍ ကျောနောက်ရှိ ဓားအိမ်နှစ်ခုထဲသို့ ဓားမနှစ်လက် ထည့်လိုက်သည်။ သူက အပျက်အစီးများထဲမှ ထွက်လာကာ လက်တစ်ဖြတ်လူငယ်၏ အလောင်းကို လှည့်ပင်မကြည့်ပေ။
သူ၏ခြေလှမ်းတစ်လှမ်းတိုင်း အတိအကျ တိုင်းတာထားသကဲ့သို့ ညီမျှနေ၏။ အကွာအဝေးကား အနည်းငယ်မျှပင် မပြောင်းလဲသွားချေ။
“ငါ့ဓားမသိုင်းက လောကသခင်ခန္ဓာချင်ရဲ့ ဓားချက်တွေကြားကနေ ခေါင်းမော့လာနိုင်ခဲ့လို့ ဆရာလော့ထက် သာနေခဲ့ပြီ.... ဆရာလော့တောင် မသိတာ၊ မင်းလည်း ဘယ်သိမလဲ... ငါက ငါ့ဓားမနဲ့ တာအိုအဆင့်တက်ပြီး ဓားမတာအိုရဲ့ ကောင်းကင်ဘုံအဆင့်နှစ်ဆင့်အထိ ရောက်နေခဲ့ပြီ... ဒါက ငါ့တာအို၊ ငါ့ဓားမသိုင်း... မင်းကတော့ ဆရာလော့ရဲ့ ဓားမသိုင်း၊ ဆရာလော့ရဲ့ ဓားမတာအိုပဲ အသုံးချခဲ့တယ်... ဒါကြောင့် မင်း သေသွားတာပဲ”
သူက စခန်းဆီသို့ လျှောက်လာသည်။ နန်းဆောင်ခန်းမအရှေ့၌ ထိုင်နေသော ချင်မူ့ကို အဝေးမှ လှမ်းကြည့်ရင်း သူ့မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
ချင်မူက သူ့အကြည့်ကို ခံစားလိုက်ရသည့်အလား နောက်လှည့်လာကာ လှမ်းပြုံးပြသည်။
ကျဲ့ဟွလီလည်း ပြန်ပြုံးပြမိပြီးနောက် သတိဝင်သွား၏။ “ဒီခွေးကောင်လေးက သူ့အပြုံးနဲ့ ငါ သတိလွတ်သွားအောင် လုပ်နေပြန်ပြီ... သူ့ထောင်ချောက်ထဲ ဝင်လို့မဟုတ်ဘူး.. သူက ငါ ရှင်းပစ်ရမယ့် ရန်သူပဲ”
ဤအချိန်တွင် အဝေး၌ လူတစ်ယောက် ပေါ်လာသည်... မင်းသားချိုးမင်။
“တစ်သုတ်ထဲကနေ ကျန်ခဲ့တာ ငါတို့သုံးယောက်ပဲ ရှိတော့တာပေါ့”
မင်းသားချိုးမင်က ဓားကို ခါလိုက်ရာ သွေးစက်များ လွင့်စင်သွားသည်။ “နောက်မှ ဒီသင်္ဘောအပေါ် တက်လာတဲ့ အသုတ်အတော်များများကိုတော့ ငါ ရှင်းပြီးပြီ... ပြီးတော့ လျှို့ဝှက်ချက်တစ်ခုကိုလည်း ရှာတွေ့ခဲ့တယ်... အဲဒီလျှို့ဝှက်ချက်ကို မင်းတို့နှစ်ယောက်ဆီ ပြောပြမယ်”
သူက ပြုံးလျက် ပြော၏။ “သင်္ဘောက မပြောင်းလဲတဲ့ကိန်းသေကိုလည်း သတ်လို့ရတယ်... ငါ အခုပဲ တစ်ယောက် သတ်ခဲ့တာ”