← Chapters

အတူတူ ပူးပေါင်းကြစို့

Vol. 62 Ch. 819

အတူတူ ပူးပေါင်းကြစို့

Vol. 62 Ch. 819

ကျဲ့ဟွလီက ချင်မူ လျှောက်လာသည်ကို ကြည့်ပြီး အသည်းအသန် ပြန်ထနေသည်။ “ဂိုဏ်းသခင်ချင်၊ ကျေးဇူးပြုပြီး”

ချင်မူ ကြောင်တောင်တောင် ဖြစ်သွားသည်။ “ဘာတုန်း”

ကျဲ့ဟွလီက ‌လေးနက်သောအမူအရာဖြင့် ပြော၏။ “ဂိုဏ်းသခင်ချင်ရဲ့ ဓားချက်အောက်မှာ သေရတာက မင်းသားချိုးမင်လက်ချက်နဲ့ သေရတာထက် ပိုသိက္ခာရှိပါတယ်... မင့်လက်ထဲမှာ သေရရင် ငါ နောင်တမရဘူး”

ချင်မူမှာ ရယ်ရမလား၊ ငိုရမလား မသိတော့ပေ။ သူက ခေါင်းယမ်းကာ ပြောလိုက်သည်။ “ကျဲ့ဟွလီ၊ မင်း အထင်လွဲနေပြီ”

ကျဲ့ဟွလီတွင် နားမလည်သော အမူအရာ ရှိသည်။

“ငါက မင်းကို သတ်ဖို့ လာတာမဟုတ်ဘူး... တကယ်တမ်း မင်း ဒီမှာ သေသွားရင် ပိုလို့တောင် ဒုက္ခရောက်ဦးမှာ”

ချင်မူက သူ့ကို အပျက်အစီးများထဲမှ ဆွဲထုတ်ပြီး ရှင်းပြနေသည်။ “ဒီတိုင်လုံးအပေါ်မှာ ကဗျာရှိတယ်.... ကဗျာက သင်္ဘောရဲ့ ကောင်းကင်နတ်သိုင်းကို ဖြေရှင်းဖို့ သော့ချက်ပဲ... မင်း ဒီမှာ ရပ်နေရင် တစ္ဆေသင်္ဘော ပြန်စတင်တာနဲ့ တိုင်လုံးလူသား ဖြစ်သွားလိမ့်မယ်... ငါ မင်းကို ရိုက်သတ်ပြန်ရင်လည်း မင့်သွေးက စာလုံးတွေကို စွန်းထင်းသွားမှာ... ဒါဆို နောက်တစ်ကြိမ် ပြန်စမှာကို မစောင့်ရပြန်ဘူးလား... သေချင်လည်း ဝေးဝေးသွားသေကွာ”

ကျဲ့ဟွလီ ညည်းတွားမိလိုက်သည်။ ချင်မူက နဂါးသွားရည်ပုလင်းတစ်လုံးကို ကိုင်ထားပြီး သူ၏ဒဏ်ရာများအား သုတ်လိမ်းပေးနေ၏။

“ဂိုဏ်းသခင်၊ မင်း ငါ့ဒဏ်ရာတွေကို ကုပေးနေတာနော်” ကျဲ့ဟွလီ သတိပေးလိုက်သည်။

ထိုအခါမှ ချင်မူ သတိပြန်ဝင်သွားပြီး သူ့ကို မြေကြီးပေါ် တွန်းချလိုက်၏။ သူက ပွစိပွစိ ပြောနေသည်။ “သမားတော်ဆိုတာ လူနာကို မိဘလို၊ ကလေးလို ဆက်ဆံရတယ်တဲ့... အဲဒီအကျင့်ပါနေတာ”

ကျဲ့ဟွလီမှာ မြေကြီးပေါ် တွန်းချခံလိုက်ရသဖြင့် ဒဏ်ရာများနာကျင်သွားသော်လည်း ချင်မူ့ကြောင့် ဒဏ်ရာအားလုံး ပျောက်ကင်းသွားကြောင်း သတိထားမိလိုက်သည်။ သူ၏ဒဏ်ရာများက လောလောဆယ်တွင် ကျက်နေပြီဖြစ်၍ သွေးမထွက်တော့ပေ။

“မင်း ငါ့ကို ကယ်လိုက်သေးတာပဲ”

သူ့ရင်ထဲတွင် ခံစားချက်များ ရှုပ်ထွေးလာ၏။ “ဂိုဏ်းသခင်ချင်၊ ငါတို့က ရန်သူတွေဆိုတာ မင်း သိသင့်ပါတယ်... မင်းနဲ့ငါ နှစ်ယောက်လုံးက သာမန်ဘဝနဲ့ မွေးဖွားလာပြီး ဒီနေ့ရောက်အောင် ငါတို့လက်နဲ့ငါတို့ တိုက်ခိုက်ခဲ့ကြရတယ်.. ဒါကြောင့် ဂိုဏ်းသခင်လက်ထဲမှာ သေရလို့ ငါ ရန်ငြိုးထားမှာ မဟုတ်ဘူး... ငါတို့တာအိုတိုက်ပွဲ စရအောင်... မင်းလက်ထဲမှာ ဂုဏ်သိက္ခာရှိရှိ ရှုံးပြီး၊ ဂုဏ်သိက္ခာရှိရှိ သေပါရစေ”

ချင်မူ ‌ခေါင်းယမ်းလိုက်သည်။ “ကျဲ့ဟွလီ၊ မင်း တကယ် အထင်လွဲနေပြီ... မင်းနဲ့ငါက ဘယ်လိုလုပ် သာမန်လူတွေ ဖြစ်မှာလဲ... မင်းသားချိုးမင်နဲ့ ယှဉ်ရင် သာမန်လူ ဖြစ်နိုင်ပေမယ့် သာမန်လူတွေနဲ့ ယှဉ်ရင် ငါတို့က ငွေဇွန်းကိုက်ပြီး မွေးလာတဲ့သူတွေပဲ... မင်းက နတ်ဘုရားတစ်ပါးရဲ့ မျိုးဆက်၊ ထူးချွန်တဲ့ အရည်အချင်းရှိတယ်... လော့ဝူရွှမ်က မင်းကို သင်ပေးတယ်... ဖုရွေ့လော်လို မိစ္ဆာနတ်ဘုရားတစ်ပါးကလည်း မင်းကို ပညာသင်ပေးတယ်... သာမန်လူတွေအနေနဲ့ မင်းလို အခွင့်အရေးတွေ ရနိုင်ပါ့မလား”

ကျဲ့ဟွလီ မှင်သက်သွားသည်။

ချင်မူက ပြောသည်။ “ငါက မဟာမြို့ပျက်က အစွန့်ပစ်ခံကလေးတစ်ယောက် ဆိုပေမယ့် ငါ့မှာ ပညာသင်ပေးမယ့် အဘိုးအဘွားကိုးယောက်၊ ဉာဏ်ပညာပြည့်ဝတဲ့ ဆရာကိုးယောက် ရှိတယ်... ဒါ့အပြင် ငါက ယိုတုသားတော်၊ ခိုင်ဧကရာဇ်ရဲ့ မျိုးဆက်လည်း ဟုတ်တယ်... သိပ်တော့ အသုံးမဝင်ပေမယ့် ငါ့နောက်ခံနဲ့ အဆင့်အတန်းလည်း ရှိသေးတယ်... ဒါ့အပြင် ငါက ‌လောကသခင်ခန္ဓာလည်း ဟုတ်တယ်လေ”

သူက ခေါင်းယမ်းနေ၏။ “ငါတို့တွေက ဘယ်လိုလုပ် သာမန်လူတွေ ဖြစ်နိုင်မှာလဲ... တကယ့်သာမန်လူဆိုတာ နေ့နေ့ညည အလုပ်လုပ်နေရတာတောင် ဝဝလင်လင် မစားရတဲ့လူတွေကို ခေါ်တယ်... အဲဒီလိုမိသားစုတစ်စုမှာ တစ်နေ့ ထမင်းသုံးနပ် စားဖို့ကတောင် ပြဿနာ ဖြစ်နေတာ... ရှင်သန်ဖို့ကလည်း ပြဿနာပဲ... တချို့နေရာတွေမှာ ကျားတွေ၊ ဝံပုလွေ ‌သောင်းကျန်းတတ်တယ်... အဲဒီနေရာမျိုးမှာဆိုရင် မိဘတွေဟာ ကလေးတွေအတွက် အစာလိုက်ရှာရင်း အသက်ရှင်ရက် ပြန်မရောက်နိုင်ကြဘူး... သူတို့တွေဟာ ဆင်းဆင်းရဲရဲ မွေးဖွားလာကြပေမယ့် အကောင်းဆုံး ကြိုးစားကြတယ်... အကောင်းဆုံးရှေ့ဆက်ကြတယ်... သူတို့ကို သာမန်လူ ခေါ်ကြတယ်”

သူက အေးဆေးတည်ငြိမ်စွာ ပြောနေသည်။ “ငါတို့လိုမျိုး အခွင့်အရေးတွေ ၊ နောက်ခံတွေ မရှိနေတဲ့ လူတစ်ယောက်ဟာ ဆင်းရဲဒုက္ခတွေ၊ အခက်အခဲတွေ၊ ‌ထောင်ချောက်တွေ၊ သေရေးရှင်ရေးတွေ အများကြီး‌ ကျော်ဖြတ်ပြီးမှ အောင်မြင်မှုကို ဖမ်းဆုပ်နိုင်ကြတယ်... ငါတို့ကို သာမန်လူတွေအကြားက သူရဲကောင်းတွေလို့ ပြောဖို့မသင့်ဘူး... သူတို့ကမှ တကယ့် သူရဲကောင်းတွေ”

ကျဲ့ဟွလီ ထရပ်ပြီး ခေါင်းငုံ့ကာ တွေးနေသည်။ ထို့နောက် ခေါင်းညိတ်၍ ပြောသည်။ “ဂိုဏ်းသခင်ချင် မှန်ပါတယ်... သူတို့နဲ့ယှဉ်ရင် ငါတို့က မင်းသားချိုးမင်လို့ ရွံစရာကောင်းတဲ့ ကောင်တွေပဲ”

“ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုက ဒီလိုအခြေအနေတွေကို ပြောင်းလဲဖို့ ကြိုးစားနေတာ”

ချင်မူ၏မျက်ဝန်းများသည် စူးရဲတောက်ပနေ၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲနေတဲ့ ရည်ရွယ်ချက်က ပြည်သူပြည်သားအားလုံး သူတို့ရဲ့ အရည်အချင်းတွေကို အပြည့်အဝထုတ်ပြနိုင်အောင်၊ အကောင်းဆုံး အသုံးချနိုင်အောင် လုပ်‌ဆောင်ပေးဖို့ပဲ... အခြေခံစာသင်ကျောင်းတွေ၊ ကောလိပ်ကျောင်း၊ တက္ကသိုလ်တွေ ပေါများလာတဲ့အခါ ပြည်သူပြည်သားတိုင်း လုံလောက်တဲ့ ပညာရေးကို သင်ယူနိုင်ကြမယ်... လမ်းစဉ်တွေ၊ ကျင့်စဉ်တွေ၊ ကောင်းကင်နတ်သိုင်းတွေကို သင်ကြားရင်း သာမန်လူတွေ သူရဲကောင်းဖြစ်နိုင်ဖို့ လျှောက်လှမ်းနေတဲ့ လမ်းမှာ ဆူးညောင့်ခလုတ်တွေ နည်းသွားပြီး ဘယ်သူမဆို သူတို့ရဲ့အလားအလာ၊ သူတို့ရဲ့ ပါရမီတွေကို ထုတ်ပြနိုင်ကြလိမ့်မယ်”

ချင်မူ စိတ်လှုပ်ရှားလာသည်။ “ဒီပြုပြင်ပြောင်းလဲမှုက နတ်ဘုရားတွေကို အထက်မှာပဲ နေစေဖို့ မဟုတ်ဘူး... အဲဒီအစား နတ်ဘုရားတွေဟာလည်း အသက်မွေးဝမ်းကျောင်းမှု ကိုယ်စီနဲ့ အတတ်နိုင်ဆုံး အလုပ်လုပ်ကြရမယ်... တွေးကြည့်စမ်း ကျဲ့ဟွလီ၊ အနာဂတ်ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ကုန်စည်အပြည့်နဲ့ ဟိုဟိုသည်သည် သွားလာနေတဲ့ လေသင်္ဘောတွေ ပြည့်နေလိမ့်မယ်... မိုင်တွေထောင်ချီ ဝေးကွာနေလည်း တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်နိုင်ကြမယ်... ကြယ်တွေဆီ တက်လှမ်းပြီး ပင်လယ်တွေမှာ ကူးခတ်ကြမယ်... ပင်လယ်လိပ်ကြီးတွေကို လိုက်ဖမ်းရင်း သူတို့ရဲ့အစွမ်းအစတွေကို စိတ်တိုင်းကျ ထုတ်ဖော်ခွင့်ရကြလိမ့်မယ်... အခြားကမ္ဘာတွေ၊ အခြားလောကတွေ၊ အခြားကောင်းကင်ဘုံတွေနဲ့တောင် ထိတွေ့ဆက်ဆံနိုင်ကြမယ်... ပြည်သူပြည်သားအားလုံးရဲ့ ဘဝတွေကို မြှင့်တင်ပေးမယ့် ပညာရပ်တွေ၊ အသိအမြင်တွေလည်း ထွက်ပေါ်လာကြလိမ့်မယ်.... ကျဲ့ဟွလီ”

ကျဲ့ဟွလီမှာ သူ့ကို ငေးကြည့်နေ၏။ ချင်မူက စိတ်အားတက်ကြွစွာဖြင့် မေးလိုက်သည်။ “မင်း ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို ကြားဖူးလား”

“ငါတို့အတူတူ အကောင်အထည်ဖော်ကြစို့”

ချင်မူက ကျဲ့ဟွလီ၏ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်၍ အားဖြင့် လှုပ်နေသည်။ “ငါတို့အတူတူ လမ်းဖောက်ကြရအောင်... မင်း ဘယ်လောက်ကြိုးစားကြိုးစား၊ အဲဒီပျက်စီးနေတဲ့ ကောင်းကင်နတ်ဘုံမှာ ဘယ်‌လောက်အမြင့်အထိ တက်နိုင်မှာမလို့လဲ... မင်း ထိပ်ဆုံး ရောက်ရင်တောင် လော့ဝူရွှမ်လို ဝိညာဉ်အစောင့်တပ်ဖွဲ့ရဲ့ ခေါင်းဆောင်ပဲ ဖြစ်လာမှာ.... မင်းအပေါ်မှာ တော်ဝင်သွေးတွေ မရေမတွက်နိုင်အောင် ရှိနေဦးမှာပဲ... မင်းသားချိုးမင်လို လူတွေနဲ့ တွေ့ရင် မင်း အမြဲတမ်း ခေါင်းငုံ့နေရလိမ့်မယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အနာဂတ်ကတော့ မတူဘူး... မင်းမှာ တာဝန်ပိုရှိလာလိမ့်မယ်... ဖြစ်နိုင်ခြေတွေ ပိုများလာလိမ့်မယ်”

သူ၏လှုပ်ခါမှုများကြောင့် ကျဲ့ဟွလီမှာ မူးဝေလာ၍ သူ့ကိုယ်သူ ထိန်းလိုက်သည်။ သူ၏တာအိုနှလုံးသားကိုလည်း ငြိမ်သက်စေလိုက်၏။ “ဂိုဏ်းသခင်ချင်၊ ငါ့ကို ခဏလောက် စဉ်းစားဖို့ အချိန်ပေးပါ”

ချင်မူ သူ့ကို လွှတ်ပေးလိုက်ပြီး လက်သီးတင်းတင်းဆုပ်ကာ အားပေးနေသည်။ သူက သူ့နားအနား၌ ကပ်ပြီး ပြောလေသည်။ “မင့်အိပ်မက်ကို တွေး... မင်းရင်ထဲကို မြင်အောင်ကြည့်... မင်း ဘယ်လမ်းကို လျှောက်ချင်လဲ စဉ်းစား”

ကျဲ့ဟွလီမှာ ခေါင်းထဲမူးနောက်နေသည်။ ချင်မူပြောသွားသော စကားက အလွန်သင့်တော်ကောင်းမွန်သည့်အတွက် သူ အလိုလို ခေါင်းညိတ်မိလိုက်သည်။ “ငါလည်း အောက်ဘုံက အထက်ဘုံထက် အများကြီး ပိုစိတ်ဝင်စားစရာကောင်းတယ်လို့ ခံစားရတယ်... ဒါပေမဲ့ ငါတို့ ဒီတစ္ဆေသင်္ဘောပေါ်မှာ ပိတ်မိနေပြီး အပြင်ပြန်မထွက်နိုင်ရင် ဒီအကြောင်းပြောနေလည်း ဘာထူးမှာလဲ”

ချင်မူက ပြုံးလျက် ပြောလိုက်သည်။ “ငါတို့ ထွက်နိုင်ပါတယ်... မင်း သတိမထားမိဘူးလား... ငါက မင်းနဲ့ မင်းသားချိုးမင်ထက် အစွမ်းထက်ပေမယ့် အခုထိ မမှေးမှိန်သေးဘူးလေ”

ကျဲ့ဟွလီ အင့်ခနဲ ဖြစ်သွားပြီး အစောကြီး သဘောတူမိလိုက်သည်ဟု ခံစားလိုက်ရသည်။ ‘ဒီကောင်ကတော့ ဘယ်လိုနှိမ့်ချရမလဲ မသိဘူးပဲ’

“ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းက ဒီသင်္ဘောကို တစ္ဆေသင်္ဘောအဖြစ် ပြောင်းလဲခဲ့တာ... ကောင်းကင်နတ်သိုင်းက အင်အားကြီးတဲ့ ပုံပေါ်မယ့် တကယ်တော့ ဖန်ဆင်းကောင်းကင်နတ်သိုင်းအပေါ် အခြေခံထားတာပဲ... ဒီကောင်းကင်နတ်သိုင်းက ဒြပ်ထုတွေကို မပြောင်းလဲ၊ မရွေ့လျားစေတဲ့ အခြေအနေမှာ ထိန်းပေးထားတယ်... ဒါပေမဲ့ ကောင်းကင်နတ်အရှင်လင် ဒီသိုင်းကွက်ကို ထုတ်လွှတ်တဲ့အခါ သူ့ရဲ့မှော်စွမ်းအင်က မလုံလောက်တော့ အပြည့်အဝ မအောင်မြင်ခဲ့ဘူး”

အလင်း‌ရောင်သည် နောက်တစ်ကြိမ် ဖြာထွက်လာပြီး သူတို့ကို လွှမ်းခြုံသွား၏။

ချင်မူ့မျက်လုံးများက တဖျပ်ဖျပ် လင်းလက်နေပြီး အလွန်စိတ်လှုပ်ရှားနေသောပုံစံ ရှိသည်။ သူက အလင်းရောင်ထဲတွင် ဟိုလျှောက်သည်လျှောက် လျှောက်နေရင်း ကျဲ့ဟွလီကို ရှင်းပြနေသည်။ “တစ္ဆေသင်္ဘောရဲ့ ဒြပ်ထုက ပြောင်းလဲနေသေးပေမယ့် နောက်ဆုံးအတိုင်းအတာ ရောက်သွားရင် ကောင်းကင်နတ်သိုင်းက တစ္ဆေသင်္ဘောကနေ ထွက်ပေါ်လာပြီး တစ္ဆေသင်္ဘောရဲ့ ဒြပ်ထုတွေကို ပြန်ညှိတယ်... အဲဒါကြောင့် အစပြန်ရောက်သွားတာ”

အလင်းရောင်သည် ပြန်လည်မှေးမှိန်သွားပြီး ပျက်စီးနေသည့် နန်းဆောင်များ ပုံမှန်ပြန်ဖြစ်သွား၏။ ကဗျာရေးထားသော တိုင်လည်း မူလအခြေအနေသို့ ပြန်ရောက်သွားသည်။

ချင်မူက မှေးမှိန်သွားမည့်အရိပ်အ‌ယောင် မပြသေးသည့်အပြင် စိတ်လှုပ်တရှားဖြင့် ကျဲ့ဟွလီကို ပတ်၍ လျှောက်နေသေးသည်။ “အဲဒီလိုချိန်ညှိလိုက်တော့ အချိန်နဲ့နေရာမှာ ကူးပြောင်းမှု ဖြစ်သွားတယ်... သုံးဆယ့်ခြောက်ကြိမ် အချိန်ခရီးသွားပြီးမှ ဒီကောင်းကင်နတ်သိုင်းက တစ်ပတ်ပြည့်သွားတာ... ဒီလိုကွာ သုံးဆယ့်ခြောက်ဆယ် ပြန်စတင်တာကို စက်ဝန်းပြတ်အသေးလေး သုံးဆယ့်ခြောက်ခုလို့ သဘောထားလိုက်... စက်ဝန်းပြတ်လေး သုံးဆယ့်ခြောက်ခု ဆက်သွားတဲ့အခါ စက်ဝိုင်းကြီး ဖြစ်လာမယ်မဟုတ်လား.... အဲဒီလိုနဲ့ စမှတ်ဆီ ပြန်ရောက်သွားတာပဲ.... ဒီလိုရှင်းပြတာကို နားလည်လား”

ကျဲ့ဟွလီမှာ မျက်လုံးအပြူးသားဖြင့် ငေးကြည့်နေသည်။ တခဏကြာမှ သတိပြန်ကပ်သွားပြီး ခေါင်းခါပြလေသည်။

ချင်မူက ဆက်ရှင်းပြသည်။ “ငါက တစ္ဆေသင်္ဘောရဲ့ ဒြပ်ထုတွေ တုန်ခါနှုန်းအတိုင်း စီးမျောနေတာ... ဒါကြောင့် ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းက ငါ့ကို တစ္ဆေသင်္ဘောရဲ့ တစ်စိတ်တစ်ပိုင်းလို့ ထင်သွားလိမ့်မယ်... အဲဒီလိုနည်းနဲ့ ငါ မမှေးမှိန်သွားတာပဲ... ဒါကြောင့် သင်္ဘော‌ပေါ် တက်လာတဲ့လူတွေထဲမှာ မင်းနဲ့ငါပဲ ကျန်ခဲ့တာ... အခု နားလည်ပြီလား”

ကျဲ့ဟွလီမှာ မျက်လုံးပြူးလျက် ငေးနေဆဲပင်။ သူ့အနောက်ရှိ မိစ္ဆာဓားမလည်း ငေးကြောင်နေသည်။

“နားလည်ပြီ”

ကျဲ့ဟွလီ၏ အမူအရာက ပုံမှန်ပြန်ဖြစ်သွားပြီး သူက အလေးအနက် ပြောသည်။ “မင်းဆီက စကားတစ်ခွန်းက ဆယ်နှစ်တာ လေ့လာတာထက်တောင် သာသေးတယ်... ဂိုဏ်းသခင်ချင်ရဲ့ ဉာဏ်ပညာက အမှန်တကယ် မြင့်မားလွန်းပါပေတယ်... အထင်ကြီးစရာကောင်းချက်ပဲ”

ချင်မူ အလွန်ကျေနပ်နေသည်။

ကျဲ့ဟွလီ၏အနောက်ရှိ မိစ္ဆာဓားမမှာ‌တော့ ငေးနေဆဲပင်။ သတိပြန်မကပ်သေးပေ။

‘နားမလည်ဘူးပြောလိုက်ရင် သူ ငါ့ကို ထပ်အထင်သေးသွားမှာ မဟုတ်လား’

ကျဲ့ဟွလီ သူ့ဘာသာသူ‌ တွေးမိသည်။ ‘ဒီလို အတွေးအရူးတွေရှေ့မှာ မသိလည်း သိချင်ယောင်ဆောင်ရတယ်... ဘလိုပဲဖြစ်ဖြစ် ငါ ဝင်မထောက်သရွေ့ ငါ့ဉာဏ်တိမ်တာ မပေါ်လောက်ပါဘူး’

“ပြီးတော့ ဒီသင်္ဘောအပေါ်ကနေ ထွက်သွားနိုင်တဲ့ အခွင့်အရေးတစ်ခု ရှိတယ်”

ချင်မူမှာ ပို၍ပို၍ စိတ်လှုပ်ရှားလာသည်။ “အဲဒါက ဒြပ်ထုပြောင်းလဲမှု အပြင်းထန်ဆုံးအချိန်ပဲ... ဘယ်အချိန်က အပြင်းထန်ဆုံးဖြစ်မလဲ... သင်္ဘော ပထမဆုံးအကြိမ် ခရီးသွားတဲ့အချိန်ပဲ ဖြစ်မှာပေါ့... အဲဒီအချိန်မှာ ယွီလင်နန်းစောင့်တပ်သားအားလုံး ဟင်းလင်းပြင်ထဲမှာ မှေးမှိန်သွားကြပြီး တစ္ဆေသင်္ဘောလည်း မှေးမှိန်ပျောက်ကွယ်သွားခဲ့တယ်... ငါ ခန့်မှန်းတာမှန်ရင် လိပ်နက်၊ မီးငှက်၊ နဂါးစိမ်းနဲ့ ကျားဖြူ... အဲဒီနတ်မင်းလေးပါးလည်း အဲဒီအချိန်မှာပဲ သင်္ဘောအပေါ် တက်ပြီး တံဆိပ်တွေ ထားခဲ့တာ ဖြစ်လိမ့်မယ်”

ကျဲ့ဟွလီက လက်ဝါးနှစ်ဖက်ကို ပွတ်ကာ ချီးကျူးသည်။ “နောင်‌တော်ချင်က တော်လိုက်တာဗျာ”

သူ့အနောက်ရိ မိစ္ဆာဓားမမှာတော့ ငေးကြောင်လျက်သာ။

ချင်မူက ဝမ်းသာအားရ ပြောသည်။ “နောင်တော်ကျဲ့ဟွလီက ငါ့ကို သေချာနားလည်တဲ့လူပဲ... ချက်ချင်းကို သဘောပေါက်တယ်နော်... နတ်မင်းလေးပါး ယွီလင်နန်းစောင့်တပ်ဖွဲ့ အချိန်ခရီးသွားတာကို လာစစ်ဆေးတုန်းက ဒီသင်္ဘောအပေါ် တက်လာပြီး သင်္ဘောရဲ့ ဒြပ်ထုတွေမှာ ပြောင်းလဲမှုအကြီးကြီး ဖြစ်လာစေခဲ့တယ်.... ယွီလင်နန်းစောင့်တပ်ဖွဲ့က ဟင်းလင်းပြင်ထဲမှာ လုံးဝပျောက်ကွယ်သွားပြီး ကြည့်လို့မရတော့အခြေအနေထဲ ဝင်ရောက်သွားကြတယ်... ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းက အပြည့်အဝ ထွက်ပေါ်လာပြီး နတ်မင်းလေးပါးနဲ့ တိုက်ခိုက်တယ်...

“ငါတို့အနေနဲ့ နတ်မင်းလေးပါးရဲ့ စွမ်းအားကို ငှားပြီး ဟင်းလင်းပြင်ထဲမှာ ပျောက်ကွယ်သွားတဲ့လူတွေကို ကယ်နိုင်လိမ့်မယ်... ပြီးရင် ငါတို့အချိန်ဆီ ပြန်နိုင်ပြီ”

ကျဲ့ဟွလီမှာ နောက်ဆုံးစာကြောင်းကိုသာ နားလည်၍ အပြုံးပန်းများ ဝေဆာစွာဖြင့် မေးလိုက်သည်။ “ဂိုဏ်းသခင်ချင်၊ ငါတို့ ဘာလုပ်သင့်လဲ”

“မသေအောင် နေရမယ်”

ချင်မူ့အမူအရာ လေးနက်သွားသည်။ “ငါတို့ ဒီအချိန်အပိုင်းအခြားမှာ မသေအောင် နေရမယ်... ဟုတ်တယ်မလား လင်းရှောင်”

ကျဲ့ဟွလီ အံ့အားသင့်သွားပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ သူ့အကြည့်က သင်္ဘောရွက်တိုင်တွင် ချိတ်နေသော မီးအိမ်တစ်လုံးအပေါ် ကျရောက်သွား၏။

မီးအိမ်၏တံခါး ပွင့်လာပြီး ငှက်ခေါင်းငလက်မက အထဲတွင် ရပ်နေသည်။ သူ့အနောက်၌ တောက်ပနေသော နေတစ်စင်း ရှိလေသည်။

ငလက်မလေးသည် လက်ဝါးချင်းပွတ်၍ ချီးကျူးနေ၏။ “ကောင်းကင်နတ်အရှင်ကိုးပါးထဲက ကောင်းကင်နတ်အရှင်မူဆိုတဲ့အတိုင်း စက်ဝိုင်းတစ်ပတ်တောင် မပြည့်သေးခင် အဖြေကို တွေးမိနေပြီ... ငါ မင်းသားချိုးမင်ရဲ့ နည်းလမ်းအတိုင်း မပြောင်းလဲတဲ့ ကိန်းသေတွေအားလုံး သတ်ပစ်ခဲ့ဖူးပေမယ့် အလုပ်မဖြစ်ဘူး... ဒီသင်္ဘောကနေ ထွက်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက မင်းရဲ့နည်းလမ်းပဲ ဖြစ်လောက်တယ်”

ချင်မူက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ဒါပေမဲ့ လျှို့ဝှက်ချက်မပေါက်ကြားအောင် ကောင်းကင်နတ်ဧကရီရဲ့ လူယုံတော်အနေနဲ့ ဒီသင်္ဘောပေါ်ကနေ ဘယ်သူ့ကိုမှ ထွက်သွားခွင့်ပေးလို့မရဘူး”

ငလက်မလေးက သက်ပြင်းချသည်။ “ဟုတ်တယ် အကြောင်းရင်းက အဲဒါပဲ... မပြောင်းလဲတဲ့ ကိန်းသေအားလုံး သေမှကို ဖြစ်မှာ”

ချင်မူ ရုတ်တရက် မေးလိုက်၏။ “ဒါဖြင့် လင်းရှောင် မင်း ဒီသင်္ဘောအပေါ်မှာ စက်ဝိုင်းဘယ်နှပတ် နေခဲ့ပြီးပြီလဲ”

ငလက်မလေး မှင်သက်သွားပြီး ချင်မူ မေးနေသည်ကို နားမလည်ပေ။

ချင်မူက အပြုံးတစ်ခုဖြင့် ပြောသည်။ “ဒီသင်္ဘော စက်ဝန်းပြတ်တစ်ခု သွားလိုက်တိုင်း သင်္ဘောအပေါ် လူတစ်သုတ် ရောက်လာတယ်... ဒီသဘောက သင်္ဘောအပေါ်က လူတွေ တကယ် မသေသွားဘူးလို့ ဆိုလိုတယ်... သူတို့အားလုံး ဒီသင်္ဘောပေါ်မှာ သေသွားတာပဲဖြစ်ဖြစ်၊ ပျောက်ကွယ်သွားတာပဲဖြစ်ဖြစ် စက်ဝိုင်းကြီးတစ်ပတ် ပြည့်သွားရင် သင်္ဘောအပေါ် ပြန်တက်လာကြပြန်တယ်... ဒီသင်္ဘောရဲ့ ဒြပ်ထုက‌ ကိန်းသေပဲ၊ မတက်၊ မကျ၊ မပြောင်းလဲ၊ မရွေ့လျားဘူး... ဒါဆို မင်း ကျွယ်ဝူချိန်ကို ဒီသင်္ဘောအပေါ် ခေါ်လာတဲ့အချိန်မှာ အခုမင်းကရော ရှိနေသေးတာလား”

မီးအိမ်အတွင်းရှိ အလင်းရောင်မှာ ရုတ်တရက် အားကောင်းလာပြီး ငှက်ခေါင်းငလက်မသည် စိတ်မရှည်တော့ဘဲ မနေနိုင်၊ မထိုင်နိုင်ဖြစ်လာ၏။

ချင်မူ ပြုံးလိုက်သည်။ “အဲဒီအချိန်ရောက်လာရင် အခုမင်းက ပျောက်ကွယ်သွားပြီး သင်္ဘောအပေါ် အခုမှ တက်လာတဲ့ မင်း ပြန်ဖြစ်သွားလိမ့်မယ်...မင်းက မင်းရဲ့တပ်သားတွေနဲ့အတူ ကျွယ်ဝူချိန်ကို သင်္ဘောအပေါ် ခေါ်လာပြီး မင်းလုပ်ခဲ့တာတွေအတိုင်း ပြန်လုပ်လိမ့်မယ်... အခု မင်း ဘယ်နှကြိမ် လုပ်ခဲ့ပြီးပြီလဲ”

မီးအိမ်ထဲရှိ ငလက်မက ပြုံးသည်။ “ငါ အကုန်မှတ်မိတယ်”

“မင်း မမှတ်မိပါဘူး”

ချင်မူ့အမူအရာက ရွံရှာစက်ဆုပ်သည့်ဟန် ဖြစ်သွား၏။ “မင်း မှတ်မိရင် ငါလည်း စက်ဝိုင်းဘယ်နှပတ် ပတ်ခဲ့ပြီးပြီလဲ မှတ်မိမှာပေါ့... မပြောင်းလဲတဲ့ကိန်းသေအားလုံးလည်း မှတ်မိကြလိမ့်မယ်... ဒါပေမဲ့ သူတို့က မင်းသတ်တာကို တစ်ကြိမ်ပြီး တစ်ကြိမ် ခံခဲ့ရတယ်လေ... မင်းလည်း မမှတ်မိတာ အသိသာကြီးပဲ... သူတို့လည်း မမှတ်မိတာ သေချာတယ်.... နည်းနည်းပါးပါး မှတ်မိနေတာဆိုလို့ ဒီသင်္ဘောနဲ့ တစ်သားတည်း ဖြစ်နေတဲ့ ဟိုနဂါးအိုကြီး နဂါးအရှင်ပဲ ရှိတယ်... ဒါပေမဲ့ သူ့မှတ်ဉာဏ်တောင် အပြည့်အစုံ မရှိဘူး”

မီးအိမ်ထဲရှိ ငလက်မလေး၏ သူငယ်အိမ်များ ကျုံ့သွားပြီး ကြက်တွန်နေသကဲ့သို့ ရယ်လိုက်သည်။ “ဒါပေမဲ့ မင်းလည်း မကြာခင် သေရတော့မှာပါ... သုံးဆယ့်ခြောက်ကြိမ် စတင်ပြီးရင် မင်း ပြန်ရှင်လာပြီး ငါ သတ်တာ ထပ်ခံရလိမ့်မယ်”

ငလက်မ ပြေးဝင်သွားသည့်အခါ ချင်မူနှင့် ကျဲ့ဟွလီ ပျောက်သွားသည်ကို မြင်လိုက်ရ၏။

ချင်မူက နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်း ထုတ်လွှတ်၍ ကျဲ့ဟွလီနှင့်အတူ နေရာရွှေ့ပြောင်းကာ အလျင်အမြန် ပြောလိုက်သည်။ “ဒီလူက သိုင်းအခြေခံကို ဖျက်စီးထားပေမယ့် နတ်ဘုရားနီးနီး သန်မာအားကောင်းနေတုန်းပဲ... ရွာလူကြီးရဲ့ ဓားချက်နဲ့တောင် မသေသွားဘူး.. သူ ပြန်စတင်တဲ့အချိန်အထိ ငါတို့ပုန်းနေဖို့ လိုတယ်... အဲဒီအချိန်ကျရင် သူ ငါတို့ကို မှတ်မိတော့မှာ မဟုတ်ဘူး”

ရုတ်တရက် အလင်းတန်းတစ်တန်းက အရာအားလုံးကို ပြာချရင်း ဖြတ်သန်းလာသည်။ ငလက်မက တဟားဟား ရယ်နေ၏။ “ပုန်းမယ်ဟုတ်လား... သင်္ဘောက ငါ့လက်ထဲမှာကို မင်းတို့က ဘယ်မှာ ပုန်းမှာလဲ”

ကျဲ့ဟွလီ ခေါင်းယမ်းကာ ပြောလိုက်သည်။ “ဂိုဏ်းသခင်ချင်၊ ငါတို့နှစ်ယောက် ပေါင်းရင် ဒီကြက်နဂါးကို မသတ်နိုင်ဘူးလား”

ချင်မူ မှင်သက်သွားပြီး ကျဲ့ဟွလီကို သေသေချာချာ ကြည့်ကာ ခေါင်းယမ်း၏။ “ငါ ရှုရှန်းဟွာနဲ့ အတူပူးပေါင်းရင်တော့ နတ်ဘုရားကို တိုက်ခိုက်နိုင်တယ်... ဒါပေမဲ့ မင်းက ရှုရှန်းဟွာ မဟုတ်ဘူး”

ကျဲ့ဟွလီ အင့်ခနဲ ဖြစ်သွားပြီး တိုက်ခိုက်လိုစိတ်များ ကုန်ခမ်းသွားတော့သည်။ “ငါက ရှုရှန်းဟွာအောက် နိမ့်ကျတယ်လား.... ငါ့ကို အထင်မသေးပါနဲ့”

All Chapters