တောင်တန်း အတွင်း၌ ကျင့်ကြံခြင်း။
Vol. 53 Ch. 737
မိုးရေ အင်ပါရီယန်အား နှုတ်ဆက် ပြီးနောက်၊ မြို့ပြင်သို့ ဦးတည် လာ ခဲ့သည်။ လမ်းတစ်လျှောက် ‘လွင့်မျော နေသော ရေခွက်’ ပြောပြသည့် ကမ္ဘာ ကြီးကို၊ သတိရ မိ၏။
ထိုကမ္ဘာကြီး အကြောင်းကို ပြောပြ ပေးလာသည့်၊ လွင့်မျော နေသော ရေခွက်၏ ကျေးဇူးကို သူ မမေ့ နိုင်ပေ။
မြင့်မြတ်သော ကမ္ဘာရှိ ပါရမီရှင် များနှင့် ယှဉ်ရသော်၊ ကောင်းကင် တောင်ကုန်း မြို့၏ ပါရမီရှင် ခုနစ်ပါးမှာ၊ အမှိုက် များသာ ဖြစ်ပေ၏။
တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ၌ ရှိသော ချင်ရို့ယူ ထက်ပင်၊ သန်မာ သူများ ရှိနေ နိုင်သည်။
ဆုစီယာကို ကာကွယ်ရန် သူမ နောက်သို့ လိုက်ရာ၌၊ ကြုံရမည့် အချင်း အရာများ အပေါ်၊ တွေးတော လာမိ ပြန်သည်။
ထိုအချိန်တွင် ၎င်းကမ္ဘာရှိ၊ ပါရမီရှင်များ အားလုံးကို၊ ကျော်လွန်လျက် ပန်းသင်္ချိုင်း အမည်အား၊ တွင်ကျယ် စေမည် ဖြစ်သည်။
အတွေးထဲ နစ်မျောလျက် လျှောက်လှမ်း လာသော အခါ၊ လူ အတော် များများက သူ့အား မှတ်မိ လာပြီး၊ စူးစမ်း ကုန်ကြသည်။
ပါရမီရှင် ခုနစ် ပါးကို သတ်ပြီးနောက်၊ ချင်ရို့ယူ၏ လက်ဝါး နှစ်ချက်ကို ခံယူ ခဲ့သည်။
နောက်ဆုံးတွင် မယုံ နိုင်ဖွယ် ကောင်း လောက်အောင် လှပသည့်၊ အမျိုး သမီး တစ်ဦး ထွက်ပေါ် လာကာ၊ ချင်ရို့ယူအား ပါးရိုက် မောင်းထုတ် တော့သည်။
ထို့ကြောင့် အလင်း အမှောင် လမင်း ကမ္ဘာ၏ အကြီး အကဲ များမှာ၊ ခွေးများ ကဲ့သို့ အမြီးများ ကုပ်ပြီး၊ ထွက်သွား ခဲ့ရသည်။
အလင်း အမှောင် လမင်း ကမ္ဘာကို ရန်စဝံ့သည့် မည်သူ မဆို၊ မိုးကြိုး စီရင်စုတွင် သေခြင်း တရားဖြင့် ရင်ဆိုင် ရပေမည်။
တစ်စုံ တစ်ယောက်က လင်းယွန်အား နှုတ်ဆက်ရန် ကြိုးစား လာသော်လည်း၊ အတွေးထဲ နစ်မျော နေသော အမူအရာကြောင့်၊ ငြိမ်သက်စွာ ကျန်ရစ် ခဲ့သည်။
အချို့ သူများမှာ သတ်ချင် စိတ်ဖြင့် မျက်လုံးများ ဝင်းလက် လာသော်လည်း၊ ထိုစိတ်ကူး များကို အမြန် ဖယ်ရှား လိုက်ရ သည်။
အလင် အမှောင် လမင်း ကမ္ဘာ သည်ပင်၊ မထိဝံ့ သည့်နောက်၊ သူ့အား ထိရဲ မည့်လူ မရှိ တော့ချေ။
ထိုကြောင့် အတွေးများ နှင့်အတူ၊ အနှောက် အယှက် မရှိဘဲ၊ မြို့ထဲမှ လင်းယွန် တစ်ယောက် ထွက်ခွာ လာနိုင် ခဲ့သည်။
အတိတ်မှ အတွေ့အကြုံ များကို အလေးအနက် တွေးနေ မိသဖြင့်၊ သူ့ အရှိန်အဝါ ပြောင်းလဲ သွားသည်ကို၊ သတိ မထားမိ လိုက်ချေ။
ပတ်ဝန်းကျင်ရှိ အရာ အားလုံးကို၊ လုံးဝ သတိမမူ မိတော့ဘဲ၊ ကောင်းကင် တောင်ကုန်း မြို့ နယ်နိမိတ်မှ ထွက်ခွာကာ၊ တောင်တန်းကြီး တစ်ခုသို့ ရောက်ရှိ လာသည်။
တစ်နေ့တွင် အတွေး ကမ္ဘာ အတွင်းမှ ရုတ်တရက် နိုးထ လာပြီး၊ အမှောင် ထုအား ဖြတ်ကျော် နိုင်ခဲ့ သကဲ့သို့၊ သူ့ မျက်လုံး များက လင်းလက် လာတော့သည်။
ထာဝရ လမ်းစဉ်ကို မလိုက်ဘဲ၊ အိပ်မက်များ နောက်သို့သာ လိုက်ရ ပေမည်။ ထိုအခါ သေဆုံး ပြီးနောက် လက်ထဲရှိ ဓားမှာ၊ လိုက်ပါ လာမည် မဟုတ်ချေ။ သို့သော် သည်ဘဝ၌ ဓား ရှိ၏။
ယခု အချိန်၌ ဓားတာအို အတွက်၊ အသက်နှင့် စိတ်ဝိညာဉ်အား ပေးအပ် လိုက်ပြီ ဖြစ်သည်။
“ ဒါက ဘယ်လို နေရာ မျိုးလဲ။ ”
ရုတ်တရက် ပြန်လည် နိုးထ လာပြီး၊ ပတ်ဝန်းကျင်အား လှမ်းကြည့် လိုက်သည်။ တောင်တန်း တစ်နေရာတွင် ဖြစ်သော်လည်း၊ ဤနေရာ၌ ဝိညာဉ် စွမ်းအင်များ၊ ပါးလျ နေ၏။
သို့သော် အတွေး ထဲရှိ ဝန်ထုပ် ဝန်ပိုးများ အားလုံး လွတ်ကျ သွားပြီး၊ စိတ်ခံစား ချက်များ ပေါ့ပါး တည်ငြိမ် သွားပြီ ဖြစ်သည်။
“ လွင်မျော နေသော ရေခွက် ပြောတာ မှန်တယ်၊ အများကြီး သိတာ မကောင်း ပါဘူး၊ ငါ သာ ပျံသန်း နိုင်ခြင်း မရှိရင်၊ ... ”
“ ... အဲ့ဒီ စိတ်နဲ့ ပျက်စီး သွားမှာ အမှန်ပဲ၊ အရာ အားလုံးကို ခွဲခြား နိုင်ခဲ့တာ ကံကောင်း သွားတယ်။ ”
ကိုယ်ပိုင် လမ်းစဉ်ကို မြင်ပြီးနောက်၊ ကျောက်တုံးကြီး တစ်တုံး ပေါ်တွင် ပြုံးကာ ထိုင်ချ လိုက်သည်။
“ သွေးစွန်းသော ဧည့်ခံပွဲက သုံးလပဲ လိုတော့တယ်၊ တိုက်ပွဲ အတွေ့ အကြုံ တွေကို ပြန်သုံးသပ်ဖို့ အချိန် ကျပြီ။ ”
မျက်လုံးများ မှိတ်လျက် ပါရမီရှင် ခုနစ်ပါးနှင့် တိုက်ပွဲ အပေါ်၊ အာရုံစိုက် လိုက်၏။
စိတ်ကျေနပ်သည် အထိ၊ လက်စားချေ ပြီးနောက် ဒေါသပြေ သွားကာ၊ ‘ချီ’ အကြောင်း နားလည် လာခဲ့သည်။
လူ တစ်ဦးသည် ဝေဒနာ၊ ပင်ပန်းမှုနှင့် နာကျည်းမှုကို ခံနိုင် သော်လည်း၊ မည်သည့် အခါမျှ ‘အရှက် ခွဲခြင်း’ အား ခံမည် မဟုတ်ချေ။
အမှိုက် ခုနစ် စနှင့် တိုက်ပွဲမှာ၊ သူ၏ တိုက်ပွဲဝင် အတွေ့ အကြုံကို ပြေလျော့ စေခဲ့ပြီး၊ ‘ချီ’အား မွေးဖွား နိုင်ခဲ့သည်။
‘ချီ’ သည် မမြင်နိုင် သော်လည်း၊ အမှန်ပင် တည်ရှိ နေပေ၏။ သူ၏ ဓားရည်ရွယ်ချက်အား နောက် တစ်ဆင့်သို့ မတက် နိုင်သေး သည်မှာ၊ ၎င်း‘ချီ’နှင့် ဆက်စပ်ကောင်း ဆက်စပ် နိုင်ပေမည်။
ဓား ရည်ရွယ်ချက်နှင့် သိုင်း နည်းစနစ် များကို ‘ချီ’ဖြင့် ချိတ်ဆက် လိုက်သော အခါ၊ စိတ်ထဲ၌ အတွေး များစွာ ပေါ်လာသည်။
မိုးပြာ နဂါး မူလ ပုံစံမှာ ခန္ဓာကိုယ် သန့်စင်သည့် နည်းစနစ် တစ်ရပ် ဖြစ်ပြီး၊ စတုတ္ထ အဆင့် အထွတ် အထိပ်သို့ ရောက်ရှိ နေပြီ ဖြစ်သည်။
ထို့ကြောင့် သူ့ ခန္ဓာကိုယ် ထဲတွင်၊ အလွန် များပြားလှသော အသက်ဓါတ်များ သိမ်းဆည်း ထားနိုင်ပြီး၊ ပါရမီရှင် ခုနစ်ပါးကို သတ်နိုင် ခဲ့ခြင်း ဖြစ်၏။
သို့မဟုတ် ပါက၊ နည်းစနစ်များ မည်မျှ ကြေညက် နေစေ ကာမူ၊ အချိန် အကြာကြီး တိုက်ပွဲ ဝင်ရန် မဖြစ် နိုင်ချေ။
ဓားသုတ္တန်မှာ ၎င်းထက်ပင် ပိုမို အားကောင်းသော ဒဏ္ဍာရီလာ ကျင့်ကြံခြင်း နည်းစနစ် တစ်ရပ် ဖြစ်၏။
ယင်းကို အဆင့် (၁၁) သို့ တက်လှမ်း နိုင်သဖြင့်၊ အထွတ် အထိပ် ယင်-ယန် အဆင့် ကျွမ်းကျင် သူများ ထက်ပင်၊ သန်မာ လှပေ သည်။
သို့သော် ချင်ရို့ယူ ကဲ့သို့ လူများ အတွက်မူ မလုံလောက် သေးချေ။
“ တော်ပြီ ... ၊ အဝေးကြီး တွေးနေလို့ အကျိုး မရှိဘူး၊ ငါ ရခဲ့တဲ့ အရာတွေ အပေါ် အရင်ဆုံး ချေဖျက် ရမယ်။ ”
စတုတ္ထတန်း ဝိညာဉ် ကျောက်စိမ်း အမြောက် အမြားကို ထုတ်ကာ၊ ကျင့်ကြံရန် ပြင်ဆင် လိုက်သည်။
သုံးရက် ကုန်လွန်သွား ပြီးနောက်၊ လင်းယွန်၏ မျက်လုံးများ ပြန်ဖွင့်လာ ခဲ့သည်။ စူးရှသော ဓားအလင်း အချို့၊ မျက်ဝန်း များမှ ပြေးထွက် သွား၏။
“ တကယ်တော့ တိုက်ပွဲတွေ ကသာ၊ ကျင့်ကြံသူ တစ်ဦးကို မြန်မြန် တိုးတက်စေ နိုင်တယ်၊ ကနဦး ယင်ယန် အဆင့် ကျင့်ကြံမှုက၊ အခုဆို သုံးရက်နဲ့၊ တည်ငြိမ် သွားပြီ။ ''
ယင်-ယန် အဆင့်သို့ တက်လှမ်း ထားသည်မှာ၊ တစ်လပင် မပြည့် သေးသော ကြောင့်၊ အလယ် အလတ် တက်လှမ်းရန်၊ အလှမ်းဝေး နေ၏။
“ ကြည့်ရတာ ကျင့်ကြံမှု လမ်းကို တိုးတက်အောင် မလုပ်နိုင် သေးဘူး ထင်တယ်၊ ဓားသုတ္တန် ကိုပဲ အထွတ် အထိပ် ရောက်အောင် လုပ်ရ တော့မယ်။
သူတွင် ရှိသော စတုတ္တတန်း ဝိညာဉ် ကျောက်စိမ်း ပမာဏမှာ၊ ဂိုဏ်း တစ်ဂိုဏ်း၏ ပိုင်ဆိုင်မှု နီးပါး ရှိပေသည်။
ထို့ကြောင့် ဓားသုတ္တန်ကို အဆင့် (၁၂) အထိ တက်လှမ်း နိုင်မည်ဟု ထင်၏။
ပြတ်သားသော ဆုံးဖြတ်ချက် နှင့်အတူ၊ တောင်ငယ် တစ်လုံး အရွယ်ခန့် ရှိသည့်၊ ဝိညာဉ် ကျောက်စိမ်း များကို၊ ထုတ်ယူ လိုက်သည်။
အရေအတွက် နှစ်သောင်းမျှ ရှိကာ၊ စွမ်းအင် သွေးကြော သဖွယ်၊ သူ့ထံ စီးဝင် လာသည်။
“ ဒါနဲ့ လုံလောက်မယ် ထင်တယ်။ ”
သူ့ အောက်၌ ခရမ်းရောင် ပန်း တစ်ပွင့် ထွက်ပေါ် လာပြီး၊ ဝိညာဉ် စွမ်းအင် များကို သန့်စင် ပေး လေသည်။
စွမ်းအင် လည်ပတ်မှု၊ တစ်ကြိမ်ပြည့် သည်နှင့်၊ ခန္ဓာကိုယ် အတွင်းရှိ အညစ်အကြေး များကို၊ စစ်ထုတ် ပစ်မည် ဖြစ်သည်။
ထိုလုပ်ငန်း စဉ်မျိုး အဆက် မပြတ် လုပ်ဆောင်ပြီး၊ ငွေရောင် ဓားစွမ်းအင် အဖြစ် ပြောင်းလဲ သိပ်သည်း စေလိုက်၏။
***
ဆယ်ရက်ခန့် အကြာတွင် အပြာရောင် ဝတ်ရုံကို ဆင်မြန်း ထားသော လူငယ် တစ်ဦးက နတ်ဆိုး သားရဲများ ထံမှ၊ ရတနာ အချို့ကို စုဆောင်းရန်၊ တောအုပ် အတွင်း အမဲလိုက် နေခဲ့သည်။
ထိုလူငယ်မှာ နက်နဲ တတိယ အဆင့် ၌သာ ရှိပြီး၊ လေးနက် တည်ကြည်သော အသွင် ရှိပေ ၏။
“ ကျင့်ကြံသူ တွေက ကျင့်ကြံဖို အတွက် ခရီးကြမ်းတွေ ထွက်ရတယ် ဆိုတာ အမှန်ပဲ၊ အခု ရိတ်သိမ်း ထားတာ တွေနဲ့၊ တတိယတန်း မှော်ဆေးလုံး တွေကို၊ လဲလှယ် နိုင်မယ် ဆိုရင်၊ နက်နဲ စတုတ္ထ အဆင့်ကို တက်လှမ်း နိုင်ပြီ။ ”
လူငယ်၏ မျက်လုံး များမှာ၊ စိတ်လှုပ်ရှား မှုကြောင့်၊ ချက်ချင်း တောက်ပ လာသည်။
ထိုလူငယ် အမည်မှာ လုဟန် ဖြစ်ပြီး၊ အနီးနားရှိ ဂိုဏ်း တစ်ဂိုဏ်း၏ အတွင်း တပည့် တစ်ဦး ဖြစ်၏။
အသက် နှစ်ဆယ် မတိုင်မီ၊ ဂိုဏ်း၏ အမာခံ တပည့် ဖြစ်ရန် မျှော်လင့် ချက်ဖြင့်၊ အခွင့် အရေးကို လာရောက် ရှာဖွေ နေခြင်း ဖြစ်သည်။
“ ထူးဆန်းတယ်၊ လေထု ထဲမှာ ဝိညာဉ် စွမ်းအင် တွေက၊ ဘာလို့ ဒီလောက် သိပ်သည်း နေရ တာလဲ။ ”
အသက် ပြင်းပြင်း ရှူလျက်၊ လေထဲရှိ ဝိညာဉ် စွမ်းအင် များကို အာရုံ ခံကာ၊ အဝေးသို့ မျှော်ကြည့် လိုက်သည်။
ဂိုဏ်းရှိ ရတနာ နယ်မြေ ဖြစ်သော၊ ပင်မ ဝိညာဉ် တောင်တန်း ကြီး၏၊ ဝိညာဉ် စွမ်းအင် ပမာဏ နီးပါး သိပ်သည်း ချေပြီ။
ထိုအချိန်တွင် ငှက်တစ်ကောင် အော်သံကို ကြားလိုက် ရသဖြင့်၊ ယင်းမှာ ဖီးနစ် ဖြစ်မည်ဟု ကောက်ချက်ချ မိကာ၊ တုန်လှုပ် လာတော့ သည်။
အဆုံး မရှိသော မီးတောက်များ နှင့်အတူ၊ နတ်ဘုရား ငှက် တစ်ကောင် ကောင်းကင်ပေါ်၊ ပျံတက် လာသည်အား တွေ့လိုက် ရ၏။
“ ဘာတွေ ဖြစ်နေ တာလဲ … ဒါက တကယ့် ဖီးနစ်လား။ ”
ဤသည်မှာ အခွင့် အရေး တစ်ခု ဖြစ်နိုင်ကြောင်း၊ တွေးမိလာ သဖြင့်၊ အနည်းငယ် ရင်ခုန် သွားသည်။
ထို့ကြောင့် ၎င်းနယ်မြေသို့၊ ချက်ချင်း ဦးတည် လိုက်သည်။ တစ်နာရီခန့် အကြာ၌ မြင်ကွင်း တစ်ခုက၊ သူ့အား စီးကြို နေလေ သည်။
တုန်လှုပ် စွာဖြင့် ခြေတစ်လှမ်း မျှပင်၊ ထပ်မလှမ်း ဝံ့တော့ချေ။ ဤသည်မှာ တစ်သက် မေ့နိုင်မည် မဟုတ်သော မြင်ကွင်းမျိုး ဖြစ်၏။
တောင်ငယ် တစ်လုံးခန့် ရှိသော စတုတ္ထတန်း ဝိညာဉ် ကျောက်စိမ်းပုံ ပေါ်တွင်၊ ဓားသမား တစ်ယောက် နောက်ကျောပေး ထိုင်နေ၏။
ထိုဓားသမားမှာ မိုးပြာရောင် အဝတ် အစားကို ဝတ်ဆင် ထားပြီး၊ ခြေသံကြောင့် သူ့အား လှည့်ကြည့် လာသည်။
တက်ထိုင် ထားသော စတုတ္ထတန်း ဝိညာဉ် ကျောက်စိမ်း ပုံမှာ အမှုန် အဖြစ်သို့ ချက်ချင်း ပြောင်းလဲ သွား၏။
ထို့နောက် ဓားသမား အကြည့်က၊ သူ့ထံ တည့်မတ်စွာ ကျရောက် လာသဖြင့်၊ တုန်ယင် ထိတ်လန့် သွားကာ၊
“ စီ ... စီနီယာ … ။ ”
-ဟု နှုတ်ဆက် လိုက်မိသည်။
ဒူးထောက် မတက် ပျော့ခွေကျ လာသည့် လုဟန် အသွင်ကို မြင်ချိန်၌၊ ထိုဓားသမားက သူ့ ရောင်ဝါအား ပြန်ရုတ် လိုက်ပြီး၊
“ ဒီလို အရပ် ဒေသမျိုး ကိုတောင်၊ ကျင့်ကြံသူ တွေက ရောက်လာ နိုင်သေး တာလား ... ။ ”
-ဟု ရေရွတ် လာတော့သည်။
***