အလှည့် အပြောင်းများ။
Vol. 54 Ch. 756
လင်းယွန်မှ ဤမျှ အဖိုး တန်သော နဂါး မီးလျှံ သစ်သီးကို၊ စိတ် မဝင်စားဟု ဆိုပါက၊ လိမ်ညာ ခြင်းသာ ဖြစ်ပေ လိမ့်မည်။
တစ်ဖက်တွင် ရယူရန် လွယ်ကူ ပါက၊ မရဏ မိုးကြိုး နဂါး လင်းတမှ ရယူပြီး ဖြစ်ကြောင်း၊ လင်းယွန် နားလည်သည်။
ဝိညာဉ်ရေး ဓား ရည်ရွယ်ချက်ကို နားလည်ပြီး နောက်တွင်ပင်၊ အုပ်စိုးရှင် အဆင့် ကောင်းကင် ဝိညာဉ် နယ်မြေ၊ နတ်ဆိုး သားရဲ နှင့် နှိုင်းယှဉ် နိုင်စရာ၊ နည်းလမ်း မရှိ သေးချေ။
၎င်းကို စောင့်ကြပ် နေသော၊ အစွမ်းထက်သည့် နတ်ဆိုး သားရဲ တစ်ကောင်၊ သို့မဟုတ် ခူးဆွတ်ရန် မလွယ် ကူသော အရပ် ဒေသ မျိုး၌ ဖြစ်ပေမည်။
မည်သို့ပင် ဆိုစေ ကာမူ၊ လိုက်ကြည့် ခြင်းသည် အရှုံး မရှိချေ။ နဂါး လင်းတတွင် ခွန်အား တစ်ဝက်ကို ပြန်လည် ရရှိနေပြီ ဖြစ်ရာ၊ အတောင်ပံများ ခတ်လျက်၊ ကြောက်စရာ ကောင်းသော အဟုန်ဖြင့်၊ ရွေ့လျား လိုက်သည်။
အားပြင်းသော လေစီး ကြောင်းက၊ နဂါးလင်းတ ခန္ဓာ ကိုယ်ကို ကောင်းကင်သို့ ပင့်တင်ပေး လိုက်၏။
ကျော ပေါ်ရှိ လင်းယွန်၏ ဆံပင်များ၊ တဖျပ်ဖျပ် ခတ်နေပြီး၊ မျက်လုံးများ မှိတ်ထား လိုက်၏။
နဂါး လင်းတမှာ တောင်တုန် မိစ္ဆာ မျောက်ဝံထက် ပိုကြီးမား သော်လည်း၊ အလွယ် တကူ ပျံသန်း နိုင်ပေသည်။
ဆိုလို သည်မှာ နဂါး လင်းတတွင်၊ အလွန်အစွမ်း ထက်သော သွေး မျိုးဆက် ရှိပုံ ရချေသည်။
ကောင်းကင်ကို ဖြတ်၍ ပျံသန်း နေစဉ်၊ မရေမတွက် နိုင်သော၊ ဝေဟင် သားရဲ များက၊ ကြောက်ရွံ့လျက် ဖယ်ခွာ ကုန်ကြ၏။
လမ်းကြောင်းကို ပိတ်ဆို့ရန် သတ္တိ မရှိ ကြဘဲ၊ ၎င်းနှင့် ယှဉ်ပြီး မည်သူမျှ ပျံသန်းခြင်း မပြု ကြပေ။
နာရီဝက် အကြာတွင်၊ ‘ဖိုခုံလောက်’ အသွင်ရှိသော မီးတောင်ကြီး သုံးလုံးကို လှမ်းမြင် လိုက်ရသည်။
မြင့်မားသော အပူ ရှိန်က၊ ကောင်းကင်ကို အနီရောင် ပြောင်းလဲ လာစေ၏။ မြင်ရုံ ဖြင့်ပင် တားမြစ် နယ်မြေ တစ်ခု ဖြစ်ကြောင်း၊ ပြောနိုင်သည်။
“ ဒီလောက် ... ၊ ကြောက်စရာ ကောင်းတဲ့ နေရာ မျိုးမှာ၊ ရှိနေ တာလား။ ”
ပတ်ဝန်းကျင် တောင်တန်းများ ထိတိုင်၊ ဖုံးလွှမ်း နေသော တိမ်နီနီ များကို ကြည့်ပြီး၊ လင်းယွန် တစ်ယောက် တုန်လှုပ် သွားသည်။
ထိုတိမ်နီ နီများ အတွင်း၊ အစီရင် တစ်ခု ကွယ်ဝှက်ထား ချေပြီ။ ယင်းမှာ သဘာဝ သို့မဟုတ် တစ်စုံ တစ်ယောက်မှ ခင်းကျင်း ထားခြင်း ဖြစ်နိုင်၏။
လမ်းပြ မည့်သူ မရှိ ပါက၊ ထိုအစီရင်ကြောင့် ရှာတွေ့ရန် မဖြစ် နိုင်ချေ။
“ သတိ ထား ... ။ ”
နဂါး လင်းတက လျှပ်စီး အသွင် ပြောင်းလဲကာ၊ မီးတောင် သုံးလုံး ဆီသို့၊ ရုတ်တရက် ထိုးဆင်း သွား၏။
ဝင်လာသော အပူ လှိုင်းကြောင့်၊ မိုးပြာ နဂါး မူလ ပုံစံအား ထုတ်ဖော်ပြီး၊ ကာကွယ် လိုက်ရ သည်။
မီးတောင် သုံးလုံး ပေါ်၌၊ ရှားပါးသော သဘာဝ ရတနာများ ပေါက်ရောက် နေသည်ကို ဖြတ်သွား ဖြတ်လာ လှမ်းမြင် နိုင်သည်။
ဤမီးတောင်သည် ထိုအချိန်က မီးနဂါး သေခဲ့သည့် နေရာ ဖြစ်ရ မည်ဟု၊ ကောက်ချက် ချလိုက်သည်။
ထို့ကြောင့် ရတနာ များစွာ ပေါက်ဖွား နေရခြင်း ဖြစ်ပေမည်။ ဆိုလို သည်မှာ နှစ်ပေါင်း (၃၀၀၀) သက်တမ်း ရှိသော နဂါးမီးလျှံ သစ်သီး၊ ဤအရပ်၌ တကယ်ပင် ရှိနိုင်၏။
နဂါး လင်းတက မီးတောင် များကို ဖြတ်၍ လွင်ပြင် တစ်ခု ပေါ်တွင် ဆင်းသက် လိုက်၏။ ဆင်းသက် လာသော အဟုန်ကြောင့် မြေပြင် တစ်ခုလုံး ပြင်းစွာ တုန်ခါ သွားသည်။
“ ရှေ့မှာ ရှိတယ်။ ”
နဂါး လင်းတက ဆိုလာ သဖြင့်၊ လင်းယွန် တစ်ယောက် ကျောပေါ်မှ ခုန်ချ လိုက်၏။
မိုင်တစ်ရာ အကွာ၌ ကောင်းကင်ကို ရွှေရောင် ပြောင်းလဲ စေသည့်၊ မီးနဂါးကြီး တစ်ကောင်အား မြင်လိုက် ရ၏။
ကြက်သွေးရောင် မျက်ဝန်း များက လောင်ကျွမ်း ပြာကျ တော့မည် ကဲ့သို့၊ အာကာ ပြင်ကို ဖြတ်ကျော်ကာ၊ လင်းယွန်အား ခြိမ်းခြောက် လာသည်။
သို့သော် ဓားရည်ရွယ်ချက်အား လျင်မြန်စွာ ထုတ်လွှတ်ပြီး၊ ထိုအကြောက် တရားကို ဖြိုခွင်း ပစ်လိုက်သည်။
ထို့နောက် “ သူက နဂါး မီးလျှံ သစ်သီးကို စောင့်ကြပ် နေတာလား။ ” -ဟု မေး လိုက်၏။
“ အသေ အချာ ကြည့်ပါဦး။ ”
နဂါး လင်းတက ပြန်ဖြေသည်။
“ ဟမ့် ... ။ ”
မူလ စွမ်းအင်ကို မျက်ဝန်းများ အတွင်း သွန်းလောင်းပြီး ပြန်ကြည့် လိုက်ရာ၊ မီးနဂါး အစစ် မဟုတ်ဘဲ ရုပ်တု မျှသာ ဖြစ်ကြောင်း သိရှိ လိုက်သည်။
မီးနဂါး အစစ် တစ်ကောင် အလား၊ အထင်မှား မိစေသော ကြောက်မက်ဖွယ် လက်ရာကောင်း တစ်ခု ပေပင်။
“ လာ ... ၊ ငါတို့ အနား သွားကြည့် ရအောင်။ ”
နဂါး လင်းတက ရှေ့သို့ လှမ်းတက်ပြီး၊ မီးနဂါး ရုပ်တုနှင့် ဆယ်မိုင် အကွာ၌ ရပ်တန့် လိုက်၏။ ဤအကွာ အဝေး မှပင်၊ နဂါး မီးလျှံ သစ်သီးကို ပြတ်ထင်စွာ မြင်နိုင်သည်။
၎င်းမှာ ရှေးဟောင်း အရှိန် အဝါကို၊ ထုတ်လွှတ် ထားသော လက်သီးဆုပ် အရွယ် ရွှေ အဆင်းနှင့်၊ သစ်သီး တစ်လုံး ဖြစ်၏။ ကြည့်ရုံဖြင့် နှလုံးကို လှိုက်လှိုက်ခုန် လာစေသည်။
“ ငါတို့ ... ထပ် သွားလို့ မရ တော့ဘူး၊ မဟုတ်ရင် သေလိမ့်မယ်။ ”
နဂါး လင်းတက တောင်ပံများ ခတ်ပြီး၊ ကြီးမားသော ကျောက်တုံးကြီး တစ်တုံးအား ရိုတ်ထုတ် လိုက်သည်။
“ ဝှီး ... ။ ”
ထိုကျောက်တုံး ကြီးက လေထဲ ဖြတ်ပျံ သွားစဉ် မီးလောင်ပြာ ကျသွား၏။
“ ဒါက ... တစ်ခု တည်းသော အတား အဆီးတော့ ... ၊ မဟုတ် နိုင်ဖူး မဟုတ်လား။ ”
ထိုမြင်ကွင်းကို ကြည့်ပြီး၊ လင်းယွန်က တည်ငြိမ်စွာ ပြန်မေး လိုက်သည်။ ၎င်းဖြင့် နဂါး လင်းတကို တားနိုင်လိမ့် မည်ဟု မထင်ချေ။
နဂါး လင်းတ၏ ရုပ်ခန္ဓာမှာ၊ မိုးပြာ နဂါး မူလပုံစံထက် ပိုမို အားကောင်း သောကြောင့်၊ ထိုအဆင့် မီးလျှံကို ခံနိုင်ရည် ရှိပေသည်။
“ ဘယ် ... ဟုတ်မလဲ။ ”
နဂါး လင်းတ ထံမှ ကြောက်မက်ဖွယ် အရှိန်အဝါ ထွက်ပေါ် လာကာ၊ ကောင်းကင် တစ်ခုလုံး မှောင်မိုက် သွားစေ၏။
“ ဂီး ... ။ ”
ကျယ်လောင်သော အော်မြည် သံနှင့် အတူ တောင်ပံ များကို ခတ်လိုက် သဖြင့်၊ ကောင်းကင် အနှံ ကြောက်မက် ဖွယ်ရာ၊ လျှပ်စီးများ လင်းလက် သွားသည်။
သို့သော် ထိုလျှပ်စီး များက၊ ချက်ချင်း အရည် ပျော်ပြီး၊ ပျောက်ကွယ် သွားခဲ့၏။
“ နှစ်ပေါင်း သုံးထောင် လုံးလုံး၊ မီးနဂါးရဲ့ သွေး အနှစ်သာရနဲ့၊ သွန်းလောင်း အားဖြည့်ပေး ထားတာ ဆိုတော့၊ ဒီသစ်သီးက ဉာဏ်ရည် မမီ သေးပေမယ့်၊ လွယ်တော့ မလွယ်ဘူး။ ”
ထိုသစ်သီးကို ရယူရန်၊ နဂါး လင်းတက အကြိမ်ပေါင်း များစွာ ကြိုးစား ခဲ့ဖူး သဖြင့်၊ သူ့ အမြင်အား ခေါင်းယမ်းကာ ဆိုလာ ခဲ့သည်။
“ မီးနဂါး သွေး အဆီ အနှစ်နဲ့ အားဖြည့် ထားတာလား၊ ဒါဆို တစ်ယောက် ယောက်က ဒီသစ်သီးကို ရည်ရွယ်ချက် ရှိရှိ စိုက်ထား ခဲ့တာပေါ့။ ”
လင်းယွန်က အံဩ ဟန်ဖြင့် ရေရွတ် လိုက်သည်။ ယင်းကို လုပ်ဆောင် နေသူမှာ၊ လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်က၊ မီးနဂါး အား သတ်ခဲ့ သူ ဖြစ်မည်ဟု၊ ဆိုနိုင် ချေ၏။
သို့မဟုတ် ပါက မီးနဂါး သွေး အဆီအနှစ်ကို ရနိုင်ဖွယ် အကြောင်း မရှိချေ။
“ ... ဒါပေမယ့် အဲ့ဒီ ဓားသမားက သေသွားပြီ မဟုတ်လား။ ”
“ မသေ သေးပါဘူး။ ”
“ ဘယ်လို ... ။ ”
နဂါး လင်းတ၏ အဖြေကြောင့်၊ လင်းယွန် တစ်ယောက် ရှုပ်ထွေး သွားသည်။
“ သူ ... မသေ သေးတာကို၊ မင်း ဘယ်လို သိလဲ။ ”
မရဏ မိုးကြိုး နဂါး လင်းတမှာ အရွယ် ရောက်ပြီး၊ သားရဲ တစ်ကောင် ဖြစ်သော်လည်း၊ အနှစ် (၃၀၀၀) တိုင်တိုင်၊ အသက်ရှင် နေစရာ နည်းလမ်း မရှိပေ။
“ ငါ့ ... အဖိုးက၊ ဒီအကြောင်းကို ပြောပြ ဖူးတယ်။ ”
နဂါး လင်းတက တုံးတိတိ ပြန်ဖြေသည်။ ဤအခြေအနေ တစ်ရပ် လုံးမှာ၊ ထူးဆန်း နေဆဲ ဟုပင် ထင်နေ မိသည်။
နဂါး လင်းတ အဘိုးက၊ သည်အကြောင်းကို မည်သို့ သိနေခဲ့ သည်အား၊ တွေးယူ၍ မရနိုင် သေးချေ။
နဂါး လင်းတ အဘိုးမှာ တိုက်ပွဲကို တွေ့မြင် ခဲ့ရခြင်း ဖြစ်နိုင်သည်။ သို့မဟုတ် မှတ်ဉာဏ်ကို ၎င်း၏ နဂါး မျိုးဆက်သွေး ထဲ၌ ထွင်းထုထား ခြင်းလည်း ဖြစ်နိုင်မည်။
“ အဲဒီ ဓားသမားရဲ့ အကြောင်းကို သိလား။ ”
“ မသိဘူး၊ ဒါပေမယ့် အဖိုးမှာ သူ့ မှတ်ဉာဏ်တွေ အရ၊ ထင်ကြေး အချို့ ရှိတယ်၊ ဒီဓားသမားက မဟာချင် အင်ပါယာ ကပဲ ... ”
“ ... သူက ဓားဂိုဏ်းရဲ့ ကြောက်စရာ အကောင်းဆုံး နည်းစနစ် တွေကို အသုံးပြု နိုင်တယ်လို့ ပြောခဲ့ ဖူးတယ်။ ”
“ ဓား ဂိုဏ်းရဲ့ အမွေကို ရထားတဲ့၊ မဟာချင် အင်ပါယာက ဓားသမားလား။ ”
ဓားနန်းတော်၏ ဘိုးဘေး ဂျင်ဝူမင်ကို ရုတ်တရက် သတိရ သွားသည်။ မရဏ မိုးကြိုး နဂါး လင်းတ သည်သာ၊ အမှန်တိုင်း ပြောခြင်း ဖြစ်ခဲ့သော်၊ သူ့မှ လွဲ၍ အခြားသူ မရှိချေ။
ဤသို့ ဆိုပါက၊ နဂါးပျောက် တောင်စောင်း တွင်ရှိသော ဓား သည်လည်း၊ ဘိုဘေး ဂျင်ဝူမင် ချန်ထား ခဲ့ခြင်းဟု အဓိပ္ပါယ် ရပေ၏။
ထိုအချင်း အရာ များထက် ပို၍၊ ထိတ်လန့်သွား စေသည်မှာ၊ ဓားနန်းတော်၏ ဘိုးဘေး အသက်ရှင် နေခြင်းပင် ဖြစ်သည်။
“ နဂါး မီးလျှံ သစ်သီးက၊ မကြာခင် အရွယ် ရောက်တော့မယ်၊ အဲ့ဒီ အချိန်ကျမှ လာယူ ... ၊ ငါ ကြိုးစားပြီး ကူညီပေးမယ်၊ အခု လောလော ဆယ်တော့၊ ငါတို့ ပြန်ရအောင်။ ”
လင်းယွန် အတွေး များကို၊ မရဏ မိုးကြိုး နဂါး လင်းတ၏ အသံက နှောင့်ယှက် လာခဲ့ သည်။
“ ခ ဏ လေး ... ၊ ငါ စမ်းကြည့် ဦးမယ်။ ”
လင်းယွန်က မျက်ဝန်းများ မှေးစင်းလျက်၊ ဆိုသည်။ မကြိုး စားဘဲ လက်လျော့ရန်၊ ဆန္ဒ မရှိချေ။
“ ဓားသမား၊ စိတ်ကူး ယဉ် မနေနဲ့၊ မင်းရဲ့ ကိုယ်လုံး ကိုယ်ပေါက်က အားကောင်းတယ် ဆိုနိုင် ပေမယ့်၊ ... ”
“ ... ငါတို့လို သားရဲတွေ ထက်တော့ အားနည်း ပါသေးတယ်၊ ဒါကို လွန်ခဲ့တဲ့ (၁၀) နှစ်လောက်က၊ ငါ စမ်းကြည့် ခဲ့တာ သေလု နီးပါးပဲ။ ”
နဂါး လင်းတ၏ သတိပေး စကား များကို၊ ပြန်လည် ချေပခြင်း မရှိ ခဲ့ချေ။ ဤသည်မှာ မှန် သဖြင့်၊ နည်းလမ်း အချို့အား စဉ်းစား ထားပြီး ဖြစ်လေသည်။
ထိုသစ်သီး ထံမှ ထုတ်လွှတ်သော မီးတောက်မှာ၊ ဒုတိယတန်း သို့မဟုတ် ၎င်းနှင့် အထက်၊ မီး ရည်ရွယ်ချက် နီးနီး အစွမ်းထက် သည်ဟု၊ သူ ထင်သည်။
မရဏ မိုးကြိုး နဂါး လင်းတ၏၊ လျှပ်စီး ရည်ရွယ်ချက်မှာ၊ သန်မာခြင်း မရှိ သောကြောင့်၊ မဖြတ်ကျော် နိုင်ခြင်း ဖြစ်လေသည်။
လုံလောက်သော သိုင်း ရည်ရွယ်ချက် တစ်ခုခု ကိုသာ ဆုပ်ကိုင်ထား နိုင်ပါက၊ နဂါး မီးလျှံ သစ်သီးအား၊ ရရှိ နိုင်မည်ဟု ထင်သည်။
လင်းယွန်၏ ထင်မြင် ချက်ကို နားထောင် ပြီးနောက်၊ နဂါး လင်းတမှာ အချိန် အတော်ကြာ တိတ်ဆိတ် သွားခဲ့သည်။ သည့်နောက်၊
“ မင်းရဲ့ ဓား ရည်ရွယ်ချက်က လုံလောက် တယ်လို့၊ မင်း ... ထင်လား။ ”
“ ဒါတော့ ... စမ်းကြည့် ရမှာပဲ။ ”
လင်းယွန်က ကောင်းကင်ပေါ် ခုန်တက် သွားပြီးနောက်၊ အော်ဟစ်ကာ ပြန်ဖြေသည်။ မြေပြင်ပေါ် မဆင်းမီ၊ မီးတောက်များ ရုတ်တရက် လျှံတက် လာ၏။
ရှန်ရှင်း ဓားဖြင့်၊ ၎င်းမီးတောက် များကို ချက်ချင်း ငြိမ်းသက် လိုက်သည်။ မြေပြင်ပေါ် ခြေချ လိုက်ချိန်၌၊ လောင်ကျွမ်းခြင်း မရှိဘဲ၊ ပွက်ပွက်ဆူ နေသော ချော်ရည်များ အပေါ်၊ လျှောက်လှမ်း နေသကဲ့သို့ ခံစား လာရ၏။
အဝေးမှ ကြည့်ပါက မီးပင်လယ်ကြီး အတွင်း၊ အေးအေး လူလူ လျှောက်လှမ်းနေ သကဲ့သို့၊ ထင်မှား မိစေသည်။
ဂရုတစိုက် လျှောက်လှမ်း နေစဉ်၊ ရှန်ရှင်းဓားကို လောင်မြိုက် နေသော မီးလျှံ များအား၊ ကောင်းစွာ ခံစား မိသည်။
မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ ရှန်ရှင်းဓားက ဆယ်မီတာ အထိ ကျုံ့ဝင်ပြီး၊ သူ့အား အကာ အကွယ် မပေးနိုင် တော့ချေ။
ခြေလှမ်း တိုင်းကို ဝါးမျို ဖို့ရန်၊ မြေပြင်မှ ကြောက်စရာ ကောင်းသော မီးတောက်များ ထွက်ပေါ် လာတက်၏။
အန္တရာယ်များ သော်လည်း၊ ဆုတ်ခွာရန် ရည်ရွယ်ချက် မရှိချေ။ ရုတ်တရက် ခန္ဓာကိုယ် အတွင်းမှ၊ ဓားမြည်သံ နှင့်အတူ၊ ထက်ရှသော ဓားတစ်လက်၊ ထွက်ပေါ် လာသည်။
နဂါး မီးလျှံ သစ်သီးနှင့်၊ မီတာ (၁၀၀၀) အကွာ၌ ခဏရပ် လိုက်ပြီး၊ တည်ငြိမ် စွာဖြင့် တစ်ချက် လှမ်းကြည့် မိသည်။
မျှော်လင့်ထား သကဲ့သို့၊ နဂါး မီးလျှံ သစ်သီးမှ၊ ရွှေရောင် အလင်းများ တောက်ပစွာ ဖြာကျ လာ၏။
သန့်စင်သော မီး ရည်ရွယ်ချက်က၊ မီးနဂါးကြီး တစ်ကောင် အဖြစ် ပြောင်းလဲကာ၊ သူ့ထံ ဦးတည် လာသည်။
“ ချိုး ဖြတ် စမ်း ... ။ ”
ပန်းသင်္ချိုင်း ဓားကို ဆွဲထုတ် လိုက်ပြီး၊ ဓားရည်ရွယ်ချက် လောင်းထည့် လိုက်သဖြင့်၊ ကောင်းကင်၌ အပေါက် တစ်ပေါက် ဖြစ်ပေါ် လာကာ၊ ကြယ်အလင်းများ ဖြာဆင်း လာ၏။
ထို့နောက်တွင် ဝိညာဉ်ရေး ဓား၏ စွမ်းအားကြောင့်၊ မီးနဂါး ကြီးမှာ သူ့ အနား လုံးဝ မချဉ်းကပ် နိုင်တော့ချေ။
ဓားရောင်ခြည်က မီးနဂါး ကြီးပေါ် ကျရောက်ကာ၊ အပိုင်းပိုင်း ပြတ်တောက် ပစ် လိုက်သည်။
“ ဟိတ် ... ။ ”
မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ မီတာ တစ်ထောင် ခရီးကို ဖြတ်လျက်၊ နဂါး မီးလျှံ သစ်သီး ရှေ့သို့၊ ဆင်းသက် လိုက်သည်။
“ ဝှစ် ... ။ ”
ထို့နောက် ဓားကို ရုတ်သိမ်းကာ၊ နှစ် (၃၀၀၀) နဂါး မီးလျှံ သစ်သီးအား ခူးယူရန် လက်လှမ်း လိုက်၏။
သို့သော် ရုတ်တရက် ကောင်းကင်ကြီး တစ်ခုလုံး ပြိုလဲသွား သကဲ့သို့ ခံစားလိုက် ရပြီး၊ ကြီးမားသော ဖိအား တစ်ခု ဆင်းသက် လာ တော့သည်။
***