အကြည့် တစ်စုံ။
Vol. 57 Ch. 788
ဂျီဖန်း မျက်နှာ ဖြူဖျော့ နေပြီး၊ မတ်တပ် ထရပ်ရန် ရုန်းကန် လိုက်ရသည်။ ရင်ဘတ် ဒဏ်ရာမှ သွေးများ စီးကျ နေလျက်ဖြင့်၊ လင်းယွန်အား မော့ကြည့် လာ၏။
“ မင်း ... ၊ ခွန်အား ဘယ်လောက် သုံးခဲ့လဲ။ ”
လက်ရှိ အသွင် အပြင် အရ၊ သူ့ ဒဏ်ရာများမှာ၊ ကြောက်မက်ဖွယ် ကောင်းပုံရ သော်လည်း၊ အပေါ်ယံ ဒဏ်ရာ များသာ ဖြစ်ချေသည်။
ထို့ကြောင့် ပြိုင်ဘက်မှ၊ ခွန်အား မည်မျှ အသုံးပြု ခဲ့မည်ကို၊ သူ သိချင်သည်။ သူ့ ကဲ့သို့ (၉၀%) သာ အသုံးပြု ခဲ့မည် ဆိုပါက၊ အနိုင် ရရန် အခွင့်အရေး ရှိပေ သေး၏။
သို့သော် ဓားပေါ်ရှိ သွေးစက် များကို ခါထုတ်ပြီး၊ လင်းယွန်မှ (၅၀%) ဟု ပြန်ဖြေ လာသည်။
ထိုအဖြေကြောင့် ဂျီဖန်း တစ်ယောက် မျက်လုံးများ မှိတ်ချလျက်၊ အရှက်ခွဲ ခံလိုက်ရ သကဲ့သို့၊ နာကျင် သွားသည်။
“ ဟမ့် ... ၊ ငါ စောင့်ကြည့်မယ်၊ တတိယ အချီမှာ မင်း ငါ့ကို အနိုင်ယူဖို့ ဆိုတာ၊ လွယ်မယ် မထင်နဲ့ ... ။ ”
တွန့်ဆုတ် နေသော်လည်း၊ သူ့ အားနည်းချက်ကို လင်းယွန်မှ တွေ့ရှိပြီး ဖြစ်သဖြင့်၊ စိတ် တည်ငြိမ်မှု ဆုံးရှုံး သွားပြီ ဖြစ်သည်။
သူသာ မပေါ့လျော့ ခဲ့ပါက၊ ယင်းကို တစ်ဖက်လူမှ ရှာတွေ့ နိုင်မည် မဟုတ်ချေ။ နိုင်ပွဲပင် ရယူနိုင် ပေမည်။
နောက်ဆုံးတွင် ဂျီဖန်းကို ကြည့်ပြီး၊ ထုတ်မပြော တော့ရန် လင်းယွန်မှ ဆုံးဖြတ် လိုက်သည်။
အဆင့် သတ်မှတ်ချက် တိုက်ပွဲ၌ ဖြစ်ပါက၊ သည့်ထက် ပို၍ မြန်မြန်ပင် အနိုင်ယူ မိပေမည်။ ခွန်အားကို ဖုံးကွယ်ရန် ဆုံးဖြတ် ထားမိသည့် အတွက်၊ ဤတိုက်ပွဲမှာ မလွယ်ကူ ခဲ့ချေ။
သခင့်ဓား၏ ပုံစံ အများ အပြားကို ပြသ မိခဲ့သည်။ သို့သော် စစ်မှန်သော ပုံစံများ ကျန်ရှိ နေသေး သဖြင့်၊ အရေးမကြီး တော့ချေ။
“ အနိုင် ရသူ လင်းယွန် ... ။ ”
ဒိုင် အဖိုးက ကြေငြာချက် ထုတ်ပြန် လိုက်သည်။ ကြည့်နေ သူတိုင်းက မယုံ နိုင်ဖွယ် ရလာဒ်ကြောင့်၊ သက်ပြင်းချ လိုက်ကြ၏။
မဟာချင် အင်ပါယာမှ လာသော ဓားသမား တစ်ဦးက ဝှက်ဖဲပင် မသုံးဘဲ၊ အထက် တန်းစား တစ်ဦးကို အနိုင်ယူ ခဲ့လေပြီ။
“ ဘယ်လိုတောင် အစွမ်းထက် လိုက်တဲ့ ဓားရေးလဲ၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးမှာ၊ တစ်ခုမှ မမြင် ဖူးဘူး။ ”
“ ဒါက ... ၊ ဓားသမားတွေ အတွက် အောင်ပွဲလို့ ပြောရင် ပိုမှန်မယ်၊ သူ့ရဲ့ နက်နဲတဲ့ နည်းစနစ်နဲ့ ရှန်ရှင်းဓားကို ကြည့်တာ နဲ့တင် လေးစား သင့်ပါပြီ။ ”
“ ဒါပေမယ့် သူ့ အင်အား (၅၀%) ကိုပဲ သုံးခဲ့တယ် ဆိုတာ တကယ်လား။ ”
“ မင်း အရူးလား၊ စင်ပေါ်မှာ ဘယ်သူက အမှန် အတိုင်း ပြောမလဲ၊ ပွဲမပြီး သေးမှတော့ ပြိုင်ဘက်ကို လှည့်စား ကြတာ သဘာဝလေ။ ”
“ ဒီနှစ် ပြိုင်ပွဲက အရမ်း စိတ်ဝင်စားဖို့ ကောင်းတယ်၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးရဲ့၊ အသန်မာဆုံး ဓားသမား ဘွဲ့အတွက်၊ ပြိုင်ဆိုင် မှုက ပြင်းထန် လာပြီ။ ”
ပရိသတ်က နောက်တစ်ဆင့် အတွက် သွေးဆူ လာလေသည်။ အားနည်းချက်များ ရှိနေ သော်လည်း၊ လင်းယွန်က ရှုံးပွဲ မရှိ စံချိန် အပေါ်၊ ဆက်လက် ထိန်းသိမ်း ထားနိုင်ခြင်း ရှိ-မရှိ သိချင် လာကြ၏။
“ သခင့်ဓား ... ပဲ။ ”
နန်းဂွန်း ဝမ်းယူနှင့် လီမူဘိုင်း တို့က၊ အချင်းချင်း ပြန်ကြည့် လိုက်သည်။ ယင်းမှာ ဓားဂိုဏ်း၏ အပြင်းထန်ဆုံး ဓားရေး သုံးရပ် ထဲမှ တစ်ရပ် ဖြစ်ပေ၏။ သို့သော် နှစ်ပေါင်း များစွာ ပျောက်ကွယ် နေခဲ့ပြီ ဖြစ်သည်။
“ နောက်ဆုံးတော့ ဒီနှစ် တွေမှာ၊ ဓားသမား တစ်ယောက်ကို မွေးဖွား လာနိုင်ပြီ။ ”
အခြား သူများနှင့် မတူဘဲ၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၌၊ ဓားသမား မည်မျှ ရှားပါးလွန်း သည်ကို၊ သူတို့သာ သိနိုင်သည်။
“ ဂျီဖန်းက အမှိုက်ပဲ။ ”
ရှုံးနိမ့် သူမှာ ဂျီဖန်း ဖြစ်သော်လည်း၊ ရန်လောင်ဇီက ပို၍ နာကျင် ပေ၏။ လင်းယွန် ရှုံးမည်ဟု၊ သူက အခိုင်အမာ ဆိုခဲ့ သောကြောင့်၊ မျက်နှာ ပြစရာ မရှိ တော့ချေ။
ကောင်းကင် မိစ္ဆာ ခန်းမ၏ တပည့် များက ပြုံးပြီး၊ ရန်လောင်ဇီကို နှစ်သိမ့် လိုက်ကြသည်။ ယွဲ့ဝေဝေ မှာမူ ထိုင်ခုံ နောက်သို့၊ သူ့ခန္ဓာ ကိုယ်ကို လှန်ကာ၊ ‘ခါး’ ဆန့်ထုတ် လိုက်သည်။
အပျင်းကြော ဆွဲပြီး သမ်းဝေ နေပုံက၊ ချစ်စရာ ကောင်းလွန်း သဖြင့်၊ လူတိုင်း ငေးခနဲ ဖြစ်ကုန်၏။
ဤအတော အတွင်း မဟာချင် အင်ပါယာ အဖွဲ့သား များမှာ အံ့ဩ မှင်တက် နေပေသည်။ ကာကွာသူ မက်မွန်ပင် ချွင်းချက် မရှိနိုင်။
ယင်းသည် သူတို့ သိထားသော လင်းယွန် ဟုတ်-မဟုတ် သံသယ ဝင်လာသည်။ အိမ်မက် ဖြစ်ခဲ့ လျှင်ပင်၊ မနိုး ထချင် ကြချေ။
အလင်း အမှောင် လမင်း ကမ္ဘာမှ၊ တပည့် တိုင်းက မည်းမှောင်သော အသွင်ကို ပြသထား လေသည်။
ဤသည်မှာ ထုတ်ပယ်ရေး အကျော့ အတွက်၊ နောက်ဆုံးသော တိုက်ပွဲများ ဖြစ်ပြီး၊ လင်းယွန်တို့ ပွဲစဉ် ကဲ့သို့၊ စိတ်ဝင်စား စရာ အခြား ပွဲများ မရှိ တော့ချေ။
ထို့ကြောင့် လူတိုင်းက အဆင့် သတ်မှတ်ချက် တိုက်ပွဲများ ကိုသာ၊ အာရုံစိုက် ကုန်ကြ တော့သည်။
“ ဇိုချင်းရှန် (VS) လျူယွန်ဖေး။ ”
ရုတ်တရက် ကြေငြာ သံကြောင့်၊ လူတိုင်း အာရုံ ပြန်လည် လာကြသည်။ နောက်ဆုံးတွင် ဇိုချင်းရှန် ဟူသည် လင်းယွန် ကဲ့သို့၊ ရှုံးပွဲ မရှိ သေးသော၊ ပါရမီရှင် တစ်ဦး ဖြစ်လေသည်။
ပြိုင်ပွဲစဉ် တစ်လျှောက်တွင် လူ ငါးဦး သတ်ကာ၊ သူ့ ခွန်အားကို ထုတ်ပြ ထားခဲ့သည်။ ဆေဘာဓား နည်းစနစ်မှာ လွှမ်းမိုး နိုင်လွန်းပြီး၊ သတ်ဖြတ်ခြင်း လမ်းစဉ်ကို ဦးတည် နေသော ကြောင့်၊ ‘ မိစ္ဆာ ဓား’ ဟူသည့် အမည် ကိုပင်၊ ပေးအပ် ခဲ့ကြသည်။
ကျော်ကြားသော မိစ္ဆာ သိုင်းသမားကြီး တစ်ဦး ဦး၏၊ ကြွင်းကျန် ခဲ့သော အထီးကျန် တပည့် တစ်ဦး ဖြစ်သည် ဟုပင်၊ ထင်ကြေးပေး လာသည်။
လျူယွန်ဖေး သည်လည်း၊ တိမ်နဂါး အဆင့် (၁၂) တွင် ရပ်တည်ထား နိုင်သဖြင့်၊ မြင်သလောက် မရိုးရှင်း လှပေ။
အုပ်စိုးရှင် တစ်ပါး ဖြစ်သော ခရမ်းရောင် မိုးကြိုး ဂိုဏ်း၏ ပတမ တပည့် ကြီးလည်း ဖြစ်သည်။ ကျန်းဝူကျိ ပြီးနောက်၊ ဒုတိယ ဂုဏ်သိက္ခာ အရှိဆုံး၊ သူ ဖြစ်၏။
စင်ပေါ်တွင် ရပ်နေသည့် လျူယွန်ဖေးက၊ မျက်နှာ တစ်ဝက် လောက်ကို ဖုံးအုပ် ထားသော သူ့ ပြိုင်ဘက်၊ ဇိုချင်းရှန်ထံ လှမ်းကြည့်သည်။
မျိုးဆက်သစ် ပါရမီရှင် တစ်ဦး အနေဖြင့်၊ တစ်ဖက် လူမှာ စိတ်ဝင်စားစရာ ကောင်းပေ၏။ သူ သည်လည်း တစ်ပွဲသာ ရှုံးနိမ့် ထားကာ၊ ထိုပွဲ၏ ပြိုင်ဘက်မှာ ရန်လောင်ဇီ ဖြစ်သည်။
ထို့ကြောင့် အလွန် အမင်း မစဉ်းစား တော့ဘဲ၊ ဇိုချင်းရှန်ကို လင်းယွန်ထက် တစ်ဆင့် နိမ့်ကြောင်း၊ ယူဆ လိုက်သည်။
“ မင်းက ... မလုံလောက် သေးဘူး၊ ခရမ်းရောင် မိုးကြိုး ဂိုဏ်းမှာ၊ ကျန်းဝူကျိက လွဲလို့၊ ငါ့ ပြိုင်ဘက် ဖြစ်နိုင်တဲ့ လူ မရှိဘူး။ ”
ဇိုချင်းရှန်က လျူယွန်ဖေးကို စူးရှသော မျက်ဝန်း များဖြင့် ကြည့်ကာ၊ သတိပေး ပြောကြား လိုက်သည်။
“ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေ တာလဲ ဟမ့် ... ။ ”
လျူယွန်ဖေးက ဒေါသ တကြီးဖြင့်၊ လျှပ်စီးများ ဖုံးလွှမ်း နေသော ပုံရိပ်ယောင်များ အဖြစ်၊ ပြောင်းလဲ ပြေးဝင် လာသည်။
ဇိုချင်းရှန် ရှေ့သို့ ရောက်သော အခါတွင်၊ နောက်ဆုံး ပုံရိပ်မှာ ကောင်းကင်ပေါ် ခုန်တက် သွားပြီး၊ ပြင်းထန်သော လျှပ်စီး စွမ်းအင်ကို လွှတ်ထုတ် လိုက်သည်။
“ ခရမ်းရောင် မိုးကြိုးနှင့်၊ ကောင်းကင် ချိတ်ဆက်မှု။ ”
ကြောက်မက်ဖွယ် ကောင်းသော ဓားရောင်ခြည်များ၊ ကောင်းကင်မှ ဆင်းသက် လာပြီး၊ လေဟာနယ်ကို ပျက်ယွင်း သွားစေ၏။
ပေါက်ကွဲ စွမ်းအားများ ပြည့်နေသော ဓားအလင်းအား ကြည့်ကာ၊ လျူယွန်ဖေး မည်မျှ အစွမ်းထက် သည်ကို၊ ပြော နိုင်သည်။
ထို့နောက် ဓားနှစ်လက် တိုက်မိပြီး၊ မရေမတွက် နိုင်သော မီးပွားများ ဖြစ်ပေါ် လာသည်။
အမြင်အရ ခွန်အား အရာ၌ အညီအမျှ ဖြစ်နေ သည်ဟု ဆိုနိုင် သော်လည်း၊ လင်းယွန် က ထိုသို့ မမြင်ချေ။ ဇိုချင်းရှန်ကို ကြည့်ကာ၊ မျက်မှောင် ကြုတ် သွားမိသည်။
ပြိုင်ဘက်မှ ဓားရေး တစ်ရပ်ကို အသုံးပြု လာချိန်တွင်၊ ဇိုချင်းရှန်က သူ့ဓားအား ပေါ့ပေါ့ ပါးပါး၊ လွှဲခုတ် လိုက်ခြင်း ဖြစ်သည်။
အနိုင် အရှုံး သိလို့ ပါက၊ ဓားရည်ရွယ် ချက်အား ထည့်တွက် ရပေမည်။ နှစ်ဦး လုံးတွင် ရှန်ရှင်းဓား ရှိသော်လည်း၊ အစွမ်းထက် မှုမှာ နားလည်မှု အပေါ် အခြေခံ သဖြင့်၊ ဇိုချင်းရှန် သည်သာ အနိုင်ရ နိုင်ပေမည်။
ရလဒ်က သူ ခန့်မှန်း ထား သလို ပင်။ ဆယ်ကြိမ် လှုပ်ရှား ပြီးနောက်၊ လျူယွန်ဖေး ရှုံးနိမ့် သွားသည်။
သူ့အား နှစ်ခြမ်း ကွဲသွားစေ လုနီးပါး၊ ဆေဘာဓား အဟုန်ကြောင့်၊ အရှုံးကို ချက်ချင်း ဝန်ခံလိုက် ရခြင်း ဖြစ်သည်။
တိုက်ပွဲ ပြီးသွား သည်နှင့်၊ ခေါင်းစွပ် အောက်မှ နေ၍ လင်းယွန်အား၊ ခိုးကြည့် လာသည်။
( ငါ့ကို ခြိမ်းခြောက် နေတာလား။ )
ဇိုချင်းရှန် ထံမှ တောက်လောင် နေသည့်၊ တိုက်ပွဲဝင် ဆန္ဒ များကို လင်းယွန် တစ်ယောက် ခံစား မိသည်။
သူတို့ နှစ်ဦး လုံးမှာ၊ သည်နှစ် ပြိုင်ပွဲ၌ ကြောက်မက်ဖွယ် အကောင်း ဆုံးသော ခွေးဆိုး များ ဖြစ်ကြပြီး၊ သူတို့ကြား တိုက်ပွဲသည် မလွှဲ မသွေ ရှိလာ နိုင်ပေမည်။
လေးနာရီ ကြာ ပြီးနောက်၊ နောက်ဆုံး အဆင့် တိုက်ပွဲများ ပြီးဆုံး သွားခဲ့သည်။ အဆင့် သတ်မှတ်ချက် တိုက်ပွဲသို့၊ တက်ရောက် နိုင်သူ လူတစ်ရာ ထွက်ပေါ် လာတော့၏။
ဤသည်မှာ နောင်လေးနှစ် တိတိ၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးကို အုပ်စိုးမည့်၊ တိမ်နဂါး တစ်ရာ ဖြစ်ချေပြီ။
ကျန်သော ပြိုင်ပွဲဝင်များ အားလုံးမှာ၊ တိမ်နဂါး များကို အရောင်တင် ပေးသည့်၊ အဖြည့်ခံ များသာ ဖြစ်ပေ၏။
လူ တစ်သိန်း ပါဝင် ခဲ့ သော်လည်း၊ တစ်ရာသာ ဗိုလ်လုပွဲ တက်ရောက်ခွင့် ရှိခဲ့သည်။
တစ်ချိန်တည်း မှာပင်၊ လင်းယွန်၊ ဘိုင်လိရွှမ်နှင့် ဇိုချင်းရှန် ကဲ့သို့သော ခွေဆိုး များကို၊ လူတိုင်းက အမှတ်ရ နေမည် ဖြစ်သည်။
အဆိုပါ ခွေးဆိုးများ အနက်၊ စစ်မှန်သော ဘီလူးကို ရှာဖွေရန်၊ ရက်စက် ကြမ်းကြုတ်စွာ စမ်းသပ်ခြင်း ခံရပေ ဦးမည်။
***