သခင့်ဓား။
Vol. 58 Ch. 804
“ ဘာမှ မဖြစ် ပါဘူး။ ”
လင်းယွန်က မျက်လုံးများ မှိတ်ချပြီး၊ အားလုံးကို နှစ်သိမ့် လိုက်သည်။ မကြာမီ တိုက်ပွဲဝင် ရတော့မည် ဖြစ်သဖြင့်၊ မည်သည့် အမှား အယွင်း ကိုမှ အဖြစ် မခံ နိုင်ချေ။
နန်းဂွန်း ဝမ်းယူ၏ နှင်းဓားမှာ၊ မြင့်မားသည့် အဆင့်သို့ ရောက်ရှိနေ သော်လည်း၊ တောင်မြစ် ဓား မှာ အနည်းငယ် နိမ့်ကျ ပေသည်။
ယင်းသည် လီမူဘိုင်း၏ အရည် အချင်း နိမ့်ကျ ခြင်းကြောင့် မဟုတ်ဘဲ၊ ထိန်းချုပ် နိုင်မှု အားနည်း နေခြင်းသာ ဖြစ်သည်။
ထို့ကြောင့် ချို့ယွင်းချက် များကို ရှာနိုင်သော ကျွမ်းကျင်သူ တစ်ဦး ရှေ့တွင်၊ ပြဿနာ ရှိလာ နိုင်ပေမည်။
တစ်ဖက်တွင် နန်းဂွန်း ဝမ်းယုသည်၊ နှင်းဓားကို အပြည့် အဝ ထိန်းချုပ် နိုင်ခဲ့သည်။ ဓားနှင့် နည်းစနစ်ကို ကောင်းစွာ ပေါင်းစပ် ထား၏။
ယင်းကို မကျေနပ် သောကြောင့်၊ နန်းဂွန်း ဝမ်းယူ၏ ချို့ယွင်းချက်အား ရှာရန်၊ ဝိညာဉ်ရေး ဓားကို မျက်လုံးထဲ လောင်းထည့် ခဲ့ခြင်း ဖြစ်သည်။
နန်းဂွန်း ဝမ်းယူ၏ နောက်ဆုံး ဓားချက်မှာ၊ ရင်သပ်ရှု မောဖွယ် ကောင်းပြီး၊ တောက်ပလွန်း ချေ၏။
ဝိညာဉ်ရေး ဓားကို အသုံးပြု ပြီးနောက်၊ အမြင် အာရုံမှာ (၁၀)ဆ တိုးလျက်၊ အသေးစိတ် မြင်လာ ရသည်။
ထို့ကြောင့် နောက်ဆုံး ဓားချက်၏ ချို့ယွင်းချက် အချို့ကို တွေ့ရှိ ခဲ့သည်။ မဟုတ် ပါက အမှိုက် ဖြစ်သွား ပေလိမ့်မည်။
အချိန် အတော်ကြာ ပြီးနောက်၊ မှိတ်ထားသော မျက်လုံး များကို ဖြည်းညှင်းစွာ ဖွင့်ယူ လိုက်သည်။
ဒဏ်ရာ မပြင်းထန် သရွေ့၊ မိုးပြာ နဂါး မူလပုံစံမှ၊ ထိုဒဏ်ရာကို အလွယ်တကူ ကုသ ပေးပေ လိမ့်မည်။
“ နောက်ဆုံး ဓားရဲ့ နာမည်က ဘာလဲ ... ။ ”
မီတာ သုံးဆယ် နီးပါး အထိ၊ ကြီးထွား လာသော နဂါး ပုံရိပ်အား ကြည့်နေသည့် နန်းဂွန်း ဝမ်းယူကို၊ လီမူဘိုင်းက မေးသည်။
“ ခမ်းနားသော အရိပ် ။ ”
နန်းဂွန်း ဝမ်းယူက ပြန်ဖြေ၏။
လီမူဘိုင်းက နာမည်ကို လိုက်ပါ ရေရွတ် လိုက်ပြီး၊ အတွေးနက် သွားသည်။ နောက်ဆုံး ဓား၌ ထည်ဝါသော အရိပ် တစ်ခုကို သူတွေ့ လိုက် သော်လည်း၊ နားမလည် ခဲ့ပေ။
ယင်းမှာ သူတို့ နှစ်ဦး ကြားရှိ၊ ခြားနားချက် ဖြစ်ပေမည်။
“ မင်း ... ၊ ငါ့ကို အနိုင်ယူ နိုင်တာ အံ့သြစရာ မရှိတော့ ပါဘူး၊ ငါတို့ ကြားမှာ ကွာဟချက် တစ်ခု ရှိနေ သေးတယ်။ ”
လီမူဘိုင်းက ပြုံးကာ ဆိုလိုက်သည်။ ထို့နောက် နှစ်ယောက်သား စင်ပေါ်မှ ခုန်ဆင်း လိုက်တော့၏။
တစ်ချိန်တည်း မှာပင်၊ လူတိုင်းအား ဆွဲဆောင်နိုင်သည့် တတိယ အုပ်စု၏ တိုက်ပွဲ တစ်ပွဲ၊ ထွက်ပေါ် လာခဲ့သည်။
ယင်းမှာ ဖန်းဟန် လုဟွာနှင့် ဂျူးချန် တို့၏ တိုက်ပွဲ ဖြစ်၏။ ဂျူးချန်သည် ယခင် ပွဲ၌ အဆင့် (၈) ဖြစ်သည်။
ဂျီဖန်းကို ရှုံးခဲ့ သော်လည်း၊ အပြာရောင် သစ်သား စွမ်းအင် နည်းစနစ်ကို မြင့်မားသော အဆင့် အထိ၊ ဆုပ်ကိုင်ထား နိုင်သဖြင့်၊ သူ့ ခွန်အားမှာ အထင် ကြီးစရာ ကောင်းနေဆဲ ပေပင်။
အကန့် အသတ် မရှိသော၊ မူလ စွမ်းအင် များတွင်၊ သစ်သား စွမ်းအင်များ ပေါင်းစပ် ပါဝင် နေသဖြင့်၊ ဒဏ်ရာ များမှာ လျင်မြန်စွာ ပြန်လည် ကောင်းမွန် လာသည်။
အားလုံးက ဂျူးချန် အပေါ်၊ အထင် ကြီးစွာ တွေးယူ လာကြ၏။ ဖန်းဟန် လုဟွာ သည်သာ၊ ဆယ်ကြိမ် အတွင်း မဖိနှိမ် နိုင်ပါက၊ အနိုင်ယူ နိုင်တော့မည် မဟုတ်ချေ။
ဘုရင် သုံးပါး ပင်လျှင်၊ သူနှင့် ရေရှည် တိုက်ပွဲ တစ်ပွဲ ဆင်နွှဲ ရမည် ဆိုပါက၊ အခက် တွေ့ပေ လိမ့်မည်။
သူတို့ နှစ်ဦး ဆုံးမှာ၊ ပဏာမ ချန်ပီယံ အတွက်၊ ယှဉ်ပြိုင်ရန် ရည်ရွယ်ချက် မရှိ ခဲ့ချေ။ ထို့ပြင် ဒုတိယ အဆင့် သို့လည်း တက်ရောက် ထားနိုင်ပြီ ဖြစ်၏။
ယင်းကြောင့် သည်တိုက်ပွဲမှာ၊ သူတို့ အတွက် အဓိပ္ပါယ် မရှိ သော်လည်း၊ ဖန်းဟန် လုဟွာက အလွှတ်ပေး လိုပုံ မရချေ။
ရာပေါင်း များစွာ လှုပ်ရှား ပြီးနောက်၊ ဖန်းဟန် လုဟွာ၌ ဒဏ်ရာ များဖြင့်၊ ဖုံးလွှမ်း သွားခဲ့သည်။
သို့သော် ရှုံးနိမ့်မှုကို ဝန်ခံရန် ဆန္ဒ မရှိ သေးပေ။ အောင်မြင်မှု တစ်ခု ရယူရန်၊ သူ့ကိုယ် သူ သေခြင်း၊ နယ်နိမိတ်ထဲ တွန်းပို့ ထားသည်။
ဤလုပ်ရပ်မှာ အနည်းငယ် မိုက်မဲလွန်း သည်ဟု ယူဆ ကြပြီး၊ သည်အတိုင်း ဆက်သွား ပါက၊ ဂျူးချန်၏ သတ်ခြင်းကို ခံရနိုင် ပေမည်။
အထူး သဖြင့် သူ့ ကျင့်ကြံမှုမှာ၊ မြင့်မား လာသောကြောင့်၊ အောင်မြင်မှု တစ်ခု ရယူရန် လွယ်ကူ တော့မည် မဟုတ်ပေ။
ထို့အပြင် ဂျူးချန် ဟူသည်၊ သာမန် ပြိုင်ဘက် တစ်ဦး မဟုတ် သဖြင့်၊ ဖန်းဟန် လုဟွာ အတွက်၊ ပို၍ ဆိုးလာ နိုင်သည်။
ပုံမှန် အားဖြင့်၊ ဖော်ရွေပုံ ရသော ဂျူးချန် မျက်နှာမှာ၊ မည်းမှောင် နေခဲ့သည်။ သူ ဆင့်ခေါ် ထားသော၊ မြင့်မား လှသည့်၊ သစ်ပင် ကြီးပင် ယိမ်းထိုး လာ၏။
အကိုင်း အခက် များက၊ ဖန်းဟန် လုဟွာ ခန္ဓာ ကိုယ်ကို၊ အဆက်မပြတ် ရိုက်နှက် နေခဲ့ပြီး ကြောက်မက်ဖွယ် ဒဏ်ရာများ ဖြစ်ပေါ် လာစေသည်။
လူတိုင်းက ဖန်းဟန် လုဟွာ တစ်ယောက် မကြာခင် လဲကျ တော့မည်ဟု ယူဆ နေကြစဉ်၊ ကြောက်စရာ ကောင်းသော အငွေ့ အသက်များ ရုတ်တရက် ပေါက်ကွဲ ထွက်လာ၏။
“ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ။ ”
“ အိုး ... ဘုရားရေ ၊ သူက ထပ်ပြီး အောင်မြင်မှု ရသွားပြန် ပြီလား။ ”
“ တကယ်ပဲ သူက ကစားပွဲ တွေကို လှည့်နိုင် ခဲ့ပြီ။ ”
မယုံနိုင်ဖွယ် အောင်မြင်မှု တစ်ခုကြောင့်၊ လူအုပ် ကြီးမှာ ရုတ်ရုတ် သဲသဲ ဖြစ်လာ ခဲ့သည်။ ဂျူးချန် ပင်လျှင် အံ့အား သင့် ခဲ့ရ၏။
ထို့ကြောင့် ပြန်ဆုတ် လိုက်ချိန်တွင်၊ ကြမ်းပြင် ပေါ်၌ ရေခဲ အလွှာ တစ်လွှာ ရှိနေ သည်ကို၊ သတိထား မိလိုက်သည်။
“ ဟား ဟား ဟား ... အရမ်း ကောင်းတယ်၊ ငါ ရှုံးနိမ့် တာကို ဝန်ခံ ပါတယ်။ ”
ဖန်းဟန် လုဟွာက ကျေနပ်စွာ အရှုံးပေး လိုက်သည်။ သို့သော် ဂျူးချန် မျက်နှာမှာ၊ မြင် မကောင်း တော့ချေ။
တစ်ဖက် လူသည် ကျင့်ကြံမှုနှင့်၊ နှင်း ရည်ရွယ်ချက်တို့ အပေါ် အောင်မြင်မှု ရယူရန်၊ သူ့ကို အသုံးပြု ခဲ့သည်။ ယင်းကိုသာ ကြိုသိ ခဲ့ပါလျှင်၊ ပွဲစ ကတည်း ကပင် သတ်ပစ် မိမည် ဖြစ်သည်။
“ ကျေးဇူး တင်ပါတယ်၊ ထိပ်ဆုံး ဆယ်ဦး အတွက် တိုက်ပွဲမှာ ပြန်ဆုံကြ ရအောင်၊ ဟား ဟား ဟား ... ။ ”
ဖန်းဟန် လုဟွာက ရယ်မောလျက်၊ စင်မြင့်ပေါ်မှ ထွက်ခွာ သွားသည်။ ဒဏ်ရာ များက သွေးများ စီးကျနေ သော်လည်း၊ သွက်လက် နေပေ၏။
ဂျူးချန်မှာ ဖန်ဟန် လုဟွာအား၊ နောက် တစ်ကြိမ်တွင် အနိုင် ယူရန် အခက် အခဲ ရှိလာ မည်ကို၊ လူတိုင်း နားလည် လိုက်သည်။
“ ဖန်းဟန် လုဟွာက၊ ကံ အရမ်း ကောင်းတယ်။ ”
“ အကြိမ်တိုင်း လိုလို ... ၊ သေလု နီးပါး ကနေ ရုန်းထ နိုင်တုန်းပဲ။ ”
“ ပထမ အကျော့ ကတည်းက သူ့ကို စောင့်ကြည့် နေခဲ့တာ၊ အစတုန်း ကတော့ သူ့ အင်အားက ပြင်ပ အဆင့် မှာသာ ရှိတယ်၊ အခုတော့ ထိပ်တန်း ဆယ်ယောက် ထဲကို ရောက်နိုင်ပြီ။ ”
“ ဒီနှစ် ပွဲက ... ၊ တကယ်ကို ငါ ဘာကိုမှ မခန့်မှန်း နိုင်တော့ဘူး။ ”
ဖန်ဟန် လုဟွာ၏ အောင်မြင်မှုသည်၊ လူအုပ်ကို အတော်ပင် ရုန်းရင်း ဆန်ခတ် ဖြစ်လာ စေ၏။
ယင်းက ဇိုချင်းရှန်ထက် ပို၍ စိတ်ဝင်စား စရာ ကောင်းလာ တော့သည်။ ထို့နောက်တွင် ရန်လောင်ဇီ၏ ‘ပွဲ’ ရောက်ရှိ လာသည်။
သို့သော် ပြိုင်ဘက်က ချက်ချင်း အရှုံးပေး လာသဖြင့်၊ အုပ်စု ချန်ပီယံ နေရာကို၊ ရရှိသွား ခဲ့သည်။
တစ်ချိန် တည်း မှာပင်၊ တတိယ အုပ်စု၌ ယုဟိုရှင်းနှင့် ပထမ အုပ်စုရှိ ကျန်းဝူကျိ တို့က၊ တရားဝင် အုပ်စု ချန်ပီယံ ဖြစ်လာ၏။
သူတို့ သုံးဦး၏ ခွန်အားကြောင့်၊ မည်သူမျှ ထပ်မံ စိန်ခေါ်ခြင်း မရှိ ခဲ့ချေ။ စတုတ္ထ အုပ်စုသာ စောင့်ကြည့် စရာ ဖြစ်လာ၏။
၎င်းအုပ်စုတွင် ဘုရင် သုံးပါး မပါဝင် သဖြင့်၊ မည်သူမျှ လွယ်လွယ် ကူကူ အရှုံး မပေး ကြချေ။
“ လင်းယွန်နဲ့ လီမူဘိုင်း။ ”
လက်ကျန် နှစ်ပွဲ လုံးမှာ ၎င်းတို့ဖြင့် တိုက်ခိုက် ရမည် ဖြစ်သဖြင့်၊ လင်းယွန်က ပြင်ဆင် ထားပြီး ဖြစ်သည်။
ဒိုင် အဖိုးအို၏ စကား ဆုံးသည်နှင့်၊ နှစ်ဦးသား စင်မြင့်ပေါ် ဆင်းသက် လိုက်သည်။ ခန္ဓာ ကိုယ်မှ ဓားမြည်သံ များပင် ထွက်ပေါ် နေ၏။
စတုတ္ထ အုပ်စု၏ ရလာဒ် အပေါ် လူတိုင်း စိတ်ဝင်စား ချေသည်။ ဇိုချင်းရှန်၊ ဘိုင်လိရွှမ်၊ ရှောင်စီယီ၊ ဝူရှောင်ရှင်းနှင့် ဘုရင် သုံးပါး တို့ပင် လှည့်ကြည့် လာကြသည်။
ဤသည်မှာ အရေး ကြီးသော တိုက်ပွဲ ဖြစ်၏။ လင်းယွန် ရှုံးနိမ့်သော် နန်းဂွန်း ဝမ်းယု အုပ်စု ချန်ပီယံ ဖြစ်ရန်၊ သေချာ ပေမည်။
သို့သော် ဆန့်ကျင်ဘက် ရလာဒ်သာ၊ ထွက်ပေါ်လာ ပါက၊ သည်မျှ မရိုးရှင်း တော့ချေ။ လင်းယွန်တွင် ရှန်ရှင်း ဓားသာ ရှိပြီး၊ မိုးပြာ နဂါး မူလ ပုံစံ ကိုလည်း ထုတ်ဖော် ခဲ့ပြီး ဖြစ်၏။
လီမူဘိုင်း မှာမူ၊ တောင်မြစ်ကို ဓား ရည်ရွယ်ချက်ဖြင့် ပေါင်းစပ် ထားသည်။ ထို့ကြောင့် လင်းယွန်ကို ကြည့်နေသည့်၊ လီမူဘိုင်း မျက်နှာမှာ၊ ပျင်းရိ နေခဲ့သည်။
“ ငါတို့ တစ်ကြိမ် တည်းနဲ့ ဆုံးဖြတ် ကြမလား။ ”
-ဟု လီမူဘိုင်းက မေးလိုက်၏။
ယင်းကြောင့် လူအုပ်ကြီးက ထိတ်လန့် သွားသည်။ လီမူဘိုင်းသည် အားသာ ချက်ကို ဆုပ်ကိုင်ထား သောကြောင့်၊ ဤ အကြံပြု ချက်မှာ၊ လင်းယွန် အပေါ် အကျိုးရှိ နိုင်ပေမည်။
“ သေ ချာ လား ... ။ ”
လင်းယွန်က လီမူဘိုင်း၏ ဓားရေးကို ကောင်းစွာ မြင်ဖူး ထားပြီးဖြစ်ရာ၊ စိတ်ပူပင်ခြင်း မရှိချေ။
တစ်ကြိမ် မက၊ အကြိမ် တစ်ရာ တိုက်ခိုက်ရမည် ဆိုလျှင်ပင်၊ ရလာဒ် ပြောင်းလဲ မည် မဟုတ်ကြောင်း သူ သိသည်။
“ ငါ တို့ရဲ့ တိုက်ပွဲက ရလဒ်ကို ဆုံးဖြတ် ပြီးသားမို့၊ မြန်မြန် အဆုံးသတ် လိုက်တာက ပိုကောင်း ပါတယ်၊ ဟုတ်တယ် မဟုတ်လား။ ”
လီမူဘိုင်း ပြုံးကာ တုန့်ပြန် လိုက်၏။ လူအုပ်ကြီး မည်သို့၊ တွေးတော နေ သည်ကို သူ နားလည်သည်။
သူ့အနေဖြင့် နန်းဂွန်း ဝမ်းယူကို ရှုံးပြီးနောက်၊ လင်းယွန် အပေါ် စိတ် မဝင်စား တော့ချေ။
“ ငါတို့ မတိုက်ရ သေး ဘဲနဲ့၊ မင်းက ဘာလို့ ရလာဒ်ကို ဆုံးဖြတ်ထား ရတာလဲ။ ”
လင်းယွန်က လီမူဘိုင်းကို သတိပေး လိုက်သည်။ သို့မဟုတ် ပါက အနိုင် ရခဲ့ လျှင်ပင်၊ အဓိပ္ပါယ် ရှိလာမည် မဟုတ်ချေ။
သို့သော် လီမူဘိုင်းမှ ခေါင်းခါ ပြပြီး၊
“ ငါက ဘဝင်မြင့် နေတာ မဟုတ်ဘူး၊ ငါတို့ကြားမှာ ကြီးမားတဲ့ ကွာဟချက် တစ်ခု ရှိနေ သေးတယ်၊ ... ”
“ ... ငါက ကောင်းကင်ရဲ့ တိမ်တိုက်တွေ ဖြစ်နေ ချိန်မှာ၊ မင်းက မြေပြင်က ရွှံ့နွံ့ အဆင့်ပဲ ရှိတယ်၊ ... ”
“ ... ငါက နဂါး တစ်ကောင်လို ပျံသန်း နေချိန်မှာ၊ မင်းက ပုရွက်ဆိတ် တစ်ကောင်လို၊ တွားသွား နေတုန်းပဲ၊ ... ”
“ ... ဒါက ငါတို့ ကြား ခြားနားချက်ပဲ၊ လင်းယွန် ... မင်းက ငါတို့နဲ့ အဆင့် တူမှာ မရှိ ဘူး။ ”
လီမူဘိုင်းက လင်းယွန် ခေါင်းထဲသို့ အယူအဆ အချို့ ရိုက်သွင်းရန်၊ ကြိုးစား လိုက်သည်။
“ မင်း ပြောတာ မှန်တယ်၊ ငါတို့က မတူဘူး။ ”
လင်းယွန်က တည်ငြိမ်စွာ ခေါင်းညိတ် တုန့်ပြန် လိုက်သည်။
“ ငါ ဆိုလို တာကို၊ မင်း နားလည်ပုံ မရသေးဘူး၊ ဒါပေမယ့် အရေး မကြီး ပါဘူး၊ မကြာခင် မင်း နားလည်လာ မှာပါ။ ”
စကားပြော ပြီးသော အခါ၊ နှစ်ဉီးသား စင်မြင့်၏ တစ်ဖက် တစ်ချက် ဆီသို့၊ ဆုတ်ခွာ လိုက်ကြသည်။
ထို့နောက် ၎င်းတို့၏ တစ်ကြိမ် တည်းသော တိုက်ခိုက်မှုကို ထုတ်ဖော်ရန်၊ အရှိန် အဝါအား စုဆောင်း လိုက်၏။
လီမူဘိုင်းက ဓားကို ဆွဲလိုက် သည်နှင့်၊ စင်မြင့် တစ်ခုလုံး၊ ဓားရောင်ခြည်များ ဖုံးလွှမ်း သွားသည်။
တောင်နှင့် မြစ် များသည် ကြမ်းပြင် ပေါ်၌၊ အထပ်ထပ် ဖြစ်ပေါ် လာသည်။ ဤသည်မှာ တောင်မြစ် ဓားဖြင့်၊ ဖန်တီး ထားသော သဘာဝ ဖြစ်စဉ် ဖြစ်၏။
ကြောက်မက်ဖွယ် ကောင်းသော၊ ပေါင်းစပ်ဓား ရောင်ဝါ အောက်တွင်၊ စင်မြင့် တစ်ခုလုံး တုန်ခါ သွားပြီး၊ ရှေ့တစ်လှမ်း တိုးရုံ ဖြင့်၊ အရှိန် အဝါမှာ ပို၍ တောက်ပ လာ၏။
တစ်ဖက်တွင် လင်းယွန် တစ်ယောက် ငြိမ်သက် နေဆဲ ဖြစ်သည်။ ဓား ရောင်ဝါကြောင့် ကြောက်ရွံ့ပြီး၊ ဓား မဆွဲနိုင် တော့ဟု ထင်မြင် လာကြ၏။
သူတို့ နှစ်ဦးကြား ကွာခြားချက်မှာ၊ ကြီးမားလှ သဖြင့်၊ လူ အများက ခေါင်းယမ်း လိုက်သည်။
လင်းတာအိုနှင့် ပွဲ၌ မသိသာ သော်လည်း၊ လီမူဘိုင်း ကဲ့သို့ ဓားသမား တစ်ဦးနှင့် ရင်ဆိုင် ရသော အခါတွင်၊ များစွာ သိသာ လေသည်။
တောင်မြစ်ဓား ရည်ရွယ်ချက်မှာ၊ ကြောက်မက်ဖွယ် အမြင့်သို့ တိုးလာ ချိန်တွင်၊ လီမူဘိုင်းက ပြုံးကာ ပြေးဝင် လိုက်သည်။
လင်းယွန်ကို အနိုင်ယူ ခြင်းဖြင့်၊ နန်းဂွန်း ဝမ်းယူအား ရှုံးနိမ့် ခြင်းမှ၊ ပြန်လည် ဦးမော့နိုင် မည် ဖြစ်သည်။
သို့သော် သူ့ဓား ရောက်ခါ နီးတွင် လင်းယွန်က စတင် လှုပ်ရှား လာသည်။ ဓားပင် မဆွဲဘဲ၊ လီမူဘိုင်းအား ဓားအိမ်ဖြင့် လှမ်းထိုး လိုက်ခြင်း ဖြစ်၏။
“ ဝှစ် ... ။ ”
ထိုတုန့်ပြန် မှုတွင် မည်သည့် ဓားရေး နည်းစနစ်မျှ မပါဘဲ၊ ရှန်ရှင်းဓားကို ပြီးပြည့် စုံသော ကျွမ်းကျင်မှု အထိ၊ တွန်းထုတ် လိုက်ရုံသာ ပေပင်။
ထိုဓား၏ စွမ်းအားမှာ အရှိန် ဖြစ်၏။ တောင်ကြီး တစ်လုံး ကဲ့သို့ တည်ငြိမ် နေသော် လည်း၊ လျှပ်စီး အလား မြန်ဆန် ပေသည်။
ကျယ်လောင်သော ပေါက်ကွဲသံ တစ်သံ နှင့်အတူ၊ လင်းယွန်၏ ဓားအိမ်က လီမူဘိုင်း ရင်ဘတ်ထံ၊ တိုးဝင် သွားသည်။
လီမူဘိုင်း နောက်ကျောရှိ၊ ဆင့်ခေါ် ထားသော တောင်နှင့်မြစ် များမှာ အမှုန်များ အဖြစ်၊ ချက်ချင်းပင် ပြိုကျ လာ၏။
ထိုအချိန်တွင် လီမူဘိုင်း ဓားမှာ၊ လင်းယွန်နှင့် လက်မဝက် အကွာ၌ ရပ်တန့် သွားသည်။
သူ့ပတ်ဝန်း ကျင်ရှိ မူလ စွမ်းအင်များ ကွဲအက် သွားပြီး၊ သွေး တစ်လုတ် အန်လျက် ပြန်လည် လွင့်စဉ် လာ၏။
ကြမ်းပြင်ပေါ် ရောက်သည်နှင့်၊ အကြိမ်ရေ အနည်းငယ်ခန့် ထပ်မံ လူးလှိမ့်ပြီး ကိုယ်ရှိန်သပ် လိုက်ရသည်။
“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ ... ။ ”
တုန်ယင် နေသော အမူ အရာဖြင့်၊ သူ့တိုက်ခိုက်မှု မအောင်မြင် ခဲ့သည့် အပေါ်၊ လီမူဘိုင်း တစ်ယောက် မယုံနိုင် ဖြစ်သွားသည်။
“ မဟုတ်ဘူး၊ မင်းရဲ့ ဓားကို မဆွဲတဲ့ အတွက် ဒါကို ထည့်တွက်လို့ မရဘူး။ ”
လီမူဘိုင်းက ကြမ်းပြင်ပေါ်၊ လက်ဖဝါး တစ်ချက် ရိုက်လျက် ပြန်ထ လာပြီး၊ ငြင်းဆန် လိုက်သည်။
“ ငါ့ ဓား မဆွဲလို့ တဲ့လား ... ၊ ကောင်းပြီ ဒါဆို မင်းရဲ့ ဆန္ဒကို၊ ငါ ဖြည့်ဆည်း ပေးပါမယ်။ ”
လင်းယွန်က ဓားကို ဆွဲထုတ် လိုက်ပြီး၊ မူလ စွမ်းအင်နှင့် ဓား ရည်ရွယ်ချက်အား ပေါင်းထည့် လိုက်၏။
ပန်းသင်္ချိုင်း ဓားက ကြမ်းကြုတ်သော နဂါး တစ်ကောင် ကဲ့သို့၊ ဟောက်သံ ပြုလျက် အရှိန် အဝါများ ထုတ်လွှတ် လိုက်သည်။
“ ဝှစ် ... ။ ”
စကား ရှည်ရှည် ဝေးဝေး ပြောတော့ဘဲ၊ အဖြူ အမဲ သဲသွားကွဲ စေရန် ရှေ့ လှမ်းတက်ပြီး၊ လီမူဘိုင်း ရင်ဘတ်ထံ လှမ်းပစ် လိုက်၏။
ယင်းကြောင့် လီမူဘိုင်း၏ မျက်နှာ တစ်ပြင်လုံး ဖြူဖျော့ သွားကာ၊ ကြောက်စိတ် များ ဝင်ရောက် လာသည်။
“ အား ... ။ ”
ချက်ချင်းပင် ဓား ဆွဲလျက် တားဆီးရန် ကြိုးစား လိုက်၏။ သို့သော် လေထဲ ပျံတက် သွားပြီး၊ နတ်နဂါး ရုပ်တု၌၊ သပ်ရိုက်ထား သကဲ့သို့ တွဲလျောင်း ကပ်နေ တော့သည်။
လင်းယွန်က လီမူဘိုင်းကို မော့ကြည့်ကာ၊
“ ဟုတ်တယ် ... မင်း ပြောသလို ပါပဲ၊ ငါတို့က လုံးဝ မတူဘူး၊ မင်းလို အမှိုက် တစ်စက ငါနဲ့ ဘယ်လိုလုပ် တူနိုင် မှာလဲ။ ”
-ဟု ဆိုလိုက်၏။
သွေးစွန်းသော ဧည့်ပွဲ တစ်လျှောက်၊ ပထမဆုံး အကြိမ် အဖြစ်၊ သူ၏ အစွယ်ကို ထုတ်ပြ လိုက်ခြင်း ဖြစ်လေသည်။
***