ငါ့ သမိုင်းမှာ မရှိဘူး။
Vol. 58 Ch. 810
လူတိုင်း အတွက် အနား ယူရန်၊ အချိန် သုံးရက် ရှိချေပြီ။ ဤအကြိမ်တွင် ယခင် အကြိမ် များထက်၊ သိသိ သာသာ ပြင်းထန် လှသဖြင့်၊ လင်းယွန် အတွက်ပင် မလွယ်ကူ ခဲ့ခေျ။
သို့သော် ကံကောင်း ထောက်မစွာ၊ သူ့ ရလဒ်က ကောင်းမွန် ခဲ့သည်။ အုပ်စု ချန်ပီယံ ဖြစ်သည့်ပြင်၊ နန်းဂွန်း ဝမ်းယူနှင့် တိုက်ပွဲမှ အကျိုး ကျေးဇူး များစွာလည်း ရရှိ ခဲ့သည်။
ဒိုင်အဖိုးအို ကြေငြာ ပြီးနောက်၊ ပရိသတ်များ တရွေ့ရွေ့ ထွက်ခွာ ကုန်ကြသည်။
“ ဒါက စိတ်လှုပ်ရှားစရာ အကောင်းဆုံး ပွဲပဲ။ ”
“ ပဏာမ ချန်ပီယံ စာရင်း ထွက်ပြီး တဲ့နောက်၊ တိုက်ပွဲ တွေက ပို ပြင်းထန်လာ တော့မယ်၊ လင်းယွန် အတွက်တော့ ဆိုဖွယ် မရှိပဲ။ ”
“ ဟား ဟား ဟား ၊ ဖန်းဟန် လုဟွာ၊ ဘိုင်လိရွှမ်နဲ့၊ ဇိုချင်းရှန် တို့ ကလည်း၊ မညံ့သေး ပါဘူး။ ”
“ အထက် တန်းစား ခုနစ်ပါး ထဲက ... ၊ တော်တော် များများ ရှုံးနိမ့် ကုန်တယ်၊ ဒါကို မမျှော်လင့် ထားတာတော့ အမှန်ပဲ။ ”
“ မျိုးဆက်ဟောင်း ဆိုလို့၊ ရှောင်စီယီနဲ့ ဝူရှောင်ရှင်းသာ အထင်ကြီး စရာ ကောင်း တော့တယ်။ ”
“ နောက်တစ်ဆင့်က ခက်ခဲ လိမ့်မယ်၊ ပြိုင်ပွဲဝင် ဆယ့်ခြောက်ဦးမှာ၊ ခွဲတမ်း ခြောက် နေရာပဲ ရှိတယ်။ ”
“ မျိုးဆက်သစ် တွေက အရမ်း သန်မာ လွန်တော့၊ ဘယ်သူ မဆို ဝှက်ဖဲကို ထုတ်ပြဖို့ အတင်း အကြပ် ဖိအားပေး ရလိမ့်မယ်။ ”
လူစုကွဲ သွားသော်လည်း၊ စကား စမြည် ပြောဆို သံများ ညံဆဲ ဖြစ်သည်။ အများ စုက လင်းတာအိုကို သတ်ပြီး၊ လီမူဘိုင်းအား အနိုင်ယူ ခဲ့သည့် လင်းယွန် အကြောင်းသာ၊ ပြောဆို နေကြသည်။
အနည်း ငယ်သော လူအချို့ သည်သာ၊ ဇိုချင်းရှန်၊ ယွဲ့ဝေဝေနှင့်၊ ဘိုင်လိရွှမ် တို့ကို စိတ်ဝင်စား ပေ၏။
ညမိုးချုပ် လာချိန်၌၊ ဓားနန်းတော် နေထိုင်ရာ ခြံဝင်းတွင်၊ လင်းယွန် အောင်ပွဲ အတွက် လူတိုင်းက ဂုဏ်ပြု နေကြ၏။
နောက်ဆုံးတွင် ဘုရင် သုံးပါးကို ရှုံးနိမ့် ခဲ့သော်မှ၊ ထိပ်ဆုံး ဆယ်ဦးမှ သူ့အား ဖယ်ထုတ် နိုင်စရာ မရှိ တော့ချေ။
မဟာချင် အင်ပါယာရှိ မည်သူမျှ၊ သည်အဆင့်သို့၊ မရောက်ခဲ့ ဖူးသည်မှာ အမှန်ပင်။
ဤနေရာမှ လှည့်ပြန် လျှင်ပင်၊ လင်းယွန် အမည်မှာ နိမ့်ကျခြင်း ရှိတော့မည် မဟုတ် ကြောင်း၊ သူတို့ သိ၏။
ထို အောင်မြင်မှုသည်၊ ဓားနန်းတော် သာမက ချင်အင်ပါယာ၏ ဘုန်း အသရေလည်း ဖြစ်သည်။
အနာဂါတ်တွင်၊ ချင် အင်ပါယာမှ ကျင့်ကြံသူများ လှည့်လည်သွား လာရာ၌၊ လင်းယွန် နာမည်ကြောင့်၊ လေးစားခံ ရတော့မည် ဖြစ်၏။
ပျော်ပွဲ ရွှင်ပွဲ များကို နှစ်သက်သူ တစ်ဦး မဟုတ် သော်လည်း၊ လူတိုင်း၏ မျက်နှာအား ကြည့်ကာ၊ လင်းယွန် ပျော်နေ ခဲ့သည်။
သို့သော် ပတ်ဝန်း ကျင်၌ ဇိုယန်အား မမြင် မိသဖြင့်၊ လှည့်ပတ် ရှာဖွေ လိုက်၏။ ပြိုင်ပွဲ စတင်သည့် နေ့ကတည်း ကပင်၊ မတွေ့ မိသည်ကို သတိရ သွားသည်။
ဇိုယန်၏ ခွန်အား အရ၊ ပြိုင်ပွဲ ဝင်ခွင့် မရ သည်မှာ၊ နှမျော စရာ ပေပင်။ နောက်ဆုံးတွင် ဇိုယန်မှာ ခွန်အားကို ဖုံးကွယ် ထားမှန်း၊ သူ ပြောနိုင်သည်။
ပါဝင် ခဲ့မည် ဆိုပါက၊ ဖန်ဟန် လုဟွာ၊ သို့မဟုတ် ဘိုင်လိရွှမ် နီးနီး အောင်မြင် နိုင်ပေ မည်။
“ မင်း ... ဇိုယန်ကို တွေ့မိ သေးလား။ ”
ဝိုင် တန်ခိုးကြောင့်၊ မျက်နှာ တစ်ပြင်လုံး နီရဲ နေသော ဖန်းယီကို မေးလိုက်သည်။
“ ဟင့် အင်း ... ၊ သူ့ကို မမြင်တာ ကြာပြီ၊ ဟုတ်တယ် ဒီကောင် နည်းနည်းတော့ လွန်းတယ် …။ ”
ဖန်းယီက ခွက်ထဲရှိ၊ ဝိုင် လက်ကျန်ကို လက်စ ဖြတ်ကာ၊ စားပွဲပေါ် ပြန်ချ လိုက်ပြီး၊ သတိ ရသွား ဟန်ဖြင့် ပတ်ဝန်းကျင်အား ဝေ့ကြည့်သည်။
“ ဒီလို ပွဲမျိုး ... ၊ ငါက ဘာလို့ အလွတ်ခံ ရမှာလဲ။ ”
ထိုအချိန် မှာပင် ဇိုယန်က ခါးတွင် ဆေဘာဓား တစ်လက် ချိတ်ဆွဲလျက် ခြံထဲ လှမ်းဝင် လာ၏။
“ ဟား ဟား ဟား၊ မင်း နောက်ကျတယ်၊ မင်းရဲ့ အပြစ် အတွက် ဝိုင် သုံးခွက်၊ မဟုတ်ဘူး ဒါနဲ့ မလုံလောက် သေးဘူး။ ”
“ ရတယ်လေ ... ၊ အဲ့ဒီ အိုးနဲ့ ငါ့ကိုယ်ငါ အပြစ် ပေးမယ်၊ နန်းဂွန်း ဝမ်းယူကို အနိုင်ယူပြီး၊ ပဏာမ ချန်ပီယံ ဖြစ်လာတဲ့ အတွက် ဂုဏ်ယူ ပါတယ် လင်းယွန်။ ”
ဆေဘာဓားကို ဖြုတ်ချ လိုက်ပြီး၊ ဇိုယန်က ပြုံးကာ ဆိုသည်။
“ ဟား ဟား ဟား ... ဟုတ်ပါပြီ။ ”
ဇိုယန် အိုးကို မြောက်လိုက် ချိန်၌၊ လူတိုင်း ရယ်မောလာ ကြ၏။ ထို့နောက် ဝိုင်ခွက် များကို ပြိုင်တူ မြှောက်ကာ၊ ဂုဏ်ပြု လိုက်တော့သည်။
“ ငါလည်း ဂုဏ်ပြုချင် ပါတယ်၊ ဓားနန်းတော် အတွက်။ ”
လင်းယွန်က ဝိုင်ကို မသောက်ခင် ဆန္ဒပြု လိုက်သည်။
“ ဓားနန်းတော် အတွက် ... ။ ”
လူတိုင်း မတ်တပ် ထရပ် လာပြီး၊ နောက်ထပ် ခွက်များကို မြှောက်လျက် သံပြိုင် ‘ဟစ်’ လိုက် ကြ၏။
“ မဖိတ်ခေါ် ထားတဲ့ ... ၊ ဧည့်သည် နှစ်ယောက် လာတဲ့ အတွက်၊ မင်းတို့ အားလုံး စိတ်မဆိုး ဖူး မဟုတ်လား။ ”
ဘိုင်လိရွှမ်က ရှောင်စီယီနှင့် အတူ၊ လှမ်းဝင် လာသည်။ ထို့ကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး ချက်ချင်း တိတ်ဆိတ် သွား၏။
ဘိုင်လိရွှမ်မှာ ဓားနန်းတော်၌ နေခဲ့ ဖူးသော၊ သားပေါက်လေး တစ်ကောင် မဟုတ် တော့ချေ။ သူ့တွင် တိမ်ယံ သုံးဆင့် ဂိုဏ်း၏ အရှိန် အဝါများ ပါရှိ နေသည်။
“ အားလုံး နေရာ ပြင်ပေး လိုက်ပါ၊ ကောင်လေး အဖြူနဲ့ မိန်းကလေး ရှောင် အတွက်၊ ဝိုင်တွေ ယူလာ ခဲ့ပါ။ ”
ကာကွယ်သူ မက်မွန်က ပြူငှာ စွာဖြင့်၊ ကြိုဆို လိုက်သည်။ လူတိုင်း၌ မြင့်မားသော အိမ်မက်များ ရှိသည်မှာ သဘာဝ ပေပင်။
ထို့ကြောင့် ဘိုင်လိရွှမ် အပေါ်၊ နားလည် ပေးနိုင်၏။ အုပ်စိုးရှင် တစ်ပါးဖြင့်၊ ချိတ်ဆက် နိုင်သည် ကပင်၊ ဝမ်းသာ စရာ ပေပင်။
“ ဂုဏ်ယူ ပါတယ်။ ”
ဘိုင်လိရွှမ်က သူ့ခွက်ကို လင်းယွန်ထံ ဦးတည် မြောက်ပြ လိုက်သည်။
“ သခင်လေး လင်း၊ ဒီခွက်က မင်းအတွက်ပါ။ ”
ရှောင်စီယီက ပြုံးကာ လှမ်းပြော လိုက်၏။
“ ယဉ်းကျေးလွန်း ပါပြီ။ ”
လင်းယွန်က ခါးညွတ်ကာ၊ ရှောင်စီယီကို တုန့်ပြန် လိုက်သည်။ ထိုအချိန် မှာပင် အထိန်း အကွပ် မဲ့သော အသွင်ဖြင့်၊ ဧည့်သည် နှစ်ယောက် ထပ်မံ ရောက်ရှိ လာသည်။
၎င်းတို့မှာ ဝူရှောင်ရှင်းတို့ ညီအစ်ကို ဖြစ်လေသည်။ ဂျီဝူယီအား ပြိုင်ပွဲမှ ဖယ်ရှားခံ လိုက်ပြီ ဖြစ်ကာ၊ ဝူရှောင်ရှင်း သည်သာ နောက် တစ်ဆင့် တက်နိုင် ပေ၏။
ထို့ပြင် ဂျီဖန်းကို အနိုင်ယူ နိုင်သဖြင့်၊ ထိပ်ဆုံး ဆယ်ဦး စာရင်းသို့ ဝင်ရောက် နိုင်ချေ မြင့်မား နေသည်။
လင်းယွန်ကို ဂုဏ်ပြုရန် သူတို့ နှစ်ဦးက၊ သဘာဝ အတိုင်း ရောက်ရှိ လာခြင်း ဖြစ်၏။ မူလ ရည်ရွယ် ချက်မှာ ဂုဏ်ပြုပြီး၊ ထွက်သွား ရန် ဖြစ်သော်လည်း၊ ဝူရှောင်ရှင်းက ရုတ်တရက် ထိုင်ချ လိုက်သည်။
ရှောင်စီယီကို မြင်ပြီးနောက်၊ မကျေနပ်ချက် များက၊ သူ့ နှလုံးသားကို လေးလံ စေသည်။
“ ငါတို့ရဲ့ တိုက်ပွဲက နောက်သုံးရက် နေရင် ရှောင်လွှဲလို့ မရတော့ ပါဘူး၊ ဒီတိုက်ပွဲ အတွက် မင်း ဘာပြောချင် သေးလဲ ... ။ ”
ဝူရှောင်ရှင်းက ရှောင်စီယီကို မသိ မသာ ရန်စ လိုက်သည်။
“ မေ့လိုက်တော့ ... ၊ လွန်ခဲ့တဲ့ လေးနှစ် တုန်း ကလို အရှုံး အတွက် ရူးသွပ် သွား မှာကို ငါ ကြောက်တယ်၊ ဒီလိုသာ ဖြစ်လာရင် ထိပ်ဆုံး ဆယ်ဦး အဆင့်ကို၊ မင်း ထပ်ပြီး လက်လွှတ် ရလိမ့်မယ်။ ”
သူမ စကားကြောင့် လေထုမှာ၊ တင်းမာ လာပြီး၊ အချိန်မရွေး ထပေါက် တော့မည် ကဲ့သို့၊ တင်းကြပ် သွား၏။
ရှောင်းစီယီနှင့် ဝူရှောင်ရှင်း တို့၏ ခွန်အားမှာ၊ အထက် တန်းစား ခုနစ်ပါးကို မီနေပြီ ဖြစ်သဖြင့်၊ လူတိုင်း ထိတ်လန့် လာသည်။
လင်းယွန်က သူ့ခွက်ကို ပြန်ချ လိုက်ပြီး၊
“ မိန်းကလေး ရှောင် ... ၊ မင်းက ဘုရင် သုံးပါးရဲ့ ခွန်အားကို အသိဆုံး ပဲလို့ ထင်ပါတယ်၊ ငါ့ရဲ့ ရှုပ်ထွေးမှု တွေကို ရှင်းဖို့၊ မင်း ကူညီပေး နိုင်မလား။ ”
တင်းမာသော လေထုကို ဖြေလျော့ လိုသော ရည်ရွယ်ချက်ဖြင့်၊ ယခု ကဲ့သို့ ပြုမူ လိုက်ခြင်း ဖြစ်သည်။
ထို့အပြင် ဘုရင် သုံးပါး၏ ခွန်အားကို၊ အမှန်တကယ် သိလို သည်လည်း ဖြစ်၏။ ၎င်းတို့ သုံးဦး၏ စစ်မှန်သော ခွန်အားကို ယခု အချိန်ထိ မမြင်ဖူး သေးချေ။
သူ့ မေးခွန်းကြောင့် လူတိုင်းက ရှောင်စီယီထံ လှည့်ကြည့် လိုက်သည်။
“ ငါ သူတို့နဲ့ နည်းနည်းတော့ ရင်ဆိုင် ဖူးပါတယ်၊ ဒါပေမယ့် သူတို့နဲ့ ပတ်သက် ပြီးတော့ အများကြီး မသိဘူး၊ ရန်လောင်ဇီ နဲ့ပဲ၊ အရင်စ လိုက်ရအောင်၊ … ”
ရှောင်စီယီက အနည်းငယ် စဉ်းစား ပြီးနောက်၊
“ ရန်လောင်ဇီရဲ့ ရုပ်ခွန်အားက ပြိုင်ပွဲ ဝင်တွေ ထဲမှာ အသန်မာ ဆုံးပဲ၊ အရင် ပြိုင်ပွဲ တုန်းက ကောင်းကင် ဝိညာဉ် နယ်မြေ၊ ကျွမ်းကျင်သူ တစ်ဦးကို ... ”
“ ... လက်သီး တစ်ချက်နဲ့ သတ်ပစ် ခဲ့ဖူးတယ်၊ ပြီးတော့ သူ့မှာ မီး ရည်ရွယ်ချက် ရှိတယ်၊ လွှမ်းမိုး နိုင်တဲ့ လက်သီး နည်းစနစ် တစ်ရပ် ကိုလည်း၊ ကျွမ်းကျင်တယ်။ ”
ယင်းမှာ ယုံနိုင်ဖွယ် မရှိ သော်လည်း၊ လင်းယွန်က ခေါင်းညိတ် လိုက်သည်။ နဂါး လင်းတ ကိုပင် ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရရှိအောင်၊ ရန်လောင်ဇီက စွမ်းဆောင် နိုင်၏။
ထို့ကြောင့် သာမာန် ကောင်းကင် ဝိညာဉ် နယ်မြေ ကျင့်ကြံသူ တစ်ဦးမှာ၊ မရဏ နဂါး လင်းတအား ယှဉ်နိုင်စရာ အကြောင်း မရှိချေ။
“ အသန် မာဆုံး ကိုယ်လုံး ကိုယ်ပေါက် ဟုတ်လား ... ၊ သူ့ခန္ဓာ ကိုယ်က လင်းယွန်ရဲ့ နဂါး တိုက်ပွဲဝင် ခန္ဓာကိုယ်ထက် ပိုသန်မာ ပါ့မလား။ ”
ဖန်းယီက သံသယဖြင့် မေးလိုက်သည်။
“ ဒါက ... ပို အားကောင်း ပါတယ်၊ သူမှာ မီးနဂါးရဲ့ သွေးအဆီ အနှစ် ရှိတယ်၊ အားနည်း ပါးလျ ပေမယ့်လည်း၊ ဒါက နဂါးသွေးပဲ မဟုတ်လား၊ ... ”
“ ... သခင်လေး လင်းရဲ့ ကိုယ်လုံး ကိုယ်ပေါက်က သန်မာ ပါတယ်၊ ဒါပေမယ့် အထွတ် အထိပ် ပုံစံကို၊ မရောက် သေးဖူးလို့ ငါ ယုံတယ်၊ ဟုတ်တယ် မဟုတ်လား။ ”
လင်းယွန်က ခေါင်းညိတ် လိုက်၏။ မိုးပြာ နဂါး မူလ ပုံစံမှာ၊ အဋ္ဌမ အဆင့်၌၊ ပိတ်ဆို့ နေပြီ ဖြစ်သည်။ မကြာမီ အချိန် အတွင်း အောင်မြင်မှု တစ်ခု ရရှိရန်၊ မျှော်လင့်ချက် မရှိ တော့ချေ။
ထို့ကြောင့် နဂါးသွေး ပါသော သစ်သီး သို့မဟုတ် သားရဲ အမြုတေ တစ်ခု လိုအပ် လေသည်။
သို့သော် ကျင့်ကြံမှု၌ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေသို့ ရောက်ရှိရန်၊ အခွင့် အရေး တစ်ရပ် ရှိနေသည်။
ရှောင်စီယီ စကားကြောင့်၊ လူတိုင်း အသက် ပြင်းပြင်း ရှူလိုက် မိသည်။ သို့သော် ဖန်းယီက လက်မခံ နိုင်သေးဘဲ၊
“ သူ့ရဲ့ ကိုယ်လုံး ကိုယ်ပေါက် သန်မာ နေတယ် ဆိုရင်တောင်၊ လင်းယွန် ဓားကို ခုခံ နိုင်မယ်လို့ မပြောနိုင် သေးပါဘူး ... ။ ”
-ဟု တီးတိုး ရေရွတ် လိုက်၏။
“ ဒါက ... သခင်လေး လင်းရဲ့ဓား၊ ဘယ်လောက် ထက်လဲပေါ် မူတည် ပါလိမ့်မယ်။ ”
ရှောင်စီယီက ပြုံးကာ၊ နောက်ထပ် ဘုရင် တစ်ပါး အကြောင်း ဆက်သည်။
“ ကျန်းဝူကျိက မတူညီတဲ့၊ သိုင်း ရည်ရွယ်ချက် နှစ်ရပ်ကို ဆုပ်ကိုင် ထားတယ်၊ နှစ်ရပ်လုံးက ပြီးပြည့်စုံတဲ့ အဆင့် လို့လည်း ပြောကြတယ်၊ ... ”
“ ... ပြီးတော့ ခရီး ထွက်ရာ ကနေ၊ စွမ်းထက်တဲ့ လျှို့ဝှက် ပညာရပ် တစ်ခုကို ကံကောင်းပြီး ရခဲ့ ဖူးတယ်၊ ဒါပေမယ့် ဒါကို ထုတ်သုံးတာ တစ်ကြိမ်မှ မတွေ့ဖူး သေးဘူး။ ”
“ ယုဟိုရှင်း ကရော ... ဘယ်လိုလဲ။ ”
ဖန်းယီက ဖြတ်မေး လိုက်သည်။ ရှောင်စီယီက ဖန်းယီကို မဖြေ သေးဘဲ၊ မျက်လုံး များ အတွင်း စိုက်ကြည့်ကာ၊ လင်းယွန်ထံ လှည့် လာ၏။
“ အလင်း အမှောင် လမင်း ကမ္ဘာက၊ သခင်လေး လင်းကို အရမ်း သတ်ချင် နေတယ်၊ ဒါကြောင့် ယုဟိုရှင်းနဲ့ တွေ့တဲ့ အခါ၊ အရှုံးပေး လိုက်ဖို့၊ ငါ အကြံပေး ချင်တယ်၊ ဒါက ငါ့ရဲ့ အမြင် သက်သက်ပါ။ ”
“ မင်း ဘာပြောတယ်။ ”
ထိုစကားကို ကြားသော အခါ၊ ဖန်းယီက ချက်ခြင်းပင် မကျေ မနပ် ဖြစ်သွားသည်။ အမှန် တရား ဆိုလျှင်ပင်၊ သည်မျှ တုံးတိတိ နိုင်စရာ အကြောင်း မရှိချေ။ ဤနေရာရှိ လူတိုင်းမှာ မဟာချင် အင်ပါယာမှ ဖြစ်ပေသည်။
“ စီနီယာ အစ်မက လင်းယွန်ကို၊ စော်ကား နေတာ မဟုတ်ပါဘူး၊ ယုဟိုရှင်းက ရန်လောင်ဇီလို ကြမ်းတမ်း ပုံ မပေါ် ပေမယ့်၊ သူက ရည်မှန်းချက် ကြီးပြီး ရက်စက် တက်တဲ့ လူ ပါပဲ။ ”
ဘိုင်ယုရွှမ်က ဝင်ရောက် ရှင်းပြ လိုက်သည်။
“ ငါ နားလည် ပါတယ်။ ”
လင်းယွန်က ပြုံးပြီး ခေါင်းညိတ် လိုက်၏။
“ မိန်းကလေး ရှောင်၊ မင်း ဘာလို့ မင်းအကြောင်း မပြော ရတာလဲ၊ မင်းလည်း ဘုရင် သုံးပါး ထဲက တစ်ပါးနဲ့၊ အချိန် အတော် ကြာကြာ ယှဉ်ပြိုင်ခဲ့ ဖူးတယ်လို့ ကြားမိတယ်။ ”
ဇိုယန်က လူအုပ် အတွင်း ဗုံး တစ်လုံး ကြဲချ လိုက်၏။ သူ့ မေးခွန်းကြောင့် ရှောင်စီယီ မျက်လုံးများ မှေးကျဉ်း သွားကာ၊
“ သခင်လေး လင်း အတွက်တော့၊ မင်းက ငါ့ကို စိတ်ပူ နေစရာ မလို ပါဘူး၊ သူက ပဏာမ ချန်ပီယံ ဖြစ်နေပြီ၊ ... ”
“ ... ငါကတော့ ထိပ်ဆုံး ဆယ်ယောက် အတွက်၊ တိုက်ပွဲ ဝင်နေရ တုန်းပဲ၊ နောက်ပြီး ငါ့ နောက်ကို လိုက်နေတဲ့ အရူး တစ်ယောက် လည်း ရှိသေးတယ်။ ”
“ ဟား ဟား ဟား ၊ မင်း သိထားတာ ကောင်းတယ်။ ”
သူမ၏ အညွှန်း နာမ်စားကို ဝူရှောင်ရှင်း တစ်ယောက် စိတ်ဆိုးပုံ မပြဘဲ၊ ရယ်မောပြီး တုန့်ပြန် လိုက်သည်။
စကား စမြည် ပြောဆို နေကြပြီး၊ နောက်ဆုံးတွင်၊ ဖန်းဟန် လုဟွာနှင့် ဇိုချင်းရှန် ထံသို့ ဦးတည် သွားသည်။
ဇိုချင်းရှန် နာမည်ကို ထုတ်ဖော် ပြောဆို ချိန်၌၊ လင်းယွန် မျက်နှာမှာ လေးနက် သွား၏။ ရှောင်စီယီ၊ ဝူရှောင်ရှင်းနှင့် ဘိုင်လိရွှမ် တို့က၊ ၎င်းကို လျှော့တွက်ထား သဖြင့်၊ အထူး သတိ ပေး လိုက်သည်။
ထို့အပြင် လာမည့် တိုက်ပွဲ၌၊ မိစ္ဆာဓား ဇိုချင်းရှန်မှာ လူတိုင်းအား ထိတ်လန့် စေသော စွမ်းအားမျိုး ပြသ လိမ့်မည်ဟု၊ မှန်းဆ မိသည်။
ညည့်နက်မှ သာလျှင်၊ စကားဝိုင်း ပြတ်သွားကာ၊ နှုတ်ဆက်ပြီး လူစုခွဲ လိုက်ကြ လေသည်။
လင်းယွန် မှာမူ အတွေး နက်လျက်၊ တစ်ယောက်တည်း ကျန်ရစ် ခဲ့သည်။ ရှောင်စီယီ စကား များက များစွာ ကြောင့်ကြ စေ၏။
အဆုံးတွင် ဘုရင် သုံးပါးကို ရင်ဆိုင် ရပေမည်။ ၎င်းတို့မှာ ခိုင်မာသော တောင်ကြီး သုံးလုံးနှင့် တူ၏။
သို့သော် သည်အထိ ရောက်ရှိ လာပြီမို့၊ ခပ်ကုပ် ကုပ်ဖြင့် နေစရာ အကြောင်း မရှိ တော့ချေ။
သူ ဆိုသည် မှာလည်း တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးကို၊ အုပ်စိုးသော ဘုရင် တစ်ပါး ဖြစ်လေသည်။
ထို့ပြင် သူ့ အဘိဓာန်၌၊ ‘ ငါ အရှုံးပေး ပါတယ်၊ ’ ဟူသော ဝေါဟာရမျိုး မရှိချေ။ သေ ရမည် ဆိုလျှင်ပင်၊ နဂါး တစ်ကောင် ကဲ့သို့၊ သေ ပေမည်။
***