ထိပ်တိုက် ရင်ဆိုင်ခြင်း။
Vol. 59 Ch. 823
“ လင်းယွန်က တကယ် သန်မာ တာပဲ၊ သူ့ရဲ့ နဂါးပုံရိပ်ကို ကြည့်စမ်း၊ ယုဟိုရှင်း ထက်တောင် တောက်ပ နေတယ်။ ”
“ ဒါက ... ပွဲ မပြီးသေး ပါဘူး၊ လွယ်လွယ် ဆုံးဖြတ်လို့ မရတာ သတိ ရပါ။ ”
“ မှန်တယ် ... ၊ နောက်ဆုံးမှာ သူရဲ့ ပယင်း ရောင်ဝါ အားလုံးကို ဘုရင် သုံးပါးက ရယူသွား လိမ့်မယ် ။ ”
“ မင်းတို့က ... လင်းယွန် ရှုံးမယ်လို့ ပြောနိုင်လား၊ ကြိုးစားနေ သရွေ့ ဘာမဆို ဖြစ်နိုင် ပါတယ်။ ”
နဂါး ပုံရိပ် မည်မျှပင် တောက်ပ နေစေ ကာမူ၊ အဆုံး၌ ဘုရင် သုံးပါးထံ ပေးအပ် ရလိမ့် မည်ဟု၊ အချို့က ယူဆ ထားသည်။
နောက်ထပ် တိုက်ပွဲမှာ၊ ကျန်းဝူကျိနှင့် ရှောင်စီယီ တို့ ‘ပွဲ’ ဖြစ်သည်။ ရှောင်စီယီသည် ယုဟိုရှင်းကို ရှုံးနိမ့် ခြင်းဖြင့်၊ ပြင်းထန်သော ဒဏ်ရာများ ရရှိ ထားသည်။
အစွမ်း ထက်သည့် ဆေးဝါးများ မှီဝဲထား သော်လည်း အနည်းငယ်သာ သက်သာ ပေ၏။ သို့သော် အရှုံး မပေးခင်၊ ကျန်းဝူကျိ၏ ဝှက်ဖဲ များစွာကို ထုတ်ဖော် စေနိုင် ခဲ့သည်။
“ နောက် တစ်ပွဲ၊ ယွဲ့ဝေဝေနဲ့ ယုဟိုရှင်း။ ”
စကားဆုံး သည်နှင့် ယုဟိုရှင်း တစ်ယောက် လျှပ်စီး အသွင်၊ စင်မြင့်ပေါ် ရိပ်ခနဲ ဆင်းသက် လာသည်။
ယွဲ့ဝေဝေမှ ချင်ရို့ယူကို အရှက်ခွဲ ခဲ့သည့် ဖြစ်ရပ်အား လူတိုင်း မမေ့ သေးချေ။ ထိုလုပ်ရပ် များကြောင့်၊ ယုဟိုရှင်းပင် စည်းမျဉ်း များကို ချိုးဖောက်ပြီး၊ ပြိုင်ပွဲအား ဝင်ရောက် စွက်ဖက် ခဲ့ရသည်။
အကယ် ၍သာ ယခင် ပွဲ၏ ချန်ပီယံ မဟုတ်ပါက၊ ယုဟိုရှင်းအား မဟာမိတ် အဖွဲ့မှ အပြစ်ပေး မည်မှာ သေချာသည်။
ထိုအချိန်က ယုဟိုရှင်း မျက်နှာ လုံးဝ မည်းမှောင် နေပြီး၊ သတ်ဖြတ် လိုသော ဆန္ဒကို ထုတ်ဖော် ပြသ ခဲ့သည်။
ယင်းကြောင့် ယွဲ့ဝေဝေ အပေါ်၊ လွယ်လွယ်နှင့် လွှတ်ပေးမည် မဟုတ်ကြောင်း၊ လူတိုင်း ပြောနိုင် ၏။
“ မင်းသမီးလေး ... ၊ ဒီပွဲကို အရှုံးပေး လိုက်ပါ။ ”
မိစ္ဆာ ခန်းမ သခင်က၊ ယွဲ့ဝေဝေထံ အသံ လှိုင်းကို ပေးပို့ လိုက်ပြန်သည်။ ‘ မြင့်မြတ်သော ကမ္ဘာ’ မှ လာသည့်၊ ယွဲ့ဝေဝေ ကဲ့သို့ ပါရမီရှင် တစ်ဦး သည်ပင်၊ ဤကမ္ဘာ ကြီး၏ ကန့်သတ် ခြင်းကို ခံထား ရလေသည်။
ထို့ကြောင့် ကမ္ဘာ ကြီး၏ စည်းမျဉ်း ဥပဒေများ အတိုင်း၊ ဝိညာဉ် စွမ်းအင် များနှင့် လိုက်လျော ညီထွေ ဖြစ်အောင် ကြိုးစား နေခဲ့ ရ၏။
သူမ ရောက်ရှိ လာသည့် အချိန်မှာ၊ ကြာညောင်းခြင်း မရှိသေး သဖြင့်၊ ဤကမ္ဘာ၏ ပါရမီရှင် များနှင့် နှိုင်းယှဉ် ပါက၊ အားနည်း နေဆဲ ဖြစ်သည်။
ယွဲ့ဝေဝေ အတွက် အဆင့် သတ်မှတ် ချက်မှာ အသုံး မဝင် သောကြောင့်၊ လင်းယွန်မှ အလွန် အမင်း စိုးရိမ်ခြင်း မရှိချေ။ အခြေအနေ အပေါ် ကြည့်ကာ၊ အလွယ် တကူ သူမ လက်လျော့ နိုင်ပေမည်။
“ ဝှစ် ... ။ ”
မတ်တပ် ထရပ် လာသော ယွဲ့ဝေဝေက၊ တစ်ချက် လှုပ်လိုက်ပြီး၊ စင်မြင့် ပေါ်၌ ပြန်လည် ထွက်ပေါ် လာသည်။ သူမက ယုဟိုရှင်းကို တည်ငြိမ်စွာ ရင်ဆိုင် လိုက်၏။
ပြိုင်ပွဲဝင် နှစ်ဦးကို ကြည့်ပြီး၊ ဒိုင် အဖိုးအိုက “ တိုက် ပါ။ ” ဟု ဆိုလိုက်သည်။ စကားဆုံး သည်နှင့်၊ ဒိုင် အဖိုးအိုက နောက် တစ်လှမ်း ဆုတ်ကာ၊ ထွက်ခွာ တော့မည့် အချိန်တွင်၊
“ ငါ ဝန်ခံ ပါတယ်… ။ ”
-ဟု ယွဲ့ဝေဝေမှ ဆိုလိုက်၏။
သို့သော် သူမ စကား မဆုံး နိုင်ခင်၊ ယုဟိုရှင်းက သခင့် လက်သီးကို ထုတ်ဖော်ကာ၊ ချက်ချင်း ထိုးချ လိုက်သည်။
“ ဝှစ် ... ။ ”
မိန်းကလေး တစ်ဦးအား၊ ဤမျှ ရက်စက် လွန်းသည့် လက်သီးဖြင့်၊ တိုက်ခိုက် လာလိမ့် မည်ဟု၊ မမျှော်လင့် ထားသော လူအုပ်ကြီးမှာ၊ အသက်ရှူ ကြပ်သွား ကုန်သည်။
ယွဲ့ဝေဝေ၏ မြင်ကွင်း၌ ပတ်ဝန်းကျင် တစ်ခုလုံး ချာချာလည် သွားသည်။ သူ့ စကား ကို အဆုံးသတ် ဖို့ရန်၊ မကြိုးစား နိုင်တော့ဘဲ၊ အသက်အား ခက်ခက် ခဲခဲ ရှူလိုက် ရသည်။
ယင်းကြောင့် မျက်နှာ ပြောင်းလဲ သွားကာ၊ စင်ပေါ်မှ ထွက်ခွာရန် ချက်ချင်း ကြိုးစားလိုက် မိသည်။
“ မင်း လွတ်နိုင်မယ် ထင်လား။ ”
ယုဟိုရှင်းက ဟစ်အော်လျက်၊ လျင်မြန်စွာ ရောက်ရှိ လာသည်။ ထိုလက်သီး အောက်တွင် ကောင်းကင်နှင့် မြေကြီး ကွဲကြေသွား ပုံရ၏။
လက်သီး ချက်ကြောင့်၊ ယွဲ့ဝေဝေ တစ်ယောက် လေထဲ လွင့်ထွက်သွား သဖြင့်၊ ‘ငါ့ကို ခွင့်ပြုပါ၊’ ဟု ဆိုကာ၊ ရန်လောင်ဇီမှ ရိပ်ခနဲ ခုန်ထွက် လာ ခဲ့သည်။
“ ဝှစ် ... ။ ”
အကြီးအကဲများ မထွက်ခွာ နိုင်ခင်၊ လျင်မြန်လွန်းသော အဟုန်ဖြင့်၊ ယွဲ့ဝေဝေထံ ပျံသန်း သွားသည်။ ထိုအရာကို မြင်လိုက် ရသော အခါ၊ ပရိသတ် များက မနာလို စိတ်များ ဖြစ်ပေါ် လာ၏။
ရန်လောင်ဇီက ယွဲ့ဝေဝေ ခါးကို ရမ္မက် လွှမ်းသော မျက်ဝန်း များဖြင့်၊ အားပါး တရ လှမ်းဆွဲ လိုက်သည်။ ဖုံးကွယ် ထားသော တပ်မက်မှု များက၊ သူ့မျက်နှာ ပေါ်၌၊ ချက်ချင်း ထွက်ပေါ် လာသည်။
သို့သော် ဤအခိုက် အတန့်တွင်၊ သူ့ စိတ်ကူးအား အနှောက် အယှက် ဖြစ်စေသော၊ အပြာရောင် အရိပ် တစ်ရိပ် ဖြတ်ကျော် သွားကာ၊ ယွဲ့ဝေဝေကို ဖမ်းယူ သွားသည်။
ရန်လောင်ဇီ အပြုံးမှာ ချက်ချင်း အေးခဲ သွားပြီး၊ ခေါင်းမော့ကြည့် လိုက်ရာ၊ ရင်ခွင် ထဲ၌ ယွဲ့ဝေဝေအား ပွေ့ထား ထားသော လင်းယွန်ကို တွေ့လိုက် ရသည်။
“ မင်း ... သေချင် နေတာပဲ။ ”
သူ့ ခြေထောက်ကို လေလှိုင်းများ အပေါ် နင်းချ လိုက်ပြီး၊ လင်းယွန် ဆီသို့ ဦးတည်ကာ၊
“ ငါ့ ညီမလေးကို၊ လွှတ်လိုက်စမ်း ... ။ ”
-ဟု အော်ဟစ် လိုက်၏။
“ အဟက် ... ၊ မင်းမှာပဲ လေထဲ ရွေ့လျား နိုင်တဲ့၊ နည်းစနစ် ရှိတယ်လို့ ထင်နေ တာလား၊ ဟမ့် ... ။ ”
လင်းယွန်က ရန်လောင်ဇီထံ တစ်ချက် ကြည့်ကာ၊ တိမ်ပေါ် တက်လှမ်း ခြင်းအား ထုတ်ဖော် လိုက်သည်။
ခြေဖျားကို လေထုထဲ နင်းတက်လိုက် သည်နှင့်၊ လေဟာနယ် လှိုင်း တွန့်များ ရေလှိုင်း များကဲ့သို့၊ ပျံ့နှံ့ သွားသည်။
တစ်ဖက် လူက၊ လေထဲ သုံးကြိမ် လှမ်းတက်ပြီး၊ သူ့ ဖမ်းဆီး မှုမှ လွတ်သွား သဖြင့်၊ ရန်လောင်ဇီ တစ်ယောက် အရှိန်လွန် ကာ၊ ကောင်းကင်မှ ပြုတ်ကျ သွားသည်။
“ ဗွမ်း ... ။ ”
ရေကန်ထဲ ပြုတ်ကျ သွားသော ရန်လောင်ဇီကို လျစ်လျူရှုလျက်၊ လင်းယွန်က စင်မြင့်ပေါ် ပြန်လည် ဆင်းသက် လာသည်။
“ မင်း နိုင် တယ် ... ။ ”
ယွဲ့ဝေဝေအား ပွေ့ထား လျက်ဖြင့်၊ လင်းယွန်က ယုဟိုရှင်းထံ ကြည့်ပြီး ပြောလိုက် သည်။
“ သူ့ကို အောက်ချ လိုက် ... ၊ တိုက်ပွဲ မပြီး သေးဘူး။ ”
ယုဟိုရှင်းက ဂရုမစိုက် ဟန်ဖြင့်၊ တုန့်ပြန်သည်။ ထို့နောက် သခင့် လက်သီး အရှိန် အဝါကို ထုတ်လွှတ် လိုက်၏။
ယွဲ့ဝေဝေက ကြောင်ကလေး တစ်ကောင် ကဲ့သို့၊ လင်းယွန် ရင်ခွင် ထဲ၌ ခွေလျက် မိန်းမော နေ လေသည်။
လွန်ခဲ့သော နှစ်နှစ် ခန့်က၊ ယင်-လေ စီးကြောင်း ထဲသို့၊ ခုန်ဆင်း မိသည့် ပုံရိပ် များကို သူမ ရုတ်တရက် သတိရ သွားသည်။
ထိုအချိန်က သူ့ကို ပွေ့ချီကာ၊ ချက်ချင်း ခုန်ဆင်း ခဲ့သည်။ ထိုလူမိုက် ကလေးသည် သူမ အသက်ကို ကယ်တင်ရန်၊ သူ့ အစွမ်း ရှိသမျှ ကြိုးစား ပေး၏။
ဤတစ်ကြိမ် တွင်လည်း၊ ကြောက်ရွံ့ခြင်း မရှိဘဲ၊ အလားတူ အပြု အမူကို လုပ်ဆောင်လာ ပြန်သည်။
“ ငါ ပြော နေတယ်၊ မင်း နိုင် ပြီ ... ။ ”
ယုဟိုရှင်း၏ သခင့် လက်သီး အရှိန် အဝါအား၊ နဂါးဓား ရောင်ဝါဖြင့် ချေဖျက်ကာ၊ လင်းယွန်မှ ဆိုလိုက်သည်။
ဓားရည်ရွယ်ချက် ပေါ်လွင် လာသည်နှင့်၊ ထက်ရှသော ဓားအရှိန် အဝါက၊ တစ်ဖက် လူ၏ ရောင်ဝါကို ဟန့်တား ပစ်လိုက်သည်။
အချိန် မရွေး ထသတ် တော့မည့် နဂါးကြီး နှစ်ကောင် ကဲ့သို့၊ တစ်ဦးကို တစ်ဦး စိုက်ကြည့် လိုက်ကြသည်။
“ မင်း နိုင်တယ်။ ”
ဒိုင် အဖိုးအိုက ရှေ့ တစ်လှမ်း တိုးကာ၊ ယုဟိုရှင်းကို ကြည့်ပြီး၊ ဝင်ရောက် ဆုံးဖြတ်ပေး လိုက်သည်။
“ စည်းကမ်း အရ၊ သူ ဝင်ပြောခွင့် မရှိဘူး။ ”
ယုဟိုရှင်းက ဒိုင်အဖိုးအို စကား ကိုပင်၊ လက်မခံချေ။ ယွဲ့ဝေဝေ အပေါ် လွှတ်ပေးရန်၊ ရည်ရွယ်ချက် မရှိ သည်မှာ ရှင်းချေပြီ။
“ မကြာ သေးမီက ပြိုင်ပွဲရဲ့ စည်းကမ်း တွေကို၊ မင်းကိုယ်တိုင် နှောက်ယှက် ခဲ့တာကို မေ့သွား ပြီလား၊ ... ”
“ ... ပန်းသင်္ချိုင်း ဓားသမား လင်းယွန် မှာလည်း ဒီလို လုပ်ဖို့၊ အရည် အချင်း ပြည့်မှီ ပါတယ်။ ”
ဒိုင် အဖိုးအိုက အေးစက်စွာ တုန့်ပြန် လာသည်။ သန်မာသူ များသာ စည်းမျဉ်းကို ချိုးဖျက် နိုင်၏။
ထိုစကား အရ လင်းယွန်ကို သူနှင့်၊ တစ်တန်း စားတည်း သတ်မှတ် ထားမှန်း၊ သိ လိုက်ရသည်။ ဤသည်က လူအုပ်ကို အကြီး အကျယ်၊ တုန်လှုပ် သွားစေ၏။
ယုဟိုရှင်းက ဒေါသဖြင့် ပြုံးကာ၊
“ သူ့ကို ... ၊ ငါနဲ့ အဆင့်တူ သတ်မှတ် ရလောက်အောင်၊ မဟာမိတ် အဖွဲ့ရဲ့ အမြင်က တကယ် ကျဆင်း သွားပြီပဲ၊ ကောင်းပြီ ... ”
“ ... ငါ ယုဟိုရှင်းက ကျိုးကြောင်း ဆီလျော်တဲ့ လူ တစ်ယောက်ပါ၊ ဒီကိစ္စကို ဆက်မသွား တော့ဘူး၊ အဆင့် သတ်မှတ် ပြီးတဲ့ အခါ ကျရင်၊ ဘယ်သူက ဘာလဲ ဆိုတာ ကြည့်မယ်။ ”
“ ကျေးဇူး တင်ပါတယ် စီနီယာ။ ”
လင်းယွန်က ဒိုင် အဖိုးအိုထံ ဦးညွှတ် လိုက်သည်။
“ ကျေးဇူးတင် နေစရာ မလို ပါဘူး၊ ငါ့မျက်နှာ မပျက် ဖို့က၊ မင်း အပေါ် မူတည် နေတယ်။ ”
ဒိုင် အဖိုးအိုက ပြုံးလိုက် သော်လည်း၊ သူ့ကိုယ်သူ အနည်းငယ် သံသယ ဝင်နေဆဲ ဖြစ်သည်။
အဆုံးတွင် ယုဟိုရှင်း သည်သာ အနိုင်ရ ခဲ့ပါက၊ သည်ရပ်တည် ချက်ကြောင့်၊ အရှက်ခွဲ ခံရ မည်ကို၊ နားလည် ထားသည်။
လင်းယွန် အနေဖြင့်၊ ယုဟိုရှင်းအား မယှဉ်နိုင် သော်မှ၊ အလား အလာ ကောင်းများ ရှိနေကြောင်း သူ မြင်သည်။
“ ကျွန်တော် ... ၊ အကောင်းဆုံး လုပ်ပါ့မယ်။ ”
လင်းယွန်က တုန့်ပြန် လိုက်ပြီး၊ ယွဲ့ဝေဝေအား ပွေ့ချီလျက်၊ ကောင်းကင် မိစ္ဆာ ခန်းမ ထံသို့၊ ဦးတည် လိုက်သည်။ ထိုင်ခုံ၌ မှေးချ ပေး လိုက်ပြီး၊ လှည့်ထွက် မိ၏။
“ ဝှစ် ... ။ ”
သို့သော် သွယ်လျသော လက်ကလေး တစ်ဖက်က၊ သူ့ အင်္ကျီ အနား စကို ရုတ်တရက် ဆွဲကိုင် လာပြီး၊ သနား စရာ ကောင်းသော အကြည့့်ဖြင့်၊
“ အကိုကြီး လင်း ... ကျေးဇူး ပြုပြီး၊ ငါနဲ့ အတူ ထိုင်ပါ။ ”
-ဟု ဆိုလိုက်၏။
လင်းယွန်က လှည့် မကြည့်ချေ။ ယောင်ရမ်းပြီး လှည့်ကြည့် မိပါလျှင်၊ ၎င်းကို ငြင်းပယ် နိုင်မည် မဟုတ်ကြောင်း သူ သိ၏။
“ ထိုင် ... ။ ”
ကောင်းကင် မိစ္ဆာ ခန်းမ၏၊ ခန်းမ သခင်က မည်းမှောင် နေသော မျက်နှာဖြင့်၊ ဝင်ပြော လိုက်သည်။
ထို့ကြောင့် လင်းယွန်က ထိုင်ချ လိုက်၏။ ထိုင်ချပြီး မှပင် ရန်လောင်ဇီအား ရုတ်တရက် သတိရ သွားသည်။
ထို့ကြောင့် ကိုးရိုး ကားယား အသွင်ဖြင့်၊ ရေကန်မှ ပြန်တက် လာသော ရန်လောင်ဇီအား၊ ဟိုကြည့် သည်ကြည့် လုပ်နေ သည်ကို၊ တွေ့လိုက် ရသည်။
သူ့ ထိုင်ခုံတွင် လင်းယွန် တစ်ယောက် ဝင်ထိုင် နေပြီဖြစ် သဖြင့်၊ သွားစရာ နေရာ မရှိ တော့ချေ။
“ ရန်လောင်ဇီ ... အဲ့ဒီ မှာပဲ ... နေ၊ နောက်တစ်ပွဲ မင်း အလှည့် ... ။ ”
ဒိုင် အဖိုးအိုက တစ်ချက် ကြည့်ကာ၊ လှမ်းပြော လိုက်သည်။
“ ကျွန်တော့် ... ၊ ပြိုင်ဘက်က ဘယ်သူလဲ။ ”
ရန်လောင်ဇီက အဆင် မပြေသော အမူ အရာဖြင့်၊ ပြန်မေး လေသည်။
“ ဖန်းဟန် လူဟွာ။ ”
***