နဂါး ဘုရင်။
Vol. 60 Ch. 829
လင်းယွန် ဓားက၊ ရင်ဘတ်ထဲ ထိုးဖောက် ဝင်ရောက်သွား သည်နှင့် တပြိုင်နက်၊ ရန်လောင်ဇီ၏ အသက် ဓာတ်များ ချက်ချင်း ခန်းခြောက် လာသည်။
ထို့နောက် ရွှေရောင် တောက်ပ နေသော အစက် ကိုးစက်၊ ကွဲကြေ သွားသော နှလုံး ထံမှ တိုးထွက် လာသည်။
၎င်းကို အနီးကပ် ကြည့်လိုက်သော အခါတွင်၊ မယုံ နိုင်ဖွယ် အသက် ဓာတ်များ ပြည့်လျှံ နေသည့်၊ သွေး အဆီ အနှစ်များ ဖြစ်ပေ၏။
ထိုသွေးစက် များက လွတ်မြောက် လို ဟန်ဖြင့်၊ ရုန်းကန် လာလေသည်။ သွေးစက် အတွင်းမှ အော်ဟစ်သံ အချို့ ကိုပင်၊ လူတိုင်း ကြားလာ ရ၏။
သို့သော် ယင်းကို ရန်လောင်ဇီ၏ ပယင်း ရောင်ဝါ များက၊ ထိန်းချုပ် လိုက်ပြီး၊ လင်းယွန် ထံသို့ ပို့ဆောင် ပေးလိုက်သည်။
“ မီးနဂါး သွေး အဆီ အနှစ်။ ”
“ အိုး .... ဒါ ရန်လောင်ဇီရဲ့ ... ၊ သွေး အဆီအနှစ် ပါတဲ့ မီးနဂါး သွေးပဲ၊ တကယ်ပဲ ပယင်း ရောင်ဝါက၊ ဒါကို ထုတ်ယူ ပေးခဲ့တယ်။ ”
ပရိသတ် များက စိတ်လှုပ်ရှား လာသည်။ တစ်ချိန်တည်း မှာပင် လင်းယွန် သည်လည်း မှင်တက် နေခဲ့၏။
ထို့နောက် လက်ကို ဝှေ့ယမ်း လိုက်ပြီး၊ ရန်လောင်ဇီ နှလုံးသားထဲ စိုက်ဝင် နေသော ဓားအား ပြန်ခေါ် လိုက်သည်။
ဓား ပြန်ထွက် သွားသည်နှင့်၊ ရန်လောင်ဇီ တစ်ယောက် ဒူးထောက် လျက်ဖြင့်၊ ဇာတ်ကျိုး ကျသွားသည်။
မီးနဂါး သွေး ပါဝင်သော၊ ရန်လောင်ဇီ၏ ပယင်း ရောင်ဝါကို၊ လင်းယွန်၏ နဂါး ပုံရိပ်က၊ ဝါးမျို ပြီးနောက်၊ ပို၍ တောက်ပ လာခဲ့သည်။
တစ်ချိန်တည်း မှာပင်၊ နဂါး ပုံရိပ်၌ ပဉ္စမ ခြေသည်း ထွက်ပေါ် လာ၏။ ယင်းသည် ပထမ ဆုံးသော ခြေသည်း ငါးချောင်းကို၊ မွေးဖွားပေး နိုင်သည့်၊ နဂါး ပုံရိပ် ဖြစ်လာ လေသည်။
“ ခြေသည်း ငါးချောင်း၊ ဒါ ... ဒါ ဘုရင့် အဆင့် နဂါးပဲ။ ”
“ နဂါး ဘုရင် ဆိုတာ ဒါလား၊ အငွေ့ အသက်က တကယ်ကို ကြောက်စရာ ကောင်း လိုက်တာ၊ ဒါကိုသာ ... ”
“ ... သန့်စင် လိုက်ရရင် ဘယ်လို နေမလဲ၊ လင်းယွန်ရဲ့ နဂါးက ပထမဆုံး ဘုရင် ဖြစ်လာ လိမ့်မယ်လို့၊ ငါ တကယ် မထင်ထား မိဘူး။ ”
“ အဆုံး ထိသာ နိုင်ပွဲဆက် သွားနိုင်ရင်၊ ဘယ်လို အကျိုး ကျေးဇူး တွေများ ရနိုင် မလဲ ဆိုတာ၊ သိချင် လာပြီ။ ”
“ ဒါတော့ လွယ်မယ် မထင်ဘူး၊ တစ်ပွဲ ရှုံးတာနဲ့ ဒီနဂါးကို ဆုံးရှုံး ရမှာပဲ မဟုတ်လား၊ သူ့ကို ဆက်ထိန်း နိုင်ဖို့က အရမ်း ခက်မယ်။ ”
လူတိုင်း စိတ်လှုပ်ရှား နေကြစဉ်၊ နဂါး ပုံရိပ်က လင်းယွန် ထံသို့ ပြန်လည် ဝင်ရောက် လာသည်။
အကျိုးဆက် အနေဖြင့်၊ သူ့ ကျင့်ကြံမှုမှာ၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေသို့ ရောက်ရှိ သွားခဲ့သည်။
ထိုနယ်မြေ၌ တည်ငြိမ် သွားပြီးနောက်၊ လွှမ်းမိုးနိုင် လွန်းသော အငွေ့ အသက် တစ်ခု၊ လင်းယွန် ထံမှ လွတ်မြောက် လာသည်။
ထိုအရှိန်အဝါက သူ့အား ပို၍ ရင့်ကျက် ခံ့ညား လာစေ၏။ သူငယ် နှပ်စား ဓားသမား အဖြစ်၊ မမြင် ဝံ့ တော့ချေ။
လက်ရှိ အသွင် အပြင် အရ၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၏ ကြောက်စရာ အကောင်း ဆုံးသော ဘုရင်ခံ တစ်ပါး အဖြစ် ခံစား လာမိ စေသည်။
ထို့အပြင် လင်းယွန်၏ နဂါး စွမ်းအင်က၊ ရန်လောင်ဇီ၏ သွေး အနှစ် သာရကို လောဘ ကြီးစွာဖြင့်၊ ဝါးမြိုသွား ခဲ့သည်။
၎င်းတို့မှာ မရဏ နဂါး လင်းတ၏၊ သွေး အဆီအနှစ် များထက် ပို၍ သန့်စင် နေသည်။ ထို့ကြောင့် ဤသွေး (၉) စက်ဖြင့်၊ မိုးပြာ နဂါး မူလ ပုံစံကို၊ အသွင်ပြောင်း နိုင်မည် ဖြစ်၏။
“ မင်းက ... အရမ်း ရက်စက်တယ်။ ”
ကောင်းကင် မိစ္ဆာ ခန်းမ၏ အကြီးအကဲ နှစ်ဦးက၊ ရန်လောင်ဇီ ခန္ဓာကိုယ်ကို သယ်ရန် ဒေါသ တကြီး ပြေးတက် လာကြသည်။
လင်းယွန်က သတိကပ် လိုက်ပြီး၊
“ သူ့ရဲ့ လက်ဆောင်ကို၊ ရိုးရိုး ရှင်းရှင်းပဲ လက်ခံခဲ့ တာပါ၊ ငါ့ ဓားကြောင့် သေသွားတဲ့ လူတွေ ထဲမှာ၊ ... ”
“ ... သန့်ရှင်းတဲ့ ဝိညာဉ် တစ်ကောင်မှ မပါဘူး၊ နောက်ပြီး ငါ့ကို သတ်ချင်တဲ့ ဘယ်သူ မဆို၊ သေဖို့ ပြင်ထား ရမယ်။ ”
လင်းယွန်က ပေါ့ပေါ့ ပါးပါးပင် ဆိုလိုက် သော်လည်း၊ ထိုစကားလုံး များက လူတိုင်း ရင်ဘတ်ထဲ နက်ရှိုင်းစွာ ဝင်ရောက် သွားသည်။
ဤသည်မှာ ဓားသမား တစ်ယောက် ပင်လော။ ဓားသမား တစ်ယောက် ဖြစ်ရန်၊ သည်မျှ ပြတ်သား ရမည် လော။
ကောင်းကင် မိစ္ဆာ ခန်းမ၏ အကြီးအကဲ များမှာ၊ အုပ်စိုးရှင်များ ဖြစ်သဖြင့်၊ လင်းယွန် စကား အပေါ်၊ မကြေနပ် ကြချေ။ သူတို့ ကိုပင် ခြိမ်းခြောက် နေသည်ဟု မြင်သည်။
“ မသက် ဆိုင်တဲ့ သူတွေကို စင်ပေါ်မှာ၊ နေခွင့် မပြု ပါဘူး၊ ကျေးဇူးပြုပြီး ထွက်သွား ပေးပါ။ ”
ဒိုင် အဖိုးအိုက ရှေ့ တစ်လှမ်း တိုးကာ၊ မောင်းထုတ် လိုက်သည်။
“ ကိုယ့်ကိုယ်ကို အရှက် မခွဲမိ ပါစေနဲ့ ... ။ ”
ကောင်းကင် မိစ္ဆာ ခန်းမ သခင်က၊ လင်းယွန်ကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်ပြီး၊ သူ့လူ များထံ သတိပေး လိုက်သည်။
ထို့ကြောင့် ရန်လောင်ဇီ အလောင်းကို ပွေ့ကာ၊ အကြီး အကဲ နှစ်ယောက်က စင်မြင့် ပေါ်မှ၊ အမြန် ထွက်ခွာ လိုက် ကြ၏။
နောက်ထပ် တိုက်ပွဲ များသည်၊ လင်းယွန်နှင့် ရန်လောင်ဇီတို့ ကဲ့သို့သော စိတ်လှုပ်ရှား မှုမျိုး မရှိ ခဲ့ပေ။
မူဟန်က ဇိုချင်းရှန်ကို ရှုံးနိမ့် သွားပြီး၊ ဘိုင်လိရွှမ် သည်လည်း ယုဟိုရှင်းထံ ရှုံးနိမ့် ခဲ့သည်။
ယုဟိုရှင်းမှာ သန်မာလှ သဖြင့်၊ ခွန်အား (၅၀%) ထုတ်ဖော် ရသည် အထိ၊ မည်သူမျှ မစွမ်းဆောင် နိုင်သေးချေ။
“ လင်းယွန်နဲ့ ရှောင်စီယီ။ ”
ထို့နောက် လင်းယွန်ပွဲ ပြန်လည် ရောက်ရှိ လာသည်။ ရန်လောင်ဇီကို သတ်ပြီးနောက် သူ့ အမည်မှာ၊ ကောင်းကင်မှ မကျ တော့ချေ။
ဘုရင် တစ်ပါးကို သတ်ရန် မဆိုနှင့်၊ အနိုင်ယူခြင်း သည်ပင် မလွယ် ကူကြောင်း၊ လူတိုင်း သိသည်။
ခွေးဆိုး တစ်ကောင် အနေနှင့်၊ သမိုင်း တွင်မည့်၊ အခန်းနား ဆုံးသော မှတ်တမ်းကို ရေးသား နေပေသည်။
နောင်တွင် သူ၏ ကျော်ကြားမှုမှာ၊ ယုဟိုရှင်း အဆင့်သို့၊ တက်လှမ်း နိုင်ချေ ရှိ၏။
ရှောင်စီယီက စင်မြင့် ပေါ်၌ နေရာ ယူလိုက်သည်။ သူမ အသား အရေမှာ ယခင် ကထက်၊ ပို၍ ကောင်းလာ ပေ၏။
ယုဟိုရှင်းထံ ရှုံးပြီးနောက်၊ ယုံကြည်မှု ပျက်ပြားသွား သော်လည်း၊ နိုင်ပွဲများ ပြန်ရ လာချိန်တွင်၊ ကောင်းမွန် လာ ခဲ့သည်။
“ ရန်လောင်ဇီကို မင်း တကယ် သတ်နိုင် ခဲ့တာပဲ၊ ငါက သခင်လေး လင်းရဲ့ လက်မှာ၊ ဆယ်ကြိမ်ထက် ပိုပြီး၊ ရုန်းကန်နိုင် လိမ့်မယ်လို့ မထင် မိဘူး။ ”
ရှောင်စီယီက ပြုံးကာ ဆိုလိုက်သည်။ အထူးသဖြင့် မီး ရည်ရွယ် ချက်ကို ဖြိုခွဲရန် ဓားအား အသုံးပြု လိုက်သော အခါတွင်၊ ကြောက်လန့် သွားသည်။
ရန်လောင်ဇီ၏ မီးနဂါး နတ်ဘုရား ခန္ဓာ ကိုယ်မှာ၊ မည်မျှ အစွမ်း ထက်ကြောင်း သူမ အသိဆုံး ဖြစ်သည်။
သို့သော် လင်းယွန်က အခွင့်ကောင်း စောင့်ဆိုင်းလျက်၊ မြွေပွေး တစ်ကောင် ကဲ့သို့ လုပ်ကြံ ခဲ့သည်။
ပြိုင်ပွဲ တစ်လျှောက်၊ အမှား အယွင်း အကင်းဆုံးသော တိုက်ခိုက်ရေး သမား တစ်ဦး ဖြစ်လာသည်။
“ ကံကောင်း သွားလို့ပါ ... ။ ”
လင်းယွန်က တည်ငြိမ်စွာ တုန့်ပြန် လိုက်၏။
“ ဒီလို ပွဲမျိုး တွေမှာ၊ ကံကောင်းခြင်း ဆိုတာရယ် မရှိ ပါဘူး၊ ကောင်းပြီ ... ၊ ငါတို့ စကား တွေကို ... ”
“ ... ဒီမှာတင် ရပ်ပြီး တိုက်ကြစို့၊ သတိ ထားပါ၊ ငါ မင်းကို လွယ်လွယ်နဲ့ လက်လျော့ မှာတော့ မဟုတ်ဘူး။ ”
ရှောင်စီယီက တိမ်များကို ဆင့်ခေါ်ပြီး ဆို၏။ သူမ လက်ဖဝါး ပြင်မှ စုပ်ယူမှု စွမ်းအား တစ်ခု ထွက်ပေါ်လာ သော်လည်း၊ လင်းယွန်က ရှောင်တိမ်း နိုင်ခဲ့သည်။
တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေသို့ ရောက်ရှိ ပြီးနောက်၊ လေးနက်သော ခြေလှမ်း ခုနစ် လှမ်းမှာ၊ ပို၍ပင် လျင်မြန် လာ၏။
ထို့နောက် ရှောင်စီယီ ထံ၊ ပန်းသင်္ချိုင်း ဓားဖြင့်၊ ဓား အလင်း တစ်ချက် ပစ်လွှတ်လိုက် လေသည်။
“ ရွှပ် ... ။ ”
ဓား အလင်းကို မြင်သော်လည်း၊ မျက်နှာ ပြောင်းလဲခြင်း မရှိဘဲ၊ ရှောင်စီယီက လက်ညှိုး ဖြင့်၊ လှမ်းထိုး လိုက်သည်။
“ ရွှပ် ... ။ ”
ဓား အလင်း ပြိုကွဲ သွားကာ၊ အပိုင်းအစများ အဖြစ်၊ နေရာ တိုင်းသို့ ပျံ့ကျဲ သွား၏။
၎င်းတို့တွင် တူညီသော ဓားရည်ရွယ် ချက်များ ရှိနေ သဖြင့်၊ ရှောင်စီယီ တစ်ယောက် မျက်မှောင်ကြုတ် လိုက်မိသည်။
နောက်ဆက်တွဲ ပုံရိပ်များ ကြား၌၊ ပြိုင်ဘက်က ပုန်းအောင်း နေမည်ကို၊ သိရှိထား သောကြောင့်၊ သူမ သတိ မမူဘဲ မနေ ဝံ့ပေ။
သို့သော် ဤသို့ အနည်းငယ် တုံ့ဆိုင်း နေသည့်၊ အချိန်လေး သည်ပင် ဓားသမား တစ်ဦး အတွက်၊ ‘အဖွင့်’ ဖြစ်ကြောင်း မေ့သွား ခဲ့သည်။
( စစ်တုရင် ကစားပွဲ တစ်ပွဲကို၊ (Opening/ Middle/ Ending) ဟူ၍ ခွဲခြား သတ်မှတ်ကာ၊ ကစား ကွက်များ ပုံဖော် ကြပေသည်။
(Opening) ကောင်းမှ သာလျှင်၊ (Middle)၌ အားသာချက် ဆုပ်ကိုင် နိုင်မည် ဖြစ်၏။
ထို့ကြောင့် ဤနေရာ၌ ‘အဖွင့်’ ဟူသည်၊ ကစားပွဲ တစ်ပွဲ၏၊ အရေး ကြီးသော အခိုက် အတန့်ကို ဆိုချင်ပုံ ရပေသည်။ )
“ သခင်ဓား— မိုးကြိုး ။ ”
သူမ၏ လက်ညှိုးကြီး ထဲသို့ ဓား ရည်ရွယ်ချက်များ တိုးဝင် လာပြီး၊ ရုတ်တရက် ပေါက်ကွဲ သွားသည်။
တစ်ချိန်တည်း မှာပင် လျှပ်စီး များကို ပေါင်းစည်းရန် အတွက်၊ လင်းယွန်က လက်အား လွှဲယမ်း လိုက်၏။
တိမ် ရည်ရွယ်ချက် ပြိုပျက် တော့မည် ဖြစ်ကြောင်း၊ အချက် ပြသည့် အနေဖြင့်၊ တိမ်မြူ တသိုက် လွင့်ပါး လာသည်။
ထို့ကြောင့် ထိတ်လန့် သွားပြီး၊ တိမ် ရည်ရွယ်ချက်ကို အမြန်ပြန် ရုတ်လိုက်ကာ၊ ပိုးထည်စ များဖြင့်၊ ပစ်ထုတ် လိုက်၏။
“ ဝှစ် ... ။ ”
မြင်ကွင်း တစ်ခုလုံး အဖြူ အဖြစ် ပြောင်းလဲသွား သော်လည်း၊ လင်းယွန်က တည်ငြိမ်နေ နိုင်ဆဲ ဖြစ်သည်။ ဓားအား လွှဲကာ၊ ပိုးထည်စ များကို၊ အလွယ် တကူ ဖြတ်တောက် နေခဲ့၏။
“ ကောင်းကင်က တိမ်တိုက် များကို ဖျက်ဆီးမယ့် လက် ... ။ ”
သူမ၏ အပြင်းထန် ဆုံးသော လှုပ်ရှားမှုကို ထုတ်ဖော်ရန် ဤအခွင့် အရေးကို ရယူ ခဲ့သည်။ တိမ်တွေ ဖယ်ခွာ သွားပြီး၊ ကြီးမား လှသော လက်ဖဝါးကြီး ဆင်းသက် လာ၏။
“ သခင့်ဓား - ငြိမ်သက်ခြင်း။ ”
လင်းယွန်က ကောင်းကင်ပေါ် မော့ကြည့်ကာ၊ လခြမ်း သဏ္ဍာန် ဓားရောင်ခြည် များကို၊ ပစ်ထုတ် လိုက်သည်။
ဓားရောင်ခြည်က တောက်ပစွာ ထွန်းလင်း သွားပြီး၊ လက်ဖဝါး ကြီးကို ထက်ခြမ်း ခွဲပစ်၏။ ဖြူဖျော့ နေသော မျက်နှာဖြင့်၊ ရှောင်စီယီ တစ်ယောက် ဆုတ်ခွာ သွားသည်။
သို့သော် သူ့ခန္ဓာ ကိုယ်အား တိမ်များ ကဲ့သို့၊ ချက်ချင်း ပြန့်ကျဲ ပစ်ပြီး၊ လင်းယွန်မှ သူမအား မမြင် နိုင်တော့ချေ။
လင်းယွန်က သူ့ ဓားကို ထပ်မံ၍ လွှဲလိုက်သော အခါတွင်၊ မည်သည့် အရာ ကမျှ တားဆီး နိုင်ခြင်း မရှိတော့ သကဲ့သို့၊ တိမ်များ အတွင်း ဓား အလင်းများ၊ ထပ်မံ ဝင်ရောက် သွားပြန်သည်။
“ သခင်ဓား - သွေးသား နှိမ်နင်းမှု။ ”
ဓားအလင်း များက၊ အကန့် အသတ်မဲ့ ကြက်သွေးရောင် အဆင်း သဏ္ဍာန် အဖြစ် ပြောင်းလဲကာ၊ လေထု အတွင်း ပေါင်းစပ် သွားသည်။
ထိုကြက်သွေးရောင် အလင်း များက၊ တိမ်တိုက်များ အထက်တွင်၊ နဂါး တစ်ကောင် အဖြစ် ရစ်ခွေ လာပြီး၊ ရှောင်စီယီ ထွက်ပေါ် လာစေရန်၊ အရပ် မျက်နှာ အသီးသီးမှ ဖိအား ပေး တော့၏။
များ မကြာခင် ပြတ်ရှရာ ဗလပွဖြင့်၊ သွေးများ ရွဲရွဲ ဆိုလျက်၊ ရှောင်စီယီ တစ်ယောက် စင်မြင့်ပေါ်၊ ပြန်လည် ဆင်းသက် လာခဲ့သည်။
“ အဟွတ် ... ဟွတ် ။ ”
အချိန် အတော်ကြာ ချောင်းဆိုး နေပြီးနောက်၊ ကြောက်ရွံ့မှုဖြင့် မော့ကြည့် လာသည်။ အဆိုပါ စက္ကန့်ပိုင်း အတွင်း မှာပင်၊ သူမအား နုတ်နုတ်စင်း ခံရတော့ မည်ဟု ထင်လိုက် မိ၏။
ယင်းသည် ငရဲ ဘုံသို့၊ တစ်ခေါက် ရောက်ခဲ့ ခြင်းနှင့် တူ၏။ လက်ဖျားများ အေးစက် သွားပြီး ၊ ချွေးသီးများ စီးကျ လာသည်။
“ မင်း ... ၊ နိုင် တယ်။ ”
ထို့ကြောင့် သက်ပြင်း ချကာ ဆိုမိ၏။ ဤအခိုက် အတန့်တွင် လင်းယွန်ကို ရင်ဆိုင်ရ ခြင်းမှာ၊ မည်မျှ ကြောက်စရာ ကောင်းကြောင်း နားလည် လိုက်သည်။
ရန်လောင်းဇီနှင့် လင်းယွန်တို့ တိုက်ပွဲတွင်၊ ကံ တရားဖြင့် ပတ်သက်ခြင်း မရှိကြောင်း၊ သူမ သိ လိုက်၏။
လင်းယွန်းကို ထိပ်တိုက် ရင်ဆိုင်ရ သူများသာ၊ သူ မည်မျှ ကြောက်စရာ ကောင်း သည်အား၊ နားလည် နိုင်ပေမည်။
***