လူတိုင်း ပုရွက်ဆိတ်တွေ ပါပဲ။
Vol. 61 Ch. 848
ကျန်းဝူကျိနှင့် ယုဟိုရှင်းက၊ သူ့ ဓားဖြင့် သေဆုံးသူ မည်မျှရှိ ခဲ့သည်ကို မသိ ကြချေ။ လူ တစ်ဖက်သား အပေါ်၊ ရည်ရွယ်ချက် ရှိရှိ ရန်စ ခြင်းမျိုး မရှိ သောကြောင့်၊ သူ့အား စော်ကားခွင့် ရှိသည်ဟု ထင်လာပုံ ရသည်။
ဆုံးဖြတ်ချက် ပြတ်သား သည်မှာ၊ သူ့ သဘာဝ ပေပင်။ မဟုတ် ပါက သတ်ဖြတ်ခြင်း လက်သီး ခုနစ်ချက်အား၊ နားလည် နိုင်စရာ နည်းလမ်း မရှိချေ။
သူ့ အသွင်မှာ ဘုရင် နှစ်ပါးကို၊ လုံးဝ ဂရုစိုက်ခြင်း မရှိကြောင်း ပေါ်လွင် နေသည်။ စကား များက၊ ဧကရာဇ် တစ်ပါး၏ နှုတ်ထွက် အမိန့် ကဲ့သို့၊ လူထု အပေါ် လွှမ်းမိုး လာသည်။
အနိုင် မယူ နိုင်သော်၊ ချန်ပီယံ ရာထူးအား၊ တကယ်ပင် စွန့်လွှတ် မည်လော။ ဤသည်မှာ စိတ်ဝင် စားစရာ ပေပင်။
“ ငါ ... နားကြား မှားနေ တာလား။ ”
“ အိုး .... ဘုရားရေ၊ လင်းယွန် ရူးသွားပြီ ထင်တယ်။ ”
“ ဘုရင် နှစ်ပါးကို သုံးကြိမ် အတွင်း အနိုင်ယူ ချင်နေ တာလား။ ”
“ ရူးနှမ်း လိုက်တဲ့ စိန်ခေါ်မှုပဲ။ ”
လူအုပ် ကြီးက မယုံနိုင် လောက်အောင် ဖြစ်လာသည်။ ရဲရင့် လွန်းသော တုန့်ပြန်မှု အရ၊ ဒိုင် အဖိုးအို ပင်လျှင်၊ အံသြ သွားမိ၏။
“ ဟား ... ဟား ... ဟား ... ။ ”
ယုဟိုရှင်းတို့ နှစ်ဦးမှာ၊ အနည်းငယ် အံ့အားသင့် သွားကြ ပြီးနောက်၊ ပြက်လုံး တစ်ပုဒ် ကြားလိုက်ရ ကဲ့သို့၊ ရယ်မောလာ ကြသည်။
“ မင်းကိုယ်မင်း တကယ် သန်မာတယ် ထင်နေ တာလား၊ ငါ နဲ့တင် မင်းကို အနိုင်ယူဖို့ လုံလောက် နေပြီ။ ”
သတ်ဖြတ် လိုသော ရည်ရွယ်ချက်ကို ထုတ်ဖော်လျက် ကျန်းဝူကျိမှ ဆိုသည်။ ရုတ်တရက် ကောင်းကင်ကြီး မှောင်ကျ လာပြီး၊ ကြောက်စရာ ကောင်းသည့် လျှပ်စီးများ လင်းလက် လာ၏။
ယုဟိုရှင်းက လှုပ်ရှားရန် ပြင်လိုက် သော်လည်း၊ နောက်ဆုံးတွင် ရပ် လိုက်သည်။ ကျန်ဝူကျိ ရှုံးနိုမ့် ခဲ့ပါက အကောင်းဆုံး ဖြစ်၏။ ထိုနည်းအားဖြင့် လင်းယွန်ကို အနိုင် ယူကာ၊ နှစ်ဦးလုံးကို ဖိနှိမ်ပြီး ဖြစ်ပေမည်။
လျှပ်စီးများ မိုးကုပ် စက်ဝိုင်းကို ဖြတ်၍ ဖြာထွက် သွားသည်။ ကျန်းဝူကျိ ခန္ဓာ ကိုယ်မှ လေးလံသော ဖိအားများ ထွက်လာပြီး၊ တိမ်နဂါး (၁၀၀)ကို နှုတ်ခမ်းမှ သွေးများ စီးကျလျက် လွင့်စဉ် သွားစေ၏။
“ နောက် ဆုတ် မြန်မြန် ... ။ ”
လူတိုင်း ဆုတ်ခွာ လိုက်ရသည်။
“ ဒါ ... ဒုတိယတန်း လျှပ်စီး ရည်ရွယ်ချက်ပဲ ... ။ ”
လျှပ်စီးကြောင်း များကို ကြည့်ပြီး၊ ဝိညာဉ်ရေး ဓား ရည်ရွယ်ချက်နှင့်၊ ယှဉ်နိုင် နေပြီ ဖြစ်ကြောင်း သိလိုက်၏။
“ သူ ... ဒီလောက် မောက်မာ နေတာ မဆန်းပါဘူး၊ ရတနာသိုက် ထဲမှာ တိမ်လျှပ်စီး ရည်ရွယ်ချက်ကို ထိုးဖောက် နိုင်ခဲ့ပုံ ရတယ်။ ”
“ ကံကြမ္မာ ကိုယ်ခံ ပညာ တစ်ရပ်တောင် ရယူနိုင် ခဲ့တယ်လို့ ငါ ကြားတယ်။ ”
“ ဒီအတိုင်းသာ ဆိုရင် လင်းယွန်ရဲ့ ဝိညာဉ်ရေး ဓား ရည်ရွယ်ချက်က သူ့ကို နှိမ်နှင်း နိုင်မယ် မထင် တော့ဘူး။ ”
ပါရမီရှင် များစွာက၊ ဤမြင်ကွင်းကို လေးနက်စွာ စိုက်ကြည့်လာ ကြသည်။ ဝိညာဉ် ရေး ဓားသာ အားကိုး၍ မရသော်၊ လင်းယွန် ခွန်အားမှာ၊ ဘုရင် နှစ်ပါးအား ယှဉ်နိုင်မည် မဟုတ်ချေ။ ကျင့်ကြံမှု အဆင့်မှာ၊ ၎င်းတို့ထက် အားနည်း ပေသည်။
“ ဟမ့် ... လင်းယွန်၊ မင်းက အမှိုက် တစ်စ ဆိုတာ ငါ ပြမယ်၊ ဝိညာဉ်ရေး ဓားသာ အလုပ် မဖြစ်ရင်၊ မင်းဆိုတာ ဘာကောင်မှ မဟုတ်တော့ ပါဘူး။ ”
တိမ်လျှပ်စီး ရည်ရွယ်ချက်ကို ကန့်သတ် ချက်သို့ မြှင့်တင်လျက်၊ ကျန်ဝူကျိမှ နှာခေါင်း ရှုံ့ကာ ဆိုသည်။
ကျန်းဝူကျိမှာ နိမ့်ကျသော ပုံရိပ်ကို ထိန်းသိမ်းထား သော်လည်း၊ အရှုံးအား လက်မခံ နိုင်သော သဘောထား သေးသိမ်သူ တစ်ဦး ဖြစ်သည်။
ထို့ကြောင့် ယခု အချိန်၌၊ ဖုံးကွယ် ထားသော သူ့ ပင်ကိုယ် စရိုက်မှာ ထွက်ပေါ် လာတော့၏။
“ ကြည့်ရတာ တိုက်ခိုက်ဖို့ အခွင့်အရေး ငါ့မှာ မရှိတော့ ဖူးထင်တယ်။ ”
ယုဟိုရှင် မျက်လုံး များ၌ စိတ်ပျက်မှုများ ထင်ဟပ် လာသည်။ ခရမ်းရောင် မိုးကြိုး ဂိုဏ်း အတွက်မူ၊ စိတ် လှုပ်ရှားမှုကြောင့် အသက်ပင် ရဲရဲ မရှူ ဝံ့ချေ။
ကျန်းဝူကျိမှ ချန်ပီယံကို ဖြုတ်ချပြီး၊ မထင်မှတ် ထားသော ကံကြမ္မာအား၊ သိမ်းပိုက် တော့မည် ဖြစ်သည်။
“ သွား သေ လိုက် ... ။ ”
မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ လျှပ်စီး နဂါးကြီး နှင့်အတူ လင်းယွန်အား ထိုးချလာ လေသည်။
ထိုလက်သီး မရောက်မီ ဖိအားက၊ ခြေထောက် အောက်ရှိ ကြမ်းပြင်ကို၊ ကွဲအက် လာစေ သော်လည်း၊ လင်းယွန် တစ်ယောက် မလှုပ်ရှား သေးချေ။
လက် တစ်ကမ်း အလို ရောက်မှသာ၊ ကျန်းဝူကျိ၏ တိုက်ခိုက်မှုကို ချေဖြတ်ရန်၊ ညာလက်အား ဆန့်ထုတ် လိုက်သည်။
“ ဝှစ် ... ။ ”
အပြင်း ထန်ဆုံးသော တိုက်ခိုက်မှုကို၊ ရင်ဆိုင် နေရ သော်မှ၊ ဂရု မစိုက်ဟန် ပြုမူပြ လာသဖြင့်၊ ကျန်းဝူကျိမှာ ဒေါသ ထွက်သွား သည်။
“ ဟန်ဆောင် နေတာကို ရပ် လိုက်စမ်း ... ။ ”
“ ဂျိန်း ... ။ ”
ကောင်းကင်၌ မိုးခြိမ်း သံများ၊ ထပ်မံ ထွက်ပေါ် လာပြီး၊ သည့်ထက် ပို၍ သေချာမှု ရှိစေရန်၊ လက်သီး များကို ထပ်မံ ထုတ်ဖော် လိုက်သည်။
“ ဝှစ် ... ။ ”
လက်သီးချက် တိုင်းသည် သာမန် ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင်သူ တစ်ဦးကို သတ်နိုင် သော်လည်း၊ လင်းယွန် အပေါ် မထိရောက် ခဲ့ပေ။
လင်းယွန်က လက်ကို လျင်မြန်စွာ ဝှေ့ယမ်းပြီး၊ တိုက်ခိုက်မှု များအား အလွယ် တကူ ချေဖြတ် ပစ်လိုက်သည်။
လင်းယွန် နောက်ကျော၌၊ ထက်ရှသော ဓားရည်ရွယ်ချက် ထွက်ပေါ် လာပြီး၊ တိမ်လျှပ်စီး ရည်ရွယ်ချက်ကို လုံးလုံး လျားလျား တားဆီး ခဲ့သည်။
မမြင်နိုင် သော်လည်း၊ ဝိညာဉ်ရေး ဓားကို၊ လူတိုင်း ခံစား နိုင်၏။
“ အခု ... ငါ့ အလှည့် ... ။ ”
-ဟု လင်းယွန်က ဆိုလိုက်ပြီး၊ ရှေ့ လှမ်းတက် လာရာ၊
".... "
ကျန်းဝူကျိ တစ်ယောက်၊ ကြောက်ရွံ့မှု များနှင့် အတူ၊ ချက်ချင်း ပြန်ဆုတ် မိသည်။ သို့သော် လင်းယွန်က လက်သီးကို တင်းတင်း ဆုပ်ပြီး၊ ပေါ့ပေါ့ ပါးပါး ပစ်ချ လိုက်၏။
“ ဘုန်း ... ။ ”
ကျန်းဝူကျိ ရင်ဘတ်အား ထိမှန်ပြီး၊ ကျယ်လောင်သော ပေါက်ကွဲသံ နှင့်အတူ၊ မူလ စွမ်းအင်များ ကွဲအက် သွားသည်။
ခန္ဓာကိုယ် တစ်ခုလုံး ကွေးညွှတ်လျက်၊ လွင့်စဉ် သွား၏။ သို့သော် လင်းယွန်က ရှေ့သို့ လှမ်းတက် လာကာ၊ လက်ကောက် ဝတ်အား ပြန်ဖမ်း ဆွဲပြီး၊ မြေပြင်ပေါ် ကိုင်ပေါက် ပစ်တော့ သည်။
“ ဝုန်း ... ။ ”
ကြမ်းပြင် အနှံ့ အက်ကွဲ ကြောင်းများ ဖြစ်ပေါ် လာပြီး၊ အပျက် အစီးများ ဖြစ်ပေါ် လာသည်။ ဤသည်မှာ မည်သူမျှ မထင် ထားသော မြင်ကွင်း တစ်ရပ် ဖြစ်၏။
“ ဒါ ... ဒါက၊ ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ … ။ ”
ခရမ်းရောင် မိုးကြိုး ဂိုဏ်းရှိ လူတိုင်းကို အံသြ သွားသည်။
“ ကောင်းကင်ခွဲ လက်သီး။ ”
လူတိုင်း မှင်တက် နေချိန်တွင်၊ ယုဟိုရှင်း တစ်ယောက် ကောင်းကင်ပေါ် ခုန်တက် လာပြီး၊ လင်းယွန်ထံ တိုက်ခိုက် လိုက်သည်။ လက်သီး များမှာ ယခင် ကထက်၊ များစွာ ပြင်းထန် ပေ၏။
“ ဝှစ် ... ။ ”
ခန္ဓာကိုယ်မှ ခရမ်းရောင် အလင်းများ ထွက်လာကာ၊ ကောင်းကင် တစ်ခုလုံး ပြောင်းလဲ သွားသည်။ ဤသည်မှာ သခင့် လက်သီး၏ ပြီးပြည့် စုံသော ကျွမ်းကျင်မှု လက္ခဏာ တစ်ရပ် ဖြစ်သည်။
ကောင်းကင် တစ်ခုလုံး ခရမ်းရောင် ပြောင်းသွားပြီး၊ အလင်းရောင်မှာ လရောင်ခြည် ကဲ့သို့၊ တောက်ပ နေသည်။
လင်းယွန်က ယင်းကို မော့ကြည့် လိုက်သည်။ နောက်ကျော၌ အပြာရောင် နဂါး တစ်ကောင် ထွက်ပေါ် လာပြီး၊ ပိုးစုန်းကြူး ငယ်များ ချက်ချင်း စုစည်း သွား၏။
အပြာရောင် နဂါးက ယခင် ကဲ့သို့သော ထူးခြား ဖြစ်စဉ် များကို မပြသ ခဲ့ချေ။ ယင်း အစား ထာဝရ ဖြစ်တည် နေသည့်၊ အရှိန် အဝါမျိုး ထုတ်လွှတ် လျက်၊ ငြိမ်သက်စွာ ကြည့်နေသည်။
ယုဟိုရှင်းထံ တစ်ချက်ကြည့် လိုက်ရုံဖြင့်၊ လင်းယွန်မှ ဟာကွက်များ မြင်လာ၏။ ထာဝရ နဂါးဓား ရည်ရွယ်ချက်က၊ ထိုဟာကွက် များထံ ထိုးဖောက် ဝင်ရောက် သွားပြီး၊ လွှမ်းမိုးခြင်း အငွေ့ အသက်ကို၊ တိုက်စား ပစ်လိုက်သည်။
“ အွတ် ... ။ ”
ထို့ကြောင့် သွေးများ စီးကျ လာကာ၊ ယုဟိုရှင်း တစ်ယောက် ကောင်းကင်မှ ပြုတ်ကျ သွားသည်။
ချက်ချင်း မတ်တပ် ထရပ်ရန် ပြင်လိုက်စဉ်၊ လင်းယွန် ထံမှ အေးစက်သော အသံ ထွက်ပေါ် လာသည်။
“ ဒူး ထောက် စမ်း ... ။ ”
ငြင်းဆန်လို သော်လည်း၊ သူ့ခန္ဓာ ကိုယ်က၊ အမိန့်ကို လိုက်နာခဲ့ သဖြင့်၊ ယုဟိုရှင်း မျက်နှာ တစ်ပြင်လုံး မည်းမှောင် သွားသည်။
“ မင်းက ယွဲ့ဝေဝေကို လက်သီး တစ်ချက် ပေးခဲ့တဲ့ အတွက် အခု ပြန်ယူပါ။ ”
မြေပြင်ပေါ် ခြေကို ပုတ်လိုက်ကာ၊ ဒူးထောက် နေသော ယုဟိုရှင်း၏ ရင်ဘတ်ထံ အရှိန်ဖြင့်၊ ထိုးချပစ် လိုက်သည်။
“ ဘုန်း ... ။ ”
ရင်ဘတ် တစ်ခုလုံး ကျယ်လောင်စွာ ပေါက်ကွဲ သွားပြီး၊ မီတာ ထောင် ဂဏန်း တိုင်အောင် လွင့်စဉ် သွားလေ သည်။
“ ဟမ့် ... ။ ”
လင်းယွန်က လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ် လိုက်ပြီး၊ အလင်း အမှောင် လမင်း ကမ္ဘာနှင့်၊ ခရမ်းရောင် မိုးကြိုး ဂိုဏ်းထံသို့၊ တင်းမာစွာ စိုက်ကြည့် လိုက်သည်။
“ မင်းတို့က ဘုရင် ဖြစ်နေ ရင်တောင် ... ၊ ငါ့ဓားကို မဆွဲခင် ဘယ်လို ပြုမူ နေထိုင်ရ မလဲ သင်ယူပါ။ ”
ထိုစကား များမှာ ပြောင်ပြောင် တင်းတင်း ခြိမ်းခြောက်ခြင်း မည်၏။ အုပ်စိုးရှင် နှစ်ပါး၏ အထက် တန်းစား တပည့် များမှာ၊ မျက်နှာ လွှဲလျက် ကြောက်ရွံ့မှုကို ဖုံးကွယ် လိုက်ကြ သည်။
အသက်ပင် ရဲရဲ မရှူဝံ့ တော့ချေ။ ဤနတ်ဆိုးသည် မိစ္ဆာ တိရိစ္ဆာန် များထက် ရက်စက်တက် သည်ကို၊ အကြွင်းမဲ့ ယုံ၏။ သတ်လို ပါက မည်သူ့ကို မဆို သတ်ပစ်ရဲ ချေသည်။
ရုတ်တရက် တိတ်ဆိတ် သွားပြီး၊ ကြီးစိုး လွန်းသော အသွင်နှင့်၊ ရပ်နေသည့် လူငယ်ထံ၊ လူတိုင်း ငေးကြည့် မိကုန်၏။
သူတို့ ရင်ထဲသို့ ချန်ပီယံ အောက်မှ၊ ပါရမီရှင်တိုင်း ပုရွက်ဆိတ် များသာ ဖြစ်သည် ဟူသော အတွေးမျိုး၊ ဝင်ရောက် လာခဲ့သည်။
***