နယ်မြေကြီး ငါးခု။
Vol. 62 Ch. 856
ခုနစ်ရက် ကြာ ပြီးနောက် အဖော်မဲ့ ကောင်းကင် မြို့သို့ ရောက်ရှိလာ ခဲ့သည်။ ခရီးစဉ် တစ်လျှောက်တွင်၊ ယုဟိုရှင်းမှ ယခင် ကထက် ပို၍ သီးသန့်ဆန် လာခဲ့၏။
ထိုအပြု အမူကြောင့် လင်းယွန်မှာ အံ့သြမိသည်။ ဒူးထောက် ခိုင်းပြီး သတ်လု နီးပါး ပြုမူ ခဲ့သော သူ့ အပေါ်၊ သတ်ပစ် လိုသည့် ရည်ရွယ် ချက်အား ဖုံးကွယ် ထားသည်။
ထိုသို့သော စိတ်ရှည် သည်းခံ နိုင်မှု မျိုးမှာ၊ သတိ ထားစရာ ဖြစ်ကြောင်း နားလည် မိသည်။ သူတို့ ရောက်ရှိ ချိန်၌ အခြားသော နယ်မြေများ မရောက်ရှိ သေးချေ။
မည်သည့် အရာမျှ လုပ်စရာ မရှိသည့် အတွက်၊ လူတိုင်း အဖော်မဲ့ ကောင်းကင် မြို့ကို လှည့်လည် မိကြသည်။
မြို့တော်သည် ခမ်းနား လှပြီး၊ အများ စုမှာ ကောင်းကင် ဝိညာဉ် နယ်ပယ်မှ ကျွမ်းကျင်သူ များနှင့်၊ အထက် တန်းစားများ ကျင့်ကြံ သူများ ဖြစ်လေသည်။
ကောင်းကင် ကပ်ဘေးကို ဖြတ်ကျော် ထားပြီးသော လူငယ် အချို့ပင် ရှိနေသည်။ သူတို့၏ အရှိန် အဝါမှာ၊ သိသာစွာ ပေါ်လွင် နေပြီး ထိတ်လန့် စေ၏။
ကောင်းကင် ကပ်ဘေးကို မကျော်ဖြတ် နိုင်ခင်၊ ကောင်းကင် ဝိညာဉ် နယ်ပယ် ဟူသည်၊ အဓိပ္ပါယ် မရှိကြောင်း၊ သဘောပေါက် လာမိသည်။
ရက် အနည်းငယ် ကြာ ပြီးနောက်၊ အခြားသော နယ်မြေများ ရောက်ရှိ လာကာ၊ အဖော်မဲ့ ကောင်းကင် မြို့ကို လှုပ်ခတ် သွားစေ တော့သည်။
ရောက်ရှိ လာသည့် လူသစ် များက၊ သူတို့ နယ်မြေ၏ သက်ဆိုင်ရာ တိမ်နဂါး အဆင့်များ အကြောင်း၊ ဂုဏ်ယူ စွာဖြင့် ပြောဆို နေကြ သည်။
မြို့ခံများ ကိုပါ စိတ်ဝင်စား စေသည့် စကားဝိုင်းမှာ၊ ဝိညာဉ်ရေး ဓားအား ဆုပ်ကိုင် ထားနိုင်သော ‘ပန်းသင်္ချိုင်း’ ဖြစ်သည်။
အခြားသော နယ်မြေကြီး များမှာ၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေကို စိတ် မဝင်စား သော်လည်း၊ ဝိညာဉ်ရေး ဓားက ထိုသို့ မဟုတ်ချေ။
ပယင်း ကမ္ဘာတွင် အခြား မည်သူမျှ မအောင်မြင် ခဲ့ဖူး သောကြောင့်၊ လူ များစွာက မယုံနိုင် သေးပေ။ ပို၍ ဆိုးသည်မှာ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးမှ ဖြစ်နေ သောကြောင့် ပေပင်။
လူတိုင်း၏ အသံတွင် မယုံကြည် နိုင်မှု များကို ကြားလိုက် ရတိုင်း၊ လင်းယွန်က ပြုံးနေ ခဲ့သည်။ ပယင်း ကမ္ဘာကြီး တစ်ခုလုံး သည်ပင်၊ ကောင်းကင် လမ်းနှင့် အသုံး မဝင်ချေ။
လူတိုင်းက နယ်မြေစွဲ များဖြင့်၊ သူတို့၏ အမြင်များ မည်မျှ နိမ့်ကျ နေကြောင်း ပြသနေ ကြပေ သည်။
နှစ်ရက် အကြာတွင် ချင်တူး ရောက်လာပြီး ပယင်း တောင်သို့ သွားရန် အားလုံးကို ဆင့်ခေါ် လိုက် သည်။ သူတို့ မြင်ဖူး သမျှထဲတွင်၊ ပယင်း တောင်မှာ အကြီးဆုံးတောင် ဖြစ်၏။
အံ့သြစရာ ကောင်းလောက်အောင် များပြားလှသော ပယင်း ရောင်ဝါ နှစ်မျိုးက၊ တောင်တန်း ကြီးအား လွှမ်းခြုံ ထားသည်။
ခွဲတမ်း ရွေးချယ်ရန်၊ မြင့်မြတ်သော မဟာမိတ် အဖွဲ့မှ၊ တင်းကြပ်စွာ စောင့်ကြပ် ထားသည့်၊ ပယင်း တောင်၏ အနက်ရှိုင်းဆုံး နေရာတွင် ကျင်းပမည် ဖြစ်သည်။
တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး အတွက်၊ ပြင်ဆင်ပေး ထားသော ထိုင်ခုံ များ ဆီသို့၊ ချင်တူးက သူတို့အား ခေါ်ဆောင် သွားခဲ့သည်။
လင်းယွန်က စူးစမ်း လိုစိတ်ဖြင့်၊ ပတ်ဝန်းကျင်ထံ လှည့်ကြည့် လိုက်သည်။ ကျောက်ရင်ပြင် တစ်နေရာ၌ တည်နေရာ ရွေ့ပြောင်း အစီရင် တစ်ခုကို၊ ခင်းကျင်း ထားမှန်း၊ သတိပြု မိသည်။
၎င်းကို ရူရ် (၈) လုံးဖြင့်၊ နယ်မြေ ရှစ်ခု ပိုင်းခြား ထား၏။
“ ဒီအစီရင် ကနေ နယ်မြေ တစ်ခုချင်း ဆီကို၊ စေလွှတ် လိမ့်မယ်။ ”
ချင်တူးက ရှင်းပြ လိုက်သည်။ ထို့နောက် အခြားသော နယ်မြေ လေးခု ထံသို့၊ လင်းယွန် အကြည့်များ ရွေ့သွားသည်။
၎င်းတို့ ထံမှ ထုတ်လွှတ် နေသည့် ရောင်ဝါမှာ၊ ကြောက်စရာ ကောင်းလှပြီး၊ ကောင်းကင် ဝိညာဉ် နယ်မြေထဲ မဝင်အောင် တားဆီး ထားသည်။
တစ်ချို့မှာ မယုံ နိုင်ဖွယ် ကောင်းလောက်အောင်၊ ကိုယ်ရောင် ကိုယ်ဝါများ တောက်ပ နေပေသည်။
ထိုသူတို့နှင့် ယှဉ်ပါက၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေမှာ အားနည်း လှချေ၏။ သို့သော် ယခု အချိန်ထိ၊ လင်းယွန် မျက်လုံး အတွင်း၊ ဝင်ရောက် နိုင်သူ တစ်ယောက်မျှ မရှိ သေးချေ။
ယင်းမှာ သူတို့ကိုယ် သူတို့ ကောင်းကောင်း ဖုံးကွယ် ထားခြင်း မျိုးလည်း ဖြစ်နိုင်သည်။
“ အစ်ကိုကြီး ယွန် ဟိုမှာကြည့် ... ။ ”
ယွဲ့ဝေဝေ ညွှန်ပြရာသို့ ကြည့်လိုက်ရာ၊ မီးခိုးရောင် ၀တ်ရုံကို ဆင်မြန်း ထားသော အကြီး အကဲ တစ်ဦး နှင့်အတူ၊ လူငယ် တစ်စု ဝင်ရောက် လာသည်။
ထိုအကြီး အကဲမှာ မဟာမိတ် အဖွဲ့မှ ဖြစ်ပြီး၊ ချင်တူးနှင့် အသက် အရွယ် အရ မတိမ်း မယိမ်း ဖြစ် သော်လည်း၊ ကျင့်ကြံမှု အဆင့်မှာ၊ များစွာ မြင့်မား ချေသည်။
ဝိညာဉ်ရေး ဓားကို မျက်လုံး ထဲသို့ သွန်းလောင်း လိုက်သော အခါ၊ ကိုယ်ခန္ဓာ အတွင်းရှိ များပြား လှသော အရှိန် အဝါ (၄) မျိုးကို၊ ယောင်ဝါးဝါး မြင်လိုက် ရသည်။
အရှိန်အဝါ တစ်ခု စီတွင် ကြောက်စရာ ကောင်းသော ဖိအားကို ထုတ်လွှတ် နိုင်သည့် အကန့် အသတ်မဲ့ စွမ်းအင်များ ပါ၀င် နေ၏။
ဝိညာဉ် ခုနစ်ပါးသည် ဒွါရ ခုနစ် ပါးနှင့် ဆက်စပ် နေသည်။ ရှန်ရှင်း နယ်မြေ၌ ဒွါရ ခုနှစ် ပါးကို ဖွင့်ခြင်းဖြင့်၊ ကောင်းကင် ဝိညာဉ် များကို လက်ခံ ရရှိရန်၊ ပြင်ဆင် ပေးခြင်း ဖြစ်သည်။
ဖွင့်လှစ် ထားသော ဝိညာဉ် တိုင်းက၊ သမုဒ္ဒရာ ကဲ့သို့ အကန့် အသတ် မရှိသည့် အရှိန် အဝါ တစ်ခု စီကို၊ ခန္ဓာကိုယ် ထဲသို့ ပေါင်းထည့်မည် ဖြစ်သည်။
မီးခိုး ရောင်ဝတ် လူရွယ်မှာ၊ စတုတ္ထ ကောင်းကင် ဝိညာဉ် နယ်မြေ၌ ရောက်ရှိ နေသည်။
ထိုသမုဒ္ဒရာ ကဲ့သို့သော အရှိန်အဝါ လေးခုအား တစ်ပြိုင် နက်တည်း အသုံးပြု ပါက၊ မည်မျှ အစွမ်း ထက်လာ မည်ကို၊ စိတ်ကူး မယဉ် နိုင်ပေ။
“ သူတို့က အနောက်ဘက် တောင်တန်း ဒေသ ကပဲ၊ လူရွယ် အမည်က ချန်းဟိုင်ပါ၊ သူ့ ဘေးနားက လူငယ်က ဇောင်ရွှမ်၊ သူ့ကို သတိထား ရမယ်၊ သူက အနောက်ဘက် တောင်တန်း ဒေသရဲ့ ချန်ပီယံပဲ။ ”
လင်းယွန် အကြည့်ကို သတိပြုမိ သွားသော ချင်တူးက၊ သူ့အသံအား တိတ်တဆိတ် ပေးပို့ လာသည်။
“ အနောက်ဘက် တောင်တန်း ဒေသရဲ့ ချန်ပီယံလား။ ”
ဇောင်ရွှမ်ကို ကြည့်ပြီး ယုဟိုရှင်းထက် အနည်းငယ် သန်မာကြောင်း မှတ်ချက်ချ လိုက်သည်။
( ဒီလူရဲ့ အခြေခံ အုတ်မြစ်က၊ ငါ့ထက် ပို ခိုင်မာ နေပါလား။ )
ဇောင်ရွှမ်မှာ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်ပယ်တွင်၊ အနည်းဆုံး နှစ်နှစ်ခန့် ရှိနေပြီ ဖြစ်သောကြောင့်၊ ကြယ်ပုလဲ များစွာကို သန့်စင်ထား နိုင်ဖွယ် ရှိသည်။
ထို့အပြင် ကံကြမ္မာ ကိုယ်ခံ ပညာ ကိုလည်း၊ သူ့ထက် ပို၍ ကျွမ်းကျင်စွာ ဆုပ်ကိုင် ထားနိုင်ပုံ ရ၏။ ယင်းမှာ သဘာဝ ကျပေသည်။
တိမ်နဂါး ရတနာ သိုက်သည်၊ ၎င်းတို့ နယ်မြေ များ၌ မကြာ ခဏ ဆိုသလို ထွက်ပေါ် လာတက် ပေရာ၊ သူတို့ အနေဖြင့် နှစ်ပေါင်း များစွာ ရင်းနှီးပြီး ဖြစ်သည်။
သို့သော် ဇောင်ရွှမ်၏ ကံကြမ္မာ ကိုယ်ခံ ပညာမှာ၊ ကောင်းကင် ဓားသုတ္တန်ထက် ပို၍ အားကောင်း နိုင်မည် မဟုတ်ပေ။
နှစ်လ ခန့်သာ လေ့ကျင့်ထား သော်လည်း၊ ဇောင်ရွှမ်ကို တိုက်ခိုက် နိုင်မည်ဟု၊ သူ ယုံကြည် ထားသည်။
လင်းယွန်၏ အကြည့်ကို အာရုံခံ မိသော ဇောင်ရွှမ်က ပြုံးလိုက်သည်။ အနောက်ဘက် တောင်တန်း ချန်ပီယံ တစ်ဦး အနေဖြင့်၊ သူ့ကို လူတိုင်း စိတ်ဝင်စား ကြသည်မှာ၊ သဘာဝ ပေပင်။
“ အဲဒီ လူငယ်က တောင်ပိုင်း ရှေးဟောင်း နယ်မြေရဲ့၊ ချန်ပီယံ လင်းယွန် ပဲ ... ။ ”
သူ့ကိုယ်သူ ဂုဏ်ယူ နေစဉ်၊ ချန်းဟိုင်က မိတ်ဆက် ပေးလာ သဖြင့်၊ အနည်းငယ် အံဩ သွားကာ၊ လင်းယွန်ထံ ပြန်ကြည့် မိသည်။
“ ဝိညာဉ်ရေး ဓား ရည်ရွယ်ချက် လား ... ။ ”
ထိုအရာကို ရုတ်တရက် သတိရမိ သွားခြင်း ဖြစ်၏။ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၌ ယုဟိုရှင်း တစ်ဦးတည်း၊ အဆိပ် ရှိပုံ မဟုတ် ချေ။
လင်းယွန်က ဇောင်ရွှမ် မကြည့်ခင် ကပင်၊ သူ့အကြည့် များကို ပြန်ရုတ် လိုက်ပြီ ဖြစ်သည်။ ပါရမီရှင် များစွာ စုရုံး ခြင်းဖြင့်၊ တင်းကြပ်သော လေထုကို သူ ခံစား နိုင်၏။
သိပ်မကြာခင် မြောက်ပိုင်း ကုန်းမြေမြင့် ကြီး၏၊ ချန်ပီယံ ရောက်ရှိ လာသည်။ ထိုသူ၏ ခွန်အားမှာ ဇောင်ရွှမ်ထက် အားနည်းပုံ မရချေ။
ထိုနယ်မြေ များ၏ ဒုတိယရ သူများပင်၊ ထူး ထူး ခြားခြား ဖြစ်နေကြောင်း သတိပြု မိသည်။
အကယ်၍ တိမ်နဂါး ရတနာသိုက် မပေါ်လာ ခဲ့ပါက၊ နန်းဂွန်း ဝမ်းယူတို့ တစ်သိုက် ၎င်းတို့နှင့် ယှဉ်ပြိုင် နိုင်မည် မဟုတ်ပေ။
နယ်မြေ တိုင်းက တောင်ပိုင်း ရှေးဟောင်း နယ်မြေအား၊ အထင် သေးစွာဖြင့် နှာခေါင်းရှုံ့ လာ ကြသည်။ သူတို့ အမြင်၌၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ဟူသည်၊ အဖြည့်ခံ များသာ ဖြစ်၏။
“ အရှေ့ဘက် မြေပြန့် လွင်ပြင်လည်း၊ ရောက်လာပြီ။ ”
ချင်တူးက ထပ်မံ ရောက်ရှိ လာသော လူအုပ်ကို ကြည့်ကာ ဆိုသည်။ ထိုစကားကို ကြားသော အခါ၊ လင်းယွန်၏ မျက်လုံးများ တောက်ပ လာသည်။
အရှေ့ဘက် မြေပြန့် လွင်ပြင်မှ၊ ကျင့်ကြံသူ များသည် ကြမ်းတမ်းသော မြေနေရာ ပတ်ဝန်း ကျင်ကြောင့်၊ ရက်စက် ကြမ်းကြုတ် သူများ အဖြစ်၊ နာမည် ကြီးသည်။
မိစ္ဆာ ဂိုဏ်းများကို နေရာ တိုင်းတွင်၊ တွေ့ရှိရ တက်ပြီး၊ သူတို့၏ ဓလေ့ ထုံးတမ်း များမှာ၊ အခြား နယ်မြေ များနှင့် မတူဘဲ၊ ဆက်ဆံရ ခက်ခဲ သည်။။
တော်ဝင် နယ်မြေ သည်ပင် ၎င်းတို့အား သတိထား နေရပြီး၊ စော်ကား မိစေမည့် လုပ်ရပ် များကို ရှောင်ကြဉ် လေသည်။
ထိုနယ်မြေကို အနက်ရောင် ဝတ် သက်လတ်ပိုင်း အရွယ် အမျိုးသား တစ်ဦးက၊ ဦးဆောင် လာခဲ့သည်။
သူ့ အသွင်မှာ အခြားသော မဟာမိတ် အဖွဲ့ဝင် များထက် မောက်မာပြီး၊ သီးသန့် ဆန်သော အပြုမူမျိုး ပြသထား ချေ၏။
ဤသို့သော အသွင်ဖြင့် မဟာမိတ် အဖွဲ့ အတွင်းသို့၊ ဝင်ရောက်နိုင် လိမ့်မည်ဟု မထင် ထားသဖြင့်၊ လင်းယွန်မှာ အံ့သြသွား ရသည်။
သို့သော် မြင့်မြတ်သော မဟာမိတ် အဖွဲ့ ဟူသည်၊ ကြားနေ အင်အားစု ဖြစ်မှန်း သတိရ မိသော အခါ၊ အံသြမှုများ မရှိ တော့ချေ။
သူ့ဘေးရှိ ခရမ်း ရောင်ဝတ် လူငယ် တစ်ဦးက၊ အေးစက်သော အမူ အရာဖြင့် ပတ်ဝန်း ကျင်အား၊ လျစ်လျူရှု ထားသည်။
အရှိန်အဝါကို ထုတ်လွှတ် ထားခြင်း မရှိ သော်လည်း၊ အသွင် အပြင်ကြောင့် လူ အများ၏ အာရုံကို ချက်ချင်း ဖမ်းစား နိုင်ခဲ့သည်။
ထိုသူ၏ ကြောက်မက်ဖွယ် ကောင်းသော ဓား ရည်ရွယ်ချက်ကို လင်းယွန် တစ်ယောက်၊ ရှင်းရှင်း လင်းလင်း မြင်နိုင်၏။ လူငယ်က လင်းယွန်ကို မကြည့်ဘဲ၊ မူဟန်ရှေ့ ရပ်လိုက်ကာ၊
“ မင်းက ဝိညာဉ်ရေး ဓားကို ဆုပ်ကိုင် ထားတဲ့၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေရဲ့ ပါရမီရှင် လင်းယွန်လား။ ”
-ဟု ယုံကြည်မှု အပြည့်ဖြင့်၊ မေးလာသည်။
ထိုစကားကို ကြားသော အခါ၊ မူဟန် မျက်နှာ ပျက်ယွင်း သွားသည်။ သူ၏ တစ်ပိုင်း ဝိညာဉ် ရေး ဓားမှာ၊ တိုးတက် လာခဲ့သော ကြောင့်၊ ကောင်းစွာ မထိန်းချုပ် နိုင်မိပေ။
လင်းယွန် မှာမူ မြင့်မားစွာ နားလည်ထား သဖြင့်၊ ဆန္ဒ ရှိသည့် အတိုင်း လိုသလို၊ ထိန်းချုပ် ထားနိုင်သည်။
ဆိုလို သည်မှာ ဂရုတစိုက် ကြည့်ရှု ခြင်းမျိုး မဟုတ် ပါက၊ မဟာမိတ် အဖွဲ့ရှိ ကျွမ်းကျင်သူ များပင်၊ ၎င်းအား သတိ ထားမိ နိုင်မည် မဟုတ်ချေ။
“ မတွေ့တာ ကြာပြီနော် ... ၊ အစ်ကို ယန်မို။ ”
ယုဟိုရှင်းက ရှေ့ တစ်လှမ်း တိုးလာပြီး၊ ရုတ်တရက် ဝင်ရောက် နှုတ်ဆက် လိုက်သည်။
“ ယုဟိုရှင်း ... လင်းယွန်က ဘယ်သူလဲ။ ”
ယန်မိုက ယုဟိုရှင်းအား အေးစက်စွာ တစ်ချက် ပြန်ကြည့်ပြီး မေးသည်။ ထို့ကြောင့် ယုဟိုရှင်းမှာ ပြုံးလျက် လင်းယွန် ထံသို့၊ လှမ်းကြည့် လိုက်တော့၏။
***