ညဘက်မှာ အပြင် မထွက် ပါနဲ့။
Vol. 63 Ch. 869
ဓား ရည်ရွယ်ချက်မှာ လင်းယွန်၏ အသန်မာဆုံး လက်နက် ဖြစ်သည်။ ၎င်းတွင် ဝိညာဉ်ရေး ဓားရည်ရွယ်ချက်၊ ထာဝရ တည်မြဲခြင်း ရည်ရွယ်ချက်နှင့်၊ နဂါးဓား ရောင်ဝါတို့ ပါဝင်သည်။
ဤသုံးခု ပေါင်းစပ် ခြင်းဖြင့်၊ ဒုတိယတန်း အထွတ် အထိပ် သိုင်း ရည်ရွယ်ချက် တစ်ခုကို ချိုးနှိမ် နိုင်မည်။
ကောင်းကင် ဓားသုတ္တန်တွင် အောင်မြင်မှု ရယူ ပြီးနောက်၊ အခန်း အတွင်း၌ လှုပ်ရှားရန် စတင် လိုက်သည်။
အခန်းမှာ ကျယ်ပြောခြင်း မရှိ လေရာ၊ ကျား-နဂါး လက်သီး ကိုသာ ဖြည်းညှင်းစွာ လေ့ကျင့် နိုင်၏။
ကျား-နဂါး လက်သီးမှာ၊ သဘာဝ အတိုင်း မလုံလောက် တော့သော်လည်း၊ လေ့ကျင့်နေစဉ် မူလ စွမ်းအင်များ တဟုန်ထိုး လှုပ်ခါ လာစေ သည်။
သတိ တစ်ချက် လွတ်ရုံဖြင့်၊ မီတာ တစ်ထောင် ပတ်လည်ရှိ၊ အရာ အားလုံး ဖုန်မှုန့် အဖြစ်၊ ပြောင်းလဲ သွားမည် ဖြစ်သည်။
သို့သော် ကောင်းစွာ ထိန်းချုပ် ထားနိုင်ပြီး မူလ စွမ်းအင် များကို မပေါက်ကြား စေခဲ့ပေ။ နှေးကွေး လွန်းသော လှုပ်ရှားမှု များက အခန်း တွင်းရှိ လေထုကို လှည့်ပတ် စေကာ၊ သိပ်သည်းဆ တိုးပွား လာစေသည်။
များ မကြာခင် အခန်း အတွင်းရှိ လေထုမှာ၊ အလွန် သန့်စင် လာပြီး၊ ကြယ်စွမ်းအင် များဖြင့် ပြည့်နှက် လာခဲ့သည်။
လှုပ်ရှားမှု များက အဘိုးအို တစ်ယောက် ကဲ့သို၊ လေးကန်နေ သော်လည်း ခန္ဓာ ကိုယ်တွင် အကန့် အသတ်မဲ့ စွမ်းအင်များ လှိုင်းထ လာသည်။
ထို့နောက် အသက် ပြင်းပြင်း ရှူလျက်၊ ကြယ် စွမ်းအင်များ အားလုံးကို ခရမ်းရောင် နန်းတော် ထံသို့၊ ဦးတည်စေ လိုက်၏။
ဤအခိုက် အတန့်တွင် ကောင်းကင် သစ်ပင်မှာ၊ ပို၍ တိုးတက် ကောင်းမွန်လာ ခဲ့သည်။ သူ့ အတွက် ကောင်းကင် လမ်းသည် ရတနာ နယ်မြေ တစ်ခု ဖြစ်သည်မှာ၊ ထင်ရှား ပေ၏။
“ ငါ့ရဲ့ ဓားရေးကို မြှင့်တင်ဖို့ အချိန် တန်ပြီ ... ။ ”
ပြုံးလျက် တီးတိုး ရေရွတ် မိသည်။ ဝိညာဉ်ရေး ဓား ရည်ရွယ် ချက်မှာ၊ ကနဦး ကျွမ်းကျင်မှု၌ ပိတ်မိ နေခဲ့ သည်မှာ၊ ကြာမြင့် ခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် အလယ် အလတ် ကျွမ်းကျင်မှု အဆင့်သို့၊ ရောက်ရှိရန် အချိန်တန် လေပြီ။
ဓား ရည်ရွယ်ချက် ဟူသည်မှာ၊ ကျင့်ကြံရ လွယ်ကူသော အရာ မဟုတ်ချေ။ မြင့်မားသည့် နားလည် နိုင်စွမ်း ရှိမှသာ၊ တိုးတက်မှုများ ပြုလုပ် နိုင်မည် ဖြစ်သည်။
ဆိုလို သည်မှာ ဓားသုတ္တန်၊ ဓားရေး နည်းစနစ်နှင့်၊ တိုက်ပွဲဝင် အတွေ့ အကြုံများ အပေါ် မူတည်သည်။
ယခု အချိန်တွင် ကောင်းကင် ဓားသုတ္တန်မှာ၊ သတ္တမ အဆင့်သို့ ရောက်ရှိပြီး၊ ကောင်းကင်ဓား (၁၃) လက်သည် ဆဋ္ဌမ ပုံစံ၌ ရှိ၏။ ထို့ကြောင့် တိုက်ပွဲ များသာ လိုအပ် ပေသည်။
သို့သော် တိမ်နဂါး ရတနာ သိုက်တွင်၊ ရရှိ ခဲ့သော အမြင်များ အရ၊ ဝိညာဉ်ရေး ဓားကို ပို၍ ကျွမ်းကျင်လာ စေရန် လုံလောက်သည်။
နောက်တဖန် အတား အဆီးကို ခံစား မိသောကြောင့်၊ အာရုံစိုက် ပါလျှင် အောင်မြင် နိုင်မည်ဟု ထင်သည်။
ကနဦး ကျွမ်းကျင်မှုဖြင့်၊ ဝိညာဉ်ရေး ဓား၏ အဖျက် စွမ်းအား (၃၀%) ကိုသာ၊ ထုတ်ဖော်နိုင် ပေမည်။ အလယ် အလတ် ကျွမ်းကျင် လာသော အခါတွင်၊ (၇၀%) ထုတ်လွှတ် နိုင်မည် ဖြစ်၏။
အခန်း ထဲတွင် သူ့ ဓားကို ထုတ်လွှတ် လိုက်သည်။ လှုပ်ရှားမှု များကို သတိ ထားကာ၊ ဓား ရည်ရွယ် ချက်အား၊ အခန်းတွင်း ၌သာ ကန့်သတ် ထားမိ၏။ အိမ်ပြင် ဘက်၌ မည်သည့် အပြောင်း အလဲမှ မရှိ ခဲ့ချေ။
အချိန်ကြာ လာသည်နှင့် အမျှ၊ ဓား ရည်ရွယ်ချက်မှာ ပို၍ သန့်စင် လာသည်။ ကျန်လူများ အတွက်မူ၊ မြို့မှ ထွက်ခွာ လိုသော ကြောင့်၊ ကြယ်ပုလဲများ သန့်စင်ရန် အာရုံစိုက် နေရသည်။
ကောင်းကင်လမ်း ကဲ့သို့ အရပ် မျိုး၌၊ ကျင့်ကြံမှုကို အာရုံ မစိုက်နိုင် ခြင်းသည် ၎င်းတို့ အတွက်၊ များစွာသော နစ်နာမှု ပေပင်။
ယုဟိုရှင်း သည်လည်း လင်းယွန် ကဲ့သို့ စိတ်အေး လက်အေးဖြင့် သက်တောင့် သက်သာ ရှိနေသည်။
“ ဒီနေရာက တကယ် ကောင်းတယ်၊ ခုနစ်ရက် အတွင်း ငါ့ရဲ့ ကျင့်ကြံမှုကို နှစ်ဆ တိုးစေတယ်၊ စီနီယာ ပေးခဲ့တဲ့ သဏ္ဍန်မဲ့ မိစ္ဆာ ပညာရပ်ရဲ့၊ တတိယ အဆင့်ကို လွယ်လွယ် ကူကူ ရောက်နိုင်တယ် ... ။ ”
ယုဟိုရှင်းက သူ တစ်ဦး ရှိနေ သော်လည်း၊ အခြားသူ တစ်ဦး ရှိနေ သကဲ့သို့၊ ပြုမူ ပြောဆို နေခဲ့သည်။
“ ဟား ဟား ဟား ... ၊ ဒါက ဘာမှ မဟုတ်သေး ပါဘူး၊ ကောင်းကင် လမ်းရဲ့ အစပဲ ရှိသေးတယ်၊ ခွန်လွန် နယ်မြေကို ရောက်တဲ့ အခါ၊ အဲ့ဒီဘုံက ဘယ်လောက်တောင် လှပ လိုက်လဲ ဆိုတာ မင်း သိရ လိမ့်မယ်။ ”
ဤသည်မှာ မိစ္ဆာ တမန်မှ ပေးအပ် ခဲ့သော နတ်ဆိုး ဝိညာဉ် ဖြစ်သည်။ ယုဟိုရှင်း ခန္ဓာဖြင့် ဆင့်ခေါ် နိုင်ခဲ့ပြီး၊ သူ၏ နောက်ဆုံး ဝှက်ဖဲလည်း ဖြစ်၏။
ခွန်လွန် နယ်မြေ အကြောင်း ကြားလိုက် ရသော အခါတွင်၊ ယုဟိုရှင်း၏ မျက်ဝန်းများ တောက်ပ လာပြီး၊
“ ကောင်းကင် လမ်းက ... ၊ တကယ် ထိတ်လန့် စရာ ပါပဲ၊ တိမ်မီးတောက် နယ်မြေ နဲ့တင် ဒီမှာ ဒုက္ခ ဖြစ်နေ ရပြီ၊ လမ်းဆုံးထိ ရောက်ဖို့က၊ ဒီဂျူနီယာ အတွက် လွယ်မှာ မဟုတ်ဘူး။ ”
“ မင်းက ငါ့ကို ခေါ်ယူနိုင် ခဲ့တဲ့၊ တစ်ဦး တည်းသော လူသားပဲ၊ မင်း မတိုင် ခင်မှာ (၉၉) ယောက် သေခဲ့တယ်၊ ငါ့ကို လက်ခံ နိုင်တဲ့ အတွက်၊ မင်းရဲ့ ကံကြမ္မာက သာမန် မဟုတ်နိုင် ပါဘူး။ ”
ပြုံးလျက် နတ်ဆိုး ဝိညာဉ်မှ ဆိုလိုက်သည်။
ကောင်းကင် ဝိညာဉ် နယ်မြေ၏၊ ပထမ ကပ်ဘေးကို မဖြတ်ကျော် နိုင်သေးခင်၊ နတ်ဆိုး ဝိညာဉ်အား ခေါ်ဆောင် ခြင်းမှာ၊ မည်မျှ အန္တရာယ် ရှိသည်ကို သတိရ လာပြီး၊ ယုဟိုရှင်း တစ်ယောက် ငြိမ်သက် သွားသည်။
ပြင်းထန်သော နာကျင်မှု နှင့်အတူ၊ ပေါက်ကွဲလု နီးပါး ခံစား လိုက်ရ သဖြင့်၊ အမုန်း တရားကို ပို၍ နက်ရှိုင်း လာစေ ခဲ့သည်။
ရှုံးနိမ့်ကာ အရှက်ခွဲ ခံခဲ့ရ ပုံကို၊ သူ မမေ့ နိုင်ပေ။ ထို့ကြောင့် အရှက်တရား ကင်းစင်ရန် လက်စား ချေခြင်း အမှုကို ပြုရ ပေမည်။
“ ဒီကိစ္စကို ခဏထား ထားဦး ... ၊ ဖန်ရှောင်ယု အဖွဲ့က မင်းအတွက် အသုံး မဝင်ဖူး ဆိုပေမယ့်၊ မင်းက ... ”
“ ... အရမ်း အားနည်း နေသေးတယ်၊ ကောင်းကင် လမ်းမှာ အခွင့် အလမ်းတွေ ရယူ နိုင်ဖို့၊ ကြံ့ခိုင်မှု လိုသေးတယ်။
နတ်ဆိုး ဝိညာဉ်က ယုဟိုရှင်း အတွေး များကို နားလည် နေဟန်ဖြင့် ဆိုသည်။
“ ဟုတ်တယ် ... ဒီက ထွက်သွား ရမယ်။ ”
ရုတ်တရက် ယုဟိုရှင်း တစ်ယောက် တစ်စုံ တစ်ရာကို သတိရ သွားပြီး၊
“ မနက်ဖြန် တိမ်မီးတောက် နယ်မြေက ကြယ်ပုလဲ ကောက်ခံမဲ့ ရက်ပဲ၊ မသွားခင် သူ့ကို ငါ သတ်ပစ် ရမယ်။ ”
“ မလုပ်နဲ့ ... ၊ ဒီစိတ်ကူးကို ချက်ချင်း စွန့်လွှတ်ဖို့၊ ငါ အကြံပေး ပါရစေ။ ”
နတ်ဆိုး ဝိဉာဉ်က သတိ စွာဖြင့် ဆက်ပြော လိုက်သည်။
“ လက်ရှိ ခွန်အားနဲ့ ... ၊ မင်းက သူ့ ပြိုင်ဘက် မဖြစ်နိုင် သေးဘူး၊ ဒီကောင်လေးရဲ့ ဓားရေးက ကြောက်စရာ ကောင်းလွန်းတယ်၊ ပြီးတော့ ... ”
“ ... ငါ မမြင်နိုင် သေးဘူး၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေမှာ ရှိတဲ့၊ သူ့ရဲ့ ကန့်သတ် ချက်က၊ မင်း စိတ်ကူး နိုင်တာထက် အဆပေါင်း များစွာ ကျော်လွန် နေတယ်၊ ... ”
“ ... ဒါကြောင့် အခုချိန်မှာ မင်းရဲ့ ... ၊ သတ်ပစ် လိုတဲ့ ရည်ရွယ် ချက်ကို၊ ထုတ်မပြတာ အကောင်းဆုံး ပါပဲ။ ”
ထိုစကား များကို ယုဟိုရှင်းက ငြိမ်သက်စွာ နားထောင် နေခဲ့သည်။
တစ်ချိန်တည်း မှာပင် လင်းယွန် တစ်ယောက် မျက်ဝန်းများ တောက်ပစွာ ပွင့်လာ၏။
ဝိညာဉ်ရေး ဓားက သူ့ နောက်တွင် ရေဝဲ ခုနစ်ခု အသွင်၊ ထွက်ပေါ် လာသည်။ မတော် တဆ လွတ်ထွတ် သွားပါက၊ မြို့တစ်ဝက် နီးပါး ပျက်စီး သွားနိုင်မည်။
“ နောက်ဆုံးတော့ အောင်မြင်ပြီ ... ။ ”
မတ်တပ် ထရပ်ကာ၊ အသက် ပြင်းပြင်း ရှူ လိုက်သည်။ အညစ် အကြေးများ သန့်စင်သွား သကဲ့သို့၊ စိတ်ဝိညာဉ်မှာ ပေါ့ပါး သွား၏။
သူ့ လက်ဖဝါးကို ဆုပ်ကိုင် လိုက်သဖြင့်၊ ရေဝဲ ကိုးခု ပေါင်းစပ် သွားပြီး၊ ကြောက်စရာ ကောင်းသော ဓား တစ်လက်အား ခံစား မိသည်။
မူလ စွမ်းအင် အသုံး မပြုဘဲ၊ ဖန်ရှောင်ယုကို ဒဏ်ရာ ပေးနိုင်ပြီ ဖြစ်၏။ သို့သော် ကောင်းကင် လမ်း၌ ဖန်ရှောင်ယုမှာ ပါရမီရှင် တစ်ဦး မဟုတ် တော့ချေ။
“ နဂါးလေး ... ၊ လမ်းလျှောက် ထွက်ရအောင်။ ”
ဝိညာဉ်ရေး ဓားကို ပို၍ ကျွမ်းကျင်လာ သောကြောင့်၊ စိတ်အခြေ အနေမှာ ကောင်းမွန် နေခဲ့သည်။ ထို့ကြောင့် နဂါးလေးက၊ သူ့ ပခုံးပေါ် ခုန်တက် လာသည်။
“ ဝှစ် ... ။ ”
လရောင် အောက်တွင်၊ မြို့ရိုး ပေါ်သို့ ညင်သာစွာ ဆင်းသက် လာသော ပုံရိပ် တစ်ရိပ် အား၊ မြင်လိုက် ရသည်။
၎င်းမှာ လင်းယွန် ဖြစ်ပြီး၊ ဒရာကိုဖီ အတားအဆီး အပြင် ဘက်ရှိ၊ မိစ္ဆာ စွမ်းအင်များ ဖုံးလွှမ်း နေသော လေထုကို ငေးကြည့် မိသည်။
အနက်ရောင် မြူများ အတွင်းမှ သားရဲ ဟောက်သံ များပင်၊ တစ်ခါ တရံ ထွက်ပေါ် လာ တက်၏။
“ ငါ့ရဲ့ ဝိဉာဉ်ရေး ဓားက၊ ဒီမြူ တွေကို ကြောက်စရာ မလို တော့ဘူး။ ”
ထို့ပြင် ထာဝရ နဂါးဓား အရှိန်အဝါ ဟူသည်မှာ၊ မိစ္ဆာ ဆန်သော ရောင်ဝါပင် ဖြစ်၏။ အထူး သဖြင့် အဖျက် စွမ်းအားကို ပိုင်ဆိုင် ထားသော မိုးပြာ နဂါးမှာ၊ ခေတ် အဆက်ဆက် မိစ္ဆာ တစ်ကောင် အဖြစ်၊ ရှင်သန် ခဲ့သည်။
ထို့ကြောင့် နတ်ဆိုး များပင်၊ မိုးပြာ နဂါးကို ထိတ်လန့် ကြပေ၏။ မနက်ဖြန်သည် တန်ယန် အဖွဲ့၊ ကြယ်ပုလဲများ ကောက်ခံမည့် နေ့ရက် ဖြစ်သည်။ ဆန္ဒရှိ ပါက၊ ယခုပင် ထွက်ခွာ သွားနိုင်၏။
“ မြို့ပြင်ကို ထွက်ဖို့ စိတ်ကူး နေတာလား။ ”
ထိုစဉ် မှာပင် လူရိပ် တစ်ရိပ်က၊ လင်းယွန်အား လက်သီးဖြင့် အလစ်ဝင် ထိုးလာ ခဲ့သည်။
လက်သီး နောက်ကွယ်မှ စွမ်းအားသည် ကြောက်မက်ဖွယ် ကောင်းပြီး၊ လျှပ်စီး ကဲ့သို့ လျင်မြန် နေပေ၏။
“ ဝှစ် ... ။ ”
၎င်းက လေထုကို ထိုးခွဲနေစဉ်၊ ကောင်းကင်၌ လျှပ်စီးများ လက် လာ၏။ ယင်း ခွန်အားမှာ ဖန်ရှောင်ယုထက် လုံးဝ နိမ့်ကျခြင်း မရှိချေ။
သို့သော် လင်းယွန်က မလှုပ်ရှားဘဲ၊ နဂါးလေးက လက်သည်းဖြင့် ပြန်လည် ကုပ်ဆွဲ လိုက်သည်။
“ ဝုန်း ... ။ ”
ပေါက်ကွဲသံ ကြီးနှင့် အတူ၊ အမှောင် ထဲမှ တိုက်ခိုက် လာသူမှာ၊ ညည်းတွားသံ ပြုလျက် ခြေလှမ်း များစွာ နောက်ပြန် ဆုတ်သွားသည်။
ထို့နောက် နဂါးလေးအား ထိတ်လန့်စွာ ပြန်ကြည့်ပြီး၊
“ ကြောင် လား ...။ ”
-ဟု ရေရွတ် လိုက်သည်။ ရုတ်တရက် ခြေသံများ ထွက်ပေါ် လာကာ၊ တန်ယန်နှင့် အတူ ကျွမ်းကျင် သူများ၊ ထပ်မံ ရောက်ရှိ လာ၏။
နဂါး လေးကြောင့် နောက်ဆုတ် လိုက်ရသော လူငယ်က ပြုံးရွှင် သွားပြီး၊ လင်းယွန်ထံ လက်ညှိုး ထိုးပြကာ၊
“ အစ်ကိုတန်၊ ဒီကောင် ထွက်ပြေးဖို့ ကြိုးစား နေတယ်။ ”
-ဟု တိုင်တန်း လိုက်တော့သည်။
တန်ယန်က ထိုလူ၏ စကားအား လျစ်လျူရှုကာ၊ နဂါးသွေး မြင်းထံ စိုက်ကြည့် လာ၏။ ဤသားရဲ ရောင်ဝါမှာ၊ သူ့ကိုပင် ထိတ်လန့် စေသည်။
ရုတ်တရက် နဂါးလေး၏ မူလကို ခန့်မှန်းလိုက် နိုင်ပြီး၊ မျက်ဝန်းများ တောက်ပ သွားသည်။
( နဂါး သွေး ကြောင်ပဲ။ )
“ ပြန်လာခဲ့ ... ။ ”
လင်းယွန်က နဂါးလေးအား လှမ်းခေါ် လိုက်သည်။ အရှိန် အဝါကို ရုတ်သိမ်းလျက် လျှပ်စီး တစ်ချက် ပြိုးပြက် သွားပြီး၊ လင်းယွန် ပခုံးပေါ်၊ ပြန်လည် ရောက်ရှိ လာသည်။
သို့သော် နဂါးလေး၏ အကြည့် များက၊ အေးစက်စွာဖြင့်၊ လူတိုင်း အပေါ် ရန်လို နေခဲ့ သည်။
“ မိတ်ဆွေလေး ... ၊ ညဘက် အပြင် မထွက် ပါနဲ့ ... ။ ”
တန်ယန်က ပြုံးရွှင်စွာဖြင့်၊ လင်းယွန်အား မော့ကြည့်ကာ ဆိုလေသည်။ အခြား နယ်မြေ များ၏ ပါရမီရှင် များမှာ၊ သူ့ အမြင်၌ တိရစ္ဆာန် များသာ ဖြစ်လေသည်။
လင်းယွန်က လှည့်ပင် မကြည့်ဘဲ၊ မြို့ အတွင်းသို့ ပြန်လည် ဝင်ရောက် သွားတော့ သည်။
ထိုမြင်ကွင်းကြောင့်၊ အလစ်ဝင် တိုက်သော လူငယ်မှာ အံကြိတ် လိုက်ပြီး၊
“ အစ်ကိုတန် ... ၊ ငါတို့ သူ့ကို ဒီအတိုင်း လွှတ်ပေး လိုက်မှာလား၊ သူက ကြယ်ပုလဲတွေ ပေးဖို့ ရည်ရွယ်ချက် မရှိတာ ရှင်းပါတယ်။ ”
“ ထားလိုက်ပါ ... ၊ သူက ပယင်း နယ်မြေရဲ့ အမှိုက်လေး တစ်စ ပါပဲ၊ မနက်ဖြန်မှာ သူ ကံဆိုး တော့မယ် ဆိုတာ၊ ငါ ကြိုသိ နေတယ်၊ ဒါကြောင့် လွှတ်ပေး လိုက်တာ ... ၊ ”
တန်ယန်က ပျောက်ကွယ် သွားသော လင်းယွန်ထံ မျှော်ကြည့်ကာ၊ နှုတ်ခမ်းအား လျာဖြင့် သပ်လိုက်ပြီး၊
“ ... ပြီးတော့ အဲ့ဒီ နဂါးသွေး ကြောင်က၊ ငါ့သားရဲ ဖြစ်လာ လိမ့်မယ်။ ”
-ဟု ပြုံးလျက် ဆိုလိုက် တော့သည်။
***