← Chapters

မင်းတို့ ပြောတာ မှန်တယ်။

Vol. 65 Ch. 909

မင်းတို့ ပြောတာ မှန်တယ်။

Vol. 65 Ch. 909

မည်းမှောင် နေသော စိမ့်ရေကန် တစ်ခု အနားတွင်၊ အလောင်းများ ပျံ့ကျဲ နေခဲ့သည်။ ဖန်းဝူကျိက အလောင်း များကို ဂရု မစိုက်ဘဲ၊ သူ့ ဓားမှ သွေးများကို သုတ်နေ၏။

အဝေး တစ်နေရာ၌၊ လူရိပ် တစ်ရိပ်မှာ၊ သစ်သီး တစ်လုံးကို ကိုင်လျက် ထိတ်လန့် တကြား ပြေးလွှား နေသည်။

ယင်းကို ဖန်းဝူကျိမှ တစ်ချက်မျှ၊ မော့ မကြည့်ချေ။ သူ့ လက်ထဲရှိ အဆင့်နိမ့် တာအို လက်နက်မှာ၊ နဂါး ပြည်နယ်တွင် ရှင်သန်ရန်၊ အကြောင်းရင်း ဖြစ်သည်။

ခွန်အား မရှိ ပါက၊ အသတ်ခံ ရမည် ဖြစ်သည်။ ဓားအား ဂရု တစိုက် သန့်ရှင်းရေး လုပ်နေရာမှ၊ ရုတ်တရက် ကောင်းကင်ပေါ် မော့ကြည့်သည်။

“ နောက်ဆုံး တိုက်ပွဲ စပြီ ... ။ ”

ဖန်းဝူကျိက ဘုန်းနေမင်း ဝိညာဉ်တော် ထွက်ပေါ် လာသည့် အရပ်သို့ မော့ကြည့်ပြီး၊ စိတ်လှုပ်ရှား သွားသည်။ တစ်ဖက်သတ် သတ်ဖြတ် ရခြင်းများ အပေါ်၊ ငြီးငွေ့ လာပြီ ဖြစ်၏။

“ မိုဟန်၊ ချမ်းအင်နဲ့၊ ရှစ်ဖန့်၊ မင်းတို့ကို စိတ်မပျက် မိပါ စေနဲ့၊ မဟုတ်ရင် ငါ အရမ်း ပျင်းမိ လိမ့်မယ်။ ”

လက်သည်းများ ဝှက်ထားသော သားရဲကြီး တစ်ကောင် ကဲ့သို့၊ ဖန်းဝူကျိက ပြုံးလိုက်သည်။ တစ်ချိန် တည်းမှာပင် လွတ်မြောက် သွားသော ပုရွက်ဆိတ် တစ်ကောင်အား၊ သတိရ လာ၏။

နှစ်တစ်ထောင် သွေးနေ သစ်သီးဟု၊ ခေါ်သော ရတနာ တစ်ပါး အတွက် လူများစွာကို သတ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ပုရွက်ဆိတ် တစ်ကောင်မှ ကိုက်ချီသွား လိမ့်မည်ဟု မထင်ထား မိချေ။ ယခု အချိန်၌ ဘေးချိတ် ထားရန် ဆုံးဖြတ် လိုက်သည်။

ထွက်ပြေး လွတ်မြောက် သွားသော ပုံရိပ်မှာ၊ အနားယူ ရဲခြင်း မရှိဘဲ၊ တစ်ရီ ကြာအောင် ဆက်၍ ပြေးလွှား ပြီးနောက်၊ မျက်နှာ ဖုံးအား ချွတ်လိုက်သည်။

မျက်နှာဖုံး အောက်မှ၊ ငယ်ရွယ် နုပျို လွန်းသော မျက်နှာ တစ်ခု ထွက်ပေါ် လာ၏။ ယင်းသည် တိမ်ယံ နယ်မြေ၏၊ ပါရမီရှင် လျူယွင် ဖြစ်လေသည်။

“ မြင့်မြတ် နယ်မြေ ... ၊ မြင့်မြတ် နယ်မြေ ...၊ သူတို့က တကယ်ပဲ တခြား နယ်မြေရဲ့ ပါရမီရှင် တွေထက်၊ အများကြီး ပိုအားကောင်း တာပဲ။ ”

ဖန်းဝူကျိ ဓားကို ပြန်လည် သတိရ သွားသဖြင့်၊ နောက်ကျောမှ ချွေးများ စီးကျလာ တော့၏။

ပထမ ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင်သူ များကိုပင်၊ ပေါင်းပင်များ ကဲ့သို့ လှီးဖြတ် သွားခဲ့သည်။

လက်ထဲရှိ သဘာဝ ရတနာကို ငုံ့ကြည့် လိုက်ချိန်၌၊ ကြောက်စိတ် အစား စိတ်လှုပ်ရှား မှုများ၊ ဝင်ရောက် လာတော့၏။

ယင်းမှာ နှစ် (၃၀၀၀) သက်တမ်း ရှိသော သွေးနေ သစ်သီး ဖြစ်၏။ ဤအဆင့် သဘာဝ ရတနာ များကို၊ အလယ် အလတ် နယ်မြေများ ၌ပင် ရှာမတွေ့ နိုင်ချေ။ ကောင်းကင်လမ်း တွင်သာ ရှာတွေ့ နိုင်ပေမည်။

ဖန်းဝူကျိမှာ နဂါး အဆင့် သတ်မှတ်ချက် အောက်တွင် ဘုရင် တစ်ပါး ဖြစ်သော်လည်း၊ အဆုံး၌ သူ့အား လက်လွှတ် လိုက်ရသည်။

သည်ဖန်းဝူကျိ ထံမှ သွေးနေ သစ်သီးကို လုယူ နိုင်ခြင်းသည်၊ သူ့ ယုံကြည်မှုအား တိုးလာ စေ၏။

“ ငါ့ မျက်နှာကို သူ မြင်မှာ မဟုတ် ပါဘူး၊ ဘုန်းနေမင်း ဝိညာဉ်လည်း၊ ပေါ်လာပြီ ဆိုတော့ စီနီယာ အစ်ကိုနဲ့၊ ဆုံဖို့ အချိန် တန်ပြီ။ ”

သွေးနေ သစ်သီးအား သိမ်းဆည်းလျက်၊ လျူယွင် တစ်ယောက် ပြုံးကာ တစ်ကိုယ်တည်း ရေရွတ် လိုက်သည်။

ပျက်စီး နေသော အဆောက် အဦး တစ်ခု ပေါ်တွင်၊ မိုဟန် ခမျာ စိတ်လှုပ်ရှား စွာဖြင့်၊ သူ့ ရိတ်သိမ်း နိုင်မှုကို စစ်ဆေး နေသည်။

မီးလျှံ မြို့တွင် မြင့်မြတ် မြေ၏ ပါရမီရှင် တစ်ဦး ကိုပင်၊ ဆွဲဆောင် နိုင်သော ရတနာများ များစွာ ရှိလေသည်။

ထို့ကြောင့် ဘုန်းနေမင်း ဝိညာဉ်၏ ဖြစ်စဉ်များ ပေါ်ပေါက် လာခြင်း အပေါ်၊ တစ်ချက်သာ မော့ကြည့် မိသည်။

“ အချိန်ကျ ပြီလား၊ နောက်ထပ် ရက် နည်းနည်း ကြာဦးမယ် ထင်ထားတာ … ။ ”

သူက ဖန်းဝူကျိနှင့် မတူဘဲ၊ ဘုန်းနေမင်း ဝိညာဉ်ကို စိတ်မဝင် စားချေ။ ရတနာ ကိုသာ စိတ်ဝင်စားသည်။

သို့သော် သူ့နယ်မြေမှ စီနီယာ အစ်ကိုက၊ ၎င်းအား ရယူ ပေးရန် ကမ်းလှမ်း လာ သဖြင့်၊ သွားကြည့်ရန် လိုလေပြီ။

“ ရတနာ တွေက ပေျာ်ရွှင် စရာ ကောင်းပေမယ့်၊ ဘုန်းနေမင်း ဝိညာဉ်က ပို အရေး ကြီးတယ်၊ အဲဒီ နေရာမှာ အခြား ရတနာ တွေလည်း ရှိနိုင် ပါတယ်။ ”

မိုဟန်က ပြုံးလျက် သူ့ကိုယ်သူ နှစ်သိမ့် လိုက်သည်။ ထို့နောက် သူ၏ ဓားသွား ပါသော ပုစိန် လက်နက်ကို ကောက်ကိုင် လိုက်ပြီး၊ လျင်မြန်စွာ ပျောက်ကွယ် သွားတော့သည်။

လူ နှစ်ယောက်က ကောင်းကင်ယံကို မော့ကြည့်လျက်၊ အတူ တကွ ခရီးဆက် လာကြ သည်။

၎င်းတို့မှာ ရှစ်ဖန့်နှင့် ချမ်းအင် ဖြစ်ပြီး၊ နှစ်ဦး စလုံးတွင်၊ တာအို အဆင့် လက်နက်များ ရှိလေ သည်။

တစ်ဦးချင်း ခွန်အား အရ၊ ဖန်းဝူကျိကို မယှဉ်နိုင်ချေ။ သို့သော် နှစ်ဦး လက်တွဲထား ခြင်းဖြင့်၊ မောက်မာ အမှုအား ပြုနိုင် ချေပြီ။

“ မိုဟန်နဲ့ ဖန်းဝူကျိက လွဲပြီး၊ ဘယ်သူမှ ငါတို့ရဲ့ ပြိုင်ဘက် ဖြစ်လာ နိုင်မယ် မထင်ဘူး၊ ကံဆိုး တာက ဒီနှစ်ကောင်ကို ဖြေရှင်းဖို့ မလွယ် တာပဲ။ ”

ရှစ်ဖန့်က ကောင်းကင်ပေါ် တစ်ချက် ကြည့်လျက်၊ သက်ပြင်းချကာ ဆိုသည်။

“ ဒါက နဂါး တားမြစ် နယ်မြေ အတွက်၊ သော့လေး တစ်ချောင်းပါ၊ ဘာများ အသုံးဝင်မှာ မို့လဲ၊ နောက်ဆုံး ငါတို့ လက်တွဲ ထားရင်၊ ရနိုင် ပါသေးတယ်။ ”

ချမ်းအင်က ပြုံးကာ မျှော်လင့်ချက် အပြည့်နှင့် ဆိုလိုက်သည်။

“ မှန်တယ် ... ၊ ငါတို့ အပေါ် မောက်မာချင်တဲ့ လူတိုင်း အတွက်၊ သင်ခန်းစာ ပေးသင့်တယ်။ ”

ရှစ်ဖန့်မှ အေးစက်စွာ ဆို၏။ သူတို့ လေးယောက် ကြားတွင်၊ ကောင်းမွန်သော ဆက်ဆံ ရေးများ မရှိချေ။ နဂါး အဆင့်သို့၊ ဝင်ရောက် လိုသည့်၊ ပြိုင်ဘက်များ ဖြစ်လေသည်။

“ သွား ရ အောင် ။ ”

နှစ်ဦးသား ဖြစ်စဉ်၏ ဦးတည်ရာ ထံသို့ အလျင် အမြန် ပျံသန်း လိုက်ကြသည်။

တစ်ချိန် တည်းမှာပင်၊ မြင့်မြတ်မြေ များရှိ၊ အခြားသော ပါရမီရှင် များမှလည်း၊ ထိုဖြစ်စဉ်ထံ ဦးတည် လာကုန်သည်။

ဘုန်းနေမင်း ဝိညာဉ် မွေးဖွားရာ အရပ်၌၊ လေဖိ အားနည်း ရပ်ဝန်း တစ်ခု ဖြစ်ပွားလာ တော့၏။

မကြာမီ ရက်စက် ကြမ်းကြုတ်သော တိုက်ပွဲများ ဖြစ်ပွား နိုင်ကြောင်း၊ မည်သူ မဆို ပြောနိုင် ချေပြီ။

လင်းယွန် မှာမူ အလျင် စလို မရှိချေ။ လမ်းလျှောက် လျက်ဖြင့် ထောင်စုနှစ် မီးလျှံ၏ ဘေးထွက် ဆိုးကျိုး များကို ဖယ်ထုတ် နေခဲ့သည်။

ဘုန်းနေမင်း ဝိညာဉ်မှာ သူနှင့် မဝေးလှ သဖြင့်၊ မနားတမ်း ခရီးဆက် ပါက၊ နေ့ဝက်ခန့် မျှသာ ကြာနိုင်မည်။

ထို့အပြင် လုံလောက်သော ခွန်အား မရှိဘဲ၊ သွားခြင်းသည် သေခြင်း တရားကို ဖိတ်ခေါ်ရာ ရောက်နိုင်၏။

မီးလျှံ မြို့တော်တွင် ပါရမီရှင် များစွာ စုရုံး ရောက်ရှိ နေသဖြင့်၊ လင်းယွန်အား ဖြတ်ကျော် သွားလာ နေသော လူအများ အပြားကို၊ မြင်တွေ့ လာရသည်။

တစ်နာရီ ကြာပြီးနောက် ထောင်စုနှစ် မီးလျှံကို အပြီးသတ် ဖယ်ရှား နိုင်ခဲ့ သဖြင့်၊ အဝေးသို့ မျှော်ကြည့် လိုက်၏။

တိုက်ပွဲ တစ်ပွဲက၊ မြင်ကွင်းထဲ ဦးစွာ ဝင်ရောက် လာသည်။ တိုက်ပွဲ မြေပြင်၌၊ လူ နှစ်ဦးမှ၊ လူ တစ်ဦးအား လှောင်ပြောင် တိုက်ခိုက် နေ၏။

သူတို့ သုံးယောက် လုံးမှာ၊ ပထမ ကောင်းကင် ဝိညာဉ် နယ်မြေတွင် ရှိသည်။ မီးလျှံ မြို့တွင် ဤသို့သော တိုက်ပွဲ များမှာ၊ ပုံမှန် ဖြစ်သည်။

ထို့ကြောင့် လ်ငးယွန် တစ်ယောက် လျစ်လျူရှု လာတက်ပြီ ဖြစ်၏။ သို့သော် နှစ်ဦး ညှပ်တိုက် ခံနေရ သူမှာ၊ တိမ်ယံ နယ်မြေမှ ချန်ရွှမ် ဖြစ်နေ သဖြင့်၊ ထိုသို့ မဟုတ် တော့ချေ။

၎င်း၏ ရန်သူ နှစ်ဦးမှာ၊ ငှက်မွှေး မီးလျှံ တောင်တန်း တစ်နေရာတွင်၊ လျူယွင်အား ရန်စ ခဲ့သော အလင်း မြို့မှ ဖေးယွီနှင့် လန်ယွဲ့တို့ ဖြစ်သည်။

ထိုစဉ်က ချန်ရွှမ် တစ်ယောက် အသာစီး ရခဲ့သည်။ သို့သော် သေရှင် တိုက်ပွဲတွင် မည်သူ အနိုင်ရ မည်အား၊ ပြောရ ခက်ပေ၏။

ယခုမူ လန်ယွဲ့ပါ၊ ထပ်တိုး လာသဖြင့်၊ တိုက်ပွဲ အတွင်း နိမ့်ကျ နေသည်မှာ မြင်သာ ချေပြီ။

ခန္ဓကိုယ် အနှံ့ ဒဏ်ရာ များဖြင့် ဖုံးလွှမ်း နေပြီး၊ ထွက်ပြေးလို သော်မှ လွတ်မြောက်ရန် အခွင့် အရေး မရှိချေ။ ထို့ကြောင့် လင်းယွန်က၊ ကူညီရန် ဆုံးဖြတ် လိုက်သည်။

“ ချန်ရွှမ်၊ မင်းက ငှက်မွေး မီးလျှံ တောင်တန်းမှာ တုန်းက၊ မောက်မာ ခဲ့ဖူးတယ် မဟုတ်လား၊ ဟား ဟား ဟား ... ။ ”

အံကြိတ်လျက် ရုန်းကန် နေသော ချန်ရွှမ် အဖြစ်ကို ကြည့်ကာ၊ ဖေးယွီမှ လှောင်ပြောင် ရယ်မော လေသည်။

“ မင်းတို့က နှစ်ယောက် ပေါင်းပြီး၊ အလစ်ဝင် တိုက်ရအောင် အရှက်မဲ့ နေတာ လား။ ”

ဤနှစ်ဦးမှာ အမှန်ပင်၊ ရှက်ကင်းမဲ့ ချေ၏။ သူ့ကို အုပ်စု ဖွဲ့ရုံ သာမက၊ လှောင်ပြောင် နေပေ သည်။

အကယ် ၍သာ အလစ်ဝင် တိုက်ချင်း မခံရ ပါက၊ နှစ်ယောက် အတူ လက်တွဲ လုပ်ဆောင်ခဲ့ လျှင်ပင် ထွက်ပြေး ရန်မှာ၊ ပြဿနာ ရှိမည် မဟုတ်ခေျ။

“ တောင်းပန် ပါတယ်၊ ဒါပေမယ့် ဒါက အရမ်း ပျော်စရာ ကောင်းတယ်၊ ဟား ဟား ဟား ... ။ ”

ဖေးယွီက သဘောကျစွာဖြင့်၊ ရယ်မော လာပြန်သည်။

“ စကားများ မနေနဲ့၊ မြန်မြန် လက်စ သတ်လိုက်၊ ငါတို့က ဘုန်းနေမင်း ဝိညာဉ် အတွက်၊ လုပ်စရာ ရှိသေးတယ်။ ”

လန်ယွဲ့က သတိပေး လိုက်သည်။ ထို့နောက် မူလ စွမ်းအင် များကို တွန်းထုတ်ကာ၊ ချန်ရွှမ်ထံ လက်သီးဖြင့် ပစ်ချ လိုက်သည်။

ဤတိုက်ခိုက်မှုသာ ထိမှန် ပါက၊ ချန်ရွှမ် တစ်ယောက် သေဆုံး နိုင်ပေမည်။ ထိုအချိန်တွင် လင်းယွန်က ကောင်းကင်မှ ဆင်းသက် လာပြီး၊ လန်ယွဲ့၏ လက်သီး များအား၊ ဟန့်တား လိုက်သည်။

“ ဝုန်း ... ။ ”

လက်သီး နှစ်လုံး ထိမှန် ချိန်၌၊ လန်ယွဲ့ တစ်ယောက် အံ့အားသင့်စွာ လွင့်စဉ် သွား လေသည်။

ဖေးယွီက အလျင် အမြန် ရွေ့လျား လာပြီး ဖမ်းယူပေး လိုက်ရသည်။

“ လင်း ယွန် လား ... ။ ”

ချန်ရွှမ်က လင်းယွန် နောက်ကျောအား ကြည့်ကာ၊ အံ့သြ သွား၏။ လင်းယွန်မှ ပြန်လှည့် ကြည့်ပြီး၊ ခေါင်းညိတ် ပြလာသည်။

ချန်ရွှမ် မျက်လုံး များက၊ လင်းယွန် လက်သီးကို မမြင်နိုင် ခဲ့ချေ။ လန်ယွဲ့ လွင့်ထွက် သွားသည် ကိုသာ၊ မြင်ခဲ့သည်။

သို့သော် လင်းယွန် တစ်ယောက် ကောင်းကင် ဝိညာဉ် နယ်မြေသို့ ရောက်ရှိ နေသည်ကို၊ သတိပြု မိလိုက် သဖြင့်၊ ဝမ်းသာ သွားသည်။

“ လင်းယွန် ... ငါတို့ သွားရအောင်၊ သူတို့ နှစ်ယောက်က မလွယ်ဘူး၊ နောက်မှ လက်စား ချေ ရမယ်။ ”

ဤအချိန်၌ ထွက်ပြေးရန် ပြဿနာ မရှိ တော့ချေ။ တိုက်ခိုက် အနိုင်ယူ ရန်သာ ပြဿနာ ရှိနိုင်သည်။

“ မင်းတို့ ... ဆန္ဒ ရှိသလို ထွက်သွား နိုင်မယ်လို့ ထင်နေလား၊ အိပ်မက် မက် မနေနဲ့။ ”

လန်ယွဲ့က နှုတ်ခမ်း ထောင့်စွန်းရှိ သွေးစများကို သုတ်လျက်၊ သတ်ဖြတ် လိုသော ဆန္ဒ များဖြင့်၊ ဆိုလိုက်သည်။

“ မင်းတို့ ပြောတာ မှန်တယ် ... ၊ ဒီနေရာ ကနေ ဘယ်သူမှ ထွက်မသွား နိုင်ဘူး၊ ဘာလို့လဲ ဆိုတော့ မင်းတို့ကို ငါ သတ်မှာ မလို့ပဲ။ ”

လင်းယွန်က ဂရုမစိုက် ဟန်ဖြင့် ဆို၏။ ထောင်စုနှစ် မီးလျှံအား သန့်စင် ပြီးနောက်၊ သူ မည်မျှ သန်မာ လာမည်ကို၊ စမ်းသပ် လိုချေပြီ။

***

All Chapters