ဘုန်းနေမင်း လက်သီး။
Vol. 66 Ch. 919
“ သတ် ... ။ ”
မြင့်မြတ် မြေ၏ အထက် တန်းစား လေးယောက်မှာ၊ နဂါးသွေး ကြောင် ထံသို့ ပြေးဝင် သွားပြီ ဖြစ်သည်။
ချန်ကျန်းနှင့် ရှန့်ယွင်ကျန်း တားလျှင်ပင် နောက်ဆုတ်မည် မဟုတ်ချေ။ ဦးစွာ လှုပ်ရှား လာသူ၏ မျက်နှာ ပေါ်တွင်၊ ရက်စက်သော အရိပ် အယောင်များ ထင်ဟပ် လာ၏။
“ အား ... ။ ”
သို့သော် ကြုံးဝါး သံဆုံး သည်နှင့်၊ နာကျင်စွာ ရှုံ့တွလျက်၊ မြေပြင်ပေါ် ပြုတ်ကျ သွားသည်။
နဂါးသွေး ကြောင်မှာ၊ သူ့ထက် ပို၍ ရက်စက်သော အသွင်ကို ဆောင်ကာ၊ လေထု အလယ် ထွက်ပေါ် လာခဲ့၏။
၎င်း၏ ချွန်ထက်သော လက်သည်းများ ပတ်ပတ် လည်ရှိ၊ လေဟာ နယ်မှာ ပျက်ယွင်း နေပေသည်။
“ သတိထား ... ။ ”
ကျန်ရှိသော အထက် တန်းစား များက၊ နဂါးသွေး ကြောင်၏ ထက်ရှသော ခြေသည်း များကို မြင်လိုက် ရသော အခါ၊ ကျောရိုး တစ်လျှောက် အေးစိမ့် သွား၏။
“ ဝှစ် ... ။ ”
ထိုစဉ် မှာပင်၊ နဂါးသွေး ကြောင်က၊ မျက်စိ တစ်မှိတ် အတွင်း၊ သူတို့ သုံးဦး အနား ရောက်ရှိ လာပြီး၊ ရင်ဘတ် များကို ခွဲထုတ် သွားခဲ့သည်။
ခန္ဓာကိုယ် အပေါ် ကာကွယ် ထားသည့် မူလစွမ်းအင် များမှာ၊ စက္ကူ တစ်ရွက် ကဲ့သို့ အလွယ် တကူ ကုပ်ဖြဲ ခံလိုက်ရ လေသည်။
“ အွတ် ... ။ ”
ထို့ကြောင့် သုံးယောက်သား မြေပြင်ပေါ် ပြုတ်ကျ သွား၏။ မည်မျှပင် ကြိုးစား ထရပ်မိ သော်လည်း၊ ပြန်မထ နိုင်တော့ချေ။
မြင့်မြတ် မြေ၏ အထက် တန်းစား လေးယောက်ကို တစ်ချက် တည်းဖြင့် အနိုင်ယူ သွားသော နဂါးသွေး ကြောင်အား လူအုပ် ကြီးက သတိပြု မိသွားသည်။
ထို့စဉ် မှာပင် နဂါးလေးက တခစ်ခစ် အော်ရယ်လျက်၊ သိုလှောင်အိတ် များကို စတင် သိမ်းယူ တော့၏။
“ တိရစ္ဆာန် ကောင် ... ၊ မင်း ဘာလုပ်ဖို့ ကြိုးစား နေတာလဲ။ ”
သူတို့ ထဲမှ တစ်ဦးက သိုလှောင် အိတ်အား ဆုပ်ကိုင်လျက် အော်ဟစ် လိုက်သည်။ သို့သော် ထက်ရှသော လက်သည်း များဖြင့်၊ မျက်နှာကို ဖြတ်ရိုက် လာသော နဂါးသွေး ကြောင်ကြောင့်၊ ချက်ချင်း လွှတ်ပေး လိုက်ရ၏။
“ ငါ ... ပေးမယ်။ ”
သို့မဟုတ် ပါက သူ့ ခေါင်း ပွင့်ထွက် သွားပေမည်။ အသက်ထက် မည်သည့် အရာမျှ တန်ဖိုး မရှိ ကြောင်းကို သူ သိသည်။
နဂါးလေးက သိုလှောင် အိတ်များကို၊ သိမ်းယူပြီး မြေပြင်ပေါ် သွန်လိုက်သည်။ အိတ် အတွင်း၌ ကောင်းမွန်သော အရာ တစ်ခုမျှ မပါ သည်ကို မြင်သဖြင့်၊ သုံ့ပန်း (၄) ဦးထံ ပြန်ကြည့် လာ၏။
“ ဗြိ ... ။ ”
များမကြာခင် နံငယ်ပိုင်းမျှသာ ကျန်သည် အထိ၊ အဝတ် အစား ဆုတ်ဖြဲ သံများ ထွက်ပေါ် လာသည်။
ထို့နောက် လည်ပင်းတွင်၊ ချိတ်ဆွဲ ထားသော ကျောက်စိမ်းတုံး များကို ဆွဲဖြတ်ယူ လိုက်သည်။
“ ဒီနဂါးသွေး ကြောင်က မလွယ်ဘူး၊ သူက ဘယ်သူ့ သားရဲလဲ။ ”
“ ဟား ဟား ဟား ... ၊ ငါ့ အမြင်တွေ ကျယ်ပါ စေတယ်၊ မြင့်မြတ် မြေကို နေ့ခင်း ကြောင်တောင် ဓားပြတိုက် ဝံ့တဲ့၊ တစ်စုံ တစ်ယောက် ရှိလာပြီ။ ”
နံငယ် ပိုင်းမျှသာ ကျန်ရစ်သော (၄) ဦးထံ ကြည့်ကာ၊ လူအုပ် ကြီးက ရယ်မော ကြကုန်၏။ ဤအခိုက် အတန့်တွင် ကျောက်သား နန်းတော် အတွင်း၌၊ အလောင်းပါ မကျန် ရှာဖွေ ခံထား ရသည့် မြင်ကွင်း များကို၊ ချန်ကျန်းနှင့် ရှန့်ယွင်ကျန်းက သတိရ လာသည်။
“ အဲ့ဒါ လင်းယွန်ရဲ့ သားရဲပဲ။ ”
“ အိုး ဟုတ်တယ်၊ လင်းယွန်က ရှန့်ယွင်ကျန်းကို ဓားပြတိုက် တုန်းက သူ ပါတယ်။ ”
နဂါးသွေး ကြောင်၏၊ မူလကို သိရှိ လာချိန်၌ မြင့်မြတ် မြေများ အတွက်၊ နောက်ထပ် ထိုးနှက်ချက် တစ်ရပ် ဖြစ်လာ ခဲ့သည်။
ထို့ကြောင့် မည်သူမျှ စကား မဆိုရဲ တော့ချေ။ ဓားဘီလူးသည် မြင့်မြတ် မြေ၏ ပါရမီရှင် နှစ်ဦးကို သတ်ကာ၊ သူ၏ သားရဲမှ နေခင်း ကြောင်တောင် ဓားပြ တိုက်၏။ မတော် တဆ သူတို့အား မျက်စိကျ လာပါက ခက်ရ ပေမည်။
တစ်ဖက်တွင် လင်းယွန်က ပန်းသင်္ချိုင်း ဓားကို အသေ အချာ ငုံ့ကြည့် မိသည်။ ၎င်းမှာ တာအို အဆင့်နှင့် နီးကပ် လာပြီ ဖြစ်၏။
သို့သော် လောလော ဆယ်၌ ဆက်မသုံး သင့်တော့ချေ။ မဟုတ် ပါက ၎င်း၏ အဆင့်မြှင့် တင်မှုကို အနှောင့် အယှက် ပေးမိ သွားပေမည်။
အတား အဆီး အပြင် ဘက်တွင် မည်သည့် အရာများ ဖြစ်ပျက် နေသည်ကို၊ မသိ လိုက်ပေ။ သူ သိသည်မှာ ပန်းသင်္ချိုင်း ဓားမှာ၊ မီးလျှံ အတား အဆီးကို ဖြတ်ကျော် သွားခြင်းသာ ဖြစ်သည်။
ယင်းသည် ကောင်းကင်ဘုံ သုံးပါးမှ တစ်ပါး ဖြစ်၏။ သို့သော် ချမ်းအင်ကို သတ်နိုင်ခြင်း ရှိ-မရှိ မမှန်းဆ နိုင်ချေ။
အခန်း အလယ်ရှိ ကျောက်စိမ်းတုံး ထံသာ အာရုံ ရှိပေသည်။ အစီရင်မှ ဟန့်တား လာတော့ မည် မဟုတ် ကြောင်းကို ခံစား နိုင်သည်။
သို့သော် သတိ အပြတ် မခံဘဲ၊ လျင်မြန်စွာ ရွေ့လျားလျက်၊ ကျောက်စိမ်း တုံးကို လှမ်းခေါ် လိုက်သည်။
“ ဒီ ကို လာ ... ။ ”
“ ဝှစ် ... ။ ”
လက်ထဲ ရောက်သည်နှင့်၊ ကျောက်စိမ်း တုံးကို နဖူးပေါ် တင်ကာ၊ ချက်ချင်း ဖတ်ကြည့် မိသည်။
“ ဘုန်းနေမင်း နတ်လက်သီး၊ ” ဟူသော၊ မြောက်များ လှသည့် သတင်း အချက် အလက် များ၊ ချက်ချင်း စီးဝင် လာသည်။
ဘုန်းနေမင်း နတ် လက်သီးကို၊ ရှေးဦးခေတ်၌ နေမင်း ကြီးအား ကြည့်ကာ၊ ဖန်တီး ထားခြင်း ဖြစ်၏။
၎င်းကို မြင့်မားသော အဆင့် အထိ လေ့ကျင့် နိုင်ပါက၊ နေနှင့် ယှဉ်နိုင်သော တောက်ပ မှုအား ထုတ်ပေး နိုင်မည်။
လက်ရှိတွင် အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာ မျှသာ ဖြစ်ပြီး၊ လေ့ကျင့်သူ အပေါ် မူတည် ကာ၊ အဆင့်မြင့် တက်လာ ပေမည်။
အလွန် အန္တရာယ် များသော နည်းစနစ် တစ်ရပ် ဖြစ်သဖြင့်၊ အရည် အချင်းနှင့် သတ္တိ မရှိ ပါက၊ မလေ့ကျင့် သင့်ချေ။
အထက်ပါ အချက် အလက် များကို ဖတ်ကြည့် ပြီးနောက်၊ မျက်လုံးများ ဖွင့်လျက် ငြိမ်သက် သွားမိသည်။ တားမြစ်ချက် ပါဝင်နေ သဖြင့်၊ စိတ်ဝင် စားစရာ ကောင်းပေ၏။
ယင်းထက် ပို၍ စိတ်ဝင်စား မိစေ သည်မှာ၊ ကံကြမ္မာ ကိုယ်ခံ ပညာ နယ်နိမိတ်ကို ကျော်လွန် နိုင်သည် ဟူသော အပိုင်း ဖြစ်သည်။
ကံကြမ္မာ ကိုယ်ခံ ပညာ၏ အထက် အဆင့်သည်၊ သူ စိတ်ကူးယဉ် နိုင်သော အရာ မဟုတ်ချေ။
သူ့တွင် အုပ်စိုးရှင် အဆင့်၊ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာများ နှင့်သာ ရင်ဆိုင် နိုင်သော ကောင်းကင်ဘုံ သုံးပါး ရှိသည်။
၎င်းတို့အား ဘုရင် အဆင့်သို့ ရောက်ရှိရန်၊ တက်စွမ်း နိုင်သော်လည်း၊ ဓား ရည်ရွယ်ချက် အပေါ်၊ အားကိုး ရဦး ပေမည်။
“ ကောင်းပြီ၊ ဘယ်လို လေ့ကျင့် ရမလဲ၊ မသိသေးတဲ့ အတွက်၊ ခဏထား လိုက်ရအောင်၊ ငါ့ အရည် အချင်းနဲ့ ဘယ်အထိ တက်နိုင် မလဲ ဆိုတာ နောက်မှ ကြည့်မယ်။ ”
ကျေနပ် စွာဖြင့် ကျောက်စိမ်း တုံးအား သိမ်းဆည်း လိုက်၏။ သူ့ အရည် အချင်း အရ၊ ၎င်းအား ဘုရင် အဆင့်သို့၊ ရောက်ရှိ သင့်ချေ သည်။
“ ဘုန်းနေမင်း နတ်လက်သီး … ၊ ဒါက ... ”
ရုတ်တရက် ဤနည်း စနစ်အား၊ တစ်စုံ တစ်ဦးမှ ချန်ထား ခဲ့ခြင်း ဖြစ်ကြောင်း၊ သတိရ သွားသည်။
ဆိုလို သည်မှာ ထိုတစ်စုံ တစ်ဦးသည် ဘုန်းနေမင်း ဝိညာဉ်၏ တံဆိပ်ကို၊ ချိုးဖျက်ပေး လိုက်ပြီဟု ထင်မြုင် မိသည်။
သို့မဟုတ် ပါက ဤအဆင့် နည်းစနစ်ကို ရနိုင်စရာ နည်းလမ်း မရှိချေ။ ယင်းကို သုံးသပ်မိ ပြီးနောက်၊ နှလုံး ခုန်သံများ တိုး၍ မြန်လာ တော့သည်။
“ သွားဖို့ အချိန် တန်ပြီ ... ။ ”
တံဆိပ်သာ ကျိုးပေါက် သွားသော်၊ ဘုန်းနေမင်း ဝိညာဉ်၏ တန်ဖိုးသည်၊ လုံးဝ ကွာခြား သွားပေမည်။
လမ်းတစ်လျှောက် အခန်း များကို ထပ်မံမြင်တွေ့ ခဲ့ရ သော်လည်း၊ ရတနာ မရှိသည့် အခန်းလွတ် များသာ ဖြစ်၏။
နာရီဝက် အကြာတွင်၊ အပူရှိန် မြင့်တက် လာသော လေထု အပြောင်း အလဲကို၊ ခံစားရ မိသည်။
အဆုံး၌ ကျယ်ဝန်းသော ခန်းမ တစ်ခု၊ စောင့်ကြို နေပေ၏။ နံရံ အနှံ့ ပန်းချီ ကားများ ချိတ်ဆွဲ ထားပြီး၊ ၎င်း အပေါ်တွင် အစီရင် အချို့ဖြင့်၊ ဖုံးအုပ် ထားလေသည်။
ထိုအစီရင်မှ ဆန်းပြားသော ပြကွက်များ ဖြစ်ပေါ် နေသည်။ ယင်းမှာ မီးငှက်များ၊ ရွှေကျီးကန်း များနှင့် အတောင်ပံ ပါသော လူသားများ ဖြစ်ပေ၏။
၎င်းတို့ ဖြစ်တည်ရာ အရပ်သည်၊ တောက်ပ လွန်းသော အလင်း များဖြင့် ပြည့်နှက် နေသည့်၊ စွမ်းအင် ကမ္ဘာကြီး ဖြစ်သည်။
“ နေကမ္ဘာကြီး အတွင်းမှာ၊ မွေးဖွား ရှင်သန် နိုင်တဲ့ သက်ရှိ တွေလား များလား။ ”
အတောင်ပံ လူသား များနှင့် မီးတောက် နေသော သားရဲ များကို ကြည့်ကာ၊ နတ်ဘုရား များ ကဲ့သို့၊ ခံစား လာရသည်။
ခန်းမ အလယ်တွင် မီးလျှံများ တောက်လောင် နေသော၊ အနက်ရောင် ယဇ် ပလ္လင်ကြီး တစ်လုံး ရှိ၏။
“ ဘုန်းနေမင်း ဝိညာဉ် ... ။ ”
မီးလျှံ များမှာ ပလ္လင် ပေါ်ရှိ၊ ဘုန်းနေမင်း ဝိညာဉ် ထံမှ လာခြင်း ဖြစ်သည်။ ဆိုလို သည်မှာ ဘုန်းနေမင်း ဝိညာဉ်အား မီး ရည်ရွယ်ချက်ဖြင့်၊ ကာကွယ် ထားပေ၏။
ထို့ကြောင့် အလျင် လိုခြင်း မရှိဘဲ၊ ယစ်ပလ္လင်အား တစ်ပတ် ပတ်ကြည့် မိသည်။ ပလ္လင် အနှံ့ ရှုပ်ထွေးသော ရူရ်များ ရေးထွင်း ထား၏။ ၎င်းတို့မှာ ဝိညာဉ် ရေးရာ ရူရ်များ မဟုတ်ဘဲ၊ မည်သည့် အရာများ ဖြစ်သည်ကို သူ မသိချေ။
ယဇ်ပလ္လင်အား တစ်ပတ် လှည့်ပတ် ကြည့်ပြီးနောက်၊ မည်သည့် ထောင်ချောက်မှ မရှိကြောင်း၊ အတည်ပြု နိုင်ခဲ့သည်။
“ တစ်စုံ တစ်ယောက်က၊ ဘုန်းနေမင်း ဝိညာဉ်ကို၊ မထိ မချင်းတော့ အန္တရာယ် မရှိ သေးပါဘူး။ ”
လင်းယွန်က ရှေ့သို့ ခြေတစ်လှမ်း လှမ်းတက် ခါနီး အချိန်တွင်၊ အေးစက်စက် အသံ တစ်သံ ထွက်ပေါ် လာသည်။
သတ်ဖြတ် လိုသော ရည်ရွယ်ချက် များနှင့် အတူ၊ ရှစ်ဖန့် တစ်ယောက် ခန်းမထဲ လှမ်းဝင် လာ တော့၏။
“ လင်းယွန် ... ၊ ဘုန်းနေမင်း ဝိညာဉ်ကို မထိဖို့၊ မင်းကိုငါ သတိပေး ပါရစေ ... ။ ”
***