မလုပ်နဲ့ ... ။
Vol. 67 Ch. 927
ယွမ်ဟမ်ထျန်း အကြောင်းကို ကျောက်ဖုန် တစ်ယောက် သိရှိထား သဖြင့်၊ အဘယ်ကြောင့် ဤနေရာသို့ ရောက်ရှိ လာရ သည်အား မမှန်းဆ နိုင်ချေ။
သင်္ဘော ပေါ်ရှိ အခြားသော လူငယ်များ မှာလည်း၊ ချွေးများ သီးလျက် မျက်လုံး များတွင် ထိတ်လန့် မှုများ ပြည့်နှက် လာသည်။
လင်းယွန် အကြောင်း၊ အားရ ပါးရ ဆွေးနွေး နေစဉ် သွေးအရိုး နယ်မြေမှ နဂါး အဆင့် ကျွမ်းကျင်သူ တစ်ဦး ရောက်ရှိ လာခြင်းသည်၊ သူတို့အား မလုံမလဲ ဖြစ်လာ စေ၏။
လူတိုင်းက မြင့်မြတ်မြေ များ၏၊ ရက်စက် ကြမ်းကြုတ်သော သတ်ဖြတ် ပွဲများ အကြောင်း၊ တွေးတော လာမိ ကုန်သည်။
“ သူတို့ လာပြီလား။ ”
သွေးအရိုး နယ်မြေ၏ လူငယ် များကို မြင်သော်မှ၊ လင်းယွန် တစ်ယောက် အံသြခြင်း မရှိချေ။ သူမျှော်လင့် ထားသည် ထက်ပင်၊ အများကြီး နောက်ကျ လေသည်။
ထိုလူငယ် များ၏ ကျင့်ကြံမှုသည် ဒုတိယ ကောင်းကင် ဝိညာဉ် နယ်မြေ၌ ရှိနေ သဖြင့်၊ ခရမ်းရောင် နန်းတော်ရှိ ရောင်ဝါ သမုဒ္ဒရာမှာ၊ သုံးစင်း အထိရှိ နေပြီ ဖြစ်သည်။
ကျောက်ဖုန် ကဲ့သို့သော ကျင့်ကြံသူ တစ်ဦးသည် ထိုသုံးစင်းနှင့် နှိုင်းယှဉ် နိုင်ရန် နည်းလမ်း မရှိပေ။ သွေးအရိုး နယ်မြေ နယ်မြေ၏ အခြေခံ အုတ်မြစ်မှာ အမှန်ပင် လေးစား ထိုက်ပေသည်။
ယွမ်ဟမ်ထျန်း ဟူသော လူငယ် ထံမှ အရှိန်အဝါမှာ ကျန်သူ နှစ်ယောက်ထက် ပို၍ သိပ်သည်း ပေ၏။။
“ ဒါက ငါတို့ သွေးအရိုး နယ်မြေရဲ့ ကိစ္စပဲ၊ မင်းတို့ ထဲက ဘယ်သူမှ မပါဝင်ချင် ဖူးဆိုရင် အခု ချက်ချင်း ထွက်သွား ကြပါ။ ”
ပိန်ပိန်နှင့် လူငယ်က လူအုပ်ထံ ကြည့်ကာ၊ အော်ငေါက် လိုက် သဖြင့်၊ ချက်ချင်း လှည့်ထွက် သွားကုန် ကြသည်။
မျက်စိ တစ်မှိတ် အတွင်း လူစည်ကား နေသော သင်္ဘော ကုန်းပတ်မှာ၊ ပြောင်သလင်း ခါသွား သည်။
သို့သော် အပြာဝတ် လူငယ် တစ်ဦးက ယောင်ကန်း ကန်းဖြင့် ရပ်လျက် ကျန်ရစ် နေခဲ့ ၏။
“ မင်းက ဘာလို့ ဒီမှာ ရှိနေ သေးတာလဲ။ ”
ပိန်ပိန်နှင့် လူငယ်က ရပ်ကျန် ခဲ့သော အပြာဝတ် လူငယ်ကို ကြည့်ကာ၊ အပြုံးဖြင့် မေး လိုက်သည်။
သို့သော် သူ့ မျှော်လင့် ထား သကဲ့သို့၊ တစ်ဖက် လူမှာ ထိတ်လန့်မှု မရှိဘဲ၊ နှာခေါင်း ဝကို လက်ညှိုးဖြင့် ပွတ်လျက်၊ အပြုံးနှင့် တုန့်ပြန် လာ၏။
“ ဘာလို့ ... ငါက ထွက်သွား ရမှာလဲ၊ မင်းတို့ကို စောင့်နေတာ ကြာပြီ၊ နည်းနည်း နောက်ကျတယ်။ ”
လင်းယွန် အနေဖြင့်၊ ပထမ ဒုက္ခကို မခံ ယူမီ၊ သွေးအရိုး နယ်မြေအား ကိုင်တွယ် လိုသည်။ သို့မှသာ ဒုက္ခကို အနှောက် အယှက် ကင်းစွာ ကျော်ဖြတ်ခွင့် ရှိမည် ဖြစ်၏။
ပိန်ပိန်နှင့် လူငယ်က မျက်လုံးပြူး လာပြီး၊
“ အိုး ... မင်းက လင်းယွန်လား၊ သတင်း စကားတွေ အတိုင်း၊ မင်းက တကယ် မောက်မာ တာပဲ။ ”
-ဟု ဆို၏။
လင်းယွန် ဟူသော အမည်သည် သင်္ဘော ပေါ်မှ၊ ပုန်းကွယ် ချောင်းမြောင်း နေသူ တိုင်းကို အံ့အားသင့် စေခဲ့သည်။
“ သူက လင်းယွန်လား၊ ဒါဆို တစ်ချိန်လုံး ငါတို့နဲ့ အတူတူ သင်္ဘော ပေါ်မှာ ရှိနေ တာပေါ့။ ”
မကြာသေးမီကပင် လင်းယွန်နှင့် သွေးအရိုး နယ်မြေ အကြောင်း၊ ဆွေးနွေး နေခဲ့သည်။ ယခု နှစ်ဖက် စလုံးက၊ သူတို့ရှေ့ ရောက်ရှိ လာ၏။
“ ပြိုင်ဘက် တိုင်းကို ဓား တစ်ချက် တည်းနဲ့ သတ်မယ် ဆိုတဲ့ လင်းယွန်လား။ ”
“ သူ့ ကြည့်ရတာ ရိုးရိုး အေးအေး လေးပါ၊ မြင့်မြတ် မြေရဲ့ ပါရမီရှင် သုံးဦးကို သတ်ခဲ့ တယ်လို့ မယုံ ချင်ဘူး။ ”
အဝေးမှ ကြည့်ရှု နေသူ များမှာ၊ ကြက်သွေးရောင် တစ္ဆေမြစ် အတွင်း၌ ယင်း ကဲ့သို့ စိတ်ဝင် စားစရာ ပွဲမျိုး ကြုံတွေ့ရ လိမ့်မည်ဟု၊ မမျှော်လင့် ထားမိချေ။
သင်္ဘော ကုန်းပတ် ပေါ်ရှိ လင်းယွန် ကမူ၊ သွေးအရိုး နယ်မြေအား တည်ငြိမ်စွာ ရင်ဆိုင် လိုက်သည်။
တိတိ ပပ ဆိုရ ပါမူ၊ အလယ်၌ ရပ်နေသော လူငယ် ထံ၌သာ၊ သူ့ အာရုံကို ပို့လွှတ် ထားခြင်း ဖြစ်သည်။ ဤလူငယ် ထံမှ ဖိအား အချို့ကို ခံစား နိုင်၏။
“ ဘုန်းနေမင်း ဝိညာဉ်ကို ... လွှဲပြောင်း ပေးပြီး ဒူးထောက် လိုက်ပါ၊ ဒါဆို မင်းအတွက် လွယ်ကူတဲ့ သေခြင်းနဲ့ အဆုံးသတ် ခွင့် ပေးမယ်။ ”
ပိန်ပိန်နှင့် လူငယ်က သူ့အား လျစ်လျူရှု ထားသည့်၊ လင်းယွန်ကို ကြည့်ပြီး၊ အေးစက်စွာ ခြိမ်းခြောက် တော့သည်။
“ မာယု၊ အချိန်ဖြုန်း မနေနဲ့၊ သူ့လို လူက ဒူးထောက်မှာ မဟုတ်ဘူး၊ ခြေထောက် တွေကို ချိုး၊ ပါးစပ်ကို ဖြဲပြီး၊ မျက်လုံးကို ဓားနဲ့ ထုတ်ပစ် လိုက်၊ ... ”
“ ... ဒါမှ မင်း စကားကို သူ နားထောင် လာလိမ့်မယ်၊ မင်းနဲ့ ဖန်းဝူကျိက ဆရာတူ သိုင်း ညီအစ်ကို တွေဆိုတော့ ဒါကို မင်းပဲ တာဝန် ယူလိုက် ... ။ ”
ယွမ်ဟွမ်ထျန်းက ပေါ့ပေါ့ ပါးပါးပင် အမိန့်ပေး လိုက်သည်။
“ စိတ် မပူ ပါနဲ့၊ အစ်ကို ဟွမ်ထျန်း။ ”
မာယု အမည် ရှိသော လူငယ်က ပြုံးပြီး သူ၏ ရောင်ဝါ သမုဒ္ဒရာ သုံးခု လုံးကို တစ်ပြိုင် နက်တည်း၊ ဖြန့်ကျက် လိုက်သည်။
ထို့နောက် မူလ စွမ်းအင်များ လက်ဖဝါးထဲ လောင်းထည့်ကာ၊ လင်းယွန်အား ပါးရိုက်ချ လိုက်သည်။
ရိုက်ချက်မှာ အလွန် ပြင်းထန်လှ သဖြင့်၊ ဒုတိယ ကောင်းကင် ဝိညာဉ် နယ်မြေရှိ၊ သာမန် ပါရမီရှင် တစ်ဦး သည်ပင်၊ ဒုက္ခ ရောက်သွား နိုင်ပေမည်။
“ ဝှစ် ... ။ ”
သို့သော် ထိုလက်ဖဝါးမှာ လိုရာ မရောက် ခဲ့ချေ။ လင်းယွန်၏ မျက်နှာနှင့် လက်မ ဝက်ခန့် အကွာ၌၊ ထက်ရှသော ဓား ရောင်ဝါများ ထွက် လာပြီး၊ ဟန့်တား ခံလိုက် ရသည်။
ဆက်လက် လုပ်ဆောင် ပါက လက်ဖဝါး ကွဲသွားမည် ဖြစ်သည်။ ထို့ကြောင့် ဗျူဟာ ပြောင်းလျက် လင်းယွန်အား ဖမ်းရန် ကြိုးစား လိုက်၏။
“ သွေးနေ အလင်း ဖြာဆင်းခြင်း။ ”
လက်ဖဝါးမှ စူးရှသော အလင်းများ ထွက်ပေါ် လာပြီး၊ လင်းယွန် ဦးခေါင်းထံ ဦးတည် လာသည်။
ဤတိုက်ခိုက်မှုကို ရင်ဆိုင်ရ ချိန်၌၊ လင်းယွန်၏ ခရမ်း ပြာရောင် ဓား အရှိန် အဝါမှာ ပြိုကျမည့်၊ လက္ခဏာများ ပြသ လာခဲ့သည်။
ယင်းကြောင့် မာယုက ပြုံးလိုက်၏။ ပြိုင်ဘက်တွင် ဝိညာဉ်ရေး ဓား ရှိသော်မှ၊ အစစ် အမှန် ခွန်အား အောက်တွင်၊ လုပ်နိုင် စရာ မရှိချေ။
ထိုစဉ်မှာပင် ပြိုကျ နေသော၊ လင်းယွန်၏ ခရမ်း ပြာရောင် ဓား အရှိန် အဝါမှာ၊ ပြန်၍ စုရုံး လာပြီး၊
“ မင်းရဲ့ အခြေခံက၊ အားနည်း နေသေးတယ်၊ ငါ့ ဓားရောင်ဝါ ကိုတောင် မချိုးဖြတ် နိုင်ဘူး ။ ”
-ဟု ဆိုလိုက် တော့၏။
ထို့နောက်တွင် ဝိညာဉ်ရေး ဓား ထွက်ပေါ် လာပြီး၊ ကောင်းကင် တခွင် ကြီးစိုး နေသော အပြာရောင် နဂါး အဖြစ်၊ ပေါင်းစပ် သွားသည်။
လင်းယွန်၏ စကားကြောင့်၊ မာယု မျက်နှာမှာ ရှုံ့တွ သွားသည်။ ချောက်ချား စရာ ကောင်းသော ဖြစ်များကို ကြည့်ပြီး၊ အန္တရာယ် ရှိကြောင်း သဘောပေါက် မိ၏။။
ဖန်းဝူကျိအား တစ်ချက် တည်းနှင့် သတ်နိုင်ခဲ့ သည်မှာ၊ အံ့သြစရာ မရှိ တော့ချေ။ သူပင် တစ်ဖက် လူ၏ ဓားရောင်ဝါကို တွန်းကန်ရန်၊ ခက်ခဲ နေပြီ ဖြစ်သည်။
“ ဟမ့် ... ၊ ဒီလောက်နဲ့ မရ သေးဘူး၊ ... သွေး မီးတောက် မိစ္ဆာဓား။ ”
မာယုက သူ့ လက်ဖဝါးကို ဓါး အသွင် ယူကာ၊ ခုတ်ချ လိုက်သည်။ လက်ဖဝါးမှ အကန့် အသတ်မဲ့၊ ကြက်သွေးရောင် ဓါး အလင်းများ ထွက်ပေါ် လာသည်။
“ မင်းရဲ့ ဓား ရောင်ဝါကို ငါ ခွဲပြီးရင်၊ ဘာဆက်လုပ် နိုင်မလဲ ဆိုတာ ကြည့်မယ်၊ ဟား ဟား ဟား ... ။ ”
မာယုက ကျေနပ် စွာဖြင့်၊ အော်ဟစ် ရယ်မော လိုက်သည်။ ထိုအချိန်တွင် လင်းယွန် မှာ လက်ညှိုး တစ်ချောင်းပင်၊ မြှောက်နိုင် တော့မည် မဟုတ်ချေ။
သို့သော် လင်းယွန်က ပေါ့ပေါ့ ပါးပါနှင့်၊ မာယု၏ တိုက်ခိုက်မှုကို ဆုတ်ဖြဲ ပစ်လိုက်သည်။ နဂါးဓား ရောင်ဝါက ရုတ်တရက် အသက်ဝင် လာသောကြောင့်၊ မာယု ခမျာ အံ့ဩ သွားသည်။
“ မ လုပ် နဲ့ ... ။ ”
အန္တရာယ် ရှိသော ခံစားချက်များ ဝင်ရောက်လာ သဖြင့်၊ နောက်ဆုတ်ချင် စိတ်များ ဖြစ်ပေါ် လာ၏။
သို့သော် သူ မလုပ်ဆောင် နိုင်ခင်၊ အပြာရောင် နဂါးကြီးမှာ လက်သည်း များဖြင့် ကုပ်ချ လာလေပြီ။
ထိုအရှိန်အဝါ အတွင်း ပိတ်မိ နေပြီး၊ လွတ်မြောက်ရန် မဖြစ် နိုင်မှန်း သိလိုက်ရ သဖြင့်၊ ငိုချင်စိတ် ပေါက်လာ၏။
“ ရပ် ... ။ ”
အရိုး အက်ကွဲ သံများ၊ ထွက်ပေါ် လာချိန်တွင်၊ တစ်ချိန်လုံး ရပ်ကြည့် နေသော ယွမ်ဟမ်ထျန်း တစ်ယောက် မျက်နှာ ပြောင်းလဲ သွားပြီး၊ အော်ဟစ် ဟန့်တား လိုက်သည်။
သို့သော် သူ မလှုပ်ရှား နိုင်မီတွင်၊ လင်းယွန်က လက်သီးကို ဆုပ်လိုက်ပြီး၊
“ ငါ့ ခြေထောက် တွေကို ချိုး၊ ငါ့ ပါးစပ်ကို ဖြဲပြီး၊ မျက်လုံး တွေကို ဓားနဲ့ ဖောက်ထုတ်ချင် နေတယ်ပေါ့ ဟုတ်လား။ ”
-ဟု ပြန်မေးလျက်၊ မာယု ဦးခေါင်းအား၊ ထိုးချ လိုက်တော့သည်။
***