မဖြစ် နိုင်ဘူး။
Vol. 67 Ch. 928
“ ဖောင်း ... ။ ”
ဦးခေါင်း ပေါက်ကွဲ သံမှာ ကျယ်လောင်စွာ ထွက်ပေါ် လာသည်။ ထိုနောက် အပိုင်း အစ များ ၊ မီးရှူး မီးပန်းများ ကဲ့သို့၊ ကောင်းကင်ပေါ် ပျံတက် လာသည်။
ဒုတိယ ကောင်းကင် ဝိညာဉ် နယ်မြေမှ ပါရမီရှင် တစ်ဦးသည်၊ ဤသို့ အလွယ် တကူ ထိုးသတ်ခြင်း ခံလိုက် ရ၏။
၎င်းထက် ပို၍ ထိတ်လန့် စရာ ကောင်းသည်မှာ၊ နဂါးနှင့် ဓား ပေါင်းစပ် ထားသည့် ရည်ရွယ်ချက် ပေပင်။
မာယု၏ ဦးခေါင်း မရှိသော ခန္ဓာ ကြီးမှာ၊ ကြမ်းပြင်ပေါ် ပြုတ်ကျ လာသည်ကို၊ လူတိုင်းက မယုံကြည် နိုင်စွာ၊ ကြည့်နေမိ ကြသည်။
( မဖြစ် နိုင်တာ။ )
ပထမ ဒုက္ခ ကိုပင်၊ မဖြတ်သန်း ရသေးသော လူတစ်ဦး အနေဖြင့်၊ မြတ်မြတ် မြေ၏ ဒုတိယ ကောင်းကင် ဝိညာဉ် နယ်မြေ၊ ကျွမ်းကျင်သူ တစ်ဦးအား သတ်နိုင်စရာ နည်းလမ်း မရှိချေ။
ယွမ်ဟမ်ထျန်း တစ်ယောက်၊ အံသြ စိတ်အား မြိုသိပ်လျက်၊ မျက်ဝန်းများ မှေးစင်း ကာ၊ လင်းယွန်ထံ ပြန်ကြည့် မိသည်။
ရန်သူတွင် ဓားတစ်လက် ရှိကြောင်းကို၊ သူသိထားသည်။ ယင်းမှာ ဝိညာဉ်ရေး ဓား ဖြစ် လျှင်ပင်၊ ကန့်သတ်ချက် ရှိရ ပေမည်။
မာယုမှာ ဒုတိယ ဒုက္ခ အတွက်၊ ကြယ်ပုလဲ နှစ်သန်းကို အသုံးပြု ထားသဖြင့်၊ လင်းယွန်အား အလွယ် တကူ အနိုင်ယူ လိမ့်မည်ဟု၊ ထင်ခဲ့၏။
ထိုပမာဏသည် အလယ် အလတ် နယ်မြေ များမှ၊ ပါရမီရှင် များ၏ ခံနိုင် ရည်ထက်၊ များစွာ ကျော်လွန် လေသည်။ သို့သော် လင်းယွန် သတ်ခြင်းကို ခံလိုက် ရ၏။
လေထဲ၌ အဆုံး မရှိသော အပြာရောင် နဂါးဓား အလင်း များက၊ တဖျပ်ဖျပ် ခတ်နေဆဲ ဖြစ်၏။
ယင်းကြောင့် ကျောက်ဖုန် အပါ အဝင် ချောင်းကြည့် နေသူ များက၊ အသက် ပြင်းပြင်း ရှူရှိုက် လိုက်မိသည်။
တစ်စုံ တစ်ယောက်သည် မြင့်မြတ် မြေ၏ ပါရမီရှင် သုံးဦးအား တစ်ချက် တည်းနှင့် သတ်ခဲ့ သည်ကို၊ ကြားစဉ်က မယုံ ချင်ချေ။
မြင့်မြတ် မြေ၏ ပါရမီရှင် များ ဟူသည်၊ ကောင်းကင် လမ်း၌ နတ်ဘုရားများ ကဲ့သို့သော၊ တည်ရှိ မှုမျိုး ဖြစ်ချေသည်။ ထိုအသိ တရားကို လင်းယွန်မှ၊ လုံးဝ ဆန့်ကျင် ပြလာ၏။
( စိတ် မကောင်း စရာပဲ။ )
သူ့ကဲ့သို့ ပါရမီရှင် တစ်ဦး ရှင်သန် နိုင်ပါက၊ ကောင်းကင်လမ်း အဆုံးတွင်၊ တောက်ပစွာ ထွန်းလင်း နေမည်မှာ သေချာသည်။
သို့သော် ... ။ ကျောက်ဖုန်က၊ သက်ပြင်း ချလျက် ခေါင်းယမ်း လိုက်သည်။ လင်းယွန်မှာ သန်မာ သော်လည်း၊ ယွမ်ဟမ်ထျန်း လက်မှ လွတ်မြောက်ရန် နည်းလမ်း မရှိပေ။
နဂါး အဆင့် ပါရမီရှင်များ မည်မျှ ကြောက်စရာ ကောင်းသည်ကို သူ သိသည်။
“ မင်းကို လျှော့တွက် လိုက်မိ ပုံပဲ၊ အရင်တုန်းက နဂါး အဆင့် ဓားသမား တွေနဲ့၊ ရင်ဆိုင်ခဲ့ ဖူးတယ်၊ ဒါပေမယ့် ဘယ်သူ ကမှ မင်းရဲ့ ဓားကို ယှဉ်လို့ မရဘူး။ ”
“ ဒါဆို မင်းက နဂါး အဆင့် ပါရမီရှင် တစ်ယောက်ပေါ့၊ မင်္ဂလာပါ တွေ့ရတာ ဝမ်းသာ ပါတယ်။ ”
ဝိညာဉ်ရေး ဓားမှာ၊ ပိတ်ဆို့ နေပြီး၊ ကောင်းကင်ဓား အဆင့် ရောက်ရှိရန် ခြေ တစ်လှမ်း မျှသာ လိုပေ တော့သည်။
ထာဝရ နဂါး ရောင်ဝါ မရှိ သည့်တိုင်၊ မည့်သည့် ဓား သမားမျှ၊ သူ့ဓားကို ယှဉ်နိုင်မည် မဟုတ်ကြောင်း၊ သူ သိထားသည်။
သွေးအရိုး နယ်မြေသည်၊ ကောင်းကင် လမ်းတွင်၊ ကြောက်စရာ ကောင်းသော်လည်း၊ အသန်မာဆုံး မဟုတ်ချေ။ ထို့ကြောင့် တစ်ဖက် လူ၏ ချီးကျူး စကားကို၊ စိတ်မဝင် စားခြင်း ဖြစ်သည်။
“ မင်းက ငါ ကြားထား တာထက်၊ ပိုပြီး မောက်မာ တာပဲ၊ မင်း မျက်လုံး ထဲမှာ နဂါး တစ်ရာ ကိုတောင်၊ ထည့်ထားပုံ မရဘူး။ ”
တစ်ဖက် လူ၏ ခပ်ရွဲ့ရွဲ့ အသွင်အား၊ ဂရု မစိုက် ဟန်ဖြင့်၊ ယွမ်ဟမ်ထျန်းက ပြုံးကာ ဆို လိုက်သည်။
“ တောင်းပန် ပါတယ် ... ၊ ငါက နဂါး တစ်ရာကို ဂရု မစိုက်တာ မဟုတ်ဘူး၊ မင်းကိုပဲ ဂရု မစိုက် တာပါ၊ ... ”
“ ... ငါသာ မမှားရင် မင်းရဲ့ အဆင့်က၊ နဂါးတစ်ရာမှာ အောက်ခြေနား ကပ်တယ် မဟုတ်လား။ ”
“ ရိုင်းလိုက်တဲ့ တိရိစ္ဆာန် ကောင် ... ၊ မင်းက ငါ့ရဲ့ စီနီယာ အစ်ကိုကို ဒီလို ပြောရဲလား။ ”
ယွမ်ဟမ်ထျန်း အနားတွင်၊ ရပ်နေသော ကျန်လူငယ် တစ်ဦးက လင်းယွန်၏ မောက်မာ မှုကြောင့်၊ ဒေါသ ထွက်သွားသည်။
သို့သော် ယွမ်ဟမ်ထျန်းက သူ့ကို ဟန့်တား လိုက်ပြီး ပြုံးလျက်ဖြင့်၊
“ ထားလိုက် ... ငါ လုပ်လိုက်မယ်၊ သူ့ ထွက်ပြေးတဲ့ အခါ မှသာ၊ မလွတ်အောင် ပိတ်ဆို့ ထားပေးပါ။ ”
-ဟု ပြောလေသည်။ ထို့နောက် လင်းယွန်ထံ ပြန်ကြည့်ကာ၊
“ နဂါး အဆင့် အောက်က လူတိုင်း၊ ပုရွက်ဆိတ် တွေပါပဲ၊ အစက မင်းကို ကိုယ်တိုင် ရင်ဆိုင်ဖို့ ရည်ရွယ်ချက် မရှိ ခဲ့ဘူး၊ ... ”
“ ... မဟုတ်ရင် မင်းအတွက် ဘယ်လိုလုပ် တရား မျှတ မှာလဲ၊ ဒါပေမယ့် မင်းက သေချင် နေ မှတော့ ... ၊ မင်း ဆန္ဒကို ငါ ဖြည့်ဆည်း ပေးပါ့မယ်။ ”
မာယု သေဆုံးမှု အပေါ်၊ ဒေါသ ထွက်ပုံ မရချေ။ နဂါး အဆင့် ပါရမီရှင် တစ်ဦး၏ မာန နှင့် ယုံကြည်မှုမှာ၊ သူ့အရိုး များတွင် နက်နက် ရှိုင်းရှိုင်း အမြစ်တွယ် နေချေပြီ။
ယွမ်ဟမ်ထျန်းမှ ကိုယ်တိုင် ကိုယ်ကျ လှုပ်ရှား တော့မည်ဟု ဆိုလိုက်ရာ၊ ကြည့်ရှုသူ အားလုံးက စိတ်လှုပ်ရှား လာသည်။
အဆုံးတွင် ခွေးဆိုး တစ်ကောင်နှင့်၊ နဂါး အဆင့် ပါရမီရှင် တစ်ဦး၏ ခွန်အားကို မြင်တွေ့ ရတော့မည် ဖြစ်သည်။
“ ဘာပဲ ဖြစ်ဖြစ် ... ၊ မင်း ဒီနေ့ သေရ လိမ့်မယ်။ ”
လင်းယွန်အား စိုက်ကြည့်ကာ၊ ယွမ်ဟမ်ထျန်းမှ ရှေ့ လှမ်းတက် လိုက်သည်နှင့်၊ မြစ်ပြင်၌ ကြီးမားသော လှိုင်းလုံးများ ထွက်ပေါ် လာသည်။
အရှိိန်အဝါ ဖိအားမှာ ကြောက်စရာ ကောင်းချေသည်။ သင်္ဘော တစ်စင်း လုံးပင်၊ တုန်ခါ လာစေ၏။
တစ်ချိန်တည်း မှာပင်၊ ယွမ်ဟမ်ထျန်း တစ်ယောက်၊ မူလ နေရာမှ ရုတ်တရက် ပျောက်ကွယ် သွားတော့သည်။
“ မြန် လိုက် တာ ... ။ ”
တစ်ဖက် လူ၏ အဟုန်ကြောင့်၊ လင်းယွန် ခမျာ၊ မျက်လုံးပြူ သွားသည်။ ဤလူငယ် ထံမှ အန္တရာယ် အငွေ့ အသက်များ၊ ရရှိ နေရသည့် အကြောင်း ရင်းအား နားလည် လာမိ၏။
သို့သော် ဝိဉာဉ်ရေး ဓားဖြင့်၊ သူ့ ပတ်ဝန်း ကျင်အား လွှမ်းခြုံ ထားသည် ဖြစ်ရာ၊ စိုးရိမ်ခြင်း မရှိချေ။
“ ဝှစ် ... ။ ”
မြင်ကွင်းများ ရုတ်တရက် နှေးကွေး လာစဉ်၊ ရေထဲ၌ ကူးခတ် နေသော ငါး တစ်ကောင် ကဲ့သို့ လှုပ်ရှား လိုက်တော့၏။
လင်းယွန် တစ်ယောက် သူ၏ တိုက်ခိုက်မှု များအား၊ ပွတ်ကာ သီကာ ရှောင်တိမ်း နေသည် ကို၊ ယွမ်ဟမ်ထျန်းမှ အံ့သြခြင်း မရှိဘဲ၊ ပြုံးရယ် လိုက်သည်။
“ မင်းရဲ့ ဓားက၊ အရမ်း ထက်တယ်။ ”
စကားသံ ဆုံးသည်နှင့် သူ့ပုံရိပ်မှာ၊ ပုံရိပ်ယောင် ကဲ့သို့ ချက်ချင်း မှုန်ဝါး သွား၏။ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာကို၊ အသုံးပြု လိုက်ခြင်း ဖြစ်သည်။
သူ့ အဟုန်မှာ၊ ‘တိမ်ပေါ် တက်လှမ်း ခြင်း’ထက် များစွာ ပို၏။ ဆယ်ကြိမ် ထိပ်တိုက် တွေ့ဆုံ ပြီးနောက်၊ လင်းယွန် ရင်ဘတ်ကို လက်သီးဖြင့်၊ ထိုးချ နိုင်ခဲ့သည်။
“ ဟား ... ဟား ... ဟား ... ၊ ငါ့ ရှေ့မှာ မင်းက မာနကြီး ရဲတယ်လား၊ ဟမ့် ... ။ ”
ဓား ရောင်ဝါကို ခွဲထုတ်ကာ၊ လက်သီးမှ ရင်ဘတ်ထံ ဦးတည် နေစဉ်၊ ယွမ်ဟမ်ထျန်းက ရယ်မော လိုက်သည်။
ဤတိုက်ခိုက်မှု အတွင်း ထည့်သွင်း ထားသော စွမ်းအား အရ၊ လင်းယွန်ကို ချေမှုန်း နိုင်မည်ဟု၊ သူ ယုံကြည်သည်။
ဝိညာဉ်ရေး ဓားမှာ ကန့်သတ်ချက် အထိ၊ ရောက်ရှိ နေမည် ဆိုလျှင်ပင်၊ အရေး မကြီးချေ။ ကျင့်ကြံမှု ကွာဟချက်၊ မည်မျှ ကြောက်စရာ ကောင်းမည်ကို၊ သိရှိ စေမည် ဖြစ်သည်။
“ ထန် ... ။ ”
လက်သီးက ဓားရောင်ဝါကို ချိုးဖျက်ပြီး၊ ရင်ဘတ်ပေါ် ထိမှန် သွားသည်။ သို့သော် သတ္တု ကိုယ်ထည်အား၊ ထိုးမိ သွား သကဲ့သို့၊ ခံစား လိုက်ရ၏။
အရေပြား ပေါ်၌၊ တောက်ပ နေသော ရူရ်များ၊ ကွဲအက်ကုန် သဖြင့်၊ နဂါး အမှတ် အသားမှ ခရမ်းရောင် လျှပ်စီးများ ပေးပို့ကာ၊ အားဖြည့် ပေးလေသည်။
ယင်းမြင်ကွင်းသည် ယွမ်ဟမ်ထျန်းကို တုန်လှုပ် သွားစေ၏။ ရင်ဘတ်အား ထိုးဖွင့်နိုင် မည်ဟု၊ ယုံကြည် ထားသော လက်သီးမှာ၊ ချပ်ဝတ်ကို ခွဲရုံသာ တက်နိုင် ခဲ့သည်။
အခြား တစ်ဖက်တွင်၊ နဂါး အဆင့် ပါရမီ ရှင်များ မည်မျှ သန်မာ ကြောင်းကို၊ လင်းယွန် တစ်ယောက် သိလိုက် ရသည်။
သို့သော် ၎င်းအပေါ် နစ်မျော နေခြင်းမျိုး မရှိဘဲ၊ တုန့်ဆိုင်း သွားသော ပြိုင်ဘက်အား ပါးရိုက် ချလိုက်သည်။
“ ဖြန်း ... ။ ”
ပါးနှင့် လက်ဝါး ထိသံမှာ၊ ကျယ်လောင်စွာ ထွက်ပေါ် လာပြီး၊ ယွမ်ဟမ်ထျန်း တစ်ယောက် လွင့်ထွက် သွား၏။
သည်မြင်ကွင်းက လူတိုင်းအား ထိတ်လန့် သွားစေသည်။ သူတို့ တစ်သက် နဂါး အဆင့် ပါရမီရှင် တစ်ဦးကို ပါးရိုက် ဝံ့သော ခွေးဆိုးမျိုး မကြုံ ခဲ့ရ သည်မှာ အမှန် ပေပင်။
အိပ်မက် တစ်ခု မဟုတ်ကြောင်း၊ သေချာသွား စေရန်၊ မျက်လုံးများ ပွတ်သပ် လျက်၊ ပြန်မော့ ကြည့်လိုက် ကြသည်။
“ မင်းလို လူ ရှေ့မှာ၊ ငါက မာနကြီး စရာလား၊ ပါးရိုက်တယ် ဆိုတာ ကလည်း၊ ငါ့ လက်တွေ ယားလာလို့၊ မတော် တဆ လွှဲလိုက် မိတာပါ။ ”
လင်းယွန်က သူ့ နှုတ်ခမ်းမှ သွေးစကို သုတ်လျက် ပြုံးလိုက်၏။ သူ စကားပြော နေစဉ် ကွဲကြေ သွားသော ဓားမှာ၊ ပန်းချီကား တစ်ချပ် ကဲ့သို့၊ ပြန်လည် ပေါင်းစည်း လာသည်။
ထာဝရ နဂါး ဓားသည်၊ အမှန်ပင် ထာဝရ တည်မြဲ နေနိုင် သော်လည်း၊ သူ၏ ကျင့်ကြံမှုမှာ အားနည်းလွန်း ချေပြီ။
ယွမ်ဟမ်ထျန်း သည်သာ နောက်ထပ် ထိုးနှက်ချက်များ ဆက်တိုက် ပေးပို့နိုင် ပါက၊ သူ မခံနိုင် တော့ပေ။
ထို့အပြင် ဓားသမား တစ်ယောက် အနေဖြင့်၊ ပြိုင်ဘက်မှ သူ့ဓားအား အကြိမ်ကြိမ် ဖျက်ဆီးခံ နေရသော်၊ ရှက်စရာ ပေပင်။
“ ပြန်ကောင်း လာတာလား။ ”
ထာဝရ နဂါး ဓား၏ ခံနိုင်ရည် အားမှာ၊ အမှန်ပင် ကြောက်စရာ ကောင်းသောကြောင့်၊ ယွမ်ဟမ်ထျန်း မျက်နှာ မည်းတက် သွားသည်။
ချက်ချင်းပင် မူလ စွမ်းအင် များကို အကန့် အသတ်ထိ တွန်းပို့ပြီး၊
“ ဒါပြီးရင် မင်း ပြုံးနိုင် သေးလား၊ ငါ့ ကြည့်မယ်။ ”
-ဟု ဆိုလိုက် တော့သည်။
အငွေ့ အသက်များ၊ လှိုင်းသဖွယ် တဆတ်ဆတ် တုန်ခါ လာချိန်တွင်၊ သင်္ဘော တစ်စင်းလုံး ပြင်းစွာ လှုပ်ယမ်းလျက် ကောင်းကင် တခွင်၊ မှောင်မိုက် သွားခဲ့၏။
သည့်နောက်တွင် ယွမ်ဟမ်ထျန်း ခန္ဓာမှ ကြက်သွေးရောင် အရှိန်အဝါများ သိပ်သည်းစွာ ထွက်ပေါ် လာလေသည်။
“ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာ။ ”
တစ်ဖက်တွင် ချောင်းကြည့် နေမိသော ကျောက်ဖုန် ခမျာ၊ အသားများ တဆက်ဆက် တုန်ယင် လာ၏။
ဘုန်းရွှေ အလင်း ဝိညာဉ် အတွက်၊ တိုက်ပွဲဝင် ခဲ့ကြသော နဂါး အဆင့် ပါရမီရှင် များ၏ တိုက်ပွဲ အပေါ်၊ ပြန် သတိရ သွားခြင်း ဖြစ်သည်။
ကြောက်ရွံ့ မှုကြောင့် ပြေးလို သော်လည်း၊ နောက်ကျ သွားပြီ ဖြစ်၏။ လင်းယွန် နှင့်အတူ သူတို့ အားလုံး သေဆုံးရန် ကံပါ လာပုံ ရသည်။
“ သွေးအရိုး မိစ္ဆာ လက်ဝါး။ ”
အော်ဟစ် ကြုံးဝါး လိုက်ချိန်တွင်၊ ယွမ်ဟမ်ထျန်း မျက်နှာမှာ၊ လွန်လွန် ကဲကဲ ရှုံ့တွ သွားသည်။
သူ့ အတွက် ဤသို့သော အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာ တစ်ရပ်အား ထုတ်ဖော် ရန်၊ မလွယ် ကူကြောင်း သိသာ နေသည်။
ရန်သူ၏ ဓား ရည်ရွယ်ချက်မှာ၊ ထူးဆန်း နေသောကြောင့်၊ ယင်းကို ထုတ်ဖော် ရခြင်းသာ ဖြစ်သည်။
မည်သည့် မတော် တဆမှု မျိုးကိုမျှ၊ မလိုချင် သဖြင့် တက်နိုင် သမျှ၊ မြန်မြန် အဆုံးသတ် ရပေ မည်။
“ မင်း တစ်ယောက် ထဲမှာပဲ၊ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာ ရှိတယ်လို့၊ ထင်နေ တာလား ဟမ့် ... ။ ”
လင်းယွန်က နှာခေါင်း ရှုံ့လျက်၊ ယွမ်ဟမ်ထျန်းအား ပြန်လည် မေးမြန်းလိုက် လေသည်။
***