← Chapters

ကျူပင်ခုတ် ကျူငုတ်ပါ မကျန်။

Vol. 67 Ch. 936

ကျူပင်ခုတ် ကျူငုတ်ပါ မကျန်။

Vol. 67 Ch. 936

ကမ္ဘာ ပေါ်၌ ဓား တစ်ချက် တည်းနှင့်၊ မဖြေရှင်း နိုင်သော အရာများ ရှိသည်။ ထို့ပြင် ဓားချက် တိုင်းသည် တစ်ချက် တည်းသာ ဖြစ်၏။

ခုန်းရွှမ် တစ်ယောက် ၎င်းအား နား မလည်နိုင် ခဲ့သည်မှာ သနား စရာ ပေပင်။ သူ့ အမြင် အရ၊ ကြောက်မက်ဖွယ် ကောင်းသဖြင့် အသုံးပြု ပြီးနောက်၊ မောပန်း နေသင့်သည်။

ထိုအတွေးမှာ လွန်အံ့ မဆိုချေ။ အတိတ် ကာလမှ လင်းယွန်သာ ဆိုပါက၊ အလင်း ပိုးအိမ် ပစ်လွှတ် လိုက်သော်၊ ကောင်းကင် ကြာပန်းကို ဆက်၍ သုံးနိုင်မည် မဟုတ်ချေ။

ပထမ ကောင်းကင် ဝိညာဉ် နယ်ပယ်ကို ရောက်ရှိ ပြီးနောက်၊ ခွန်အားက အသွင်ပြောင်း သွားခြင်း ဖြစ်သည်။ လက်ရှိ အချိန်၌ တတိယ ဓား ထုတ်ဖော် ရန်ပင်၊ ခွန်အား ကျန်နေ သေးသည်။

ပန်းသင်္ချိုင်း ဓားကို ရုတ်သိမ်း နေစဉ်၊ လူတိုင်းမှ တုန်လှုပ် ခြောက်ခြား စွာဖြင့် မော့ကြည့် လာကြသည်။

ခုန်းရွှမ် ဟူသည် နဂါး အဆင့် (၄၇) ၌၊ ရပ်တည်ထား နိုင်သော တတိယ ကောင်းကင် ဝိညာဉ် နယ်ပယ်ရောက်၊ ကျွမ်းကျင်သူ တစ်ဦး ဖြစ်သည်။

လင်းယွန် အနေဖြင့်၊ လွယ်လွယ်နှင့် သတ်နိုင်စရာ အကြောင်း မရှိချေ။ ခုန်းရွှမ်၏ ရယ်သံ များပင် လေထုထဲ ရှိနေ သေးသည်။

“ စီနီယာ အစ်ကို … ။ ”

ယွမ်ဟမ်ထျန်းနှင့် သွေး အရိုး နယ်မြေမှ၊ အထက် တန်းစားများ အားလုံး အံသြ ကြီးစွာ ထိတ်လန့် ကုန်သည်။

ခုန်းရွှမ်ထက် သန်မာသူ ဟူ၍ သွေးအရိုး နယ်မြေ၌ တစ်ယောက်သာ ကျန်ရှိ ပေတော့၏။ ဤမိစ္ဆာနှင့် ရန်ငြိုး စတင် မိသည့် အချိန်ကို ပြန်သွား ခွင့်ရ ပါက၊ ကင်းကင်း နေမိ ပေမည်။

မျက်နှာ များ၌ မယုံကြည် နိုင်ဖွယ် အမူ အရာ များဖြင့် ပြည့်နှက် နေပြီး၊ မျက်လုံးများ ပေါက်ထွက် လုနီးပါး ပြူးကျယ် လာသည်။

ယနေ့မှ စ၍ ခုန်းရွှမ် ဟူသော တစ်စုံ တစ်ယောက်သည် ကောင်းကင် လမ်း၌၊ ထာဝရ ပျောက်ကွယ် သွားပြီ ဖြစ်သည်။

လင်းယွန်၏ အကြည့် များက သူတို့ ထံသို့ ကျရောက် လာရာ၊ ကြောက်ရွံ့ မှုကြောင့် ကျောရိုး တစ်လျှောက် တုန်ယင် သွားသည်။

ယွမ်ဟမ်ထျန်းမှာ ဒဏ်ရာ ရနေပြီမို့၊ ပုံမှန် အတိုင်း၊ သတိ မကပ် နိုင်ချေ။ အေးစက်သော အကြည့် များဖြင့်၊ လင်းယွန်က သူ့ရှေ့ လာရပ် မှသာလျှင်၊ သတိဝင် သွားသည်။

မျက်နှာ တစ်ပြင်လုံး ဖြူဖျော့ သွားပြီး၊ နှုတ်ခမ်းများ တုန်ခါ လာသဖြင့် အံကြိတ်လျက်၊

“ လင်းယွန် ... မင်း စီနီယာ အစ်ကို ခုန်း ကိုတောင် သတ်ပစ် လိုက်ပြီပဲ၊ ငါတို့ကို သတ်ဖို့ မလို ပါဘူး။ ”

-ဟု ဆိုလိုက်သည်။

“ မှန်တယ် ... ၊ စီနီယာ အစ်ကိုနဲ့ မင်းတို့ ကြားက တိုက်ပွဲပဲ၊ ငါတို့နဲ့ မဆိုင်ဘူး၊ မင်း လွန် မလာနဲ့ ... ။ ”

သွေးအရိုး နယ်မြေ၏ အထက် တန်းစား များက၊ လင်းယွန်အား ကြောက်လန့် စွာဖြင့်၊ ဖြေရှင်းချက် ပေးလိုက်သည်။

“ ငါ လွန်သွား တာလား။ ”

ကောင်းကင်လမ်း ရောက်ရှိ ပြီးနောက်၊ သူ ကြားဖူး သမျှ ထဲတွင်၊ ရယ်စရာ အကောင်းဆုံး ဟာသ ဖြစ်ပေသည်။

သူ လွန် သည်လော။ လင်းယွန်က ပြုံးလိုက်သည်။ မည်သူက သူ လွန်သည်ဟု ပြောရဲ သနည်း။

မီးလျှံ မြို့၌ ဖန်းဝူကျိ သတ်ခဲ့သော အသက်ပေါင်း များစွာ အတွက်၊ မည်သူ လွန် သနည်း။

လူတိုင်း အပေါ် ပုရွက်ဆိတ်များ ကဲ့သို့၊ မောက်မာစွာ ရှုမြင် တက်သော မြင့်မြတ်မြေ၏ ပါရမီ ရှင်များ ပင်လော။

သို့မဟုတ် အားနည်းသော ထိုသူများ ပင်လော။ ၎င်းမြင့်မြတ် မြေများ အနေဖြင့်၊ တစ်စုံ တစ်ယောက်အား ရှင်သန်ခွင့် ပေးခဲ့ သည်လော။

“ ဟား ... ဟား ... ဟား ... ။ ”

လင်းယွန်က အတွေးပေါက် လာပြီး၊ အော်ဟစ် ရယ်မော လိုက်ကာ၊

“ ငါက သားသတ် သမား မဟုတ်ဘူး၊ ဒါပေမယ့် တစ်ယောက် ယောက်၊ ငါ့ အသက်ကို သတ်ဖို့ ကြိုးစား လာရင်၊ တန်ဖိုး တစ်ခု ပေးချေ ရလိမ့်မယ်၊ ... ”

“ ... သွေးအရိုး နယ်မြေနဲ့၊ ငါနဲ့ ကြားမှာ ရန်ငြိုး မရှိဘူး၊ ဒါနဲ့တောင် မင်းတို့က ငါ့အပေါ်၊ အမဲလိုက် ရအောင် မင်းတို့ကိုယ် မင်းတို့၊ ဘယ်သူလို့ ထင်နေ ခဲ့တာလဲ၊ ဟမ့် ... ”

“ ... သွေးရိုး နယ်မြေ ဆိုပြီး၊ လူတိုင်းကို ပုရွက်ဆိတ်လို ဆက်ဆံ နိုင်တယ်လို့၊ မင်းတို့ကို ဘယ်သူ ပြောထားလဲ၊ ... ”

“ ... ဓားသမား ဆိုတာ ရန်ပွဲကို မကြောက်ဖူး၊ ဒါကြောင့် ဒီနေ့ မင်းတို့ အားလုံး ကို၊ ငါ သတ်ရ လိမ့်မယ်၊ ပြေးဖို့ မစဉ်း စားနဲ့။ ”

လင်းယွန်က သတ်လိုသော အသွင်နှင့်၊ ကြေငြာ လိုက်ရာ၊ ကျန်ရှိ နေသော သွေးအရိုး နယ်မြေ၏ ကျွမ်းကျင် သူများ အားလုံး လန့်ဖြန့်သွား ကြသည်။

“ လူစုခွဲ ... ။ ”

ယွမ်ဟမ်ထျန်းက လင်းယွန်အား စိုက်ကြည့်ကာ၊

“ မင်း စောင့်ကြည့် နေပါ ... ၊ ငါ့ ရဲ့ သွေးအရိုး နယ်မြေက၊ ဒီနေ့ အတွက် လက်စား ချေ လိမ့်မယ်။ ”

-ဟုဆိုလျက်၊ လူအုပ်နှင့် အတူ၊ လမ်းကြောင်း အမျိုးမျိုး ခွဲထွက်ပြီး၊ ပြေးလွှား လိုက်ကြသည်။

“ မင်းတို့ ... လွတ်နိုင်မယ် ထင်လား။ ”

သတ်ဖြတ် လိုသော ရည်ရွယ်ချက်ဖြင့်၊ ဟစ်အော် လိုက်သော လင်းယွန် အသံမှာ၊ ကောင်းကင်၌ ပဲ့တင်ထပ် လာစဉ်၊ အလင်း ပိုးအိမ်အား ထုတ်ဖော် လိုက်သည်။

ဓားကြိုး ခုနစ်ချောင်း ပြေးထွက် လာပြီး၊ သွေးအရိုး နယ်မြေ၏ အထက် တန်းစား (၇) ယောက် နောက်သို့ လိုက်ပါ သွားလေသည်။

“ သေ ကြ စမ်း ... ။ ”

မီးရှူး မီးပန်းများ ကဲ့သို့၊ ဦးခေါင်း ခုနစ် လုံးမှာ ပေါက်ကွဲ သွား သဖြင့်၊ ပတ်ဝန်းကျင် တစ်ခုလုံး ချက်ချင်း တိတ်ဆိတ် သွားသည်။

တိမ်မီးလျှံ မြို့အား ကောင်းစွာ မြင်ရသော တောင်တန်း တစ်နေရာတွင်၊ အနီရောင် ဝတ်ရုံ ဆင်မြန်း ထားသည့်၊ အမျိုး သမီး တစ်ဦး ရပ်နေသည်။

သူ့ မျက်ဝန်း များရှိ စိုးရိမ်မှု များမှာ၊ လျော့ပါး သွားပြီး၊ အပြုံးများ အစား ထိုးလာ၏။ ၎င်းအနေဖြင့် တိုက်ပွဲအား အစ အဆုံး မြင်ခဲ့ရ ပေသည်။

အစ်ကြီး ယွန်၏ ကြီးစိုး လွန်းသော အမူ အရာမှာ၊ ပို၍ ထည်ဝါ လာသည်။ မြင့်မြတ်မြေ တစ်ခုအား စိန်ခေါ်သည် ဟူသော သတင်းကို ကြားရ ချိန်၌၊ စိတ်ပူ သွားခဲ့သည်။

“ ကြည့်ရတာ ... ၊ ငါ အစိုးရိမ် လွန်နေပုံ ရတယ်၊ အစ်ကိုကြီး ယွန်က အရင်လို ကြည့် ကောင်း နေတုန်းပဲ၊ ခစ် ... ခစ် ... ခစ် ... ။ ”

ထို့နောက် လှည့်၍ ထွက် တော့မည် အချိန်တွင်၊ အနည်းငယ် တုန်ယင် သွားပြီး ပတ်ဝန်း ကျင်အား၊ ပြန်လှည့် ကြည့်လိုက်သည်။ အကြိမ် ပေါင်းများစွာ စစ်ဆေး ပြီးနောက် သက်ပြင်း ချလျက် လှည့်ထွက် သွားတော့၏။

ထိုအချိန်တွင် လင်းယွန်မှာ အောင်ပွဲ ခံနေသည်။ စိန်ခေါ်ပွဲကို အနိုင် ယူကာ၊ အထက် တန်းစား များအား၊ တစ်ယောက် မကျန် သတ်ပစ် လိုက်သည်။

မည်သူမျှ မမျှော်လင့် ထားသော ရလဒ် တစ်ခု ပေပင်။ ကျန်ရှိ နေသော မြင့်မြတ်မြေ များ၏ ပါရမီရှင် များမှာ၊ မာနများ ကြေမွသွား လေသည်။

ဤလင်းယွန်သည် မြင့်မြတ် မြေသော၊ ဘာသော၊ ညာသော၊ ဂရု စိုက်မည် မဟုတ်ချေ။ သူ့ လမ်း၌ ရပ်နေ သူတိုင်းကို သတ်ကာ ဖြတ်ကျော် သွားမည် ဖြစ်သည်။

မီးလျှံနက် နယ်မြေနှင့်၊ ငရဲ တိမ်လွှာ နယ်မြေတို့မှာ၊ ၎င်းတို့၏ တာအို လက်ရာ များကို၊ ပြန်လည် ရယူလို သောကြောင့်၊ ဤပွဲကို တက်ရောက် ခဲ့ကြသည်။

သို့သော် လင်းယွန်က မြင့်မြတ် နယ်မြေ များကို ဂရု မစိုက်ကြောင်း ပြသသည့် အနေဖြင့် သွေအရိုးနယ်မြေ၏ အထက် တန်းစား တိုင်းကို သတ်ပြ လိုက်သော အခါတွင်၊ မည်သို့ ရှေ့ဆက် ရမည်မှန်း မသိ တော့ပေ။

နယ်မြေ နှစ်ခုက ရှေ့ဆက်သင့်- မသင့်၊ အခြေ အတင် ဆွေးနွေး နေချိန်တွင်၊ နဂါးသွေး ကြောင်က အလောင်း များမှ၊ သိုလှောင်အိတ် အားလုံးကို သိမ်းယူ လိုက်သည်။

“ သွားဖို့ အချိန် တန်ပြီ ... ။ ”

ပုခုံးပေါ် ပြန်လည် ခုန်တက် လာသော နဂါးလေး ခေါင်းကို ပုတ်ကာ၊ လူအုပ် ကြီးထံ အကြည့်များ၊ ပို့လွှတ် လိုက်သည်။

သွေး အရိုး နယ်မြေ၏ အစွယ် အပွားများ ကျန်-မကျန် အကဲခတ် လိုက်ခြင်း ဖြစ်သည်။ ထိုနောက် လင်းယွန် ပုံရိပ် ပျောက်ကွယ်သွား သည့်တိုင်၊ လူတိုင်းက သူ့ဓားကို ပြန်လည် စဉ်းစား နေမိဆဲ ဖြစ်သည်။

ဤလင်းယွန်မှာ မာနကြီး သကဲ့သို့၊ ပန်းသင်္ချိုင်း ဟူသော သူ့ဓား သည်လည်း၊ မောက်မာ လှ ချေ၏။

ကောင်းကင် လမ်းရှိ ရတနာ များနှင့်၊ အရင်းအမြစ် များမှာ၊ လူတိုင်း ရယူခွင့် ရှိသည်။ ထို့ကြောင့် ပုရွက်ဆိတ် ဖြစ်လျှင်ပင်၊ ယှဉ်ပြိုင်လို စိတ်ရှိ ပါက ယှဉ်ပြိုင် နိုင်၏။

ယနေ့ ပြီးနောက် နဂါး ပြည်နယ်တွင်၊ ကြောက်စရာ ကောင်းသော ဓားသမား တစ်ဦး ရှိကြောင်း၊ သိရှိ လာကြ ပေလိမ့်မည်။

ခုန်းရွှမ်မှ လင်းယွန်အား ‘ကျွန်’ အဖြစ် ခိုင်းစေ မည်ဟု ဆိုခဲ့ဖူး သော်လည်း၊ ခြေနင်းတုံး တစ်တုံး ဖြစ်လာ ပေသည်။

နေ့ တစ်ဝက်ခန့် ခရီးဆက် လာပြီးနောက်၊ လူသူ တိတ်ဆိတ်သော တောင်တန်း တစ်နေရာ ၌၊ လင်းယွန် တစ်ယောက် ရပ်တန့် လိုက်သည်။

နဂါးလေးက သူ့ပခုံး ပေါ်မှ၊ ရုတ်တရက် ခေါင်းထောင် လာ၏။

“ မိတ်ဆွေ ... ၊ ပုန်းနေဦး မှာလား၊ မင်း ငါ့နောက်ကို ဘာလို့ လိုက်နေ တာလဲ။ ”

အရူး တစ်ယောက် ကဲ့သို့၊ လူသူ အရိပ်အယောင်မျှ မရှိသော ပတ်ဝန်ကျင်အား လင်းယွန်က စကားပြော လိုက်လေသည်။

“ ခစ် ခစ် ခစ် ... ၊ ပန်းသင်္ချိုင်း ... မင်းက တကယ် အထင်ကြီး လောက် ပါပေတယ်၊ မင်း ငါ့ကို တကယ် ထွက်လာ စေချင်တာ သေချာလား၊ ... ”

“ ... ငါ့ကို မြင်တဲ့ လူတိုင်းက၊ သူတို့ရဲ့ ဝိညာဉ် ဒါမှ မဟုတ် အသက်ကို ပေးအပ်လိုက် ရတယ်၊ မင်းရော ဘာကို ပေးအပ် ချင်လဲ။ ”

တိတ်ဆိတ် နေသော ပတ်ဝန်ကျင်၌၊ ရုတ်တရက် သာယာ နာပျော်ဖွယ် ကောင်းသော အသံ တစ်သံ ထွက်ပေါ် လာသည်။

ထို အသံတွင် တစ်စုံ တစ်ဦးအား သတိ လက်လွှတ် ဖြစ်စေသည် အထိ၊ ညို့ငင် နိုင်စွမ်း များ ပါဝင်၏။

ရုတ်တရက် လင်းယွန် နှလုံးသားများ ခုန်ပေါက် သွားသည်။ တစ်ယောက် ယောက်မှ သူ့အား စောင့်ကြည့် နေသည်ဟု၊ တိမ်မီးလျှံ မြို့၌ ရှိစဉ် ကတည်း ကပင်၊ ခံစား နေခဲ့ ရသည်။

သို့သော် သိပ် မသေချာ လှချေ။ မတော် တဆ မှုများ မကြုံတွေ့ ရစေရန်၊ ယွန်ဟမ်ထျန်း တို့ တသိုက်အား လက်စတုံး ပြီးနောက်၊ ချက်ချင်း ထွက်လာ ခဲ့ခြင်း ဖြစ်သည်။

ဤလူသည် သွေး အရိုး နယ်မြေမှ၊ ဖြစ်နိုင် သည်လော။ ထိုအတွေးက သူ့အား ပို၍ တုန်လှုပ် လာစေ၏။

အဘယ့်ကြောင့် ဆိုသော်၊ အသံရှင်သည် ခုန်းရွှမ်ထက် သန်မာ သောကြောင့် ဖြစ်သည်။ အကယ်၍ ထိုအမျိုး သမီး သည်သာ လှုပ်ရှား လိုပါက၊ ခုန်းရွှမ်နှင့် တိုက်ခိုက် နေစဉ် ကပင်၊ လုပ်ဆောင် နိုင်မည်။

( ဟမ့် ... ၊ သူ့ ရည်ရွယ်ချက်က အမှန်က ဘာလဲ၊ ဘုန်းနေမင်း ဝိညာဉ်လား၊ ဒါမှ မဟုတ် ... ဘာဖြစ် မလဲ။ )

ထို့နောက် စိတ်ရှုပ် ထွေးစွာဖြင့်၊ လင်းယွန် တစ်ယောက် သက်ပြင်းချ လိုက်မိ တော့သည်။

***

All Chapters