သဘော တူတယ်။
Vol. 68 Ch. 940
စတုတ္ထမြောက် ကမ္ဘာဦး ဖျက်ဆီးခြင်း သိုင်းဝိညာဉ်သည်၊ ဒဏ္ဍာရီလာ ခွန်ပန် သားရဲ ဖြစ်ချေ၏။
ရှိနှင့် နေပြီးသား ဖြစ်သော အသူရာ နဂါး၊ ချွမ်းချီ ကျားနှင့် မြွေပျံတို့ အနားသို့၊ ခွန်ပန်က တိုးကပ် သွားလိုက်သည်။
သာမာန် ပါရမီရှင်များ အတွက်၊ ကမ္ဘာဦး ဖျက်ဆီးခြင်း သားရဲ ဝိညာဉ် တစ်ကောင် နိုးထ အောင်၊ စွမ်းဆောင်နိုင် ရုံဖြင့်၊ အထင်ကြီး စရာ ပေပင်။
သို့သော် လေးကောင် အထိ၊ နိုးထ လာပြီးနောက်၊ သူ့အား စိတ် မသက် မသာ ဖြစ်လာ စေသည်။
ပို၍ ထိတ်လန့် စရာ ကောင်းသည်မှာ၊ ၎င်းတို့ အားလုံးသည်၊ အမှောင် ထဲမှ ဓားရှည်၏ လက်အောက်ခံများ ဖြစ်ပုံ ရခြင်း ဖြစ်သည်။
ဆိုလို သည်မှာ သူ၏ သိုင်းဝိညာဉ် စစ်စစ်သည်၊ ထို သားရဲ ဝိညာဉ်များ မဟုတ်ဘဲ၊ ဓား တစ်လက်သာ ဖြစ်၏။
ယခု အချိန်၌၊ ဓားကျိုးမှာ လေးပုံ တစ်ပုံ ထွက်ပေါ် လာပြီ ဖြစ်သည်။ ဓား ကိုယ်ထည်က အနက်ရောင် ဖြစ်ပြီး၊ ၎င်းတွင် ဆန်းကြယ်သော ရူရ်များ ပါရှိ၏။
ထို ရူရ် များထံ၊ တစ်ချက် ကြည့်ရုံနှင့်၊ စိတ်ဝိညာဉ် ပျောက်ဆုံး သွားသကဲ့သို့ ခံစား ရပေမည်။
ဤဓား ရှေ့၌၊ သူအား ဦးညွှတ် လိုသည့် ခံစားချက်များ ဝင်ရောက် လာသဖြင့်၊ အလုံးစုံ လွတ်မြောက် လာပါက၊ မည်မျှ တုန်လှုပ်ဖွယ် ကောင်းနိုင် မည်ကို မပြော နိုင်ချေ။
အစောပိုင်း ကာလ များ၌၊ ကမ္ဘာဦး ဖျက်ဆီးခြင်း သားရဲ ဝိညာဉ် များမှာ၊ ဓား၏ ဝိညာဉ်များ ဖြစ်သည်ဟု မှန်းဆ ခဲ့သည်။
ဆိုလို သည်မှာ တစ်စုံ တစ်ယောက်သည် ဤဓားအား သန့်စင်ရန်၊ ၎င်းတို့အား သတ်ကာ၊ သွေးအဆီ အနှစ်နှင့် စိတ် ဝိညာဉ်ကို အသုံးပြု ထားသည်ဟု အဓိပ္ပါယ် ရ၏။
“ ဒီဓားက ငါ့ရဲ့ သိုင်းဝိညာဉ် သာဆိုရင်၊ ဓားတာအိုမှာ ငါ့ရဲ့ စွမ်းရည်က ထိတ်လန့်စရာ ကောင်းနေ လိမ့်မယ်။ ”
မေ့စေ့အား ပွတ်သပ်လျက်၊ တွေးတွေး ဆဆဖြင့်၊ လင်းယွန်မှ ဆိုသည်။ ကောင်းကင် လမ်း၌ ကျွမ်းကျင်သူ အများ အပြားကို၊ သတ်ဖြတ် ခဲ့သော်လည်း၊ သိုင်းဝိညာဉ်ကို အသုံး မပြုရ သေးချေ။
သိုင်းဝိညာဉ် များတွင်၊ ကောင်းကင် ဝိညာဉ်ဟု ခေါ်သော၊ ကံကြမ္မာ ဝိညာဉ် သုံးပါး နှင့်၊ မြေကြီး ဝိညာဉ် ခုနစ်ပါး ဟူ၍ ရှိသည်။
လူ တစ်ဦးတွင် ကောင်းကင်နှင့် မြေကြီး ဟူသော သိုင်းဝိညာဉ် နှစ်မျိုးလုံး၊ ခန္ဓာကိုယ် ထဲ၌၊ မရှိ နိုင်ချေ။ ကောင်းကင် ဝိညာဉ်သာ၊ ရှိပေမည်။
ထိုသိုင်းဝိညာဉ် ကွဲသွား ပါက၊ အကြင် သူသည် ဝိညာဉ် ဆုံးရှုံး နေသော ဖုတ်ကောင် တစ်ကောင်နှင့် အလား သဏ္ဍာန် တူနိုင်၏။
ထို့ကြောင့် အသက်နှင့် သေခြင်း မျိုးသာ မဟုတ် ပါက၊ ၎င်းတို့၏ သိုင်းဝိညာဉ် များကို မည်သူမျှ ခေါ်ဆောင် လိုမည် မဟုတ်ချေ။
သိုင်းဝိညာဉ် များသည် အင်ပါရီယန် နယ်မြေသို့ ရောက်ရှိ ပြီးနောက်၊ အခြားသော ပုံစံဖြင့် အသုံးဝင် နိုင်ကြောင်း၊ သူ ကြားသိ ထားသည်။
အဆိုပါ အကြောင်းအား ပို၍ တွေးမိ လေလေ၊ ခွန်လွန် ဘုံအား ပို၍ စိတ်ဝင်စား လာ လေလေ ဖြစ်သည်။
နောက်ဆုံးတွင် ထိုနယ်မြေ၌ အင်ပါရီယန်များ ကိုပင်၊ စွမ်းအားရှင် များဟု၊ မသတ်မှတ် ထားကြချေ။
ထို့ကြောင့် ခွန်လွန် နယ်မြေသို့ ရောက် ပြီးနောက်၊ သူ့ ခွန်အားမှာ ပုရွက်ဆိတ် အဆင့် သာ၊ ရှိနိုင် ပေမည်။
အခွင့် အရေးများ ရပါက၊ နဂါး တားမြစ် နယ်မြေတွင်၊ ကောင်းမွန်သော အရာ များကို ရိတ်သိမ်း နိုင်ရန်၊ အာရုံစိုက် သင့်ချေပြီ။
သို့မှသာ ယွဲ့ဝေဝေအား ဦးစွာ ကူညီနိုင် ပေမည်။ သူမအား အနိုင်ကျင့်ခံ နေရ ချိန်၌၊ ဘေးထွက် ထိုင်မနေ ချင်ချေ။
ကောင်းကင် ဓားကြောင့်၊ သူ၏ ယုံကြည်မှု များမှာ၊ ပြန်လည် တောက်ပ လာပြီ ဖြစ်သည်။ ယခု အချိန်၌ ထိုအမျိုး သမီးနှင့်၊ ပြန်လည် တွေ့ဆုံ ရသော်၊ နဂါး လေးနှင့် မိုးကြိုး မီးလျှံ ကြာပွတ် အပေါ်၊ အားကိုး နေစရာ မလို တော့ချေ။
သို့သော် အနိုင် ရယူ လိုပါက၊ ခက်ခဲ နေဦးမည် ဖြစ်သည်။ နောက်ဆုံးတွင် သူမ၏ ကျင့်ကြံမှုမှာ၊ စတုတ္ထ ကောင်းကင် ဝိညာဉ် နယ်မြေ၌ ရှိနေသည်။
ထို့ကြောင့် ပို၍ သန်မာ လာစေရန်၊ နေနတ်ဘုရား လက်သီးကို လေ့ကျင့်ရန်၊ မီး စွမ်းအင် အခြေ ပြု၊ သားရဲ အမြုတေအား၊ ရှာဖွေ ရပေမည်။
ကောင်းကင် ဓားဖြင့်၊ တတိယ ကောင်းကင် ဝိညာဉ် နယ်မြေ၊ နတ်ဆိုး သားရဲ တစ်ကောင်ကို၊ အနိုင် ယူရန် အလား အလာ အချို့ ရှိသည်။
သို့သော် ဘုရင် အဆင့် နတ်ဆိုး သားရဲ အများ စုတွင်၊ အစွမ်း ထက်သော မျိုးဆက်သွေး ပါရှိ သဖြင့်၊ တတိယ ကောင်းကင် ဝိညာဉ်ရှိ၊ သာမန် ပါရမီရှင် တစ်ဦးထက်၊ ပိုသန်မာသည်။
ယင်းထက် ဦးစွာ ဘုရင် အဆင့် နတ်ဆိုး သားရဲအား၊ မည်သည့် နေရာတွင် ရှာ၍ တွေ့နိုင် မည်ကို၊ စုံစမ်း ရပေမည်။
ထို့ကြောင့် သတင်း အချက် အလက်များ ရယူရန်၊ နဂါး တားမြစ် နယ်မြေ ထံသို့၊ ဦးတည် လိုက်သည်။ ယင်းမှာ နဂါး ပြည်နယ်၏၊ ဗဟို ဒေသ ဖြစ်သည်။
၎င်းတွင် သတ္တမ ကောင်းကင် အဆင့်၊ နတ်ဆိုး သားရဲများ ရှိချေသည်။ ညရောက်တိုင်း၊ နယ်မြေ တစ်ခုလုံး၊ နတ်ဆိုး သားရဲ များနှင့်၊ ပြည့်နှက် လာမည် ဖြစ်သည်။
ထို့ကြောင့် လုံလောက်အောင် သန်မာခြင်း မရှိ ပါက၊ မည်သူမျှ တစ်ဦး တစ်ယောက်တည်း၊ ခရီးထွက် ရဲမည် မဟုတ်ချေ။
နဂါးလေးက ဒုက္ခ အများ စုကို သူ့ကိုယ်စား ကိုင်တွယ် ဖြေရှင်း ပေးသည်။ ကျွံ့ဝင် လာသော တစ်ကောင် တစ်လေ ကိုသာ၊ လက်စတုန်း ပေးရသည်။
ထို့ကြောင့် သားရဲ အမြုတေ များကို စုဆောင်း လာနိုင်ပြီး၊ နဂါးလေး အတွက် စိတ်ကြိုက် ဖြစ်နေ ခဲ့သည်။
ယွဲ့ဝေဝေ ပေးသော စွမ်းအင် ကျင့်ကြံမှု နည်းစနစ်ကြောင့်၊ နဂါးလေးမှာ ပို၍ အစွမ်း ထက် လာသည်။
ခွန်အား အရ ဆိုပါလျှင်၊ တတိယ ကောင်းကင် ဝိညာဉ် နယ်မြေ ပါရမီရှင် များကို၊ ရင်ဆိုင် နိုင်မည် ဖြစ်သည်။
အနတ္တဓား သို့မဟုတ် သွေးမြွေပွေး ကြာပွတ်ကို အသုံးပြု ပါက၊ ဆိုဖွယ် မရှိ တော့ချေ။
မိုးကြိုး မီးလျှံ ကြာပွတ်အား၊ ကိုင်ခွင့် ပြုလိုက်သော်၊ သူပင် ကြောက်ရ ပေလိမ့်မည်။ မျက်စိ တစ်မှိတ် အတွင်း၊ သုံးရက် ကုန်လွန် သွားသည်။
လမ်း တစ်လျှောက်၊ လူသူ အရိပ် အယောင်မျှပင် မတွေ့ခဲ့ ရချေ။ ဘုရင် အဆင့် သားရဲ များကို ရှာဖွေရန်၊ သတင်း အချက် အလက် လို၏။
ဤအတိုင်းသာ ဆိုပါက၊ မကြာခင် နဂါးတားမြစ် နယ်မြေသို့ ရောက်ရှိ သွားမည် ဖြစ်သည်။ ထိုသို့ မဖြစ်လို သည်မှာ အမှန် ပေပင်။
ယခု အချိန်၌ နဂါး တားမြစ် နယ်မြေသို့၊ ခြေမချ လိုသေး သည်မှာ၊ အချိန် မကျ သေးဟု ယူဆ မိသောကြောင့် ဖြစ်သည်။
ထိုနယ်မြေ၌ သွေးအရိုး နယ်မြေနှင့်၊ သူ့ ရတနာ များကို မက်မောသူ အချို့ ရှိနေ ပါက၊ ခက်ချေ မည်။
ထို့ပြင် နဂါး တားမြစ် နယ်မြေသည်၊ အခြားသော ပြည်နယ်များ ကိုလည်း၊ ဆွဲဆောင် နိုင်ခြင်း မရှိဟု၊ မည်သူမျှ အာမ မခံ နိုင်ချေ။
“ သွားကြ ရအောင်၊ နောက်နှစ်ရက် လောက်ဆို၊ အနီးဆုံး မြို့ကို ရောက်ပြီ၊ အဲ့ဒီမှာ ကျင့်ကြံ သူတွေ ရှိမှာပါ။ ”
လင်းယွန်က မြေပုံကို ပြန်သိမ်းကာ၊ နဂါးလေးအား ခေါင်းပုတ် လိုက်သည်။ နှစ်ရက် အကြာတွင် တောင်ကုန်း တစ်ခုပေါ် ရပ်လျက်၊ အဆိုပါ မြို့အား ကြည့်နေ မိ၏။
သူ့ရှေ့၌ မြင်နေ ရသော ဤမြို့မှာ၊ တိမ်မီးလျှံ မြို့ထက်ပင်၊ ဆယ်ဆခန့် ပို၍ ထည်ဝါ ချေပြီ။
နဂါး တားမြစ် နယ်မြေသို့ နီးကပ် လာပြီ ဖြစ်သဖြင့်၊ လူတိုင်း နီးပါး နယ်မြေ အသီးသီးကို၊ အရူး အမူး ရှာဖွေလာ ကြသည်။
ထို့ကြောင့် ဤမြို့၌ ဘုရင် အဆင့် နတ်ဆိုး သားရဲ၏ အချက် အလက်ကို စုံစမ်းရန်၊ ခဲယဉ်း မည် မဟုတ်ချေ။
သို့သော် သူ့ မျက်နှာအား မပြလို သေးချေ။ မျက်နှာဖုံး တပ်ထား သော်မှ ဓား သေတ္တာက၊ လူ အချို့၏ အာရုံ စိုက်ခြင်း ခံရ မည်မှာ သေချာသည်။
အတွေးထဲ နစ်မေျာ နေစဉ်၊ တောင်ကုန်း တစ်နေရာ၌၊ ဖြတ်သွားသော ပုံရိပ် နှစ်ရိပ်အား မြင်လိုက် ရသည်။
ထိုပုံရိပ် နှစ်ရိပ်ထံ ကြည့်ကာ၊ ‘တိုက်ဆိုင် လိုက်တာ’ ဟု ဆိုလျက်၊ လင်းယွန် တစ်ယောက် ပြုံးလိုက် မိတော့၏။
ယင်းမှာ ချန်ကျန်းနှင့် ရှန့်ယွင်ကျန်း ဖြစ်သည်။ အစောပိုင်း ကာလ၌ သူတို့ အပေါ်၊ လူတိုင်းက၊ ရယ်မော လှောင်ပြောင် ကြသည်။
သို့သော် ဖန်းဝူကျိနှင့်၊ နဂါး အဆင့် (၄၇) ရှိ၊ ခုန်းရွှမ်ကို လင်းယွန်မှ သတ်ပြ လိုက်ပြီးနောက်၊ သူတို့ အဖြစ်မှာ ရယ်စရာ မဟုတ် တော့ချေ။
လူတိုင်းက သူတို့အား မေ့သွား ကြသည်။ ထိုအချိန်က ခုန်းရွှမ်နှင့် လင်းယွန်တို့ တိုက်ပွဲကို လူအုပ် ကြားမှ၊ သူတို့ ကြည့်ခဲ့ ရသည်။
ထိုအကြောင်းကို တွေးမိတိုင်း၊ ကျောက်သား နန်းတော်မှ ရတနာ များကို မမေ့ နိုင်သေးချေ။ လင်းယွန် သန်မာ လာသည်မှာ၊ ထိုရတနာ များကြောင့် ဖြစ်မည်ဟု ယူဆ လာမိသည်။
“ အဲဒီ တုန်းက နည်းနည်းလေး မြန်ခဲ့ ရမှာ ... ။ ”
ချင်ကျန်းက အံကြိတ် လိုက်ပြီး၊
“ ငါတို့ အတွက် နည်းနည်း လေးတောင် မချန်ထား ခဲ့ဘူး၊ တစ်ခု တစ်လေ လောက်သာ ချန်ထား ခဲ့မယ် ဆိုရင်၊ ဒီထက် အဆင်ပြေမှာ ... ။ ”
အတိတ်ကို သတိရ ချိန်၌၊ ရှန့်ယွင်ကျန်း မျက်နှာမှာ၊ မှိန်ဖျော့ သွားသည်။
“ ငါတို့သာ ဒီထက် ပိုပြီး၊ ပြတ်ပြတ် သားသား လုပ်ခဲ့မယ် ဆိုရင်၊ လင်းယွန် ရတဲ့ အရာတွေ အားလုံးနဲ့၊ ရခဲ့ မှာပဲ ... ။ ”
ထောင်စုနှစ် မီးလျှံနှင့်၊ နတ်ကြယ် ပုလဲ များမှာ၊ လင်းယွန် ကြီးထွား လာရသည့် အဓိက အကြောင်းရင်း ပေပင်။
“ မတွေ့တာ ကြာပြီနော် ... ။ ”
နှစ်သား စကား စမြည်ပြော နေချိန်တွင်၊ ရင်းနှီးသော အသံ တစ်သံ ထွက်ပေါ် လာသည်။ ယင်းကြောင့် ထိတ်လန့် သွားပြီး၊ ပြိုင်တူ လှည့်ကြည့် လိုက်မိ၏။
သစ်ပင် တစ်ပင် ပေါ်၌၊ သူတို့၏ မိတ်ဆွေ ဟောင်းကြီး လင်းယွန်က၊ ပြုံးလျက် ကြည့်နေ သည်ကို တွေ့လိုက် ရသည်။
“ လင်း ယွန် ... ။ ”
အံဩ ထိတ်လန့်မှုမှာ ဆိုဖွယ် မရှိချေ။ ‘နေ့ပြော နောက်ကြည့်’ ဟူသော ဆိုရိုး စကား မှာ၊ မှန်နေ ပေ၏။
“ ငါ့နောက် လိုက်ခဲ့ ... ၊ ဒီနေရာက စကား ပြောလို့၊ သင့်တဲ့ နေရာ မဟုတ်ဘူး။ ”
လင်းယွန်က သူတို့ နှစ်ဦး၏ အမူ အယာကို၊ ဂရုမစိုက်ဘဲ တောအုပ် အတွင်း၊ ပြန်၍ လှည့်ဝင် သွားသည်။
ချန်ကျန်းနှင့် ရှန့်ယွင်ကျန်း တို့မှာ၊ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ပြီး၊ တွန့်ဆုတ် လာ၏။
“ သူ ... ဘာလုပ်ဖို့ ကြိုးစား နေတာလဲ။ ”
“ သွားကြည့် ရအောင်၊ ငါတို့ကို သတ်ချင်တယ် ဆိုရင်၊ ငါတို့က သေပြီးသား ဖြစ်နေ ပါပြီ ။ ”
လင်းယွန်၏ ခွန်အား အရ၊ လှည့်ကွက် သုံးနေစရာ မလိုချေ။ နောက်ဆုံးတွင် သူတို့၏ ကြွယ်ဝမှုမှာ၊ လင်းယွန် မျက်စိ ထဲသို့ ဝင်မည် မကြောင်း၊ ပြောနိုင်သည်။
နောက်ပါးမှ လိုက်ပါ လာသော၊ ရှန့်ယွင်ကျန်းနှင့် ချန်ကျန်းတို့အား လင်းယွန်က ရပ်စောင့် နေလိုက်သည်။
ထို့နောက် အချိန် မဖြုန်း တော့ဘဲ၊ ဘုရင်အဆင့် နတ်ဆိုး သားရဲ များ၏၊ အချက် အလက်များ ရှာဖွေ ပေးရန်၊ တောင်းဆို မိသည်။
“ မင်း ... ပါးနပ် လာပြီ၊ လူတော်တော် များများက နဂါး တားမြစ် နယ်မြေမှာ၊ မင်းကို စောင့်နေ ကြတယ်။ ”
ရှန့်ယွင်ကျန်းက ဆိုသည်။ ချန်ကျန်း သည်လည်း ခေါင်းညိတ်လျက်၊
“ ဒီအတွက် ... ၊ ငါတို့က ဘာအကျိုး ကျေးဇူး ရနိုင် မလဲ။ ”
-ဟု မရဲ တရဲ မေးလိုက်သည်။
စိတ်မသင့် ပါက၊ လင်းယွန်မှ သူတို့အား ချက်ချင်း သတ်ပစ် လာနိုင်သည်။ ထို့ကြောင့် ဤမေးခွန်းသည်၊ ရှိစု မဲ့စု သတ္တိ လေးကို၊ စုဆောင်း ထားခြင်း ဖြစ်၏။
လင်းယွန် တစ်ယောက် အပြုံးများ ပျောက်ကွယ်သွား သည်ကို မြင်သော အခါ၊ တုန်လှုပ် လာသည်။
သူတို့ တောင်းဆိုမှုမှာ၊ လွန်သွားမှန်း နားလည် မိ၏။ သို့သော် လင်းယွန်မှ ပြန်ကြည့် ပြီး၊
“ နတ်ကြယ် ပုလဲ ဆယ်လုံး ... ။ ”
-ဟု ဆို လာလေသည်။
ယင်းမှာ ကျောက်သား နန်းတော်၌၊ နတ်ကြယ် ပုလဲများ ရရှိ ခဲ့ကြောင်း၊ ဝန်ခံရာ ရောက်ပေ၏။
“ သဘော တူတယ်။ ”
နောက်ဆုံးတွင် နတ်ကြယ် ပုလဲ (၁၀) လုံး ဟူသည်၊ တန်ဖိုး မဖြတ် နိုင်သော ရတနာများ ဖြစ်ချေ၏။
***