ဒါက ငါ့ရဲ့ ယုံကြည်မှုပဲ။
Vol. 69 Ch. 953
လင်းယွန် အသံ ထွက်လာ မှသာလျှင်၊ လူတိုင်းက သူ့အား သတိရ လာကုန် ကြသည်။ မည်မျှပင် ကြောက်စရာ ကောင်းစေ ကာမူ၊ သားရဲမှာ သားရဲ မျှသာ ဖြစ်ချေသည်။
လျိုမူက လင်းယွန်အား ပြန်လှည့် ကြည့်ပြီး၊
“ မိုရန် ... ၊ အဲ့ဒီကြောင် ငါ့ဆီ မလာ နိုင်အောင် တာဝန် ယူပါ၊ ဒီကောင်ကို ငါ ကိုယ်တိုင် ရင်ဆိုင်မယ်၊ မင်းရဲ့ ယုံကြည်မှု ဘယ်က ရတာလဲ၊ ငါ သိချင်တယ်။ ”
လင်းယွန်အား ဆက်၍ မောက်မာခွင့် ပြုထား ပါက၊ သွေးအရိုး နယ်မြေ ဂုဏ်သိက္ခာ မှာ၊ ရစရာ ရှိတော့မည် မဟုတ်ချေ။
“ စိတ်ချ ... ၊ ဒါက ကြောင် တစ်ကောင်ပါ၊ မင်းကို မနှောက်ယှက် စေရဘူး၊ စိတ်ချ လက်ချ ကိုင်တွယ် နိုင်ပါတယ်။ ”
မိုရန်က နဂါးသွေး ကြောင်အား သတ်ဖြတ် လိုသော အကြည့်ဖြင့်၊ အေးစက်စွာ စိုက်ကြည့် လိုက်သည်။
သူ့ အနေဖြင့် တိုက်ပွဲ အတွင်း နောက်ဆုတ်ပေး လိုက်ရ သော်လည်း၊ ဒဏ်ရာ ကြီးကြီ မားမား မရရှိ ထားချေ။
ထို့ပြင် ကြောင် တစ်ကောင်နှင့် ရင်ဆိုင် နေသဖြင့်၊ ပြစ်တင် ရှုံ့ချ ခံရ နိုင်သော်လည်း၊ ရရှိ လာမည့် အကျိုး အမြတ်မှာ၊ ထိုသူများ မနာလို စရာ ပေပင်။
ဆိုလို သည်မှာ၊ လျိုမူက လင်းယွန်ကို သတ်ပြီးနောက်၊ ဤသားရဲအား ကူ၍ သတ်ပေး ပေလိမ့်မည်။
လင်းယွန်တို့ နှစ်ဦးမှာ၊ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့် နေစဉ် လေထုက တင်းကြပ် လာသည်။
“ မင်းက ... ငါ့နဲ့ တိုက်ချင် တာလား၊ ကောင်းပြီ မင်း ဆန္ဒကို၊ ငါ ဖြည့်ဆည်း ပေးမယ် လာ ... ။ ”
လျိုမူ ခန္ဓာ ကိုယ်မှ၊ အနက်ရောင် အခိုးအငွေ့များ ထွက်လာပြီး၊ မျက်စိ တစ်မှိတ် အတွင်း၊ လင်းယွန်ထံ တွန်းပို့ လိုက်သည်။
ထို့နောက် လက်ဖဝါး အတွင်း ကြက်သွေးရောင် မူလ စွမ်းအင်ကို၊ လောင်း ထည့်ကာ၊ မီတာ သုံးဆယ်ခန့် ရှိသော ဓားပြားကြီး တစ်လက်အား၊ ဆင့်ခေါ် လိုက်သည်။
တစ်ချိန် တည်းမှာပင်၊ လက်ဝါး စောင်းနှင့် ခုတ်ချ လိုက်ရာ၊ ဓားကြီးက လင်းယွန် အပေါ်၊ တအိအိ ပြိုကျ လာ၏။
၎င်းနှင့် အတူ၊ အနက်ရောင် မြူ များ၏ တိုက်စားမှု အောက်တွင်၊ ပတ်ဝန်း ကျင်မှာ မည်းမှောင် သွားသည်။
လက်ဝါးစောင်း မရောက်မီ၊ ရင်ပြင်၌ အက်ကွဲ ကြောင်းများ ပြန့်ကျဲ လာ၏။ တစ်ဖက် တွင် မိုရန်နှင့် နဂါးလေး၏ ရန်ပွဲမှာ၊ အဆင့် သစ်သို့ ရောက်ရှိ လာပြီ ဖြစ်သည်။
“ အချိန် ကောင်းပဲ ... ။ ”
လင်းယွန် မျက်လုံး များ၌ နောက်ပြန် ဆုတ်ရန် ရည်ရွယ်ချက် မရှိဘဲ၊ သတ်ဖြတ် လိုသည့်၊ ဆန္ဒများ ပေါက်ဖွား လာသည်။
ရုတ်တရက် လေထု အလယ်၌ ခရမ်းပြာရောင် နဂါးကြီး တစ်ကောင် ဖြစ်ပေါ် လာကာ၊ လက်ဖဝါး ထဲသို့ တိုးဝင် လာ၏။
ထို့နောက် လက်သီးအား ဆုပ်လျက် ကောင်းကင်ပေါ် ခုန်တက်ပြီး၊ ကြက်သွေးရောင် ဓားရိပ် ကြီးကို ရင်ဆိုင် လိုက်သည်။
နဂါးဓားနှင့် ကြက်သွေးရောင် ဓားတို့၊ ထိပ်တိုက် တွေ့သော အခါတွင်၊ စွမ်းအင် လှိုင်း များက၊ ဒီရေများ သဖွယ် ပျံနှံ့ သွားသည်။
“ ဝုန်း ... ။ ”
ထိုလှိုင်းကို ရှောင်တိမ်းရန် ရုတ်ရုတ် သဲသဲ ဖြစ်လာ ကုန်၏။ ပေါက်ကွဲမှု နှင့်အတူ၊ ရင်ပြင် အနှံ့ တုန်ခါ လှိုင်း များကြောင့်၊ နှစ်ယောက်သား နောက်ပြန်ဆုတ် လိုက်ရသည်။
လျိုမူက ခြေလှမ်း ဆယ်လှမ်း ဆုတ်ခွာ လိုက်ရပြီး၊ လမ်း တစ်လျှောက် နက်ရှိုင်းသော ခြေရာများ ကျန်ထား ရစ်ခဲ့သည်။
လင်းယွန် သည်လည်း၊ အလားတူ ဆုတ်ခွာပေး လိုက်ရ၏။ သို့သော် ဆုတ်ခွာချိန် တိုင်းတွင်၊ ပျံ့ကျဲ နေသော ဓားရောင်ဝါ များကို ပြန်၍ သိပ်သည်း စေသည်။
နောက်ဆုံး ခြေလှမ်းဖြင့် ကိုယ်ဟန်ကို တည်ငြိမ်အောင် ထိန်းယူ နိုင်သော အခါ၌၊ နဂါး ဓား ရောင်ဝါသည်၊ အထွတ် အထိပ်သို့ ရောက်ရှိ သွားပြီ ဖြစ်သည်။
လူအုပ်ကြီးမှာ လင်းယွန်နှင့်၊ လျိုမူတို့ ထိပ်တိုက် တွေ့ဆုံမှု အပြီးတွင်၊ ခွန်အား အရာ၌ လင်းယွန် တစ်ယောက် နိမ့်ကျခြင်း မရှိကြောင်း၊ သတိထားမိ လာသည်။
ကြယ်ဝိညာဉ် ငါးပါး ပိုင်ရှင်များ မှလည်း၊ စိတ်ဝင်စား လာကုန်၏။ လျိုမူ၏ ကျင့်ကြံမှုမှာ စတုတ္ထ ကောင်းကင် ဝိညာဉ် နယ်ပယ်၌၊ မတည်ငြိမ်နိုင် သေးသော်လည်း၊ အခြေခံ အုတ်မြစ် အရ၊ နက်ရှိုင်း ပေသည်။
သူ့ ခွန်အားဖြင့်၊ နဂါး သတ်မှတ် ချက်၌ ထိပ်ဆုံးသို့ တက်လှမ်း ထား နိုင်၏။ သို့သော် ပထမ ကောင်းကင် ဝိညာဉ်ရှိ၊ ဤလင်းယွန်ကို အသာစီး မရ ခဲ့ချေ။
“ စိတ်ဝင် စားစရာပဲ၊ ... ”
လျိုမူက အံ့အားသင့် သွား သော်လည်း၊ ဟန်မပျက် ဖုံးကွယ် လိုက်ကာ၊
“ ... မင်း ဒီလောက် မာနကြီး ဝံ့တာ မဆန်း ပါဘူး၊ မင်းရဲ့ ကျင့်ကြံမှု နည်းစနစ်က မြင့်မားတဲ့ အဆင့်ကို ရောက်နေပြီ မဟုတ်လား၊ ဒါပေမယ့် ငါ့ရဲ့ အခြေခံ အုတ်မြစ်ကို၊ မမီ သေးတာ မင်း အတွက် စိတ်မကောင်း စရာပဲ … ။ ”
စကားဆုံး သည်နှင့်၊ ခန္ဓာ ကိုယ်၌ ကြက်သွေးရောင် အလင်းများ တောက်ပ လာသည်။
ယခု တစ်ကြိမ်၌ သူ့ အရှိန် အဝါမှာ၊ ကြောက်မက်ဖွယ် ကောင်းသော အဆင့်သို့ တိုးလာ ခဲ့၏။
လျိုမူကို လျှော့မတွက် နိုင်မှန်း သိသောကြောင့်၊ လင်းယွန် တစ်ယောက် မျက်မှောင်ကြုတ် လိုက်မိသည်။
ကောင်းကင် ဓားကို မသုံးချင် ပါက၊ ဤလျိုမူအား သတ်ရန် ခက်ခဲ ပေမည်။ လျိုမူမှာ အနား ရောက်ရှိ လာပြီ ဖြစ်သဖြင့်၊ ထို့ထက် ပို၍ စဉ်းစားချိန် မရှိ တော့ချေ။
အပြာရောင် နဂါးဓား ရောင်ဝါကို ကန့်သတ်ချက်ထိ တွန်းတင် လိုက် သဖြင့်၊ တိုက်ပွဲမှာ နောက်တစ်ဆင့် မြင့်တက် သွားသည်။
အထူး သဖြင့် လျိုမူက သွေးလွှမ်းသော ရည်ရွယ်ချက် အပေါ် အားပြုကာ၊ တိုက်ပွဲကို အုပ်စီးပြီး၊ လင်းယွန်၏ သေကွင်း သေကွက် များထံ၊ ဦးတည် လိုက်သည်။
“ ဟိတ် ... ။ ”
သွေးအရိုး နယ်မြေ၏ ထူးခြားသော ဤရည်ရွယ် ချက်က၊ အပြာရောင် နဂါးဓား ရောင်ဝါကို၊ တဖြည်းဖြည်း ဖိနှိပ် လာနိုင်၏။
“ မင်းရဲ့ ဓား ရည်ရွယ်ချက်ကို၊ ဖျက်စီး ပြီးရင်၊ မင်းမှာ ဘာ ဝှက်ဖဲတွေ ရှိလဲ ဆိုတာ ကြည့်ရ အောင်။ ”
လျိုမူ ပတ်ဝန်းကျင်ရှိ ကြက်သွေးရောင် အဆင်း များက၊ သက်ရှိ တစ်ကောင် သကဲ့သို့ တွန့်လိမ် လာသည်။ ထို့နောက် ဓား ရောင်ဝါ အား၊ ဝါးမျိုရန် ကြိုးစား တော့၏။
“ လင်းယွန်ရဲ့ ဝိညာဉ်ရေး ဓားက၊ ပြည့်စုံနေပြီ၊ ဓားတာအိုနဲ့ ပတ်သက် လာရင်၊ ကောင်းကင် လမ်းမှာ သူ့ထက် သန်မာတဲ့ လူ မရှိ ဖူးလို့၊ ငါ ထင်တယ်။ ”
“ ဒါက အရမ်း မိုက်တယ်၊ ဓား ရည်ရွယ်ချက်သာ မသန် မာရင်၊ မိုရန် ကိုတောင် သူ ယှဉ်နိုင်မှာ မဟုတ်ဘူး။ ”
“ ဒါပေမယ့် ... ၊ သူရဲ့ ကျင့်ကြံမှုက အားနည်းချက်ပဲ၊ ဒါကြောင့် လျိုမူသာ မကဖူး၊ ကျန်တဲ့ နယ်မြေတွေ ကတောင်၊ သူ့ကို သတ်ချင် နေကြတယ် … ။ ”
“ နှမျော စရာ ကောင်း လိုက်တာ ... ၊ သူက တကယ် အရည် အချင်း ရှိတဲ့ လူပဲ။ ”
အချို့သော လူငယ် များက၊ လင်းယွန်ကို ကြည့်ကာ ခေါင်းယမ်း မိသည်။ မြင့်မြတ်မြေ အသီး သီးမှ ခေါင်းဆောင်များ သည်သာ၊ လောဘ ဇောဖြင့်၊ စောင့်ကြည့် နေပေ၏။
တစ်ဖက်တွင် ကြယ် ဝိညာဉ် ငါးပါး ပိုင်ရှင် များက၊ လင်းယွန်အား ခေါ်ဆောင် လိုသော ရည်ရွယ် ချက်များ ဖြစ်ပေါ် လာသည်။
လင်းယွန် ဓားမှာ ကောင်းကင်ကို အံတုနေ သော်လည်း၊ ဤမျှ လောက်ဖြင့် ကစားပွဲ များကို လှည့်၍ မရပေ။ သို့သော် မည်သူမျှ ကူညီရန် စိတ်ကူး မရှိ သည်မှာ သဘာဝ ပေပင်။
“ ကြက်သွေးရောင် မိစ္ဆာ လက်သီး။ ”
“ မိုးပြာ နဂါး လောင်ကျွမ်းခြင်း လက်သီး။ ”
လှုပ်ရှားမှု ဆယ်ကြိမ် ပြီးနောက်၊ နှစ်ယောက်သား ကံကြမ္မာ ကိုယ်ခံ ပညာ များကို၊ ထုတ်ဖော် တိုက်ခိုက် လိုက်ကြသည်။
အပြာရောင် နဂါး ပေါ်သို့၊ မီတာ (၃၀၀)ခန့် ရှိသော ကြက်သွေးရောင် အရိုးစု လက်တစ်ဖက် ပြုတ်ကျ လာသည်။
ဖြစ်စဉ် နှစ်ခု တွေ့ဆုံ သွားသော အခါတွင်၊ နဂါး ဟောက်သံ များနှင့် အတူ၊ ပေါက်ကွဲ မှုများ ဖြစ်ပေါ် လာသည်။
ထိုပေါက်ကွဲ မှုမှ လာသော လှိုင်း များက၊ ယဇ် ပလ္လင်ထံ ရိုက်ခတ် သွားပြီး၊ ချက်ချင်းပင် လူအုပ်ထံ ပဲ့တင် ပြန်ရိုက် လာသည်။
ယင်းက လူ အများ အပြား၏၊ အတွင်း အင်္ဂါများ ထံသို့၊ တိုးဝင် လှုပ်ခတ် သွားသည်။ နဂါး ဟောက်သံမှာ၊ စက္ကန့်ပိုင်း မျှသာ ထွက်ပေါ် ခဲ့ခြင်းသည်၊ ကံကောင်းလှ ပေ၏။
လင်းယွန် နှုတ်ခမ်းမှ သွေးများ စီးကျ လာကာ၊ မီတာ ရာဂဏန်းမျှ နောက်ဆုတ် ပေးလိုက် ရသည်။
ယင်းက အခြားသော မြင့်မြတ်မြေ ခေါင်းဆောင် များ၏ လောဘကို ပို၍ တိုးလာစေ၏။
“ လင်းယွန် ဒဏ်ရာ ရသွားပြီ။ ”
လျိုမူ မျက်နှာမှာ၊ အနည်းငယ် ရွှင်မြူး ရိပ်များ သမ်းလာသည်။ သွေးအရိုး နယ်မြေ၏ အထက် တန်းစား များပင် ခေါင်းညိတ် လာကြသည်။
“ လျိုမူ ... ၊ ဒါက အစပဲ ရှိသေးတယ်၊ မင်းအသက်ကို ဒူးထောက်ပြီး တောင်းရမ်းဖို့ ပြင်ထားပါ။ ”
ယုံကြည်ချက် လွန်ကဲ နေသော အသွင်ဖြင့်၊ နှုတ်ခမ်း ထောင့်စွန်းရှိ သွေးစ များကို သုတ်ကာ၊ လင်းယွန် တစ်ယောက် ပြုံးကာ ဆိုမိသည်။
ဤတိုက်ပွဲက သူ၏ လက်ရှိ အင်အားကို ရှင်းလင်းစွာ၊ နားလည် သဘောပေါက် လာစေ သည်။
နတ်ကြယ် ပုလဲ များဖြင့်၊ ကျင့်ကြံမှု ကွာခြားချက်ကို ပိတ်ပစ် နိုင်ပြီ ဖြစ်သဖြင့်၊ မနိုင် လျှင်ပင် လွတ်မြောက် နိုင်ပြီ ဖြစ်သည်။
ဒုတိယ ဒုက္ခအား ဖြတ်ကျော် ပြီးပါက၊ မူလစွမ်းအင်မှာ ယခုထက် ပို၍ သိပ်သည်းကာ၊ အသွင်ပြောင်း သွားမည် ဖြစ်၏။
တစ်ချိန်တည်း မှာပင် သူ့ စကားကြောင့်၊ ဤနေရာရှိ လူတိုင်းက စိတ်ရှုပ်ထွေး သွားကုန် ကြသည်။
ဒဏ်ရာ ရရှိ နေသော်မှ၊ မောက်မာရန် ယုံကြည် မှုကို မည်သည့် နေရာမှ၊ ရရှိ သွားမှန်း မသိ ကြချေ။
သူတို့ အမြင်၌၊ နဂါးသွေး ကြောင်၏ အကူအညီ မပါဘဲ၊ လျိုမူအား ရင်ဆိုင်ရန် မဖြစ် နိုင်ကြောင်း၊ သေချာ လေသည်။
“ ဟား ဟား ဟား ... ၊ ကောင်းပြီ ... ၊ မင်းရဲ့ ယုံကြည်မှု ဘယ်က လာလဲ ဆိုတာ ... ၊ ငါကြည့် ပါရစေ။ ”
လျိုမူ၏ မျက်လုံးများ၊ အေးစက်စွာ တောက်ပ လာပြီး ဆိုသည်။ ထို့နောက် ကြက်သွေးရောင် အရိုး လက်ကြီး တစ်ဖက်အား နောက် တစ်ကြိမ် ဆင့်ခေါ် လိုက်၏။
အရိုး လက်ကြီး ထွက်ပေါ် လာသည်နှင့်၊ ကောင်းကင် တခွင်လုံး နီရဲကာ၊ ကြက်သွေး မြူ များ၊ ရစ်သိုင်း လာသည်။
“ နေနတ် ဘုရား တံဆိပ် ... ။ ”
ထိုစဉ် မှာပင်၊ ရင်ပြင် အနှံ့ အက်ကွဲရာ များနှင့် အတူ၊ နေရောင်ခြည်များ ဖြာကျလာ သကဲ့သို့၊ ရွှေရောင် အလင်းများ လင်းယွန် လက်သီးမှ၊ တိုးထွက် လာသည်။
“ ဝှစ် ... ။ ”
လေထဲ၌ တောင်ပံ လူသား တစ်ဦး ပေါ်လာပြီး၊ အရိုး လက်ကြီးထံ လက်သီးဖြင့် ပြန်လည် ထိုးထုတ် လိုက်သည်။
“ ငါ့ရဲ့ ယုံကြည်မှု ... ၊ ဘယ်က လာလဲ မင်းသိချင် နေတယ် မဟုတ်လား၊ ဒါက ... ငါ့ရဲ့ ယုံကြည်မှု ပဲ။ ”
ခြေလှမ်း တစ်လှမ်း၊ လှမ်းတက် လိုက်သည်နှင့်၊ လင်းယွန် နောက်ရှိ တောင်ပံ လူသား၌ နေမင်းကြီး အလား၊ အလင်း ရောင်များ တောက်ပ လာသည်။
“ ဝေါ့ ... ။ ”
ထို့နောက်တွင် သူ့ လက်သီးမှာ၊ လျိုမူ ရင်ဘတ်ပေါ်၊ ကျရောက် သွားသည်။ ပြင်းထန် လွန်းသော အဟုန်ကြောင့်၊ လျိုမူ တစ်ယောက် သွေး အန်လျက်၊ ယဇ်ပလ္လင်နှင့် တိုက်မိ သွားသည်။
“ ဝုန်း ... ။ ”
“ ..... ။ ”
ယဇ်ပလ္လင် တစ်ခုလုံး ပြင်းစွာ တုန်ခါ သွားပြီး၊ နဂါးဟောက် သံများ နောက်တစ်ကြိမ် ပဲ့တင် ထပ်လာ၏။
“ ..... ။ ”
ထိုနဂါး ဟောက်သံကြောင့်၊ ဖြစ်ပေါ် လာသော အသံလှိုင်း များမှာ၊ အနား ရောက်လာ သဖြင့်၊ လင်းယွန်က ခန္ဓာကိုယ် အတွင်းမှ၊ နဂါး ဟောက်သံ ပြန်ပြုလျက်၊ ချေဖျက် ပစ်လိုက် ရလေသည်။
***