သနားစရာ လူပြက်တွေ။
Vol. 69 Ch. 963
ဒုတိယ ကောင်းကင် ဝိညာဉ်သို့၊ ရောက်ရှိ ပြီးနောက်၊ အသွင်ပြောင်း မှုမှာ၊ သူ့ စိတ်ကူးကို ကျော်လွန် သွားသည်။
တောင်ပံ လူသားအား ထွက်ပေါ် လာသည်နှင့်၊ အချိန်များ ရုတ်တရက် အေးခဲ သွား သကဲ့သို့၊ ဒေသ တစ်ခုလုံး တိတ်ဆိတ် သွားသည်။
တစ်ချိန် တည်းမှာပင် လက်ဖဝါး ပြင်ပေါ်ရှိ တံဆိပ်၌၊ ရွှေရောင် မီးလျှံများ တောက်လောင် လာပြီး၊ တံတောင် ဆစ် ထိတိုင်၊ မီးညွှန့်များ ထိုးတက် လာသည်။
“ အိုး … ။ ”
ဤသည်မှာ ဧကရာဇ် အဆင့် ကံကြမ္မာ ကိုယ်ခံပညာ တစ်ရပ်၏ စွမ်းအား ဖြစ်ချေပြီ။ ဆက်၍ ကြိုးစား ပါက၊ အထွတ် အထိပ် ဧကရာဇ် အဆင့် အထိ၊ ရောက်ရှိ နိုင်၏။
ပြီးမြောက်အောင် စွမ်းဆောင် နိုင်သော်၊ ကံကြမ္မာ ကိုယ်ခံ ပညာ ဟူသော နယ်နိမိတ် ကိုပင်၊ ဖြတ်ကျော် သွားနိုင်သည်။
သို့သော် မလုံလောက် ပါက၊ အုပ်စိုးရှင် အဆင့်၊ ကံကြမ္မာ ကိုယ်ခံ ပညာရပ် အဆင့် သို့ပင်၊ ကျဆင်း သွားနိုင်၏။
ရွှေရောင် သားမွေး မျောက်ဝံ၏၊ ဘုရင် အဆင့် သားရဲ အမြုတေကို သန့်စင် လိုက်သော အခါတွင်၊ ဧကရာဇ် အဆင့်ထိ တက်လှမ်း နိုင်ခဲ့သည်။
သို့သော် ထုတ်ဖော်ရန် ကျင့်ကြံမှု အားနည်း နေသေးသည့် အတွက်၊ ဘုရင် အဆင့် ကံကြမ္မာ ကိုယ်ခံ ပညာ အဖြစ်သာ၊ ထင်မှတ် မိ ကုန်၏။
နောက်ဆုံးတွင် ကောင်းကင်ဓား မပါဘဲ၊ အခြားသော ကြယ်ဝိညာဉ် ပိုင်ရှင် များအား၊ ရင်ဆိုင် လာ နိုင်ပြီ ဖြစ်သည်။
လက်ဝှေ့ ရမ်းကာ၊ နေနတ် ဘုရား တံဆိပ်အား ရုတ်သိမ်း လိုက်၏။ ထိုစဉ်မှာပင် နဂါးလေးက အပြေး အလွှား ရောက်ရှိလာ တော့သည်။
“ ရောက်လာ ပြီလား။ ”
လင်းယွန်က အေးစက်သော အပြုံးဖြင့် ပြန်မေး လိုက်သည်။ လျိုမူနှင့် အပေါင်း အပါ တစ်စု၊ အနက်ရောင် မြူများ အပြင်ဘက်၌ သူ့အား စောင့်နေကြ ပေ၏။
ကျောက်ဆောင်ကြီး တစ်ခု ပေါ်တွင်၊ လင်းယွန်အား စောင့်မျှော် နေသူ လေးဦး ရှိချေ ပြီ။
၎င်းတို့၏ မျက်ဝန်းများ ထဲရှိ သတ်ဖြတ် လိုသော ဆန္ဒများမှာ၊ နှစ်ရက်ကြာ ပြီးနောက် တွင်ပင်၊ ပို၍ ပြင်းထန်လာ ခဲ့သည်။
သူတို့ အားလုံးကို ဤလင်းယွန်မှ စော်ကားထား ပေ၏။ ထို့ကြောင့် မုန်းတီးမှုမှာ၊ အရိုး ထိတိုင် နက်ရှိုင်း ချေသည်။
ပြိုင်ဘက်မှာ မြင့်မြတ် မြေမှ ဖြစ်ပါက၊ အရှုံးကို လက်ခံ နိုင်၏။ အောက်တန်း နယ်မြေမှ ပုရွက်ဆိတ် တစ်ကောင် မျှသာ၊ ဖြစ်နေသော အခါတွင်၊ မခံစား နိုင်တော့ချေ။
“ ဘာပဲ ဖြစ်ဖြစ်၊ သူ သေရမယ်။ ”
လျိုမူက အံကြိတ်လျက် ဆိုသည်။
“ ဒီကောင့် ဒုက္ခက မပြီးသေး ဖူးလား၊ နှစ်ရက် ရှိနေပြီ … ။ ”
ဒေါသဖြင့် ရှကျွယ်မှ ဆိုသည်။ သည့်ထက် ပို၍ သည်းမခံ နိုင်တော့ပေ။
“ ပြီးသွား ပါပြီ၊ သူထွက် လာတော့မယ်၊ မုဇီရီရော ဘယ်မှာလဲ နဂါး ပိတ်လှောင်ခြင်း အစီရင်ကို၊ ခင်းနေတာ မပြီးသေး ဖူးလား။ ”
“ ဟဲ ဟဲ ... ၊ ပြီး ပြီ ... ။ ”
မိုရန်၏ သံသယ မေးခွန်း ဆုံးသည်နှင့်၊ လျိုမူ ဘေး၌ မုဇီရီ တစ်ယောက်၊ ရုတ်ချည်း ထွက်ပေါ် လာကာ၊ ချက်ချင်း ပြန်ဖြေသည်။
“ မင်းက ဘာလို့ ... ၊ ဒီလောက် ကြာနေ ရတာလဲ။ ”
ထို့ကြောင့် လျိုမူမှ မုဇီရန်အား လှည့် ကြည့်ပြီး၊ မကျေ မနပ်ဖြင့် မျက်မှောင်ကြုတ် မေးမြန်း လိုက်သည်။
နဂါး ပိတ်လှောင်ခြင်း အစီရင်ကို ခင်းကျင်းရန်၊ နေရာ များစွာ လိုအပ် သဖြင့်၊ လူအများ အပြား မောင်းထုတ် ခဲ့ရသည်။
“ နဂါးသွေး ပါတဲ့၊ သားရဲ အမြုတေ ဆယ်လုံးနဲ့ ခင်းရတဲ့၊ ဝိညာဉ်ရေး အစီရင်က ခင်းကျင်း ရတာ အရမ်း ခက်တယ်၊ ... ”
“ ... ဒါပေမယ့် အခုတော့ ပြီးသွား ပါပြီ၊ ဒီကောင် သန်မာတယ် ဆိုရင်တောင်၊ သေခြင်း တရား ကနေ လွတ်မြောက် နိုင်စရာ မရှိ ပါဘူး။ ”
နှစ်ရက် လုံးလုံး၊ စိတ်စွမ်းအင် များစွာ သုံးစွဲခဲ့ရ သောကြောင့်၊ မုဇီရီ၏ အသား အရေ မှာ၊ အနည်းငယ် ဖြူဖျော့ နေသည်။
“ စတုတ္ထတန်း ဝိညာဉ် ရေးရာ၊ ဆရာ သခင်ရဲ့ စွမ်းအားကို၊ မင်းတို့ မကြာခင် မြင်ရပါ လိမ့်မယ်၊ ဟား ... ဟား ... ဟား ... ။ ”
ဝတ်ရုံ စကို ရုတ်သိမ်းလျက် မုဇီရီက ဟန်ပါပါ ရယ်မော လိုက်တော့သည်။ ထို့နောက် ကောင်းကင်၌ ပန်းချီကား ဆယ်ချပ် ပေါ်လာပြီး၊ သူ့ခန္ဓာ ကိုယ်ရှိ ဝိညာဉ် ရေးရာ ရူရ် များဖြင့်၊ လျင်မြန်စွာ ချိတ်ဆက် သွားသည်။
ပန်းချီကား များက ကောင်းကင် အနှံ့ ဖြန့်ကျက် ကုန်ပြီး၊ အကန့် အသတ်မဲ့ နာကြည်း ချက်များ ထုတ်လွှတ် လာသည်။
ထို့စဉ် မှာပင် မျက်ဝန်း ဆယ်စုံက၊ သူတို့အား စောင့်ကြည့်လာ သကဲ့သို့ လျိုမူတို့ သုံးဦး ခံစား လိုက်ရသည်။
ပန်းချီကား တစ်ချပ် စီသည်၊ သံကြိုးများ တွဲ့လျောင်း ချနေသော ကြက်သွေးရောင် ကြယ် တစ်စင်းနှင့် တူ၏။
အဆုံးတွင် အစီရင်၏ ထိတ်လန့်ဖွယ် ကောင်းသော၊ အဖျက် စွမ်းအားကို ခံစားလာ မိကြသည်။ ဤတစ်ကြိမ်၌ ကြွားဝါ လွန်းသော မုဇီရီ အပေါ်၊ မိုရန်ပင် ယုံကြည်လာ မိ၏။
“ အထင်ကြီး စရာ ပါပဲ ... ၊ မင်းက စတုတ္ထတန်း ဝိညာဉ် ရေးရာ၊ ဆရာ သခင် တစ်ယောက်၊ ဖြစ်ထိုက် ပါပေတယ်၊”
လျိုမူက အသိ အမှတ်ပြု လိုက်သည်။
“ ဟဲ ဟဲ ဟဲ ... ၊ ပျောက် စေ ... ။ ”
ချီးကျူး စကားကြောင့်၊ မုဇီရီ တစ်ယောက် ကျေနပ် သွားကာ၊ တံဆိပ်အား ထုတ်ဖော်လျက်၊ ပန်းချီကား ဆယ်ချပ်ကို၊ ကောင်းကင်နှင့် ပေါင်းစပ် ပျောက်ကွယ် စေလိုက်သည်။
“ သူ ဒီထဲမှာ တစ်သက် လုံးတော့ ... ၊ ပုန်း မနေ လောက်ဖူး မဟုတ်လား။ ”
ရှကျွယ်က မဲ့ရွဲ့ကာ လှောင်ပြောင် လိုက်သည်။
“ သေချာ တာပေါ့ ... ၊ သူက တကယ့်ကို သန်မာတဲ့ ကောင်ပါ၊ ကောင်းကင် ကပ်ဘေး လောက်နဲ့ မသေ နိုင်ဘူး။ ”
လျိုမူမှ ပြုံးလျက် ပြန်ဖြေသည်။
“ အိုး ... သူ လာပြီ ... ။ ”
ထို့နောက် အနက်ရောင် မြူများ အတွင်းမှ တရွေ့ရွေ့ ချဉ်းကပ် လာသော အရှိန် အဝါအား၊ သူတို့ ခံစား လိုက် ရသည်။
“ အချိန် ကြပြီ၊ ဟား ... ဟား ... ဟား ... ။ ”
မိုရန်က လှောင်ရယ် လိုက်၏။
“ သူ့ရဲ့ ... ကျင့်ကြံမှု အားကောင်း လာတဲ့ အတွက်၊ ဒီကောင် စိတ်လှုပ်ရှား နေမှာ သေချာ တယ်၊ ရက်စက်ခြင်း ဆိုတဲ့ ဝေါဟာရကို သင်ပေး ရမယ်။ ”
လင်းယွန် ထွက်လာမှန်း သိသည်နှင့်၊ စောင့်မျှော် ကြည့်ရှု နေသော လူ အချို့က၊ စိုးရိမ် လာကြသည်။
မြင့်မြတ်မြေ လေးခု ပူးပေါင်း ထားသဖြင့်၊ လင်းယွန် အတွက် လွတ်မြောက်ရာ လမ်း မရှိ တော့ချေ။
“ အစ်ကို မို၊ မင်းက ဘယ်လို ရက်စက်မှု မျိုးကို၊ ငါ့ ပြချင် နေတာလဲ၊ ဟား ဟား ဟား ... မင်းရဲ့ ဘုရင် အဆင့် သားရဲ အမြုတေ လုယူ ခံရ တာထက် ပိုရက်စက် ပြနိုင် ပါ့မလား။ ”
လူရိပ် မထွက် လာခင် ကပင်၊ လင်းယွန်၏ လှောင်ရယ်သံ ဦးစွာ ထွက်ပေါ် လာသည်။
“ လင်းယွန် ...၊ မင်း မလွတ်မြောက် နိုင်တော့ဖူး ဆိုတာ၊ မသိ ဖူးလား၊ ဒူးထောက်ပြီး မင်းရဲ့ ရတနာ တွေကို ... ”
“ ... လွှဲပေးဖို့ ဆန္ဒ ရှိရင်တော့၊ မင်းကို သက်တောင့် သက်သာနဲ့ သေခွင့် ရအောင် စဉ်းစား ပေးနိုင်တယ်။ ”
မိုရန်က လင်းယွန်ကို စိုက်ကြည့်ကာ၊ ဆိုသည်။ တစ်ဖက် လူ၏ အသွင် အပြင်မှာ ယခင် ကနှင့် မတူတော့ သည်ကို၊ သတိပြု မိလိုက်သည်။
သို့သော် မြင့်မြတ်မြေ လေးခု ပူးပေါင်းကာ၊ နဂါး ပိတ်လှောင်ခြင်း အစီရင်ပါ၊ ခင်းကျင်းထား သောကြောင့်၊ စိုးရိမ် စရာ မရှိချေ။
ထို့အပြင် သူတို့ အားလုံးက လင်းယွန်အား သတ်ရန်၊ ဝှက်ဖဲ များကို အကုန် အစင် အသုံးပြု ကြတော့မည် ဖြစ်သည်။
“ ဒီကောင် ပြောင်းလဲ သွားတယ်။ ”
ရှကျွယ်က မျက်မှောင် ကြုတ်လျက် သတိပေး လိုက်သည်။
“ ဟုတ်တယ် ... ၊ မုဇီရီ အစီရင် ခင်းထား မိလို့ သာပဲ၊ မဟုတ်ရင် သူ လွတ်မြောက် သွား နိုင်တယ်။ ”
“ မင်းတို့ နှစ်ယောက် စကားပြော နေဦး မှာလား တိုက်မှာလား၊ သွား ရ အောင် အချိန် မဖြုန်းနဲ့။ ”
“ ဟိတ် ... ။ ”
လျိုမူ ဆော်သြ လိုက်သည်။ ထို့နောက် သုံးယောက်သား လင်းယွန်ထံ ပြေးဝင် လိုက်ကြ ၏။
ဤသည်မှာ စတုတ္ထ ကောင်းကင် ဝိညာဉ် နယ်ပယ်ရောက်၊ ကျွမ်းကျင်သူ (၃)ဦး ဖြစ်ပေ သည်။
ဘုံကျောင်း တိုက်ပွဲ၌ ပြသ ထားသော လင်းယွန်၏ ခွန်အား အရ၊ ပူးပေါင်း တိုက်ခိုက် ခြင်းမှ လွဲ၍ အခြား မရှိချေ။
ထို့ကြောင့် ခွန်အားကို ထိန်ချန်ခြင်း မရှိ တော့ဘဲ၊ ထုတ်လွှတ် လိုက် ကြသည်။ ပြဿနာ ကို ကိုယ်တိုင် ဖြေရှင်းရန်၊ လင်းယွန်မှ ဆုံးဖြတ် လိုက်သည်။
နဂါး လေးအား ဝင် မပါရန်၊ အချက်ပြ လိုက်ပြီး၊ ရှေ့ တစ်လှမ်း တိုးလိုက်သော အခါ တွင်၊ စောင့်ကြည့် နေသူ အချို့က အံ့သြ သွားသည်။
နဂါးသွေးကြောင် မပါဘဲ၊ လျိုမူတို့ သုံးဦးအား ရင်ဆိုင်ရန်မှာ၊ လွန်ကြူးရာ ရောက် ပေသည်။
“ မင်းက ... ၊ တကယ့်ကို မောက်မာ တက်တဲ့ ကောင်ပဲ။ ”
လျိုမူက ဤမြင်ကွင်းကြောင့် ပြုံးလိုက်သည်။ ယင်းသို့ ပြုမူလာ မည်ကို၊ သူ မျှော်လင့် ထားပြီး ဖြစ်၏။
“ ဟား ... ဟား ... ဟား ... ၊ သတ် ... ။ ”
သည်မတိုင်မီ ပြိုင်ဘက် ထွက်ပြေး မည်ကို၊ တစ်ချိန်လုံး စိုးရိမ် နေမိသော မိုရန်နှင့် ရှကျွယ် တို့က၊ သဘော ကျစွာ ရယ်မော လိုက်သည်။
“ ဘုန်း ကျက်သရေ ရှိသော နေမင်းကြီး။ ”
“ နဂါး မိစ္ဆာ ချပ်ဝတ် ... ။ ”
“ ကြက်သွေး မိစ္ဆာ သံလက်သီး။ ”
သုံးဦးသား အပြင်း ထန်ဆုံးသော တိုက်ခိုက်မှု များအား၊ ချက်ချင်း ထုတ်ဖော် လိုက်ကြသည်။
“ ဘယ်လို တောင် ... ၊ သနား စရာ ကောင်းလိုက်တဲ့၊ လူပြက် တွေလဲ။ ”
ဤမြင်ကွင်းကို ကြည့်ပြီး၊ လင်းယွန်၏ မျက်လုံးများ အေးစက်စွာ တောက်ပ လာတော့ လေသည်။
***