← Chapters

နတ်ဘုရားကို သတ်ခြင်း

Vol. 62 Ch. 820

နတ်ဘုရားကို သတ်ခြင်း

Vol. 62 Ch. 820

ကျဲ့ဟွလီနှင့် အတူပူးပေါင်း၍ နတ်ဘုရားတစ်ပါးကို သတ်ရမည်လော။

ချင်မူ တစ်ယောက်တည်း တွေးနေမိသည်။ သူနှင့် ရှုရှန်းဟွာသည် တစ်ယောက်အကြောင်း တစ်ယောက် ‌ကောင်းကောင်းသိသည့်အပြင် ဉာဏ်ကြီးရှင်များ ဖြစ်ကြသောကြောင့် တစ်ယောက်အတွေး တစ်ယောက် ခန့်မှန်းနိုင်ပြီး အလိုက်သင့်လှုပ်ရှားနိုင်ကြ၏။ ကြိုတင်မလေ့ကျင့်ထားလျှင်ပင် နှစ်ယောက်စလုံး အပေးအယူမျှမျှဖြင့် လှုပ်ရှားရင်း ရန်သူကို ရှင်းပစ်နိုင်သည်။

ကျဲ့ဟွလီနှင့်ပတ်သက်၍မူ သူ၏ဓားမသိုင်းနှင့် ဓားမတာအိုကိုတော့ ချင်မူ သံသယမဝင်။ ရှုရှန်းဟွာ လိုက်တွေးနိုင်သလို သူ့အတွေးများကို ကျဲ့ဟွလီ လိုက်တွေးနိုင်ပါ့မည်လား စိတ်ပူရုံသာ ရှိသည်။

မတွေးနိုင်လျှင် အပေးအယူမျှစွာ လှုပ်ရှားရန် ခက်လိမ့်မည်။

သာမန်နတ်ဘုရားနှင့် ရင်ဆိုင်ရမည်ဆိုလျှင် ပြဿနာမရှိသေး။ သို့သော် လင်းရှောင်က သိုင်းအဆင့် အလွန်မြင့်သော နတ်ဘုရားတစ်ပါးဖြစ်ပြီး သိုင်းအခြေခံ ဖျက်စီးထားပြီးနောက်၌ပင် နတ်ဘုရားတစ်ပါးနည်းတူ အင်အားကြီးမားနေသေး၏။

သိုင်းအဆင့်က နိမ့်ကျသွားသော်လည်း သူ၏အတွေးအမြင်နှင့် ဗဟုသုတက အခြားသောနတ်ဘုရားများထက် များစွာသာလွန်သည့်အတွက် ရွာလူကြီး၏ ဓားချက်မှပင် လွတ်မြောက်သွားခဲ့သည်။

ထို့အပြင် သူ၏သိုင်းအခြေခံက မီးအိမ်ထဲတွင် အသေးစားနေလေးတစ်စင်းအဖြစ် ဖွဲ့တည်သွားခဲ့သည်။ ထိုနေတွင် ကိန်းဝပ်နေသည့် ကြောက်မက်ဖွယ်ရာစွမ်းအင်သည် ရွာလူကြီး၏ ဓားပန်းချီ၌ အပေါက်ကြီးတစ်ပေါက်ပင် ပေါက်သွားစေနိုင်ခဲ့၏။

အသေးစားနေအတွင်းရှိ စွမ်းအင် ယခုထက်ထိ မလျော့သေးသည်ကို ကြည့်ခြင်းအားဖြင့် လင်းရှောင်သည် သိုင်းအဆင့် အမြင့်ဆုံးအခြေအနေတွင် မည်မျှသန်မာအားကောင်းခဲ့မည်လဲ စိတ်ကူးကြည့်နိုင်သည်။

ချင်မူနှင့်ကျဲ့ဟွလီအနေဖြင့် စည်းချက်ကျကျ မလှုပ်ရှားနိုင်ပါက သူ့လက်ချက်နှင့်တင် အသက်ထွက်ကြရလိမ့်မည်။

ရုတ်တရက် ချင်မူက နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းကို နောက်တစ်ကြိမ် ထုတ်လွှတ်လိုက်သည်။ သူတို့ပျောက်ကွယ်သွားသည့်အချိန်မှာပဲ အလင်းတန်းတစ်တန်းက သူတို့ ယခုလေးတင် ပုန်းနေခဲ့သော နေရာအပေါ် ဖြာကျလာကာ ပြာချပစ်လိုက်၏။

မီးအိမ်က ပျံသန်းလာပြီး ငလက်မသည် ပတ်ဝန်းကျင်ကို စစ်ဆေးနေသော်လည်း ချင်မူတို့၏အရိပ်အယောင်ကို ရှာမတွေ့ပေ။ သူက ညစ်ကျယ်ကျယ် ရယ်ရင်း ပြောလိုက်သည်။ “မင်းတို့ကောင်တွေ ဘယ်မှာ ပုန်းနိုင်မှာမလို့လဲ... ငါက ဒီသင်္ဘောရဲ့ ဘယ်နေရာမှာ ဘာရှိတယ်ကအစ သိတယ်ကွ... မင်းတို့ ဘယ်လိုမှ မလွတ်ဘူး... ပုန်းစရာနေရာလည်း မရှိဘူး”

ငလက်မလေးသည် မီးအိမ်ထဲမှ ပျံထွက်လာပြီး ခန်းမ၏ ခေါင်းမိုးထက်သို့ ဆင်းသက်လိုက်သည်။ သူ တောင်ပံတဖျတ်ဖျတ်နေစဉ် မီးအိမ်ပွင့်သွားကာ အထဲရှိ နေက သူ့ခြေထောက်အောက်သို့ လွင့်မျောလာသည်။ သူက ၎င်းကို ခြေသည်းများဖြင့် ဖမ်းဆုပ်လိုက်သည်။

သူ၏ခန္ဓာကိုယ်သည် ကြီးထွားလာသလို၊ သူ့ခြေသည်းကြားရှိ နေသည်လည်း ကြီးမားလာ၏။ မကြာခင် သူ၏ခန္ဓာကိုယ်အရွယ်အစားက ကိုက်သုံးရာအမြင့်သို့ ရောက်သွားချေပြီ။ သူ့တွင် ကြက်ခေါင်း၊ လူခန္ဓာနှင့် လည်ပင်းအပေါ်၌ နဂါးအကြေးခွံများ ရှိသည်။ ကျောနောက်ရှိ တောင်ပံများက ရောင်စုံတောက်ပနေသည်။

သူက တောင်ပံများကို ဒေါသတကြီး ခတ်လျက် ခေါင်းမော့ကာ တွန်လိုက်၏။

မိုးသောက်ယံ လင်းကြက်ဖတွန်သံ

သူ့ခြေသည်းကြားရှိ နေသည်လည်း ကိုက်သုံးရာအရွယ်အစား ဖြစ်လာခဲ့ကာ သူ တွန်နေသည်နှင့်အမျှ ကြီးမားသည်ထက် ကြီးမားလာသည်။ ရွှေရောင်အလင်းတန်းများက ဓားပျံများသဖွယ် အရပ်လေးမျက်နှာသို့ ဖြာထွက်သွားသည်။

ရွှပ် ရွှပ် ရွှပ်

နေလုံးကြီးဆီမှ ရွှေရောင်အလင်းတန်းများက တစ္ဆေသင်္ဘော၏အပေါ်ရှိ နန်းဆောင်ခန်းမများကို ထိုးဖောက်သွားသဖြင့် နန်းဆောင်ခန်းမများတွင် အပေါက်များ ပြည့်သွားသည်။ မြေပြင်မှာလည်း ဇကာပေါက်သဖွယ် ပေါက်သွား၏။

လင်းရှောင် တောင်ပံခတ်လျက် ပျံသန်းနေစဉ် သူ့ခြေထောက်အောက်ရှိ နေလုံးကြီးလည်း သူနှင့်အတူ ရွေ့လျားနေသည်။ ရွှေအလင်းတန်းများ မြေပြင်ပေါ် ဖြာကျလျက် နန်းဆောင်ခန်းမများကို မီးလောင်တိုက်သွင်းနေ၏။ ပြင်းထန်လှသည့် အလင်းရောင်ကြောင့် မီးတောက်မီးလျှံများ ထတောက်လာသည်။

လင်းရှောင်က လမ်းတွင်ရှိသမျှ အရာရာတိုင်းအား ဖျက်စီးချေမှုန်းရင်း အပြုံးတစ်ခုဖြင့် ပြောသည်။ “ကောင်းကင်နတ်အရှင်မူ၊ ပုန်းနေစရာ မလိုဘူး... မြန်မြန်ထွက်လာခဲ့”

ချင်မူတို့ဘက်တွင်

ကောင်းကင်နတ်ဧကရီ၏အခေါင်း ထည့်ထားသော နန်းဆောင်အတွင်း၌ အလင်းရောင်တစ်ချက် လက်သွားပြီး ချင်မူနှင့် ကျဲ့ဟွလီ ဖျတ်ခနဲ ပေါ်လာသည်။

“လင်းရှောင် မကြာခင် ဒီရောက်လာတော့မယ်”

ချင်မူ ကျဲ့ဟွလီကို ချပေးလိုက်ပြီး ခန်းမထဲတွင် အလျင်အမြန် ပတ်လျှောက်နေသည်။ “ကျဲ့ဟွလီ၊ ဟင်းလင်းပြင်အပေါ် မင်းရဲ့ အာရုံခံနိုင်စွမ်းက ဘယ်လိုနေလဲ”

ကျဲ့ဟွလီ ရုတ်တရက် မှင်သက်သွားကာ ချင်မူဆိုလိုသည်ကို သိပ်မရှင်းပေ။ “ငါ့ဓားသိုင်းက အားနည်းချက်မရှိပေမယ့် ထုတ်လွှတ်ဖို့ ဟင်းလင်းပြင်ကို သေသေချာချာ အာရုံခံနိုင်ဖို့ လိုတယ်... မင်းနဲ့ငါ အရင်က တိုက်ခိုက်ခဲ့ဖူးတယ်မဟုတ်လား.... ငါ့ဓားကွက်တွေအတွက် ဟင်းလင်းပြင်ထဲ ချမယ့် ခြေလှမ်းတိုင်း ညီမျှနေအောင် တွက်ချက်ဖို့ လိုတာ မင်း သိမှာပါ... အဲဒါမှ ငါ့ဓားချက်တွေက ဟာကွက်မရှိတော့ဘဲ ပြီးပြည့်စုံသွားတာ”

ချင်မူက ခေါင်းညိတ်၍ ရပ်လိုက်သည်။ ထို့နောက် မြေပြင်ပေါ်သို့ အားဖြင့် နင်းချလိုက်၏။

ကျဲ့ဟွလီ သူ့ကို ကြည့်လိုက်သည့်အခါ ချင်မူ့ခြေထောက်အောက်မှ ချီစွမ်းအင် ဖွဲ့တည်လာသည်ကို မြင်လိုက်ရသည်။ ချီစွမ်းအင်သည် သင်္ကေတအမှတ်အသားများအဖြစ် ပြောင်းလဲသွားပြီး သူ ရွေ့လျားနေသည့်အတိုင်း မြေပြင်အပေါ်၌ ခတ်နှိပ်နေ၏။

ဤသင်္ကေတအမှတ်အသားများက အလွန်ရှုပ်ထွေးပြီး သဘောတရားများစွာ ကိန်းဝပ်နေသည်။ ကျဲ့ဟွလီ နားမလည်ပေ။

ချင်မူက ကိုက်နှစ်ဆယ်ဧရိယာအတွင်း၌ အရှေ့၊ အနောက်၊ ဘယ်နှင့် ညာဆီသို့ ထပ်ခါတလဲလဲ လျှောက်နေသည်။ ရုတ်တရက် ချောက်ခနဲ အသံတစ်ချက် ထွက်ပေါ်လာပြီး မြေကြီးထဲတွင် သင်္ဘော၏ ဝမ်းဗိုက်သို့ ဦးတည်နေသော ဥမင်တစ်ခု ပေါ်လာ၏။

ကျဲ့ဟွလီ အံ့အားသင့်သွားသည်။ ချင်မူက ဥမင်ထဲ ဝင်၍ သူ့ကို လက်ယပ်ခေါ်နေသည်။ ကျဲ့ဟွလီလည်း ကပျာကယာ လိုက်သွားပြီး ခပ်တိုးတိုး မေးလိုက်မိသည်။ “ဂိုဏ်းသခင်ချင်၊ ဒီမှာ ဝင်ပေါက်ရှိနေတာ ဘယ်လိုသိလဲ”

“ဒီသင်္ဘောကို ငါ့အစ်ကိုကြီး ဒီဇိုင်းဆွဲထားတာ ဖြစ်လိမ့်မယ်... အခင်းအကျင်းက ငါတို့တန်ခိုးရှင်ဂိုဏ်းရဲ့ လေသင်္ဘောနဲ့ ဆင်တယ်... အဲဒီအခင်းအကျင်းတိုင်းဆို သင်္ဘောရဲ့ ဝမ်းဗိုက်ဆီ ဦးတည်နေတဲ့ ဥမင်က ဒီနေရာတည့်တည့်မှာ ရှိနေမှာ... အဲဒါနဲ့ ငါလည်း စမ်းကြည့်လိုက်တာ”

ချင်မူက အပြုံးတစ်ခုဖြင့် ပြော၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက် လေသင်္ဘောတွေ ငါ တည်ဆောက်ပေးဖူး‌တော့ သင်္ဘောအခင်းအကျင်းကို သေချာသိနေတာပါ”

ကျဲ့ဟွလီ တိတ်ဆိတ်သွားပြီး ရုတ်တရက် မေးလိုက်သည်။ “ဂိုဏ်းသခင်ချင်၊ မင်း မလုပ်ခဲ့ဖူးတာ ဘာရှိသေးလဲ”

နှစ်ယောက်သား သင်္ဘောဝမ်းထဲသို့ ရောက်သည့်အခါ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မှင်သက်သွားကြသည်။

နဂါးအရိုးကြီးများသည် ‌တောင်မှ မြောက်သို့ သွယ်တန်းနေ၏။ နဂါးကြီးတွင် အရိုးများသာ ကျန်တော့သော်လည်း အရိုးများက ရွှေရောင်တောက်နေ၍ သင်္ဘော၏ဝမ်းဗိုက်တစ်ခုလုံး လင်းထိန်နေသည်။

နဂါးအရိုးများအပြင် ခွန်အရိုးများလည်း မြင်တွေ့ရသည်။ တုတ်ခိုင်ကြီးမားသော ခွန်အရိုးကြီးများကို နဂါးအရိုးအပေါ်တွင် စီရိုက်ထားခြင်း ဖြစ်၏။ ခွန်အရိုးများအပေါ်တွင် ထူးဆန်းသော သားရဲသင်္ကေတအမှတ်အသာမျိုးစုံ ရှိနေသည်။ ဤသင်္ကေတများ လင်းလက်လာသည့်အခါ နဂါးအရိုးတို့၏ ရွှေရောင်အလင်းထဲတွင် လွန်စွာမျက်စိပသာဒ ဖြစ်နေတော့သည်။

ထို့အပြင် ကုန်းပတ်၏အောက်၊ ဝမ်းဗိုက်၏ မျက်နှာကြက်အမိုးတွင် ဇာမဏီဖုန့်ဟွမ်တို့၏ ရောင်စုံအမွှေးအတောင်များ ဖုံးလွှမ်းနေသည်။ ကောင်းကင်ထဲက သက်တံတိမ်တိုက်များသဖွယ် ထင်ရပေသည်။

“ခမ်းနားလိုက်တဲ့ သင်္ဘော” နှစ်ယောက်စလုံး တစ်ပြိုင်တည်း ချီးကျူးမိကြသည်။

ချင်မူ ခြေလှမ်းများကို ရပ်၍ ဓားစက်လုံးထုတ်လိုက်သည်။ သူက ပတ်ဝန်းကျင်ကို ကြည့်ရှုရင်း မဆီမဆိုင် ထပြောသည်။ “ငါ တစ်ခါမှ ကလေးမမွေးဖူးဘူး.... ဧကရာဇ်အတိုင်ပင်ခံက ငါ့ကို စာအုပ်တစ်အုပ်ပေးပြီး ကလေးရအောင် လုပ်နည်း ပြတယ်.... အဲဒီစာအုပ်ထဲက ယောက်ျားနဲ့မိန်းမက ရှုက်စရာကိစ္စတွေ လုပ်နေတာ”

သူက စာအုပ်ထဲရှိ ယောက်ျားနှင့် မိန်းမကို တွေးလိုက်မိသည်နှင့် တစ်ဖက်သို့ ခေါင်းလှည့်သွားကာ ရှက်နေသည်။

ကျဲ့ဟွလီနှင့် မိစ္ဆာဓားမမှာ မျက်လုံးပြူးနေကြပြီး ရယ်ရခက်၊ ငိုရခက် ဖြစ်နေသော အမူအရာများ ရှိနေကြ၏။

ချင်မူ လက်တစ်ချောင်းကို အသာအယာ တောက်လိုက်သည့်အခါ ငွေရောင်ကြိုးတစ်ချောင်းက တစ္ဆေသင်္ဘော၏ အတွင်းနေရာကို တိုင်းတာရန် ထွက်သွားသည်။ သူက နဂါးအရိုးများ၊ ခွန်အရိုးများကို သေသေချာချာ တိုင်းတာနေပြီး များစွာမကြာလိုက်ဘဲ လိုအပ်သော အချက်အလက်များ ရသွားသည်။

လင်းရှောင်က နေလုံးကြီးနှင့်အတူ ဤနန်းဆောင်ခန်းမအပေါ်သို့ ရောက်လာခဲ့သဖြင့် ဥမင်အပြင်မှ အလင်းရောင်များ ဝင်လာသည်။ နေ၏ ဓားအလင်းတန်းများက ခန်းမကို သဲကြီးမဲကြီး ဖျက်စီးနေ၏။ မကြာခင် ခန်းမပြိုကျသွားပြီး ဥမင်လည်း ပေါ်လာလိမ့်မည်။

ချင်မူ ဓားစက်လုံးကို တင်းတင်းဆုပ်၍ မျက်လုံးပိတ်လိုက်သည်။ တခဏကြာသော် သူက မျက်လုံးပြန်ဖွင့်လိုက်ပြီး ဓားစက်လုံးက ရတနာဓားတစ်လက်အသွင် ပြောင်းသွား၏။

သူက လေပေါ် ခုန်လိုက်ကာ ဓားကို ကိုင်လျက် သင်္ဘော၏ဝမ်းဗိုက်အတွင်း၌ တရှိန်ထိုး ပြေးထွက်သွားသည်။ သူ၏လှုပ်ရှားမှုများသည် ကြော့ရှင်းလှပနေပြီး ဓားချက်များက လူးလွန့်နေသော နဂါးများသဖွယ် ထွက်ပေါ်လာ၏။ ချင်မူကား ဓားကို စုတ်တံသဖွယ် အသုံးချကာ နဂါးရိုးများနှင့် ခွန်အရိုးများအပေါ် မှင်စက်များ ပက်ဖြန်းနေသယောင် ထင်ရပေသည်။ သင်္ဘော၏ခန္ဓာကိုယ် စာရွက်ပမာ သဘောထားလျက် သူသည် ခံစားချက်များအား လွတ်လပ်စွာ ထုတ်ဖော်နေတော့၏။

မကြာမီ သူက အပေါ်သို့ ပျံတက်သွားပြီး မျက်နှာကြက်အမိုးနှင့် အပြိုင် ရွေ့လျားနေသည်။ လျင်မြန်လှသော ဓားချက်များက သက်တံရောင် ငှက်အမွှေးများအကြားသို့ သင်္ကေတအမှတ်အသားများ ခတ်နှိပ်နေသည်။

ဝှစ်

ချင်မူ လေလယ်မှ ဆင်းလာသည်။ မြေပြင်ထက်မှ ဆယ်ကိုက်ကွာသည့်အချိန်တွင် သူ့လက်ကောက်ဝတ်က လှုပ်ခါသွားပြီး ဓားကို လွှဲယမ်းလျက် မြေပြင်ပေါ်တွင် ရေးသားနေသည်။

ဓားသံများက တရစပ် ပျံ့လွင့်နေသည်။ တစ္ဆေသင်္ဘော၏ အတွင်းနေရာမှာ အတိုင်းထက်အလွန် ကျယ်ဝန်းလှပြီး ကိုက်သုံးရာအထိ ရှည်သည်။ ချင်မူသည် မြေပြင်နှင့် အနီးကပ် ရွေ့လျားနေပြီး သူ၏ဓားရောင်များက မိုးရွာကျသည့်နှယ် ရွာကျလာ၏။ များစွာမကြာလိုက်ဘဲ သူကား တောင်မှ မြောက်သို့ ရောက်သွားကာ သင်္ကေတအမှတ်အသားများ ရေးပြီးချေပြီ။

သူက ရပ်၍ လေထဲတွင် ပျံဝဲနေသည်။

ကျဲ့ဟွလီ လှည့်ပတ်ကြည့်ရှုလိုက်သည့်အခါ တောင်မှမြောက်သို့ သွယ်တန်းနေသော နဂါးအရိုးများအပေါ်၌ ထင်းလင်းနေသော သင်္ကေတအမှတ်အသားမျိုးစုံ မြင်လိုက်ရသည်။ မျက်နှာကြက်အမိုးတွင်လည်း သင်္ကေတအမှတ်အသားများဖြင့် ဖွဲ့တည်ထားသော ရုပ်ပုံများ ရှိပြီး ‌တောင်မှမြောက်အတိုင်း စီတန်းနေ၏။

သို့သော် သင်္ဘော၏ကိုယ်ထည်မှာ ကြီးမားလွန်းသည် မဟုတ်ပါ၏လော။ ချင်မူမှာ အပိုင်းတစ်ပိုင်းတွင်သာ သင်္ကေတအမှတ်အသားများ ခတ်နှိပ်နိုင်ခဲ့၍ သင်္ကေတအမှတ်အသားများ ကင်းမဲ့နေသော နေရာများ ရှိနေသေးသည်။

“ဂိုဏ်းသခင်ချင်၊ အခုလို လုပ်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ” ကျဲ့ဟွလီ ဇဝေဇဝါ ဖြစ်နေသည်။

ချင်မူ့ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး အလွန်ပင်ပန်းနေကြောင်း သိသာသည်။ သူ့လက်ထဲရှိ ရတနာဓားက ရုတ်တရက် ဓားစက်လုံးအသွင် ကျုံ့သွား၏။

ဓားစက်လုံးက ရုတ်တရက် ပြန့်ကားလာသည်။

မရေမတွက်နိုင်သော ဓားရောင်များ သင်္ဘော၏အတွင်းနေရာထဲတွင် ပြည့်နှက်သွားကာ ဟိုမှသည် ကူးလာဖြတ်ပြေးနေကြသည်။ ချင်မူ ခတ်နှိပ်ထားသော သင်္ကေတအမှတ်အသားများသည် လင်းထိန်လာ၍ သူတို့မျက်လုံးများ ကျိန်းစပ်သွားကြသည်။ ဓားပျံများကား သင်္ကေတအမှတ်အသားများအတွင်းရှိ စွမ်းအားကို အသက်သွင်းပေးလိုက်ပုံရသည်။

မရေမတွက်နိုင်သော သင်္ကေတအမှတ်အသားများဆီမှ အလင်းရောင်တို့က လူးလာပျံသန်းနေသော ဓားရောင်အပေါ်သို့ ဖြာကျသွားသည့်အခါ ရောင်ပြန်ဟပ်ကြသည်။ မျက်နှာကြက်အမိုး၊ အောက်မြေပြင်၊ ဘယ်ညာနံရံတို့အပေါ်တွင် သင်္ကေတအမှတ်အသားများ ပိုပို၍ များပြားလာကြသည်။ ပို၍လည်း ရှုပ်ထွေးလာကြသည်။

ကျဲ့ဟွလီမှာ မှင်သက်နေတော့သည်။ ရုတ်တရက် ဓားရောင်အားလုံး ပျောက်ကွယ်သွားပြီး တဝီးဝီးလည်နေသော ဓားစက်လုံးအသွင် ဖွဲ့တည်သွားကာ ချင်မူ့မျက်ခုံးနှစ်ဖက်အရှေ့တွင် ရပ်တန့်သွား၏။

သင်္ကေတအမှတ်အသားများကမူ သင်္ဘောအတွင်း၌ ကခုန်ကူးခတ်လျက် ရှိနေသေးသည်။

ချင်မူ၏ ဘယ်လက်နှင့် ညာလက်၏ လယ်ညှိုးနှင့် လက်ခလယ်များ ပူးကပ်သွားကြပြီး လက်မများက လက်သူကြွယ်နှင့် လက်သန်းအပေါ် ဖိလိုက်ကြသည်။

ညာလက်၏ ဓားလက်ချောင်းက ချင်မူ၏မျက်ခုံးနှစ်ဖက်ကြားနေရာအရှေ့တွင် ဒေါင်လိုက် နေရာယူပြီး၊ ဘယ်လက်၏ ဓားလက်ချောင်းက ညာလက်၏ လက်ကောက်ဝတ်ကို ထိထားသည်။ လက်နှစ်ဖက်စလုံး ဖြည်းဖြည်းချင်း နိမ့်ဆင်းလာသည်။

တစ်ချိန်တည်းမှာပင် သူ၏ကျောနောက်၌ လက်အရိပ်များ ပေါ်လာပြီး လက်တစ်ထောင်က မတူညီသော ဓားကျင့်စဉ်များ ဆုပ်ကိုင်ထားသည်။ လက်အားလုံးသည် တဖြည်းဖြည်း ကျဆင်းလာကာ သူ၏လက်နှစ်ဖက်နှင့် ပူးကပ်သွားကြ၏။

အဆုံးသတ်တွင် လက်တစ်ထောင်ပုံရိပ်များ ပျောက်ကွယ်သွားသည်။

“ရပ်”

ချင်မူ ခပ်အုပ်အုပ် အော်လိုက်သည့်အခါ သင်္ဘော၏အတွင်းနေရာထဲ၌ ပြေးလွှားနေသော သင်္ကေတအမှတ်အသားများသည် မျက်နှာကြက်အမိုး၊ အောက်မြေပြင်နှင့် နံရံလေးဖက်ဆီသို့ ဆက်တိုက် စိုက်ဝင်သွားကြ၏။ သင်္ကေတအမှတ်အသားများက လင်းလက်နေရာမှ တဖြည်းဖြည်း မှေးမှိန်သွားပြီး မတူညီသော ပန်းချီခုနစ်ဆယ့်နှစ်ခု ပေါ်လွင်လာသည်။

ချင်မူမှာ မောဟိုက်ပင်ပန်းစွာ အသက်ရှူရင်း ‌လေထဲမှ ပြန်ဆင်းလာသည်။ သူက မြေပြင်အပေါ်သို့ ဒူးတစ်ဖက်ထောက်လျက် ကျသွားပြီး ချီစွမ်းအင်လည်း ပြင်းပြင်းထန်ထန် ကုန်ခမ်းသွား၏။

“ဂိုဏ်းသခင်၊ မင်းရဲ့ ဓားတာအိုကို အပိုင်းပိုင်းခွဲပြီး သင်္ဘောထဲ ရိုက်ထည့်လိုက်တာလား”

ကျဲ့ဟွလီသည် တဖြည်းဖြည်း မှေးမှိန်သွားသော ရုပ်ပုံခုနစ်ဆယ့်နှစ်ခုကို ကြည့်ပြီး အလေးအနက် ပြော၏။ “မဟုတ်ဘူး... ဓားတာအိုရဲ့ ကောင်းကင်နတ်သိုင်းတွေတင် မဟုတ်ဘူး... သိုင်းတာအိုရဲ့ ကောင်းကင်နတ်သိုင်း၊ ဝင်္ကပါပညာရဲ့ ကောင်းကင်နတ်သိုင်း၊ ဓားမသိုင်းရဲ့ ကောင်းကင်နတ်သိုင်းတွေလည်း ပါတယ်... အမ် သံလိုက်ဆွဲအားကောင်းကင်နတ်သိုင်းလည်း ရှိနေပါလား... ငါ အမိကမ္ဘာမြေရဲ့ နေရာမှာ သံလိုက်ဆွဲအား ကောင်းကင်နတ်သိုင်း မြင်ခဲ့ဖူးတယ်... မင်းက ပန်းချီတာအိုကောင်းကင်နတ်သိုင်းကို သုံးပြီး ပန်းချီခုနစ်ဆယ့်နှစ်ခု ပြောင်းလဲပစ်လိုက်တာပဲ... စုစုပေါင်း ကောင်းကင်နတ်သိုင်း ခုနစ်ဆယ့်နှစ်ကွက်ပေါ့.... ကောင်းကင်နတ်သိုင်း ခုနစ်ဆယ့်နှစ်ကွက်ကနေ လူသတ်ဝင်္ကပါကွင်းဆက်တစ်ခု ဖြစ်ပေါ်လာတယ်... မင်းက တကယ့် အရူးလွယ်အိတ်ပဲ... ပညာရပ်တွေအများကြီး ရောနှောထားနိုင်တယ်”

ချင်မူက ခေါင်းညိတ်သည်။ သူက လောသခင်ခန္ဓာအမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်ရင်း ချီစွမ်းအင် ပြန်ဖြည့်ရန် ကြိုးစားနေ၏။ သူ့အသံမှာ အနည်းငယ် အက်ကွဲနေချေပြီ။ “အခု ဝင်္ကပါတွေ ခင်းလိုက်ရလို့ ငါ့ချီစွမ်းအင် ကုန်ခမ်းသွားပြီ.. မင်းကိုပဲ ဆက်အားကိုးရတော့မယ်... ကျဲ့ဟွလီ၊ ငါ့ပန်းချီ ခုနစ်ဆယ့်နှစ်ခုထဲ ဝင်ပြီး ဟိုကြက်နဂါးကို ခေါင်းဖြတ်သတ်ဖို့ မင်း ယုံကြည်ချက်ရှိသလား”

ကျဲ့ဟွလီ အသက်ပြင်းပြင်းရှူကာ တည်ငြိမ်စွာ ပြောလိုက်သည်။ “နတ်ဘုရားတစ်ပါးကို သတ်ရမယ့် တိုက်ပွဲအတွက် ဂိုဏ်းသခင်ချင်က ကိုးဆယ်ရာခိုင်နှုန်း လုပ်ပေးခဲ့ပြီးပြီ... ငါ့အနေနဲ့ သူ့ခေါင်းကို ငါ့ဓားမနဲ့ ခုတ်ဖြတ်ဖို့ပဲ ကျန်တယ်... သူ့ခေါင်းကိုမှ မဖြတ်နိုင်ရင် ငါ ရှုရှန်းဟွာနဲ့ ဘယ်လိုပြိုင်ရမလဲ.... မင်းကိုလည်း ဘယ်လိုလုပ် လိုက်မှီတော့မလဲ”

ချင်မူ ပြုံးလိုက်သည်။

ဤအချိန်တွင် ဥမင်ဆီမှ ပေါက်ကွဲသံများ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး လင်းရှောင်၏အသံက သူတို့နားထဲသို့ ရောက်လာသည်။ “ငါ ဒီသင်္ဘောပေါ်မှာ နေခဲ့တာ ကြာပြီ... ဒီဥမင်ကို မတွေ့ခဲ့ဘူး... ကောင်းကင်နတ်အရှင်မူက သိပ်အထင်ကြီးစရာကောင်းပါပေတယ်.. အမှန်တိုင်းပြောရရင် မင်းက ကောင်းကင်နတ်အရှင်မူဖြစ်ကြောင်း ဓားနတ်ဘုရားဆီ မင်းပြောခဲ့တုန်းက ငါ အံ့အားသင့်သွားခဲ့တယ်.... ဒီနေရာမှာ ငါးကြီးကြီး ဖမ်းမိမယ်လို့ ငါ ဘယ်ထင်ခဲ့ပါ့မလဲ”

သူသည် အကြီးအကျယ် စိတ်လှုပ်ရှားနေ၏။

လင်းရှောင် တောင်ပံများခတ်လျက် ဝင်လာသည်နှင့် အလင်းရောင်လည်း လိုက်ပါလာသည်။ သူ့ခြေထောက်အောက်ရှိ နေလုံးကြီးသည် သင်္ဘောအတွင်းသို့ ဓားအလင်းတန်းများ ဖြန့်ကျက်လိုက်၏။

ရုတ်တရက် ဓားအလင်းတန်းများ‌ လေထဲတွင် ရပ်တန့်သွားသည်။ နေလုံးကြီးဆီမှ ရွှေရောင်ဓားများကား အမှန်တကယ် ငြိမ်သက်သွားကြလေသည်။

လင်းရှောင်က တောင်ပံဖြန့်လျက် နေလုံးကြီးအပေါ် ဖြည်းဖြည်းချင်း ဆင်းစက်လိုက်သည်။ သူသည် ခြေသည်းများဖြင့်‌ နေလုံးကြီးကို ကုပ်ထားပြီး သူတို့နှစ်ယောက်ဆီသို့ စိတ်လှုပ်ရှားစွာ ကြည့်နေ၏။

ဝှမ် ဝှမ် ဝှမ်

နေလုံးကြီးက တုန်ခါလာပြီး ချင်မူနှင့် ကျဲ့ဟွလီအရှေ့တွင် ရပ်တန့်နေသော ရွှေရောင်ဓားများ ပိုမိုများပြားလာသည်။

“ကောင်းကင်နတ်ဧကရာဇ်နဲ့ ရှေးဟောင်းနတ်ဘုရားတွေက ယွီ၊ ဟောင်၊ လင်၊ ယွဲ့၊ ဟွေ့၊ ရုံ၊ ယွင်၊ မူနဲ့ ချင်ဆိုတဲ့ ကောင်းကင်နတ်အရှင်ကိုးပါးကို ကောင်းချီးတွေ ချီးမြှင့်ခဲ့တယ်”

လင်းရှောင်သည် ချင်မူ့ကိုသာ စိုက်ကြည့်နေပြီး ကျဲ့ဟွလီကို အဖက်မလုပ်ပေ။ “ကောင်းကင်နတ်အရှင်ကိုးပါးရဲ့ ဂုဏ်သတင်းက အင်မတန် ကျော်စောလွန်းတယ်... ကောင်းကင်နတ်အရှင်ဟောင်က ကောင်းကင်နတ်ဧကရာဇ်ဟောင် ဖြစ်နေပြီ... သူက ကောင်းကင်ဟန် ကောင်းကင်နတ်ဘုံကို အုပ်ချုပ်တယ်... ကျန်တဲ့ ကောင်းကင်နတ်အရှင်တွေကလည်း သာမန်မဟုတ်ကြဘူ.. ကောင်းကင်နတ်အရှင်မူနဲ့ ကောင်းကင်အရှင်ချင်ပဲ ဘယ်ရောက်သွားမှန်း ဘယ်သူမှ မသိကြတာ... မင်းတို့နှစ်ယောက်လုံးက တစ်ခါတလေမှ ‌ပေါ်လာတတ်ကြတယ်.... အခု သင်္ဘောပေါ်မှာ အနာဂတ်ကနေ ရောက်လာတဲ့ ကောင်းကင်နတ်အရှင်မူကို သတ်နိုင်တော့မယ်လို့ ငါ ဘယ်ထင်ခဲ့ပါ့မလဲ”

ကျဲ့ဟွလီမှာ ဇဝေဇဝါ ဖြစ်နေ၏။

ချင်မူက မှင်သေသေ ပြောလိုက်သည်။ “မင်း ဘာတွေ မာန်တက်နေလဲ ငါ မသိဘူး လင်းရှောင်... မင်းက ထမင်းစားပွဲပေါ်က ဟင်းတစ်ခွက်ထက် မပိုတာတော့ သေချာတယ်”

“ခွေးစကားမပြောနဲ့”

လင်းရှောင်၏ လည်ဂုတ်အပေါ်ရှိ နဂါးအကြေးခွံများ ထောင်သွားပြီး အကြေးခွံအောက်မှ အမွှေးအတောင်များ ထိုးထွက်လာသည်။ သူ့ရုပ်ခန္ဓာက လျင်မြန်စွာ ကြီးထွားလာပြီး သူက ဟက်ခနဲ ရယ်သည်။ “ကြက်နဂါးတွေက ရွှေကြက်မနဲ့ နတ်နဂါးရဲ့ မျိုးဆက်တွေပဲ... ငါတို့က နေရဲ့လမ်းကြောင်းကို ထိန်းချုပ်တယ်... ငါတို့သွေးက အဆင့်အတန်းမြင့်မားတယ်... မင်းတို့လူသားတွေကမှ ထမင်းစားပွဲပေါ်က ဟင်းတွေကွ”

“တိုက်တော့”

ချင်မူ အော်ဟစ်လိုက်သည်နှင့် သင်္ဘော၏ အတွင်းနေရာတစ်နေရာလုံး လင်းထိန်လာသည်။ ပန်းချီခုနစ်ဆယ့်နှစ်ခု၏ စွမ်းအားသည် တမုဟုတ်ချင်း ထွက်ပေါ်လာ၏။

စွမ်းအားတစ်ခုက သံလိုက်ဆွဲအား ကောင်းကင်နတ်သိုင်း ဖြစ်သောကြောင့် လင်းရှောင်မှာ မြင့်းမိုရ်တောင်ဖြင့် အဖိခံထားရသကဲ့သို့ တစ်ကိုယ်လုံး လေးလံလာသည်။ သူနှင့် သူ၏နေလုံးကြီးမှာ ဆွဲအားကြောင့် မြေကြီးပေါ် ပြုတ်ကျလာသည်။

ကြောက်မက်ဖွယ်ရာကောင်းကင်နတ်သိုင်းတို့သည် လင်းရှောင်ကို ဝင်ရောက်ရိုက်ခတ်ကာ ချုပ်နှောင်ဖိနှိပ်ထားကြ၏။

ဆန်းပြားသော ကောင်းကင်နတ်သိုင်းများကြောင့် သင်္ဘော၏အတွင်းနေရာမှာ ပြိုကျလုနီးပါး ဖြစ်သွားပြီး ကောင်းကင်နတ်သိုင်း ဖြတ်သန်းသွားတိုင်း နေရာဟင်းလင်းပြင်မှာ တွန့်‌ခေါက်သွားတတ်သည်။ ဟင်းလင်းပြင်သည် ပုံသဏ္ဍာန်ပေါင်းစုံဖြင့် ထပ်သွားရာ လမ်းလျှောက်ရန်ပင် အခက်တွေ့နေတော့၏။

ကျဲ့ဟွလီက မိစ္ဆာဓားမကို ဆွဲထုတ်လိုက်ကာ စွမ်းအင်လှုံ့ဆော်လိုက်သည်။ သူ့ဓားမက တာအိုအဆင့်သို့ ရောက်သွားပြီဖြစ်သည့်အတွက် တခဏအတွင်း အသန်မာဆုံးအခြေအနေသို့ ရောက်သွားသည်။

ဤအချိန်တွင် ကောင်းကင်နတ်သိုင်းတစ်ခုဆီမှ အလင်းရောင်က သူ့ကိုယ်အပေါ် ဖြာကျလာသည်။ ယင်းက နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းပင်။

ကျဲ့ဟွလီသည် ပန်းချီတစ်ခု၏ ကမ္ဘာထဲသို့‌ နေရာရွှေ့ပြောင်းခံလိုက်ရပြီး ထိုပန်းချီက ပြင်းပြင်းထန်ထန် တုန်ခါနေသော ဟင်းလင်းပြင်အတွင်းတွင် နိမ့်ချည်၊ မြင့်ချည် ရွေ့လျားနေသည်။

ဟင်းလင်းပြင်အပေါ် အာရုံခံနိုင်စွမ်းနှင့်ပတ်သက်၍ ချင်မူ ဘာကြောင့် မေးခဲ့မှန်း ယခုမှ သူ နားလည်သွားသည်။ ဤအခိုက်အတန့်တွင် နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်း၏ လည်ပတ်နေမှုကြောင့် သူ့မှာ အရပ်မျက်နှာကို မသိတော့ပေ။

ကျဲ့ဟွလီ အော့အန်ချင်စိတ်ကို မြိုသိပ်လိုက်သည်။ သူက မိစ္ဆာဓားမကို ဒေါသတကြီး မြှောက်လိုက်ပြီး ကျင့်စဉ်စွမ်းအင်များ လှုံ့ဆော်ထား၏။

ဝှစ်

သူ့အရိပ်က ဒဏ်ရာဒဏ်ချက်များ ပြည့်နေသော ငှက်ခေါင်းနတ်ဘုရား၏ဘေးတွင် ပေါ်လာသည်။ ကျဲ့ဟွလီက ဒေါသတကြီး ဟိန်းဟောက်ရင်း ရှေ့သို့ တစ်လှမ်းတိုး၍ ဓားမကို ပင့်မြှောက်ကာ ခုတ်ချလိုက်သည်။

လင်းရှောင်၏မျက်ဝန်းများက အံ့အားသင့်သွားသည်။ နောက်တခဏတွင် သူ့ခေါင်းကား နတ်ဘုရားသွေးများ ပန်းထွက်လျက် မြောက်တက်သွားတော့၏။

All Chapters