← Chapters

နတ်မင်းလေးပါး၏ စွမ်းအားများကို ခိုးယူခြင်း

Vol. 62 Ch. 822

နတ်မင်းလေးပါး၏ စွမ်းအားများကို ခိုးယူခြင်း

Vol. 62 Ch. 822

တုတ်ခိုင်ထွားကြိုင်းလှသော နတ်ဘုရားများက သူတို့ဆီသို့ လျှောက်လာသည့် လူငယ်လေးဆီသို့ လှမ်းကြည့်နေကြသည်။

တပ်မှူးအမိန့်ပြားက ရာထူးကို ကိုယ်စားပြုသည်၊ တပ်ဖွဲ့၏အင်အားကို ခြယ်လှယ်နိုင်သော သက်သေလည်း ဖြစ်သည်။

ကောင်းကင်နတ်ဘုံ၏ တပ်ဖွဲ့ဆယ်ဖွဲ့တွင် စစ်သည်တော်များသည် အမိန့်ပြားကိုသာ နာခံ၏။ လူပုဂ္ဂိုလ်ကို နာခံခြင်း မဟုတ်ပေ။

ကောင်းကင်နတ်ဘုံ၏ တပ်ဖွဲ့ဆယ်ဖွဲ့သည် ကောင်းကင်နတ်ဧကရာဇ်ကိုသာ သစ္စာခံသည့်အတွက် တပ်မှူးအမိန့်ပြား မရှိလျှင် မည်သည့်တပ်မှူးမှ တပ်ဖွဲ့ကို အမိန့်မပေးနိုင်ပေ။

တပ်ဖွဲ့ကို ထိန်းချုပ်နိုင်မည့် နည်းလမ်းနှစ်နည်း ရှိသည်။ တစ်နည်းက အမိန့်ပြားနှင့် ဖြစ်ပြီး နောက်တစ်နည်းက ကောင်းကင်နတ်ဧကရာဇ်ကိုယ်တိုင် အမိန့်ပေးခြင်း ဖြစ်သည်။

ချင်မူ တပ်မှူးအမိန့်ပြားကို ကိုင်ထားသ‌ရွေ့ သူသည် ယွီလင်နန်းစောင့်တပ်ဖွဲ့၏ လက်ယာတပ်မှူးချုပ် ဖြစ်ပြီး စစ်တပ်ကို အမိန့်ပေးနိုင်သော အာဏာ ရှိလိမ့်မည်။

ဤအမိန့်ပြားသည် တည်ထောင်သူဂိုဏ်းသခင် ဝေစွေ့ဖုန်း ယူလာပြီး အကြီးအကဲချင်းဟွမ်၏ လက်ထဲတွင် အပ်ထားခဲ့သော အမိန့်ပြားဖြစ်၏။ ချင်မူအနေဖြင့် တပ်မှူးအမိန့်ပြားကို ကိုင်ထားခဲ့ရသော်လည်း သင်္ဘော၏ စမှတ်သို့ ပြန်မရောက်မချင်း ဤနတ်ဘုရားတပ်ဖွဲ့ကို မထိန်းချုပ်နိုင်ခဲ့ပေ။

ယွီလင်နန်းစောင့်တပ်ဖွဲ့ ဟင်းလင်းပြင်တွင် ပြန်ပေါ်လာသည့်အချိန်ရောက်မှ ချင်မူသည် ဤအမိန့်ပြား၏ အာဏာကို ငှားယူနိုင်သွားခြင်း ဖြစ်၏။ ယွီလင်နန်းစောင့်တပ်ဖွဲ့၏ အရှေ့တွင် ချင်မူ့မျက်နှာက ကောင်းကင်နတ်အရှင်မူ၏ မျက်နှာအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားသည်။

ကောင်းကင်နတ်အရှင်ကိုးပါး၏ မူချင်း... ကောင်းကင်နတ်အရှင်မူ။

နတ်စစ်သည်တော်များမှာ သူ့မျက်နှာ ပြောင်းလဲနေသည်ကို ကြည့်ပြီး အံ့အားသင့်နေကြသော်လည်း မည်သည်ကိုမှ မမေးပေ။

ကောင်းကင်နတ်အရှင်ကိုးပါးစလုံးသည် သူမတူအောင် ထူးချွန်ထက်မြက်ကြပြီး အောင်မြင်မှုကိုယ်စီ ရထားကြ၏။ သို့သော် အသိုသိပ်ဆုံးမှာ ကောင်းကင်နတ်အရှင်ချင်နှင့် ဤကောင်းကင်နတ်အရှင်မူတို့ ဖြစ်ခဲ့ကြသည်။ သူတို့နစ်ယောက်က အမြဲတမ်း ပျောက်နေခဲ့ကြလေသည်။

မည်သူမည်ဝါ ဖြစ်စေ၊ တပ်မှူး၏အမိန့်ပြား ရှိသရွေ့ သူတို့၏ခေါင်း‌ဆောင် ဖြစ်သည်။

ချင်မူ လက်မြှောက်လိုက်သည့်အခါ ဓားတစ်လက်က ပျံထွက်သွားပြီး ကောင်းကင်နတ်အရှင်လင် ကဗျာရေးထားခဲ့သော တိုင်လုံးကို ပိုင်းဖြတ်လိုက်သည်။

တိုင်လုံး ပျံသန်းလာနေစဉ် ချင်မူ၏ခန္ဓာကိုယ်က ကြီးသထက် ကြီးလာပြီး သူက လက်ဆန့်တန်းကာ တိုင်လုံးကို ဖမ်းဆုပ်လိုက်၏။ ထို့နောက် ယွီလင်နန်း‌စောင့်တပ်ဖွဲ့၏ နတ်ဘုရားများနှင့်အတူ ရှေ့သို့ လျှောက်သွားသည်။

ကျဲ့ဟွလီလည်း သတ္တိမွေး၍ ချင်မူ့အနောက်မှ ကပ်လိုက်သွားသည်။ ချင်မူက ဤနတ်ဘုရားများကို ကောင်းကင်နတ်ဧကရီ၏ အခေါင်းထည့်ထားသော နန်း‌ဆောင်ခန်းမထဲသို့ ခေါ်သွားနေကြောင်း ကျဲ့ဟွလီ သတိထားမိလိုက်သည်။

နန်းဆောင်ခန်းမ၏အရှေ့တွင် ပြိုင်ဘက်ကင်းလောက်အောင် ကြီးမားလှသော နဂါးနတ်ဘုရားတစ်ပါးသည် သံကြိုးများဖြင့် ချုပ်နှောင်ခံထားရ၏။ သူက လမ်းလျှောက်လာနေသည့် ချင်မူ့ကို စိမ်းစိမ်းဝါးဝါး ကြည့်ကာ အော်ဟစ်နေသည်။ “ကောင်းကင်နဲ့မြေပြင်က ပြောင်းလဲတယ်... လူသုံးဆယ့်ခြောက်ယောက်ရဲ့ မပြောင်းလဲတဲ့ ကိန်းသေ... ဒါ ဘာအဓိပ္ပါယ်လဲ... ငါ့ကို ပြောစမ်း ဘာအဓိပ္ပါယ်လဲ”

ချင်မူ ခြေလှမ်းများကို ရပ်ကာ အံ့အားသင့်နေသည်။

ကျဲ့ဟွလီက ကပျာကယာ ပြောသည်။ “ဂိုဏ်းသခင်ချင်၊ ဘာလို့ ရပ်လိုက်တာလဲ... ဒီနဂါးကြီးက အဲဒီစကားပဲ အမြဲပြောနေတာလေ...”

ချင်မူ ခေါင်းယမ်းလိုက်သည်။ သူက နဂါးအရှင်ဘုရင်ဆီသို့ လက်ညှိုးထိုးကာ ပြောလိုက်၏။ “ကျွန်တော် ဒီသင်္ဘောအပေါ် တက်လာခဲ့တုန်းက ခင်ဗျား‌ ဒီစကားပြောခဲ့တယ်... ကျွန်တော်က ခင်ဗျား ရူးနေလို့ လျှောက်ပြောနေတယ် ထင်ခဲ့တာ... တကယ်တော့ ခင်ဗျားက အခြားသူတွေကို မေးနေတာမဟုတ်ဘဲ ကျွန်တော့်ကို မေးနေတာကိုး”

နဂါးအိုကြီးသည် ရူးသွပ်နေသော အမူအရာရှိပြီး ခက်ထန်စွာ မေးသည်။ “မြန်မြန်ပြောစမ်း ဘာအဓိပ္ပါယ်လဲ”

ချင်မူ ပြုံးလိုက်သည်။ “မပြောင်းလဲတဲ့ ကိန်းသေကို ဖြေရှင်းနိုင်မှ ထွက်သွားနိုင်မယ်” ထိုသို့ပြောပြီးနောက် သူက ယွီလင်နန်းစောင့်စစ်သည်တော်များကို ခန်းမထဲသို့ ခေါ်သွား၏။

“မပြောင်းလဲတဲ့ ကိန်းသေကို ဖြေရှင်းရမယ်တဲ့လား”

နဂါးအိုကြီးမှာ မှင်သက်သွားပြီး အော်လိုက်သည်။ “ဘယ်လို ဖြေရှင်းရမှာလဲ... မသွားနဲ့... ပြန်လာပြီး ငါ့ကို ပြောစမ်း... မပြောင်းလဲတဲ့ ကိန်းသေကို ဘယ်လို ဖြေရှင်းရမှာလဲ”

ချင်မူ ခန်းမထဲ ဝင်လိုက်သည့်အခါ ကောင်းကင်နတ်ဧကရီ၏ အခေါင်းကို စောင့်ရှောက်နေသည့် နဂါးကြီးရှစ်ကောင်အား မြင်လိုက်ရသည်။ နဂါးကြီးရှစ်ကောင်သည် သံကြိုးများဖြင့် ချုပ်နှောင်ခံထားရပြီး ကျောက်ရုပ် မဖြစ်သေးပေ။

ချင်မူက ဥမင်ကို ထပ်ဖွင့်လိုက်ပြီး စစ်သည်တော်များနှင့်အတူ အထဲဝင်ပြီးနောက် ပြန်ပိတ်လိုက်သည်။ သူက အလေးအနက် မေးသည်။ “တပ်မှူးချုပ်ဝေက မင်းတို့ကို သင်္ကေတလေးပါး ကပ်ဘေးဝင်္ကပါ သင်ပေးခဲ့ဖူးလား”

နတ်ဘုရားတစ်သောင်းက လျင်မြန်စွာ နေရာယူကာ သင်္ကေတလေးပါး ကပ်ဘေးဝင်္ကပါ တည်ခင်းလိုက်ကြသည်။ သူတို့သည် သင်္ဘော၏ ဝမ်းဗိုက်အတွင်းရှိ ထောင့်လေးထောင့်တွင် ညီညီညာညာ တန်းစီထားကြ၏။

ချင်မူ သူတို့ကို စစ်ဆေးကြည့်ရှုပြီးနောက် စိတ်ချလက်ချ ဖြစ်သွားသည်။ ဝေစွေ့ဖုန်းက ဤစစ်သည်တော်များကို ကောင်းမွန်စွာ လေ့ကျင့်ပေးခဲ့သည့်အပြင် မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာအတွင်းရှိ သင်္ကေတလေးပါး ကပ်ဘေးဝင်္ကပါ သင်ပေးခဲ့ထားခဲ့၏။

ချင်မူက သင်္ကေတလေးပါး ကပ်ဘေးဝင်္ကပါ၏ ဗဟိုသို့ သွားကာ ကောင်းကင်နတ်အရှင်လင်၏ ကဗျာတိုင်လုံးကို စိုက်ချလိုက်သည်။ သူက ခပ်တိုးတိုး ရေရွတ်နေသည်။ “နတ်မင်းလေးပါး မကြာခင် လာတော့မယ်... သူတို့ ဒီအကြိမ် သင်္ဘောအပေါ် တက်မလာရင် ငါ စီစဉ်ထားသမျှ သဲထဲ ရေသွန် ဖြစ်သွားမှာ.. လာပါစေလို့ မျှော်လင့်ရတာပဲ”

ရုတ်တရက် တစ္ဆေသင်္ဘောမှာ အသာအယာ လှုပ်သွားပြီး ရပ်သွား၏။

“နှစ်ပေါင်းနှစ်သောင်းတိုင်တိုင် ပျောက်ကွယ်နေခဲ့တဲ့ သင်္ဘော‌ နောက်ဆုံးတော့ ပြန်ပေါ်လာခဲ့ပြီ”

အပြင်မှ ခပ်ဩဩ၊ ခပ်လေးလေးအသံတစ်သံ ထွက်လာပြီး ချင်မူ ဤအသံကို ကြားဖူး၏။ ၎င်းက မြောက်နတ်မင်း ရွှမ်းဝူ၏ အသံ ဖြစ်လေသည်။

ကျောက်စိမ်းရေကန်တွေ့ဆုံပွဲတွင် နျိုစန်းသွောသည် ကောင်းကင်နတ်ဘုံ၌ သောင်းကျန်းခဲ့ပြီး ကောင်းကင်နတ်မြစ်ကို လက်နက်သဖွယ် အသုံးချရန် ကြံစည်ခဲ့၏။ ထိုအခါ မြောက်နတ်မင်းရွှမ်းဝူ ထွက်လာကာ ကောင်းကင်နတ်မြစ်အား ချုပ်ကိုင်ခဲ့သည်။

ဆိုလိုသည်က တစ္ဆေသင်္ဘောကို ရပ်လိုက်သူမှာ မြောက်နတ်မင်း ရွှမ်းဝူဖြစ်လေသည်။

သူသည် ကောင်းကင်နတ်မြစ်တွင် မွေးဖွားခဲ့သော ရှေး‌ဟောင်းနတ်ဘုရားတစ်ပါး ဖြစ်သည့်အလျောက် ကောင်းကင်နတ်မြစ်ထဲ၌ ရွက်လွှင့်နေသည့် တစ္ဆေသင်္ဘောကို ရပ်တန့်ရန် မခက်ပေ။

ကောင်းကင်နတ်မြစ်ကို ထိန်းချုပ်ရသူပီပီ၊ တစ္ဆေသင်္ဘောကို ရှာတွေ့ရန်ကလည်း သူ့အတွက် များစွာ လွယ်ကူသည်။

အရှေ့နတ်မင်းချင်းလုံ၏ အသံ ထွက်လာသည်။ “တာအိုနောင်တော်ရွှမ်းဝူ၊ ကောင်းကင်နတ်ဧကရီ တိုက်ခိုက်ခံခဲ့ရတဲ့ ကိစ္စမှာ သံသယဝင်စရာ အချက်တွေ ပြည့်နေတယ်... ယွီလင်နန်းစောင့်တပ်ဖွဲ့ကလည်း အပြန်လမ်းမှာ ပျောက်ချင်းမလှ ပျောက်သွားခဲ့တယ်... ဒီဖြစ်ရပ်နှစ်ခုကို ဆက်စပ်ကြည့်လိုက်ရင် တစ်ခုခုတော့ မူမမှန်ဘူး... ငါတို့ စစ်ဆေးမှဖြစ်လိမ့်မယ်... အနောက်နတ်မင်း၊ တောင်နတ်မင် မင်းတို့တွေ ရောက်လာပြီပေါ့”

အလွန်တရာ အင်အားကြီးမားသော အရှိန်အဝါလေးခု ပျံ့နှံ့လာ၍ ချင်မူ စိတ်သက်သာရာရသွားသည်။ “ထင်ထားတဲ့အတိုင်း နတ်မင်းလေးပါးစလုံး ရောက်လာပြီ... ဒီအချိန်က လွတ်မြောက်နိုင်မယ့် တစ်ခုတည်းသော အခွင့်အရေးပဲ... မှားလို့မရဘူး”

“ကောင်းကင်နတ်ဧကရီ လုပ်ကြံခံရတဲ့ကိစ္စ၊ ယွီလင်နန်းစောင့်တပ်ဖွဲ့ ပုန်ကန်မှုနှိမ်နင်းပြီး‌တော့ ပြန်အလာ ကောင်းကင်နတ်မြစ်ပေါ်မှာ ပျောက်သွားတဲ့ ဖြစ်ရပ်... ဒီအဖြစ်အပျက်တွေက လွန်ခဲ့တဲ့နှစ်နှစ်သောင်းတုန်းက တစ်လောကလုံးကို အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေခဲ့တယ်”

ချင်မူ ရင်းနှီးနေသောအသံကို ကြားလိုက်ရ၍ ပြုံးလိုက်မိသည်။ အသံကား ကျူချွဲအာ၏အသံ ဖြစ်လေသည်။

ကျူချွဲအာသည် တောင်နတ်မင်းကျူချွဲအပြင် အခြားသူမဟုတ်ပေ။

သူမအသံက ဆက်လက်ထွက်ပေါ်လာသည်။ “အဲဒီတုန်းက ကောလဟလတွေ တစ်ပုံကြီးပဲ... တပ်မှူးချုပ်ဝေစွေ့ဖုန်းက အဆုံးသတ်မြို့ပျက်မှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ကောင်းကင်နတ်ဘုံကို အစီရင်ခံဖို့ လူတစ်ယောက် လွှတ်ခဲ့တယ်.... ငါလည်း လိုက်စုံစမ်းကြည့်တော့ အဲဒီလူက အဆုံးသတ်မြို့ပျက်မှာ ကောင်းကင်နတ်ဧကရီ သေဆုံးသွားတဲ့အကြောင်း ကောင်းကင်နတ်ဧကရာဇ်ဆီ လျှောက်တင်ခဲ့တယ်တဲ့... ဝေစွေ့ဖုန်းက သူ့အလောင်းကို အခေါင်းထဲ ထည့်ပြီး ကောင်းကင်နတ်ဘုံဆီ ပြန်သယ်လာနေတာ... အဲဒီအတိုင်းဆို ‌ကောင်းကင်နတ်ဧကရီရဲ့အလောင်းလည်း ယွီလင်နန်းစောင့်တပ်ဖွဲ့နဲ့အတူ ပျောက်ကွယ်သွားသင့်တာ မဟုတ်လား... ဒါပေမဲ့ ယွီလင်နန်းစောင့်တပ်ဖွဲ့ ပျောက်သွားတဲ့အချိန်မှာ ကောင်းကင်နတ်ဧကရီက ကောင်းကင်နတ်ဘုံပေါ် ပြန်ရောက်လာတယ်... ဒီဖြစ်ရပ်ကို ငါ မရှင်းဘူး”

အမျိုးသမီးနောက်တစ်ယောက်၏ အသံ ထွက်လာပြီး အနောက်နတ်မင်းပိုင်ဟူ ဖြစ်ဟန်တူသည်။ “အစ်မတော်ကျူချွဲ၊ နင့်ကို အဲဒီအကြောင်း ပြောခဲ့တာ မဟာနေဧကရာဇ်မလား... ငါ မဟာနေဧကရာဇ်ကို မေးကြည့်တုန်းကလည်း အဲဒီအတိုင်း ပြောပြခဲ့တယ်.. အဲ့ငှက်ကလေးက လျှို့ဝှက်ချက်အ‌တော်များများ သိထားတာပဲ.... ကောင်းကင်နတ်ဧကရီ အသက်ပြန်ရှင်လာတာကတင် သံသယဝင်စရာကောင်းတာ မဟုတ်ဘူး.... ကောင်းကင်နတ်ဧကရာဇ်ဆီ သတင်းလာပို့တဲ့ လူလည်း ပျောက်ချင်းမလှ ပျောက်သွားတယ်... ဒီကမ္ဘာပေါ်ကနေ အငွေ့ပျံသွားတဲ့အတိုင်း ဘယ်မှာမှ ရှာမတွေ့တော့တာ... မထူးဆန်းဘူးလား”

“ပိုလို့တောင် ထူးဆန်းတာက ကောင်းကင်နတ်မြစ်ပေါ်မှာ အဆန်းတကြယ် ဖြစ်ရပ်တွေ ဖြစ်နေပေမယ့် တာအိအစ်ကိုတော်ရွှမ်းဝူက ဘာမှမသိခဲ့ဘူးတဲ့လေ”

တောင်နတ်မင်းကျူချွဲက မှင်သေသေ ပြောသည်။ “ကောင်းကင်နတ်မြစ်ပေါ်က အဖြစ်အပျက်တွေကို ရှင် မသိဘဲနေပါ့မလား... ဒါတောင် မသိဘူး ငြင်းနေသေးတယ်... တာအိုအစ်ကိုတော်ရွှမ်းဝူ၊ ရှင်လည်း သံသယဝင်စရာကောင်းတယ်”

မြောက်နတ်မင်းရွှမ်းဝူက နှာခေါင်းရှုံသည်။

အရှေ့နတ်မင်းချင်းလုံသည် ချောင်းဟန့်ပြီး ဝင်ပြော၏။ “တာအိုနောင်တော်ရွှမ်းဝူက အဲဒီလိုလူမျိုးမဟုတ်ပါဘူး... သင်္ဘောပြန်ပေါ်လာတဲ့အကြောင်း ငါတို့ကို အသိပေးခဲ့တာ နောင်တော်ရွှမ်းဝူပဲ မဟုတ်လား... သူက ငါတို့အားလုံးကို လှမ်း‌ခေါ်ပြီး လာကြည့်ခိုင်းတယ်လေ... တရားခံသာဆို ငါတို့ကို လှမ်းခေါ်ပါ့မလား... ကဲ ဒီကို ရောက်နေကြပြီဆိုမှတော့ သင်္ဘောအပေါ် တက်ကြည့်ရအောင်”

ရုတ်တရက် တစ္ဆေသင်္ဘော နိမ့်ဆင်းသွား၏။ နတ်မင်းလေးပါးက သင်္ဘောကို လွှမ်းခြုံနေသည့် အခိုးအငွေ့များကို ဖြတ်ကျော်လာကာ ဆင်းသက်လာခြင်း ဖြစ်လိမ့်မည်။

“ဒီသင်္ဘောက ထူးဆန်းတယ်”

အနောက်နတ်မင်းပိုင်ဟူ တအံ့တဩ လှမ်းအော်သည်။ “ငါ့ကိုယ်ထဲ ကျူးကျော်ချင်နေတဲ့ စွမ်းအားတစ်မျိုး ရှိနေတယ်”

“ငါလည်း ခံစားရတယ်.... ထူးဆန်းတဲ့ စွမ်းအားတစ်မျိုးက ငါ့ကို ထိန်းချုပ်ချင်နေတယ်”

“ထိန်းချုပ်တာမဟုတ်ဘူး... ငါတို့စွမ်းအားကို ယူနေတာ.... ယူနေရုံတင်မကဘူး ငါတို့ရုပ်ခန္ဓာကိုယ်လည်း သိမ်းပိုက်ချင်နေတယ်... ဒီစွမ်းအားက ငါတို့ကို သူနဲ့တစ်သားတည်းဖြစ်သွားအောင် လုပ်နေတာပဲ”

“ဒီသင်္ဘောက ... အသက်ရှိနေတယ်... ဒါက ထောင်ချောက်ဟ”

....

အုန်း အုန်း

ပေါက်ကွဲသံများနှင့် ကြောက်မက်ဖွယ်ရာ လှိုင်းဂယက်များ ဖြာထွက်လာသည်။ နတ်မင်းလေးပါးသည် ကောင်းကင်နတ်အရှင်လင်၏ ကောင်းကင်နတ်သိုင်းကို ချိုးဖျက်ရန် ကြိုးစားနေကြ၏။

အ‌‌ရှေ့နတ်မင်းချင်းလုံက အစိမ်းရောင်နဂါးတစ်ကောင်အသွင် ပြောင်းပြီး တစ္ဆေသင်္ဘောထဲမှ ထွက်သွားသည်။ သူ့ခန္ဓာကိုယ်သည် အနက်ရောင်အခိုးအငွေ့ထဲမှ ပျောက်ကွယ်သွားကာ နောက်တခဏတွင် သင်္ဘောအပေါ်၌ ပြန်ပေါ်လာ၏။ သူ့တွင် အံ့အားသင့်နေသည့် အမူအရာရှိနေသည်။

အရှေ့နတ်မင်းမှာ လက်မလျှော့သေးဘဲ နောက်တစ်ကြိမ် ပျံထွက်သွားပြန်ပြီး နောက်တခဏတွင် သင်္ဘောအပေါ်၌ ပြန်ပေါ်လာသည်။ ဆယ်ကြိမ်ကျော် ကြိုးစားပြီးနောက် မလွတ်မြောက်သေးသဖြင့် ကောင်းကင်နန်းဆောင်တစ်ဆောင်၏ အကြီးအမှူးနတ်မင်းမှာ ပျာယာခတ်လာတော့သည်။

ကျန်နတ်မင်းသုံးပါးလည်း သိုင်းကွက်ပေါင်းစုံ ထုတ်လွှတ်၍ သင်္ဘောထဲမှ ထွက်သွားရန် ကြိုးစားနေကြ၏။ တောင်နတ်မင်းကျူချွဲက အမြန်ဆုံးဖြစ်ပြီး မီးငှက်အသွင်ပြောင်းကာ ထွက်ပြေးသည်။ သို့သော် သူမ မည်မျှမြန်မြန်ပျံသန်းစေကာမူ သင်္ဘောအပေါ်သို့သာ ပြန်ရောက်လာတတ်၏။

မြောက်နတ်မင်းက ကောင်းကင်နတ်မြစ်ကို ထိန်းချုပ်သူဖြစ်၍ သင်္ဘော ကောင်းကင်နတ်မြစ်အပြင် ထွက်သွားအောင် လှုပ်ခါလိုက်သည်။ သို့သော် သင်္ဘောသည် အပြင်ရောက်သွားလျှင်ပင် နောက်တခဏ၌ မြစ်ပြင်ထက်တွင် ပြန်ပေါ်လာ၏။

ထိုအချိန်တွင် အနောက်နတ်မင်းက ‌ရွှေရောင်ချီကို စေစားရင်း သင်္ဘောအပြင်ရှိ အနက်ရောင်အခိုးအငွေ့များအား ဖြိုခွင်းလိုက်သည်။ သို့သော် အနက်ရောင်အခိုးအငွေ့များက မူလအတိုင်း ပြန်ဖြစ်သွားကြသည်။

ဤသင်္ဘောက နတ်မင်းလေးပါးကိုပင် မယုံကြည်နိုင် ဖြစ်လာစေတော့သည်။ တစ္ဆေသင်္ဘောကိုယ်တိုင်က မည်သည့်အရာကိုမဆို ပိတ်လှောင်ထားသော သတ္တဝါကြီးတစ်ကောင် ဖြစ်နေသည်။ တစ္ဆေသင်္ဘောကို ဝန်းရံထားသည့် ကောင်းကင်နတ်သိုင်းကိုလည်း သူတို့ တစ်ခါမှ မမြင်ခဲ့ဖူးပေ။

နတ်မင်းလေးပါးတွင် ကမ္ဘာလောကကြီးကို ပြောင်းလဲနိုင်သော အစွမ်းအစများ ရှိကြပြီး တစ်ဦးတစ်ယောက်ချင်းစီက တုနှိုင်းမဲ့သည့် မဟာတာအိုတစ်ခုစီကို ထိန်းချုပ်ကြသည်။ သူတို့၏ တာအိုကျင့်စဉ်မှာ အလွန်တရာ သိပ်သည်းလှသော်လည်း သူတို့ပင် ဤသင်္ဘော‌အပေါ်တွင် ကူကယ်ရာမဲ့နေကြ၏။

“အတူပူးပေါင်းပြီး သင်္ဘောတစ်ခုလုံး လွှမ်းခြုံထားတဲ့ ကောင်းကင်နတ်သိုင်းကို ဖြိုခွင်းကြစို့”

နတ်မင်းလေးပါး လှုပ်ရှားလိုက်ကြပြီး သင်္ဘောအပြင်ရှိ အနက်ရောင်မြူခိုးများကို တိုက်ခိုက်ကြသည်။ ဤအခိုက်အတန့်တွင် တစ်စုံတစ်ယောက် ခိုးယူသွားသကဲ့သို သူတို့ကောင်းကင်နတ်သိုင်းအထဲရှိ စွမ်းအား လျင်မြန်စွာ လျော့ကျသွားသည်ကို ခံစားလိုက်ရ၏။

နတ်မင်းလေးစလုံး အံ့အားသင့်သွားကြကာ မှော်စွမ်းအင်ကို အလျင်အမြန် ထုတ်လွှတ်ရင်း အသည်းအသန် တိုက်ခိုက်နေကြသည်။

သင်္ဘောဝမ်းထဲ၌ သင်္ကေတလေးပါး ကပ်ဘေးဝင်္ကပါ အသက်ဝင်လာကြပြီး ချင်မူက ဝင်္ကပါထိန်းချုပ်၍ နတ်မင်းလေးပါး၏ စွမ်းအားကို ခိုးယူနေသည်။ သင်္ကေတလေးပါး ကပ်ဘေးဝင်္ကပါ၏ စွမ်းအားသည် အားကောင်းသည်ထက် အားကောင်းလာပြီး ဝင်္ကပါ၏အလယ်၌ နဂါးစိမ်း၊ ကျားဖြူ၊ မီးငှက်နှင့် လိပ်နက်တို့၏ ဟိန်းဟောက်တိုက်ခိုက်နေသော အသွင်သဏ္ဍာန်များ ဖွဲ့တည်လာကြ၏။

ရုတ်တရက် နတ်မင်းလေးပါး၏ စွမ်းအားလေးတန်းက ကောင်းကင်နတ်အရှင်လင် ကဗျာရေးထားခဲ့သော တိုင်လုံးဆီသို့ ထိုးဝင်သွားသည်။

ပန်းတွေဟာ ပန်းတွေမဟုတ်၊ မြူတွေဟာ မြူတွေမဟုတ်၊

ညသန်းခေါင်ယံမှာ ရောက်လာတဲ့ အရိပ်သဏ္ဍာန်တွေလို၊ လင်းမနက်မှာ ထွက်သွားကြတယ်။

ဒီအိပ်မက်၊ ဒီနွေ၊ ငါ့ဆီကို ခဏခဏ ရောက်လာခဲ့၊ ဒါပေမဲ့....

လေနှင်ရာလွင့်တဲ့ တိမ်တိုက်တွေလို၊ ခြေရာမချန်ဘဲ ပျောက်ကွယ်သွားသတဲ့

ဤစာလုံး သုံးဆယ့်ခုနစ်လုံးက တဖြည်းဖြည်း တောက်ပလာကာ လင်းသည်ထက် လင်းလာသည်။

‘ငါ စွမ်းအား ခိုးယူနေမှန်း နတ်မင်းလေးပါး မသိလောက်ဘူး’

ချင်မူ ပြုံးလိုက်ရင်း လှုပ်ရှားသည်။ သူ့ချိုင်းအောက်မှ လက်များ ထွက်လာပြီး လက်ချောင်းထိပ်များမှ သင်္ကေတအမှတ်အသားမျိုးစုံ ဖွဲ့တည်လာကာ တိုင်အပေါ်ရှိ စာလုံးသုံးဆယ့်ခုနစ်လုံးအပေါ်သို့ ထိလိုက်သည်။ သူက ဤစာလုံးသုံးဆယ့်ခုနစ်လုံးထဲ၌ နစ်မြုပ်နေသော ကောင်းကင်နတ်သိုင်းကို ဖြည်းဖြည်းချင်း အသက်သွင်းနေ၏။

စာလုံးသုံးဆယ့်ခုနစ်လုံးသည် လင်းသထက် လင်းလာပြီး တိုင်လုံးဆီမှ ကွာထွက်လာကာ လေထဲတွင် လွင့်မျောနေကြ၏။ စာလုံးတစ်လုံးစီတိုင်းကား ဧရာမကြီးမားလေသည်။

ချင်မူ့မျက်လုံးထဲတွင် စာလုံးသုံးဆယ့်ခုနစ်လုံးမှာ ရှုပ်ထွေးသော သင်္ကေတအမှတ်အသားများဖြင့် ဖွဲ့တည်ထားခြင်း ဖြစ်သည်။ သင်္ကေတလေးပါး ကပ်ဘေးဝင်္ကပါ၏ စွမ်းအားကို ထုတ်လွှတ်ခြင်းဖြင့် သင်္ကေတများ၏ တည်ဆောက်ပုံကို ပြောင်းလဲလိုက်သည့်အခါ စာလုံးများသည် ယခင်စာလုံးများသာ ဖြစ်သော်လည်း စာလုံးများကို ဖွဲ့တည်နေသည့် သင်္ကေတအမှတ်အသားများ ပြောင်းလဲလာ၏။ အထဲ၌ ကိန်းဝပ်နေသော စွမ်းအားကား တစတစ အသက်ဝင်လာတော့သည်။

ယခုအချိန်သည် အရေးအကြီးဆုံး ဖြစ်၍ ချင်မူ့မျက်နှာပေါ်ရှိ အပြုံးလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ သူ့မှာ အနည်းငယ် စိုးရိမ်လာပြီး ပူပင်စပြုလာလေသည်။

ထိုစဉ် ကုန်းပတ်အပေါ်မှ နဂါးအရှင်ဘုရင်၏ အော်ဟစ်သံ ထွက်လာ၏။ “နတ်မင်းလေးပါး၊ ရပ်.... မင်းတို့တွေပဲ ဒီသင်္ဘောအပေါ်မှာ ရှိတာမဟုတ်ဘူး”

နတ်မင်းလေးပါးက အပြင်ရှိ အနက်ရောင်အခိုးအငွေ့များအား တိုက်ခိုက်နေသည်ကို ရပ်လိုက်သဖြင့် သင်္ကေတလေးပါး ကပ်ဘေးဝင်္ကပါမှာ နတ်မင်းလေးပါး၏ စွမ်းအားများကို မငှားယူနိုင်တော့ပေ။

ချင်မူ ရင်ထဲ ထိတ်သွားကာ မျက်နှာမည်းမှောင်သွားသည်။

“နဂါးအရှင်”

အနောက်နတ်မင်းရွှမ်းဝူ၏အသံ ထွက်လာသည်။ “မင်းက တပ်မှူးဝေ့ ဖမ်းဆီးခဲ့တဲ့ သူပုန်မဟုတ်လား... မင်း ဘာကြောင့် ဒီလောက်သတ္တိကောင်းနေလဲ ငါ မသိဘူး”

ချင်မူ့နဖူးမှ ချွေးများ ကျလာ၏။ သူက အော်ဟစ်လိုက်သည်။ “စစ်သည်တော်တို့ အမိန့်နာခံ၊ သင်္ကေတလေးပါး ကပ်ဘေးဝင်္ကပါထဲက စွမ်းအားအားလုံး ငါ့ဆီ ဖြည့်ပေး”

သင်္ကေတလေးပါး ကပ်‌ဘေးဝင်္ကပါမှ ခိုးယူထားသော စွမ်းအားတို့သည် သူ့ဆီသို့ တရှိန်ထိုး ဝင်ရောက်လာကြ၏။

နဂါးအရှင်၏အသံက အပြင်မှ ထွက်လာသည်။ “ကုန်းပတ်အောက်မှာ လူတစ်ယောက် ရှိတယ်... သူက လက်ယာယွီလင်နန်းစောင့်တပ်ဖွဲ့ရဲ့ လက်ယာတပ်မှူးချုပ်ပဲ.... ယွီလင်နန်းစောင့်တပ်ဖွဲ့ကို ထိန်းချုပ်ပြီး မင်းတို့စွမ်းအားကို ငှားယူနေတယ်... သူက မင်းတို့ကို ဒီသင်္ဘောအပေါ်မှာ ပိတ်ထားဖို့ ကြိုးစားနေတာ... သူတို့အားလုံးက တစ္ဆေတွေ၊ မင်းတို့ သူတို့ကို မမြင်ရဘူး”

ချင်မူမှာ အံတင်းတင်းကြိတ်၍ ကျင့်စဉ်စွမ်းအင်အလုံးစုံဖြင့် စာလုံးသုံးဆယ့်ခုနစ်လုံး၏ သင်္ကေတတည်ဆောက်ပုံကို ပြောင်းလဲနေသည်။

ကျဲ့ဟွလီက နဂါးအရှင်ဘုရင်၏ စကားများကို ကြားလျှင် တမုဟုတ်ချင်း အပြင်ထွက်၍ နဂါးကြီး၏ခေါင်းကို ရိုက်ခွဲပစ်ချင်စိတ် ပေါက်လာသည်။

ဤအချိန်တွင် တစ္ဆေသင်္ဘော၏ မျက်နှာကြက်အမိုးမှာ အရည်ပျော်ကျလာသည်။ လက်ကြီးများက အပေါ်မှ ကျဆင်းလာပြီး ယွီလင်နန်းစောင့်တပ်သားများကို အပြင်ဆွဲထုတ်နေသည်။

ကုန်းပတ်ဆီမှ ဗြောင်းဗြောင်းဗြန်းဗြန်း မြည်သံများ ထွက်လာပြီး သစ်သားပြားများက ဤတပ်သားများကို ပိတ်ထားသည့် အနက်ရောင်ခေါင်းတလားများအသွင် ဖွဲ့တည်နေကြသည်။

ချင်မူ အော်ဟစ်လိုက်သည်။ “ဝင်္ကပါကို ထိန်းထားကြ... မပျက်စီးသွားစေနဲ့”

ယွီလင်နန်းစောင့်တပ်ဖွဲ့သည် အလွန်တရာ အင်အားကြီးမားသည့်အတွက် ရန်သူကို ပူးပေါင်းတိုက်ခိုက်လျှင် နဂါးအရှင်လို နတ်ဘုရားကိုပင် ဖမ်းချုပ်နိုင်၏။ နတ်မင်းလေးပါးနှင့် ယှဉ်ပြိုင်ရန်ပင် ပြဿနာမဟုတ်ပေ။ သို့သော် ချင်မူ့အမိန့်ကြောင့် တပ်သားစစ်သည်တော်များက မခုခံတော့ဘဲ ဝင်္ကပါကိုသာ ထိန်းထားကြသည်။

လက်ကြီးများက ဆက်လက်ကျဆင်းလာပြီး ယွီလင်နန်းစောင့်တပ်သား တစ်ယောက်ပြီးတစ်ယောက် ဆွဲထုတ်သွားသည်။ ချင်မူ့ပတ်ဝန်းကျင်တွင် လူအင်အား လျော့သထက် လျော့လာ၏။ တစ်ယောက်လျော့သွားလျှင် ကျန်ရှိသူများက ဝင်္ကပါအခင်းအကျင်းကို တမုဟုတ်ချင်း ပြောင်းလဲကာ ပျက်စီးမသွားအောင် ထိန်းနေကြသည်။

“အစ်ကိုကြီး၊ ခင်ဗျား ဒီစစ်သည်တော်တွေကို လေ့ကျင့်ပေးထားတာ သိပ်တော်လွန်းတယ်’

နောက်ဆုံးတော့ ချင်မူသည် စာလုံးသုံးဆယ့်ခုနစ်လုံး၏ သင်္ကေတတည်ဆောက်ပုံကို ပြောင်းလဲပြီးသွား၍ စာလုံးသုံးဆယ့်ခုနစ်လုံးက လင်းလက်တောက်ပလာ၏။ စူးရှသော အလင်းရောင်က သင်္ဘော၏အတွင်းထဲမှ ဖြာထွက်လာသဖြင့် နတ်မင်းလေးပါးပင် မျက်လုံးကျိန်းစပ်သွား၍ မျက်လုံးများအား အလျင်အမြန် ကာလိုက်ကြရသည်။

“စစ်သည်တော်တို့ ငါ့ကို စောင့်နေကြပါ”

ချင်မူက ကျန်ရှိသောစစ်သည်တော်များကို အရိုအသေပေးပြီး အလေးအနက် ပြောလိုက်၏။ “နတ်မင်းလေးပါးရဲ့ တံဆိပ်တော်တွေက မင်းတို့ကို မဖိနှိပ်နိုင်ပါဘူး.. မင်းတို့ ဟင်းလင်းပြင်ထဲမှာ ပျောက်ကွယ်သွားပြီးရင် တံဆိပ်တွေကနေ လွတ်မြောက်ကြလိမ့်မယ်... နောင်တစ်ချိန် ငါ ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းကို အပြည့်အဝ‌ ဖြေရှင်းနိုင်ရင် မင်းတို့ကို မသေမရှင် ဖြစ်နေတဲ့ ဒီအခြေအနေကနေ ကယ်ထုတ်ပေးပါ့မယ်”

“ကျိန်ပါ” ခေါင်းဆောင်းများအောက်ရှိ မျက်နှာများက သူ့ကို ကြည့်နေကြသည်။

ချင်မူ လက်ဝါးထောင်လိုက်၏။ “ငါ့အသက်နဲ့ ကျိန်တယ်...”

ဤအချိန်တွင် လက်ကြီးများက ချင်မူ၊ ကျဲ့ဟွလီနှင့် ကျန်စစ်သည်တော်များကို ဆွဲထုတ်လိုက်ကြ၏။

“မမကြီး၊ မောင်လေးမူကို မှတ်မိသေးလား” ချင်မူ ခေါင်းမော့ကာ အော်ဟစ်လိုက်သည်။

ကုန်းပတ်အပေါ်တွင် ချင်မူနှင့် ကျဲ့ဟွလီကို ဆွဲထုတ်လိုက်သည့် အမျိုးသမီးမှာ အံ့အားသင့်သွားပြီး အော်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူလား”

“မမကြီး ကျွန်တော် ‌နောင်ကျ ရှင်းပြမယ်... ကျွန်တော်တို့ကို အခု လွှတ်ပေးပါ”

တောင်နတ်မင်းကျူချွဲအာ သူတို့ကို အလျင်အမြန် လွှတ်ပေးလိုက်သည့်အချိန် စာလုံးသုံးဆယ့်ခုနစ်လုံးက ဘန်းခနဲ ပေါက်ကွဲသွားသည်။ အလင်းရောင်သည် အရပ်လေးမျက်နှာသို့ ဖြာထွက်သွားပြီး သင်္ဘောအပြင်ရှိ အနက်ရောင်မြူခိုးများ ရှင်းထုတ်ခံလိုက်ရ၏။

တခဏသာ ကြာလိုက်သော်လည်း နှစ်ပေါင်းထောင်ချီ ကြာသွားသလို ခံစားရသည်။ ချင်မူ့မျက်လုံးအရှေ့ရှိ အလင်းရောင် ပျောက်ကွယ်သွားသည့်အခါ ပတ်ဝန်းကျင်တစ်ခုလုံး မည်းမှောင်နေလေသည်။

ချင်မူမှာ လောလောဆယ်တွင် မာန်ဟုန်မြစ်ပြင်ပေါ်၌ ရပ်နေပြီး ရွာလူကြီးနှင့် နဂါးထိန်းဧကရာဇ်က သူ့နောက်မှ ပြေးလာနေ၏။ သူတို့က သူ့ဘေးသို့ ရောက်လာကြသည်။

ချင်မူ ရေထဲသို့ ငုံ့ကြည့်လိုက်သည့်အခါ တစ္ဆေသင်္ဘောတစ်စင်းက မြစ်ထဲတွင် ရွက်လွှင့်နေသည်။

ချင်မူက ကမ်းစပ်သို့ လှည့်ကြည့်လိုက်ပြီး ပထမလူသားဧကရာဇ်သည် ထိုနေရာတွင် ရပ်လျက် သူတို့ဆီသို့ လှမ်းကြည့်နေ၏။

ရွာလူကြီးက ဒေါပွနေပြီး သူ့ခေါင်းကို လက်သီးဖြင့် ထုသည်။ “ငါတို့ကို ကာကွယ်ပေးမယ်ဟုတ်လား... ငါက မင်းကို ကာကွယ်ပေးဖို့ လာတာကွ... ခွေး‌ကောင်လေး၊ အပြင်‌ရောက်တာဖြင့် နှစ်နည်းနည်းပဲ ရှိသေးတယ် ဘဝင်လေဟပ်နေပြီ” (အပိုင်း ၈၀၇ မှ)

ချင်မူမှာ သူ့ခေါင်းသူ ပွတ်ပြီး ကောင်းကင်သို့ မော့ကြည့်လိုက်ရာတွင် လပေါ်မှ ကြိုးတစ်စင်း ကျလာသည်ကို မြင်လိုက်ရသည်။ မြစ်အထက်ပိုင်းသို့ လှမ်းကြည့်လိုက်သည့်အခါ သင်္ဘောလေးတစ်စင်းဖြင့် လော့ဝူရွှမ် ပျံသန်းလာနေသည်ကို တွေ့ရ၏။

ချင်မူ ပြုံးလိုက်ပြီး ရွာလူကြီးနှင့် နဂါးထိန်းဧကရာဇ်ကို ပြောလိုက်သည်။ “ကျွန်တော် ကတိအတိုင်း ဘိုးဘိုးတို့နှစ်ယောက်ကို ကယ်ပေးပြီးပြီနော်... ဘိုးဘိုးရွာလူကြီး၊ နဂါးထိန်းဧကရာဇ် မတွေ့ရတာကြာပြီ”

All Chapters