← Chapters

ငါနဲ့အတူ တိုက်ခိုက်ကြစို့

Vol. 62 Ch. 820

ငါနဲ့အတူ တိုက်ခိုက်ကြစို့

Vol. 62 Ch. 820

ချင်မူက လင်းရှောင်ကို သံလိုက်ဆွဲအား ကောင်းကင်နတ်သိုင်းဖြင့် ဦးစွာဆွဲချခဲ့သည်။ ထို့နောက် ကျန်ကောင်းကင်နတ်သိုင်းများ၏ စွမ်းအား ထွက်ပေါ်လာ၍ လင်း‌ရှောင်တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်သွားခဲ့သည်။

သို့သော် လင်းရှောင်ကား နတ်ဘုရားတစ်ပါး မဟုတ်ပါ၏လော။ သိုင်းအခြေခံ ပျက်စီးသွား၍ အဆင့်မြင့်နတ်ဘုရားအဖြစ်မှ ကျဆင်းသွားသည့်တိုင် သူ့တွင် အသိအမြင်များ၊ အတွေ့အကြုံများ ရှိနေသေးသည်။ ရုတ်တရက်ဖြစ်၍ ချင်မူ့ကြောင့် အငိုက်မိသွားရုံသာ ရှိသည်။ သူ့အတွက် နေစွမ်းအားကို အသုံးပြုပြီး ချင်မူ့ကောင်းကင်နတ်သိုင်းများအား ဖြိုခွင်းရန် မခက်ပေ။

ရွာလူကြီး၏ဓားပန်းချီပင် သူ၏နေစွမ်းအားကို မခုခံနိုင်ရာ ချင်မူလည်း မည်သို့ခုခံနိုင်ပါမည်နည်း။

သို့တိုင်အောင် ကျဲ့ဟွလီ၏ ဓားမက အချိန်ကိုက်၍ ရောက်လာခဲ့ကာ သူ့လည်ပင်းကို ခုတ်ဖြတ်နိုင်ခဲ့သည်။

အပေးအယူမျှမျှ ပူးပေါင်းတိုက်ခိုက်ရာတွင် ရှုရှန်းဟွာတစ်ယောက်သာ ချင်မူ့ကို ယှဉ်နိုင်သည်။ ကျဲ့ဟွလီ၏ အတွေးများမှာ ချင်မူ့အတွေးများအား မည်သို့မျှ လိုက်မမှီနိုင်ပေ။ ထို့ကြောင့် ချင်မူက သိုင်းကွက်များကို ကြိုတင်ခင်းကျင်းခဲ့ပြီး လင်းရှောင်ကို အလစ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ကောင်းကင်နတ်သိုင်းတို့၏ စွမ်းအားကား အတိုင်းထက်အလွန် ပြင်းထန်သဖြင့် သိုင်းကွက် ခုနစ်ဆယ့်နှစ်ကွက်၏ စွမ်းအားများ ထွက်ပေါ်လာသည့်အခါ ချင်မူကိုယ်တိုင် တိုက်ခိုက်သည်ထက်ပင် အင်အားကြီးမားသွား၏။ သို့သော် သိုင်းကွက်များက လင်းရှောင်ကို တခဏသာ ချုပ်ထားနိုင်သည်၊ မသတ်နိုင်ပေ။ သို့ဖြစ်၍ ဤတာဝန်က ကျဲ့ဟွလီ၏ပခုံးအပေါ် ရောက်သွားခဲ့သည်။

ကောင်းကင်နတ်သိုင်း ခုနစ်ဆယ့်နှစ်ခုသည် ကျဲ့ဟွလီအတွက် အခွင့်အရေးလေးတစ်ခု ဖန်တီးပေးရန်သာ ဖြစ်၏။

ကျဲ့ဟွလီအနေဖြင့် ချင်မူ၏ ကောင်းကင်နတ်သိုင်းများကို ကိုယ်တိုင်ကျော်ဖြတ်၍ အခွင့်အရေးအား ဖမ်းဆုပ်နိုင်မည်မဟုတ်ပေ။ ရှုရှန်းဟွာသာဆိုလျှင် ဤသိုင်းကွက်များ၏ သဘောတရားကို တမုဟုတ်ချင်း သဘောပေါက်သွားပြီး အခွင့်အရေးအား လွယ်လင့်တကူ ဖမ်းးဆုပ်နိုင်လိမ့်မည်။

ထို့ကြောင့် ချင်မူ၏နောက်ဆုံးကောင်းကင်နတ်သိုင်းက ကျဲ့ဟွလီကို ကျန်ကောင်းကင်နတ်သိုင်းများအကြား ဖြတ်ကျော်၍ ခေါ်သွားပေးခဲ့သည့် နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်း ဖြစ်ခဲ့သည်။ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းသည် အခွင့်အရေးအား ကျဲ့ဟွလီ၏ လက်ထဲသို့ အမိအရ ထည့်ပေးခဲ့၏။

နတ်ဘုရားကို သတ်မည့်တိုက်ပွဲက ကိုးဆယ်ရာခိုင်နှုန်း ပြီးမြောက်နေပြီဟု ကျဲ့ဟွလီ ပြောခဲ့ခြင်းမှာလည်း အထက်ပါအကြောင်းရင်းများကြောင့် ဖြစ်သည်။

ကျဲ့ဟွလီ လင်းရှောင်ကို ခေါင်းဖြတ်လိုက်သည့် အခိုက်အတန့်တွင် နေမှာ ထိန်းချုပ်သူမရှိတော့၍ မီးတောက်မီးလျှံများ ဟုန်းဟုန်းတောက်လာသည်။ မီးတောက်များက တောင်တန်းမြစ်ပြင်များကို လှန်မှောက်ပစ်မည့် လှိုင်းလုံးကြီးများသဖွယ် ပြင်းထန်အားကောင်းလာ၏။ ချင်မူမှာ လက်ကျန်မှော်စွမ်းအင်ဖြင့် နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်း စေလွှတ်ကာ ကျဲ့ဟွလီကို ကယ်ထုတ်ပေးလိုက်ရသည်။

မီးပင်လယ်က အလျှံတညီးညီး တောက်လောင်လျက် ချင်မူဆီသို့ လိမ့်ဆင်းလာသည်။ မီးတောက်များနှင့် ထိတော့မည့်အချိန် နေရာရွှေ့ပြောင်းအလင်းရောင် ဖျတ်ခနဲ လက်သွားပြီး ချင်မူ၏ခန္ဓာကိုယ် ပျောက်ကွယ်သွားသည်။

နောက်တခဏတွင် ဥမင်အပြင်၌ နှစ်ယောက်စလုံး ပြန်ပေါ်လာကြသည်။ မီးတိုင်လုံးကြီးက ဥမင်အတွင်းထဲမှ အပေါ်သို့ ပန်းထွက်သွား၏။ တခဏကြာသော် ငြိမ်းသွားသည်။

ချင်မူနှင့် ကျဲ့ဟွလီ မြေပြင်ပေါ် ဆင်းသက်လိုက်ကြသည်။ ကျဲ့ဟွလီမှာ စိုးရိမ်ထိတ်လန့်နေခဲ့သောကြောင့် တစ်ကိုယ်လုံး တုန်ရီနေသည်။ သူ့ဒူးများလည်း ယိုင်ခွေနေပြီး မိစ္ဆာဓားမသည်လည်း တဆတ်ဆတ် တုန်နေ၏။

ချင်မူလည်း ချီစွမ်းအင်နှင့် မှော်စွမ်းအင် ကုန်ခမ်းထားသောကြောင့် ပင်ပန်းနေ၍ ထိုင်ချပြီး မြေပြင်ပေါ်တွင် အနားယူလိုက်သည်။

ကျဲ့ဟွလီ ဥမင်ထဲသို့ ငုံ့ကြည့်လိုက်သည့်အခါ မငြိမ်းသေသော မီးတောက်များကို မြင်လိုက်ရသည်။ သို့‌သော် အသားကင်အနံ့က ပျံ့လွင့်လာ၍ နှစ်ယောက်သား အူတကျုတ်ကျုတ် မြည်လာကြ၏။

ကျဲ့ဟွလီ တံတွေးမြိုချပြီး ချင်မူ့ကို တစ်ချက် လှမ်းအကဲခတ်သည်။ “ဂိုဏ်းသခင်ချင်၊ မင်း အရင်က ကြက်နဂါးတွေ စားဖူးတယ်မလား.... နတ်ဘုရားအဆင့် ကြက်နဂါးရော စားဖူးလား”

ချင်မူ စိတ်လှုပ်ရှားလာကာ ခေါင်းယမ်းပြလိုက်သည်။ “မစားဖူးဘူး”

ကျဲ့ဟွလီက သူ့ကို အသိပေးသည်။ “အောက်မှာ တစ်ကောင်ရှိတယ်... ကျက်လည်း ကျက်နေပြီ... မီးကင်နေတဲ့ အနံ့ကို ဒီကနေတောင် ရတယ်”

ချင်မူ ဒယိမ်းဒယိုင် ထရပ်ပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “ဒီကြက်နဂါးက တော်တော်ကြီးတယ်ကွ... ငါတို့ မီးကျွမ်းနေတဲ့အပိုင်းတွေ လှီးလိုက်ဖို့ပဲ လိုတယ်... ကျန်တဲ့အသားတွေက အိစက်ပြီး အရည်လေး ရွှမ်းနေမှာပဲ... ငါ့မှာ ဆားနည်းနည်း၊ ဆီနည်းနည်းရှိသေးတယ်... အချဉ်ရည်၊ ရှာလကာရည်နဲ့ တခြားအမယ်တွေလည်း ကျန်သေးတယ်”

“ငါ့မှာရောပဲ”

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်၍ တဟားဟား ရယ်လိုက်မိသည်။ သူတို့၏ရယ်သံများက အဝေးသို့ ပျံ့လွင့်သွား၏။

ရယ်ပြီးသည့်အခါ နှစ်ယောက်စလုံး အားမရှိတော့ပေ။ တစ်ယောက်နှင့်တစ်ယောက် တွဲကူရင်း ဥမင်ထဲ ပြန်ဝင်လိုက်ကြသည်။

တခဏကြာသော် ချင်မူ၏ အံ့အားသင့်နေသောအသံက အထဲမှ ထွက်လာသည်။ “မင်းရဲ့ မိစ္ဆာဓားမကလည်း စားတတ်တယ်လား... ဒါက ဓားမရော ဟုတ်သေးရဲ့လားကွာ”

“ငါ့မိစ္ဆာဓားမက တကယ်တော့ ကောင်းကင်နတ်ဘုံထဲက သတ္တဝါတစ်ကောင်ပဲ... သူ့ကို နဂါးသွားလို့ ခေါ်တယ်... ငါ အရှေ့ကောင်းကင်မှာ လေ့ကျင့်ရေးဆင်းဖို့ ဆရာလော့နဲ့အတူ လိုက်သွားတုန်းက နတ်ရတနာတောင်ပေါ်မှာ ဒီဓားမကို ရခဲ့တာ...

“အရသာ ရှိလိုက်တာကွာ... ဆရာလော့က အရှေ့ကောင်းကင်ဆိုတာ မဟာဧကရာဇ်ချင်းလုံရဲ့ ပိုင်နက်လို့ ပြောတယ်.... မဟာဧကရာဇ်ချင်းလုံရဲ့ သွားက ကြီးထွားလာတာ အရမ်းမြန်တယ်တဲ့... အဲဒါကြောင့် သူက သူ့သွားကို ခဏခဏ တံစဉ်းတိုက်ဖို့ လိုတာနဲ့ နတ်ရတနာတောင်မှာ တိုက်စားလေ့ရှိတယ်... နတ်ရတနာတောင်က အင်မတန် ခိုင်ခံ့လွန်းတော့ တစ်ခါတလေ သူ့သွား ကျိုးသွားတတ်ပြီး နဂါးသွားလို သတ္တဝါတွေ ဖြစ်တည်လာကြတယ်... ကောင်းကင်နတ်ဘုံမှာ ဓားမသိုင်း သင်ယူတဲ့လူအများစုက အဲဒီတောင်မှာ အဲ့လိုတစ်ကောင်ကောင် တွေ့လိုတွေ့ငြား ရတနာတွေ သွားရှာတတ်ကြတယ်... ဒါပေမဲ့ ကံကောင်းတဲ့သူက ခပ်ရှားရှားပဲ...”

“နတ်ရတနာတောင်တဲ့လား... အရှေ့ကောင်းကင်ရဲ့ မဟာဧကရာဇ်ချင်းလုံရဲ့ သွားကိုတောင် ကျိုးစေနိုင်တဲ့ နတ်ရတနာတောင်တဲ့လား... ငါ အရှေ့ကောင်းကင်ဆီ ရောက်တာနဲ့ နတ်ရတနာတောင်ကို သေချာပေါက် ရတနာအဖြစ် ပြောင်းလဲပစ်ရမယ်”

“အဲဒီတောင်က မြင့်းမိုရ်‌တောင်အောက် မသေးဘူး... မင်း ဘယ်, မ နိုင်ပါ့မလဲ.. ဒါက နဂါးအသည်း... ဒီတိုင်းမစားနဲ့ဦး... ငါ့မှာ ဂျင်းနဲ့ကြက်သွန်တွေ ရှိသေးတယ်... မင်းမှာ ပဲငံပြာရည်နဲ့ ငရုပ်သီးမှုန့် ရှိသေးလား”

“ကျဲ့ဟွလီ၊ မင့်ဟင်းချက်လက်ရာက ဘယ်ဆိုးလို့တုန်းကွ”

“ချက်တတ်‌အောင် ကျင့်ယူရတာပေါ့ကွာ... ဖုရွေ့လော်နဲ့ သိုင်းကျင့်တုန်းက မိစ္ဆာမျိုးနွယ်ရဲ့ အစားအသောက်တွေက လူ့အစားအစာ‌တွေနဲ့ မတူတော့ ငါလည်း ကိုယ့်ဘာသာကိုယ် ချက်စားရတာပေါ့”

....

အတော်လေးကြာသော် နှစ်ယောက်သား ဗိုက်လုံးလုံးကြီးများကို သယ်၍ ဥမင်ထဲမှ ဒယိမ်းဒယိုင် ထွက်လာကြသည်။ အပြင်ရောက်သည်နှင့် မြေပြင်ပေါ်တွင် ထိုင်ချကာ တပိုးနင့်နေကြတော့၏။

ကြက်နဂါးကင် စားနေကြစဉ် ပြန်စတင်မှု နောက်တစ်ကြိမ် ကြုံတွေ့ခဲ့ရ၍ ကောင်းကင်နတ်ဧကရီ၏ အခေါင်းရှိသော နန်းဆောင်သည် မူလအတိုင်း ပြန်ဖြစ်သွား၏။ ချင်မူနှင့် ကျဲ့ဟွလီမှာ တဝတပြဲစားထားသောကြောင့် ဗိုက်များ ဖောင်းကားနေကြပြီး မိစ္ဆာဓားမပင် ဝလာသည်။ ဓားမလည်း ဝလာနိုင်သည်ဟု ချင်မူ မသိခဲ့ပေ။

ချင်မူ တိုင်တစ်လုံးကို မှီ၍ ထိုင်နေရင်း မျက်လုံးများမှေးကျဉ်းပြီး အပြင်သို့ ကြည့်လိုက်သည်။

လောလောဆယ်တွင် ကောင်းကင်နတ်မြစ်က စီးဆင်းနေပြီး နေကား အနောက်အရပ်၌ မေးတင်ကာ မြစ်ပြင်ထက်တွင် ပတ္တမြား‌ရောင်များ လင်းလက်နေစေသည်။ ဆည်းဆာနေ၏ အလင်းရောင်က မိန်းမပျိုလေးတစ်ဦး၏ နီစွေးသော နှုတ်ခမ်းဖူးဖူးလေးများနှင့် တူပြီး မြစ်ရေပြင်မှာ ပါးပြင်ထက်တွင် လိမ်းချယ်တတ်သည့် ပါးနီသဖွယ် လှပနေသည်။

“အပြင်မှာ ဘယ်ခေတ်လဲ မသိဘူး”

ကျဲ့ဟွလီမှာ ဗိုက်တင်းလွန်း၍ လမ်းလျှောက်ရန်ပင် အခက်တွေ့နေသည်။ သူက ကျောက်လှေကားထစ်များအပေါ် တက်ကာ ထိုင်ချလိုက်၏။ “ဂိုဏ်းသခင်၊ ဘယ်အကြိမ်က စမှတ်မှန်း မသိရင် ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းကို ဖြေရှင်းဖို့ ယုံကြည်ချက်ရှိလား”

“နတ်မင်းလေးပါး သင်္ဘောအပေါ် တက်လာတဲ့ အကြိမ်က စမှတ်ပဲ”

ချင်မူက တည်ငြိမ်အေးဆေးစွာ ပြောသည်။ “နတ်မင်းလေးပါး သင်္ဘောအပေါ် တက်လာတဲ့အချိန်က ယွီလင်နန်းစောင့်တပ်ဖွဲ့ ဟင်းလင်းပြင်ထဲမှာ ပျောက်ကွယ်သွားတဲ့အချိန်နဲ့ တူတူပဲ... ဟင်းလင်းပြင်ကနေ ပြန်ပေါ်လာတဲ့ ပုံရိပ်တွေကို မြင်ရရင် အဲဒါ စမှတ်လို့ ဆိုလိုတယ်... အဲဒီလိုမြင်ရတာနဲ့ မကြာခင် နတ်မင်းလေးပါးလည်း ပေါ်လာလိမ့်မယ်”

ကျဲ့ဟွလီ ရင်ထဲတွင် တင်းကြပ်သွားကာ အလေးအနက် ပြောလိုက်သည်။ “‌မင်း စောစောက ပြောပုံအရဆို နတ်မင်းလေးပါးရဲ့ စွမ်းအား ငှားပြီး ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းကို ဖျက်စီးပစ်နိုင်တဲ့ နည်းလမ်းရှိတယ်နော်... နတ်မင်းလေးပါးက ဘယ်လောက် သန်မာအားကောင်းလိုက်သလဲ... မင်း လုပ်နိုင်တာ‌ သေချာလား”

ချင်မူက ပြုံး၍ အေးအေးလူလူ ပြောသည်။ “နတ်မင်းလေးပါးက ဒီသင်္ဘောအပေါ်မှာ ပိတ်မိနေတာ မဟုတ်ဘူး... ငါတို့ဆီ ကပ်ဘေးစေလွှတ်ခဲ့သေးတယ်၊ တိရီယွဲ့လည်း သူတို့လက်အောက်မှာ ပညာသင်ခဲ့သေးတယ်... သဘောက ငါတို့အောင်မြင်ခဲ့တယ်လို့ ဆိုလိုတယ်”

ကျဲ့ဟွလီ မှင်သက်သွားပြီး အရေးကြီးသည့်အချက်တစ်ချက်ကို တွေးလိုက်မိ၏။ “လင်းရှောင်ကရော... သူက နတ်မင်းလေးပါးမတိုင်ခင် သင်္ဘောအပေါ် တက်လာတာမဟုတ်လား... သူ ဘယ်အကြိမ်မှာ သင်္ဘောအပေါ် တက်မှာလဲ.... သူ့စွမ်းရည်က အင်မတန် မြင့်မားတယ်... သူ သင်္ဘောအပေါ် ပြန်တက်လာရင် ငါတို့ သူနဲ့ ယှဉ်နိုင်မှာမဟုတ်ဘူး... သူက ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းကနေ လွတ်လာမှာဆိုတော့ ငါတို့အတွက် မကောင်းဘူး”

“သူ သင်္ဘောအပေါ် ဘယ်အကြိမ်ကျ တက်လာမလဲ သိဖို့ လွယ်လွယ်လေးရယ်”

ချင်မူက ဖောင်းကားနေသော သူ့ဗိုက်ကို ထိ၍ အပြုံးတစ်ခုဖြင့် ပြောသည်။ “ငါတို့ဗိုက်တွေ ပြန်ပိန်သွားရင် လင်းရှောင် တက်လာပြီဆိုတဲ့ သဘောပဲ... သူ သင်္ဘောအပေါ်က ထွက်သွားနိုင်ရင်တောင်မှ ဒီသင်္ဘောနဲ့ပတ်သက်တဲ့ မှတ်ဉာဏ်တွေ ရှိနေမှာမဟုတ်ဘူး... ဒါပေမဲ့ ကြောက်စရာအကောင်းဆုံးက...”

ကျဲ့ဟွလီ ချင်မူ့ကို လှမ်းကြည့်လိုက်သည့်အခါ ချင်မူ ပြုံးနေကြောင်း တွေ့လိုက်ရသည်။ ကျဲ့ဟွလီ ကြက်သီးမွေးညင်း ထသွားမိ၏။

ချင်မူက မှင်သေသေ ပြောသည်။ “သူက ကျွယ်ဝူချိန်ကို ဖွက်ထားရမယ့် တာဝန်နဲ့ ဒီကို ရောက်လာတာပဲ... ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်း ကျိုးပျက်သွားရင်တောင် သူ ဒီသင်္ဘောဆီ လာပြီး သံသရာလည်ပြီးရင် လည်နေဦးမှာပဲ... မီးအိမ်ထဲက ငလက်မလေးပဲ ပြန်ပြန်ဖြစ်ပြီး ဒီသင်္ဘောထဲမှာ ထာဝရပိတ်မိနေလိမ့်မယ်... သူတင်မကဘူး... မတူညီတဲ့ နှစ်..သုံးဆယ့်ခြောက်နှစ်အတွင်း ဒီတစ္ဆေသင်္ဘောအပေါ် တက်ခဲ့ဖူးမှန်း မမှတ်မိတဲ့ လူတိုင်း သင်္ဘောအပေါ် ပြန်တက်ပြီး လုပ်ခဲ့ဖူးတာတွေ ထပ်လုပ်ကြလိမ့်မယ်”

သူက တိုးညှင်းစွာ ဆက်ပြောသည်။ “အားလုံး သံသရာထဲမှာ လည်နေကြလိမ့်မယ်... သင်္ဘောပေါ် တက်မယ်၊ သေမယ်၊ ပြန်ရှင်မယ်၊ ပြန်တက်မယ်၊ သေမယ်... အဆုံးမရှိဘူး... လွတ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက ဒီတစ္ဆေသင်္ဘော ‌ပေါ်လာတဲ့အချိန် မတက်ဖို့ပဲ”

ကျဲ့ဟွလီ၏အမူအရာ အကြီးအကျယ် ပြောင်းလဲသွားသည်။ “မင်း ပြောတာက ငါ ဒီသင်္ဘောအပေါ် တက်ခဲ့ဖူးတာ မမှတ်မိရင် ပြန်တက်မိဦးမှာပေါ့.... မဟုတ်သေးဘူး၊ မဟုတ်သေးဘူး ..... နတ်မင်းလေးပါးရဲ့ စွမ်းအား ငှားယူပြီး ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းကို ဖြေရှင်းနိုင်တယ်ဆို... သေသွားတဲ့သူတွေ ပြန်ရှင်လာပြီး ဟင်းလင်းပြင်ထဲမှာ မှေးမှိန်သွားတဲ့လူတွေလည်း ပြန်လွတ်မြောက်လာမယ်ဆို.... သူတို့အချိန်ဆီ သူတို့ ပြန်သွားနိုင်မယ်ဆို... မင်းပဲ အဲဒီလိုပြောခဲ့တာ မဟုတ်လား”

ချင်မူ ပြုံးလိုက်သည်။ နေလုံးကြီးသည် အနောက်အရပ်၌ ဝင်သွားပြီး မိုးကုပ်စက်ဝန်းထက်မှ ပျောက်ကွယ်သွား၏။ သင်္ဘောအပေါ်တွင် အလင်းရောင် နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။

“ငါက ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းကို ဖြေရှင်းနေတာ... ဖျက်စီးနေတာမဟုတ်ဘူး... ငါ ဖြေရှင်းပြီးတာနဲ့ ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းက သူ့အလိုလို ပြန်တည်ဆောက်ဦးမှာပဲ... ပျောက်ကွယ်သွားမှာမဟုတ်ဘူး”

“ကောင်းကင်နတ်အရှင်လင်အတွက် သူ့ရဲ့ကောင်းကင်နတ်သိုင်းမှာ အချိန်လို့ခေါ်တဲ့အရာ မရှိဘူး... အရာအားလုံးဟာ ဒြပ်ထုတွေချည်းပဲ... သက်ရှိသတ္တဝါတွေတောင် ဒြပ်ထုပဲ... သူ့ကောင်းကင်နတ်သိုင်းက ဘယ်ဒြပ်ထုကိုမဆို ဖြိုခွဲနိုင်သလို၊ မူလအသွင်ကနေ ပြိုကွဲသွားတဲ့ ဒြပ်ထုတွေကိုလည်း ပြန်တည်ဆောက်ပေးနိုင်တယ်... ဒါက ဖန်ဆင်းပညာမှာ အမြင့်ဆုံးအဆင့်”

တဖျတ်ဖျတ် လင်းလက်နေသော အလင်းရောင်အောက်တွင် ချင်မူ့မျက်ဝန်းများက လေးနက်နေသည်။ “ငါ နတ်မင်းလေးပါးရဲ့ စွမ်းအားကို ငှားရင်တောင် သူ့ကောင်းကင်နတ်သိုင်းကို ယာယီပဲ ဖြေနိုင်မှာ... အပြီးတိုင် မဖျက်စီးနိုင်ဘူး.. ငါ ဒီကောင်းကင်နတ်သိုင်းကို ဖြေလိုက်ပြီးရင် အားလုံး ဟင်းလင်းပြင်ကနေ လွတ်လာလိမ့်မယ်... သေတဲ့လူတွေလည်း ပြန်ရှင်လာကြလိမ့်မယ်... ငါ့ကြောင့် သေသွားတဲ့ မင်းသားချိုးမင်လည်း ပြန်ရှင်လာမယ်... သူတို့ သင်္ဘောအပေါ် ပြန်တက်ပြီး လုပ်ခဲ့တာတွေ ပြန်လုပ်ကြလိမ့်မယ်... ဒါပေမဲ့...”

သူက ပြုံးလျက် ပြောသည်။ “မင်းက အသက်ရှိနေသေးတာမလို့ မှတ်ဉာဏ်မပျောက်သွားဘူး... နတ်မင်းလေးပါးရဲ့ စွမ်းအားကို ငှားယူပြီး ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းကို ချိုးဖျက်လိုက်တာနဲ့ မင်းနဲ့ငါ ငါတို့ခေတ်ဆီ ပြန်ရောက်သွားလိမ့်မယ်...”

ကျဲ့ဟွလီ စိတ်သက်သာရာရသွားသည်။ “ငါ ဆရာလော့ ဒီသင်္ဘောအပေါ် မတက်အောင် တားမယ်”

ချင်မူ အနည်းငယ် အံ့အားသင့်သွား၏။

ကျဲ့ဟွလီက ပြောသည်။ “သူက ငါ့ဆရာမဟုတ်လား... ငါ့ကို ပညာသင်ပြီး ပျိုးထောင်ပေးခဲ့တဲ့ ကျေးဇူးရှိတယ်... ငါ သူ့ကို တားရမယ်”

“ငါ နားလည်တယ်”

ချင်မူ ခေါင်းညိတ်လိုက်သည်။ “မင်းက အဲဒီလိုလူစားမျိုးပဲ”

ကျဲ့ဟွလီက ပြုံးပြ၏။ “သူ သင်္ဘောအပေါ် မတက်အောင် တားပြီးရင် ငါ သူနဲ့ အဆက်အသွယ် ဖြတ်ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ သွားမယ်”

ချင်မူ ခေါင်းညိတ်ပြသည်။ “သတိထားလုပ်ပါ”

ကျဲ့ဟွလီက ပြန်ပြောသည်။ “မင်းလည်း သတိထား... မင်းသားချိုးမင် အသက်ပြန်ရှင်လာတာနဲ့ မင်းကို လာတိုက်ခိုက်လိမ့်မယ်”

ချင်မူက ပြုံးလိုက်၏။ “သူက မြန်မြန်သေရမယ့်ကောင်ပါ”

အလင်းရောင်က သူတို့ကို လွှမ်းခြုံသွားသည်။

ချင်မူ သူ့ဗိုက်သူ ပွတ်လိုက်သည်။ “လင်းရှောင် ကျွယ်ဝူချိန်ကို သယ်လာနေပြီ။ မကြာခင် သင်္ဘောအပေါ် တက်တော့မယ်... သွားကြစို့၊ ငါတို့ သူ့ကို ရှောင်နေရမယ်... လင်းရှောင် သင်္ဘောအပေါ် ရောက်တာနဲ့ နတ်မင်းလေးပါးလည်း ရောက်လာဖို့ မကြာတော့ဘူး”

ကျဲ့ဟွလီလည်း သူ့ဗိုက်သူ ထိလိုက်သည့်အခါ ဖောင်းကားနေသော ဗိုက်က ပိန်ကျသွား၏။

နှစ်ယောက်လုံး အလျင်အမြန် ထွက်သွားကြသည်။

အလင်းရောင်ပျောက်ကွယ်သွားပြီးနောက် အ‌ရှေ့အရပ်မှ နေထွက်လာသည်။ နတ်ဘုရားတစ်ဖွဲ့က အခေါင်းတစ်ခုကို သယ်၍ သင်္ဘောအပေါ်သို့ အလျင်အမြန် တက်လာကြ၏။ သူတို့က ကောင်းကင်နတ်ဧကရီ၏အခေါင်း ထား,ထားသော နန်းဆောင်ခန်းမထဲသို့ တန်းဝင်သွားကြသည်။

များစွာမကြာလိုက်ဘဲ နန်းဆောင်ခန်းမဆီမှ တိုက်ခိုက်သံများ ကြားရသည်။ လင်းရှောင်သည် သင်္ဘောအပေါ်မှ ထွက်မရတော့မှန်း သိလိုက်သဖြင့် သူ၏အပေါင်းအဖော်များကို စတင်သတ်ဖြတ်တော့၏။

ကျဲ့ဟွလီက ‌မေးသည်။ “ဂိုဏ်းသခင်ချင်၊ ကောင်းကင်နတ်အရှင်လင် သင်္ဘောအပေါ် တက်လာမှာလား”

“တက်လာမှာ... ဒါပေမဲ့ ငါတို့ သူနဲ့တွေ့မှာ မဟုတ်ဘူး”

ချင်မူ တိုက်ခိုက်သံများကို ငြိမ်သက်စွာ နားစွင့်‌နေပြီး အရှေ့ရှိ တိုင်လုံးကြီးအား ကြည့်လိုက်သည်။ တိုင်လုံးအပေါ်တွင် ကောင်းကင်နတ်အရှင်လင် ချန်ထားခဲ့သည့် ကဗျာ ရှိ၏။ ချင်မူက တည်ငြိမ်စွာ ပြောလိုက်သည်။ “သူက သူ့ရဲ့ကောင်းကင်နတ်သိုင်းထဲမှာ ရှိမနေဘူး... သူ ချန်ခဲ့တဲ့ ကဗျာက‌တော့ အဲဒီတိုင်ပေါ်မှာ အမြဲရှိနေလိမ့်မယ်”

“မင်းတို့ကောင်တွေကို သတ်ပြီးရင် ဘာသတင်းမှ ပေါက်ကြားမှာမဟုတ်ဘူး”

အဝေးမှ လင်းရှောင်၏အသံ ပျံလွင့်လာပြီး သူက တဟားဟား ရယ်နေသည်။ “ကောင်းကင်နတ်ဧကရီက ငါ့မျိုးဆက်တွေကို စောင့်‌ရှောက်ပေးလိမ့်မယ်... ငါ့မျိုးဆက်အားလုံး တိုးတက်အောင်မြင်လာကြလိမ့်မယ်”

အလင်းရောင်သည် နောက်တစ်ကြိမ် ထွက်ပေါ်လာကာ ပျောက်ကွယ်သွား၏။ ချင်မူ နန်းဆောင်ခန်းမ၏ အရှေ့ရှိ လေ့ကျင့်ရေးကွင်းပြင်ဆီ ကြည့်လိုက်သည့်အခါ နတ်ဘုရားတို့၏ ပုံရိပ်များ တဖြည်းဖြည်း ပေါ်လာသည်ကို တွေ့လိုက်ရ၏။

ချင်မူ ရှေ့ထွက်၍ နဂါးဟန်ကောင်းကင်နတ်ဘုံ၏ အင်အားအကြီးဆုံး စစ်တပ်ကို မျက်နှာမူလိုက်သည်။ သူက ယွီလင်နန်းစောင့်တပ်ဖွဲ့၏ တပ်မှူးအမိန့်ပြားကို ခပ်မြင့်မြင့် မြှောက်လိုက်၏။

တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းအောင် အင်အားကြီးမားသော နတ်ဘုရားများက သူတို့ရှေ့သို့ လျှောက်လာသည့် လူငယ်လေးကို ကြည့်နေကြသည်။

ကျဲ့ဟွလီမှာ ရင်တထိတ်ထိတ်ဖြင့် သူ့နောက်မှ လိုက်လာသည်။

ယွီလင်နန်းစောင့်တပ်ဖွဲ့သည် နဂါးဟန်ကောင်းကင်နတ်ဘုံ၏ စစ်တပ်ဆယ်ဖွဲ့ထဲမှာ တစ်ဖွဲ့ဖြစ်ပြီး နဂါးဟန်ကောင်းကင်နတ်ဘုံတွင် ခွန်အားအကြီးမားဆုံး ဖြစ်ကြ၏။

ဤနတ်ဘုရားတို့ သူတို့ကို သတ်ချင်လျှင် လှုပ်ရှားနေစရာပင် မလိုပေ။ သူတို့၏အရှိန်အဝါနှင့်တင် သတ်ပစ်နိုင်သည်။

“ထကြ”

“ငါနဲ့အတူ တိုက်ခိုက်ကြစို့”

အဝေးတွင် မီးအိမ်တစ်အိမ်က တိတ်ဆိတ်စွာ ပျံတက်လာပြီး မီးအိမ်တံခါး ပွင့်လာသည်။ လင်းရှောင်ဖြစ်သည့် ငလက်မလေးသည် ဤမြင်ကွင်းဆီသို့ ကြောက်ရွံ့ထိတ်လန့်စွာ လှမ်းကြည့်နေ၏။

All Chapters