မင်းရဲ့ အုတ်ဂူဆီ အလည်လာမယ်
Vol. 62 Ch. 823
လွန်ခဲ့သော နှစ် ၆၈၀၀၀၀။
“လင်းရှောင် မြန်မြန်”
နတ်ဘုရားတစ်ဖွဲ့သည် အခေါင်းတစ်ခေါင်းကို ကောင်းကင်နတ်မြစ်ဆီသို့ သယ်နေကြပြီး တစ်ယောက်က အလျင်စလို အော်နေ၏။ “လင်းရှောင်၊ မြစ်ဘေးမှာ ဘာရပ်လုပ်နေတာလဲ... မြန်မြန်သွား၊ ဧကရီ ပေးလိုက်တဲ့ တာဝန်ပြီးမြောက်အောင် လုပ်ရဦးမယ်လေ”
လင်းရှောင်မှာ စိတ်တည်ငြိမ်အောင် ထိန်း၍ အလင်းရောင်ထဲတွင် ပေါ်လာခဲ့သော တစ္ဆေသင်္ဘောဆီသို့ ကြည့်လိုက်သည်။ သူက တခဏ တွန့်ဆုတ်နေရာမှ အခြားသူများနောက် လိုက်သွားရင်း ခပ်တိုးတိုး ရေရွတ်နေသည်။ “ငါ ဒီနေရာကို ရောက်ခဲ့ဖူးတာလား... အိပ်မက်ဆိုး မက်တာပဲလား... နတ်မင်းလေးပါး သင်္ဘောအပေါ် တက်လာတာလည်း မြင်ခဲ့ဖူးသလိုပဲ... ယွီလင်နန်းစောင့်တပ်ဖွဲ့ရဲ့ တပ်မှူးကိုတောင် တွေ့ခဲ့ရသေးတယ်...”
“အဲဒါ အိပ်မက်မဟုတ်လို့ ဘာဖြစ်မှာတုန်းကွ... လာ သင်္ဘောပေါ် မြန်မြန်တက်”
လင်းရှောင် သင်္ဘောဘေး၌ ရပ်ပြီး တွေဝေနေသည်။
“ဒါကို ကောင်းကောင်း လုပ်နိုင်ရင် ဧကရီက မင်းရဲ့မျိုးဆက်တွေကို ဘဝတစ်လျှောက်လုံး ကြီးပွားတိုးတက်စေမှာနော်”
နတ်ဘုရားတစ်ပါးက ရက်စက်ကြမ်းကြုတ်စွာ ပြော၏။ “မင်း ထပ်တွန့်ဆုတ်နေရင် ဒီလျှို့ဝှက်ချက်မပေါက်ကြားအောင် ငါတို့ မင်းကို ရှင်းပစ်ရလိမ့်မယ်”
လင်းရှောင်မှာ စိတ်အားတင်း၍ သင်္ဘောဆီသို့ လျှောက်သွားရင်း သူ့ဘာသာသူ တွေးနေသည်။ “အိပ်မက်ပဲ နေမှာပါ... သေချာပေါက် အိပ်မက်ပဲ နေမှာပါ”
လွန်ခဲ့သော နှစ် ၇၀၀၀၀၀ ခန့်။
ကောင်းကင်နတ်မြစ်။
ကောင်းကင်နတ်မြစ်ထဲတွင် အလင်းလုံးကြီးတစ်လုံး ဖွဲ့တည်လာသည်။ တောင်နတ်မင်းကျူချွဲအာ၊ အရှေ့နတ်မင်းချင်းလုံ၊ မြောက်နတ်မင်းပိုင်ဟူနှင့် အနောက်နတ်မင်းရွှမ်းဝူတို့ ပေါ်လာကြပြီး မြစ်ကမ်းနှစ်ဖက်၌ ရပ်နေကြ၏။ အလင်းရောင် ပျောက်ကွယ်သွားသည့်အခါ အလိုအလျောက် ပြန်လည်တည်ဆောက်နေသည့် တစ္ဆေသင်္ဘောတစ်စင်းကို မြင်ကြရသည်။
သင်္ဘောပေါ်၌ နဂါးအရှင်သည် ဟိန်းဟောက်အော်ဟစ်ရင်း သံကြိုးများမှ ရုန်းထွက်နေ၏။ ထိုနတ်နဂါးမှာ တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းအောင် သန်မာအားကောင်းပါသော်လည်း ယွီလင်နန်းစောင့်တပ်ဖွဲ့က သံကြိုးများကို သူ့ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်၍ သင်္ဘောနှင့် တွဲချည်ထားခြင်း ဖြစ်၏။ ထို့ကြောင့် ချင်မူ နတ်မင်းလေးပါး၏ စွမ်းအားငှားယူပြီး ကောင်းကင်နတ်အရှင်လင်၏ ကောင်းကင်နတ်သိုင်းထဲမှ ထွက်သွားသည့်အချိန်တွင်ပင် နဂါးအရှင်မှာ လွတ်မြောက်အောင် မရုန်းထွက်နိုင်ခဲ့ပေ။
ယခုတွင် ဤတစ္ဆေသင်္ဘောက အလိုအလျောက် ပြန်တည်ဆောက်နေသဖြင့် ကောင်းကင်နတ်အရှင်လင်၏ ကောင်းကင်နတ်သိုင်းလည်း ပြန်လည်ဖွဲ့တည်ချေပြီ။ သူ့မှာ ရုန်းလေလေ၊ သင်္ဘောနှင့် တစ်သားတည်း ပေါင်းစည်းလေလေသာ ဖြစ်နေတော့၏။ သူ့ခန္ဓာကိုယ်က ကုန်းပတ်အရှေ့ရှိ အဆောက်အဦနှင့် ပေါင်းစည်းသွား၍ ယခုတွင် ခေါင်းသာ ကျန်ခဲ့သည်။
နဂါးအရှင်၏မျက်ဝန်းထဲတွင် အကြောက်တရား ပြည့်နှက်လာပြီး သူက အော်ဟစ်နေသည်။ “ကယ်ပါဦး... နတ်မင်းလေးပါးတို့၊ ငါ့ကို ဒီကနေ ကယ်ထုတ်ပေးပါဦး”
နတ်မင်းလေးပါးမှာ နှစ်ဖက်ကမ်းအပေါ်တွင် ရပ်၍ အနက်ရောင်အခိုးအငွေ့များ ပြန်လည်ခြုံလွှမ်းသွားသော သင်္ဘောကြီးဆီသို့ ကြည့်နေမိကြသည်။ သူတို့ စိတ်ရှုပ်ထွေးနေကြ၏။
“ကောင်းကင်နတ်အရှင်မူ အဲဒီသင်္ဘောအပေါ်မှာ ရှိနေခဲ့တယ်”
မြောက်နတ်မင်းရွှမ်းမူက တောင်နတ်မင်းကျူချွဲကို ကြည့်၍ အလေးအနက် မေးသည်။ “ကောင်းကင်နတ်အရှင်မူက မင်းကို မမကြီးလို့တောင် ခေါ်သွားခဲ့သေးတယ်... တောင်နတ်မင်း၊ ငါတို့ကို မရှင်းပြသင့်ဘူးလား”
“ဘာလို့ ငါ့ကို ကြည့်နေကြတာလဲ”
တောင်နတ်မင်းကျူချွဲက တခစ်ခစ် ရယ်လိုက်ပြီး သူ၏နီရဲနေသော ဂါဝန်သည် မီးတောက်များအသွင် ပြောင်းသွား၏။ သူမ အဝေးသို့ ပျံထွက်သွားသည့်အခါ သူမ၏ရယ်သံက ပျံ့လွင့်လာသည်။ “နင်တို့လိုပဲ ငါလည်း ဘာမှမသိဘူး”
ကျန်နတ်မင်းသုံးပါး မျက်မှောင်ကြုတ်သွားကြသည်။
“ငါတို့အပြင် လွတ်သွားတဲ့လူတွေ ရှိတယ်... ပျောက်ကွယ်သွားတဲ့ အလင်းစက်တွေထဲမှာ လူသားပုံစံတွေ မြင်လိုက်ရသလိုပဲ”
အရှေ့နတ်မင်းချင်းလုံက ခပ်တိုးတိုး ပြောသည်။ “ပြီးတော့ ယွီလင်နန်းစောင့်တပ်ဖွဲ့ကနေ ငါ ဆွဲထုတ်ခဲ့တဲ့ စစ်သည်တော်တွေလည်း ငါ့လက်ထဲက ပျောက်သွားတယ်.. အလင်းရောင် ထွက်ပေါ်လာတုန်းက သူတို့လည်း သင်္ဘောအပေါ်က ပျောက်ကုန်ကြတယ်”
သူ ပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်လိုက်သော်လည်း ယွီလင်နန်းစောင့်တပ်ဖွဲ့မှ စစ်သည်တော်များကို မတွေ့ရပေ။ “ဒီသင်္ဘောက ထူးဆန်းလွန်းတယ်...”
လွန်ခဲ့သော နှစ် ၇၂၀၀၀၀။
မြူခိုးများ ကျူးကျော်လာသည်။
“တပ်မှူး၊ မြူထဲမှာ အစီအရင်တစ်ခု ထုတ်လွှတ်နေတဲ့ မိန်းမတစ်ယောက် ရှိနေတယ်”
သင်္ဘောကြီးတစ်စင်းသည် မြူခိုးများကို ခွင်း၍ ရွက်လွှင့်နေ၏။ ဝေစွေ့ဖုန်းက ကောင်းကင်နတ်မြစ်အပေါ်၌ ဆိုင်းမဆင့်ဗုံမဆင့် ပေါ်လာခဲ့သော မြူခိုးများကို ကြည့်ရင်း ရင်ထဲ လှုပ်ခတ်သွားပြီး ချပ်ဝတ်ချွတ်လိုက်သည်။ သူက ရွက်တိုင်၌ ချိတ်ထားခဲ့သည့် မီးအိမ်ကို ဆွဲဖြုတ်၍ အဆောက်အဦအရှေ့ရှိ နံရံအပေါ်တွင် အလျင်အမြန် စာရေးနေ၏။
သူက စာတစ်ကြောင်း ရေး၍ အဆုံးသတ်လိုက်သည်။” ငါ အဆုံးသတ်မြို့ပျက်မှာ ဒီအမျိုးသမီးနဲ့ တွေ့ခဲ့ပြီး အတိတ်ပြန်ရောက်သွားခဲ့တယ်... အတိတ်ရဲ့ အဆန်းတကြယ်ဖြစ်ရပ်တွေဆီ သွားပြီး သမိုင်းဇာတ်ကြောင်းတွေကို ငါ ရှာဖွေခဲ့တယ်... ခုတော့ ဒီမီးအိမ်ကို ငြှိမ်းပြီး ပြန်သင့်ပြီ ထင်ပါရဲ့”
သူက မီးအိမ်ကို တိုင်ပေါ်တွင် ချိတ်ပြီး မီးအိမ်တံခါးဖွင့်လိုက်ကာ မီးငြှိမ်းလိုက်သည်။ အဆောက်အဦတစ်ခုလုံး မှောင်မည်းသွား၏။
မြူခိုးများကား တဖြည်းဖြည်း မည်းနက်လာကာ သင်္ဘောတစ်စင်းလုံးအား လွှမ်းခြုံသွားလေသည်။
ဤအချိန်တွင် ကောင်းကင်နတ်မြစ်၏အလယ်တွင် အလင်းရောင် တောက်ပလာပြီး ယွီလင်နန်းစောင့်တပ်ဖွဲ့၏ စစ်သည်တော်သုံးဦး ပေါ်လာ၏။ သူတို့က အနက်ရောင်အခိုးအငွေ့များ သူတို့သင်္ဘောကြီးအား ဖုံးလွှမ်းလျက် ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားသည်ကို ငေးကြည့်နေကြသည်။
“နင်တို့တွေ ငါ့ကောင်းကင်နတ်သိုင်းကို ဖြေလိုက်နိုင်တာလား” မြစ်ပြင်ထက်တွင် ကျားသစ်ကွက်စကပ်နှင့် အမျိုးသမီးတစ်ယောက်က သူတို့ကို ကြည့်ပြီး သိချင်နေသောအမူအရာ ရှိနေသည်။
ယွီလင်နန်းစောင့်တပ်ဖွဲ့၏ စစ်သည်တော်သုံးယောက်မှာ စိတ်နှင့်ကိုယ် မကပ်ကြသေးပေ။ “ခင်ဗျားက.... ကောင်းကင်နတ်အရှင်လင်ပဲ”
ထိုအမျိုးသမီးသည် ပြုံး၍ ပြော၏။ “ကြည့်ရတာ ငါ့ကောင်းကင်နတ်သိုင်းက မပြည့်စုံသေးလို့ ဟာကွက်တချို့ ရှိနေတာ ထင်တယ်... နင်တို့တွေ ထွက်လာနိုင်ပြီဆိုတော့ ထွက်ပြေးပြီး အဓိကအဖြစ်အပျက်ကို မနှောင့်ယှက်ကြနဲ့ဦး... ငါ့နောက်လိုက်ခဲ့... ငါ့ကောင်းကင်နတ်သိုင်းကို ဘယ်လိုဖြေရှင်းခဲ့လဲ ပြောပြကြပေါ့”
သူမက အင်္ကျီလက်ခါကို ဝှေ့ယမ်းကာ လူသုံးယောက်အား ခေါ်သွားသည်။
မာန်ဟုန်မြစ်အထက်တွင်
ရွာလူကြီးနှင့် နဂါးထိန်းဧကရာဇ်မှာ ကြောင်တောင်တောင် ဖြစ်နေကြသည်။ ယခုလေးတင် ချင်မူ့နောက်မှ လိုက်မှီလာပြီး တစ္ဆေသင်္ဘောကို စူးစမ်းရန် ပြင်နေကြခြင်း ဖြစ်၏။ သို့သော် ချင်မူက တစ်ယောက်နှင့်တစ်ယောက် ကွဲကွာနေခဲ့သည့်အတိုင်း ပြောနေလေသည်။
ထို့အပြင် လက်ရှိချင်မူသည်လည်း အနည်းငယ် ထူးဆန်းသည်။ ယခင်တုန်းက ရွာလူကြီး သူ့ခေါင်းကို ထုတိုင်း သူ့ခေါင်းသူ ကိုင်ပြီး နာနေသည့်ပုံစံ ဖမ်းတတ်၏။ ယခုတွင် ခေါင်းကို ပွတ်ရုံသာ ပွတ်နေသည်။
နဂါးထိန်းဧကရာဇ် ရုတ်တရက် အလန့်တကြား ထအော်သည်။ “ဓားနတ်ဘုရား၊ သူ့နှုတ်ခမ်းမွှေးကို ကြည့်... စောစောကထက် ပိုရှည်လာတယ်”
ရွာလူကြီး ချင်မူ့ကို ကြည့်လိုက်သည့်အခါ အမှန်ပင် နှုတ်ခမ်းမွှေးများ ရှည်နေပြီး ပါးသိုင်းမွှေးများပင် ပေါက်နေကြောင်း တွေ့လိုက်ရသည်။ စောစောက ချင်မူ၏မျက်နှာမှာ ရှင်းလင်းနေခဲ့သည် မဟုတ်ပါ၏လော။
ချင်မူက မေးစေ့ကို ပွတ်ရင်း တည်ငြိမ်စွာ ပြောသည်။ “ကောင်းကင်ထဲက ငွေကြိုးကနေ ဆင်းလာတာတွေက ကောင်းကင်နတ်ဘုံရဲ့ မင်းသားချိုးမင်နဲ့ သူ့နောက်လိုက်နှစ်ယောက်ပဲ... သူတို့ရဲ့ သိုင်းစွမ်းရည်က အင်မတန် မြင့်မားတယ်”
ရွာလူကြီးနှင့် နဂါးထိန်းဧကရာဇ် မော့ကြည့်လိုက်ပြီး တွန့်လိမ်နေသော လဆီမှ ကျနေသည့် ငွေကြိုးမှတစ်ဆင့် လူသုံးယောက် လျှောဆင်းလာနေကြောင်း မြင်လိုက်ရသည်။ ငွေကြိုးသည် ရှည်သထက် ရှည်လာကာ အောက်ရှိ တစ္ဆေသင်္ဘောဆီသို့ တန်းတန်းမတ်မတ် ဦးတည်နေ၏။
“ရေအောက်ကနေ သင်္ဘောအပေါ် တက်နေတာက ရှေးဟောင်းနဂါးမင်းနဲ့ သူ့လက်အောက်က နတ်ဘုရားတစ်ပိုင်းတွေပဲ”
ရွာလူကြီးနှင့် နဂါးထိန်းဧကရာဇ် ရှေးဟောင်းနဂါးမင်းနှင့် ကျန်ရှိသူများ၏ ပုံရိပ်များကို မြင်ပင် မမြင်သေးခင် ချင်မူက အနောက်အရပ်သို့ လက်ညှိုးထိုး၍ ပြောနေသည်။ “လက်တစ်ဖက်ပြတ် ကောင်းကင်ဓားမ လော့ဝူရွှမ်က လပုံစံရတနာတစ်ခုကို ထုတ်ပြီး သင်္ဘောအပြင်က အနက်ရောင်အခိုးအငွေ့တွေကို ဖြိုခွင်းလိမ့်မယ်.. အဝေးမှာ ဖုန့်ချိုးယွင်က အမိကမ္ဘာမြေ ကမ္ဘာဦးဓားနဲ့ ကျောက်ခေါင်းတလားတစ်လုံးကို သယ်ရင်း လာနေလိမ့်မယ်... မီးလုံးကြီးအသွင်နဲ့ လာမှာ... ကောင်းကင်ထဲမှာတော့ ကြယ်တစ်စင်း ရောက်လာလိမ့်မယ်... ချိမင်နတ်ဘုရားသားတော်က အလင်းတန်းအသွင်နဲ့ ကောင်းကင်ထက်ကနေ ဆင်းလာမယ်”
ရွာလူကြီးနှင့် နဂါးထိန်းဧကရာဇ်မှာ မှင်သက်နေသည်။ ချင်မူပြောသည့်အတိုင်း လော့ဝူရွှမ်သည် သင်္ဘောအသေးလေးတစ်စင်း၏ ဦးပိုင်းတွင် ထိုင်နေပြီး လပုံစံရတနာဖြင့် တစ္ဆေသင်္ဘောအပေါ်သို့ အလင်းရောင်ဖြန့်ကျက်လိုက်၏။ လရောင်က တိုင်လုံးကြီးသဖွယ် ဖွဲ့တည်ကာ အနက်ရောင်အခိုးအငွေ့များကို ခွင်းသွားသည်။
အခြားတစ်ဖက်တွင် နေတစ်စင်း ပျံသန်းလာသကဲ့သို့ မီးလုံးကြီးတစ်လုံးသည် အလွန်လျင်မြန်စွာဖြင့် ရွေ့လျားလာနေ၏။ မီးတောက်မီးလျှံများအကြား၌ သက်တံရောင်ဇာမဏီတစ်ကောင်ကို ခပ်ရေးရေးမျှ မြင်ရပြီး ၎င်း၏ခြေသည်များသည် သစ်သားဓားတစ်လက်အား ဆုပ်ထား၏။။ ကျောတွင်မူ ကျောက်ခေါင်းတလားတစ်လုံး သယ်ထားသည်။
ထိုအချိန် ကောင်းကင်ထက်၌ ချိမင်ကြယ် ရောက်လာသည်။ ၎င်းက တစ္ဆေသင်္ဘော၏ အပေါ်တွင် အပြိုင်နေရာယူပြီး အလင်းတန်းတစ်တန်း ပစ်ချလိုက်၏။
ရွာလူကြီးနှင့် နဂါးထိန်းဧကရာဇ် နားမလည်နိုင်တော့ပေ။
“ငါ့သခင် ဘယ်တုန်းက အကြားအမြင်ရသွားတာလဲ” နဂါးထိန်းဧကရာဇ် ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။
ချင်မူက ရုတ်တရက် ပြောသည်။ “ရွာလူကြီး၊ ချိမင်နတ်ဘုရားသားတော်က ကျွန်တော်တို့ကို သင်္ဘောအပေါ်မှာ ကူညီခဲ့တယ်... သူ့ကို သင်္ဘောအပြင်ထွက်နိုင်အောင် ကယ်တင်ပေးမယ်လို့လည်း ကျွန်တော် ကတိပေးထားတယ်... ချိမင်နတ်ဘုရားသားတော် တစ္ဆေသင်္ဘောအပေါ် မဆင်းနိုင်အောင် တားပေးပါ”
ရွာလူကြီးမှာ ဇဝေဇဝါ ဖြစ်နေသော်လည်း ဓားကို ဆွဲထုတ်လိုက်သေး၏။ သူ ဓားနှင့်အတူ ပျံထွက်သွားစဉ် တစ္ဆေသင်္ဘော၏ အထက်ကောင်းကင်ထဲတွင် တောင်တန်းမြစ်ပြင်များ ဖွဲ့တည်လာပြီး ချိမင်နတ်ဘုရားသားတော်ကို တားလိုက်သည်။
အလင်းတန်းသည် ရပ်တန့်သွားပြီး တောင်တန်းများနှင့် မြစ်ပြင်ကြား ဖြတ်လျှောက်သွားသောဓား အပေါ် ဖြာကျသွား၏။ နောက်တခဏတွင် အလင်းရောင်က ရုတ်တရက် ကျုံ့သွားသည်။ ချိမင်နတ်ဘုရားသားတော်က လွင့်မျောနေသည့် တောင်တန်းမြစ်ပြင်များအထက်၌ ရပ်၍ ချင်မူနှင့် ကမ်းစပ်ရှိ ပထမလူသားဧကရာဇ်ဆီသို့ လှမ်းနှုတ်ဆက်သည်။
ချင်မူလည်း ပြန်နှုတ်ဆက်လိုက်ပြီး ပထမလူသားဧကရာဇ်ကလည်း အဝေးမှ လှမ်းနှုတ်ဆက်၏။
“ယိုတုသားတော်, ဘာကြောင့် ငါ့ကို တားတာပါလဲ” ချိမင်နတ်ဘုရားသားတော်က တောင်တန်းမြစ်ပြင်ပုံရိပ်များ၏ အပြင်သို့ ထွက်လာကာ ပြုံးလျက် မေးသည်။
“နတ်ဘုရားသားတော်ရဲ့ အသက်ကို ကယ်ဖို့ပါ”
ချင်မူ ပြုံးလိုက်သည်။ “သင်္ဘောပေါ်မှာ ခင်ဗျားကို ကယ်ဖို့ ကတိပေးခဲ့တယ်... အခု ကြိုးကြိုးစားစား အားထုတ်ပြီးတဲ့နောက်မှ ခင်ဗျားကို ကယ်တင်ပြီးပြီဆိုတော့ တစ္ဆေသင်္ဘောထဲ ပြန်ဝင်ခွင့်ပေးလိုက်ရင် ကျွန်တော် အားထုတ်ခဲ့တာတွေ အလကား ဖြစ်မသွားဘူးလား”
ချိမင်နတ်ဘုရားသားတော် မှင်သက်သွား၏။ ရွာလူကြီးနှင့် နဂါးထိန်းဧကရာဇ်လည်း ကြောင်နေကြသည်။
ပထမလူသားဧကရာဇ်က သူတို့တစ်ခုခုဖြစ်နေမည် စိုးသဖြင့် ပျံသန်းလာသည်။ သူက ချိမင်နတ်ဘုရားသားတော်ကို ကြည့်၍ မှင်သေသေ ပြောလိုက်၏။ “နတ်ဘုရားသားတော် မတွေ့တာ ကြာပြီ”
ချိမင်နတ်ဘုရားသားတော်၏ ခရမ်းရောင်ဝတ်ရုံစများ လှုပ်ခတ်သွားသည်။ သူက ချီနှင့် မှော်စွမ်းအင်တို့ကို စုဝေးလျက် ရန်သူတော်ကြီးတစ်ယောက်နှင့် ဆုံတွေ့နေရသကဲ့သို့ တင်းတင်းမာမာ ပြောသည်။ “တာအိုမိတ်ဆွေချင်ရဲ့ သိုင်းအခြေခံက တိုးတက်လာပြန်ပြီပဲ”
ချင်မူ မျက်မှောင်ကြုတ်၍ လော့ဝူရွှမ်၏ သင်္ဘောလေးဆီသို့ လှမ်းကြည့်လိုက်သည်။ သင်္ဘောလေးသည် တုံ့ခနဲ ရပ်သွားပြီး တစ္ဆေသင်္ဘောထံ ဆက်မသွားပေ။ ကျဲ့ဟွလီ လော့ဝူရွှမ်ကို နားချနေကြောင်း ထင်ရှားသည်။
ချိမင်နတ်ဘုရားသားတော် ချောင်းဟန့်ပြီး ပြောသည်။ “ဂိုဏ်းသခင်ချင်ရဲ့ စကားတွေက အမြဲ အဓိပ္ပါယ်ပါတယ်... မင်းကြောင့် ငါ တွေဝေသွားပေမယ့် ဒီသင်္ဘောပေါ်မှာ ငါ စုံစမ်းရမယ့် လျှို့ဝှက်ချက်ကြီးတစ်ခု ရှိနေတယ်...”
“ကောင်းကင်နတ်ဧကရီရဲ့ လျှို့ဝှက်ချက်လား” ချင်မူ မေးလိုက်သည်။
ချိမင်နတ်ဘုရားသားတော်မှာ အံ့အားသင့်သွား၏။
ချင်မူက ရုတ်တရက် လှမ်းခေါ်လိုက်သည်။ “မင်းသားချိုးမင်”
ကောင်းကင်ထဲမှ ကျဆင်းလာသော ငွေကြိုးသည် သင်္ဘော၏ အလံတိုင်ကို ချည်နှောင်ထားပြီး လူတချို့ လျှောဆင်းလာနေ၏။ အလံတိုင်အပေါ်သို့ ရောက်တော့မည့်အချိန် လူငယ်က ချင်မူ့အသံ ကြား၍ ရပ်သွားသည်။ သူက ချင်မူ့ကို ကြည့်လိုက်ပြီး မျက်လုံးများ တောက်ပလာကာ အပြုံးတစ်ခုဖြင့် ပြောလေသည်။ “ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ ဂိုဏ်းသခင်ချင်၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ လောကသခင်ခန္ဓာ၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုရဲ့ သူရဲကောင်းသုံးယောက်ထဲက တစ်ယောက်.... ငါ အခုတင်ပဲ ကောင်းကင်နတ်ဘုံကနေ ဆင်းလာတယ်၊ ဂိုဏ်းသခင်ချင်က ငါ့နာမည်ကို ခေါ်နေပြီ... မင့်မျက်လုံးတွေက နေရာတိုင်း ရှိနေတာပဲ.... ငါ မင်းကို အထင်သေးခဲ့မိတယ်”
ချင်မူက တဟားဟား ရယ်လိုက်ပြီး ကျေနပ်နေသည်။ သူက ရွာလူကြီးကို ပြောလိုက်၏။ “ရွာလူကြီး၊ သူက ကျွန်တော့်မျက်လုံးတွေ နေရာတိုင်းမှာ ရှိနေတယ်လို့ ပြောနေတယ်”
ရွာလူကြီးက နှာခေါင်းရှုံ့၍ သူ့တင်ပါးဆီသို့ ကြည့်၏။ “မင်းမှာ အမြီးမရှိတာ တော်သေးတယ်... မဟုတ်လို့ကတော့ မိုးပေါ် ထောင်နေလောက်ပြီ”
ချင်မူ ချိမင်နတ်ဘုရားသားတော်ကို ကြည့်လိုက်သည်။ “ကျွန်တော့်မျက်လုံးတွေက နေရာတိုင်း မရှိပါဘူး... သူ့ကို သင်္ဘောပေါ်မှာပဲ တွေ့ခဲ့ရတာ... နတ်ဘုရားသားတော် အခု ယုံပြီမလား”
ချိမင်နတ်ဘုရားသားတော်မှာ ပို၍ပင် နားမလည်နိုင်တော့ပေ။
ဤအချိန်တွင် လော့ဝူရွှမ်၏ သင်္ဘောလေးက သူတို့ဆီသို့ ရွေ့လာသည်။ သင်္ဘောဦးရှိ လော့ဝူရွှမ်က ထရပ်၏။
ချင်မူ ပြုံးပြလိုက်၍ လော့ဝူရွှမ်၏ မျက်ဝန်းထောင့်စွန်းများ တွန့်သွားသည်။ သူက အက်ကွဲကွဲအသံဖြင့် မေးသည်။ “ငါ တစ်ခု အတည်ပြုစရာရှိလို့ လာတာ.... ကျဲ့ဟွလီ ငါ့ကို ပြောခဲ့တာက မယုံနိုင်စရာကောင်းလွန်းတယ်... ဒါကြောင့် အမှန်ဟုတ်လား မေးဖို့ ချုံဧကရာဇ် လောကသခင်ခန္ဓာဆီ လာတာပဲ”
ချင်မူ ခေါင်းညိတ်လိုက်သည်။ “အမှန်ပဲ”
လော့ဝူရွှမ်က တစ်ယောက်တည်း ခပ်တိုးတိုး ရေရွတ်နေပြီးနောက် ပြောသည်။ “ကျေးဇူးတင်တယ်”
ချင်မူမှာ တအံ့တဩ မေးလိုက်မိ၏။ “ကောင်းကင်ဓားမလော့က ကျွန်တော့်ကို ဒီလောက် အယုံလွယ်တယ်လား”
လော့ဝူရွှမ်က မှင်သေသေ ပြောသည်။ “ချုံဧကရာဇ် လောကသခင်ခန္ဓာနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ လောကသခင်ခန္ဓာက တစ်ယောက်ထဲပဲ... ငါက ဘာကြောင့် မင်းကို မယုံရမှာလဲ”
ရွာလူကြီးမှာ ပို၍ပင် ဆွံ့အသွားပြီး ရုတ်တရက် ထိတ်လန့်သွား၏။ ‘ငါ ပထမဘိုးဘေးကြီးနဲ့အတူ ချုံဧကရာဇ်ရဲ့ မြို့ပျက်ဆီ သွားခဲ့တုန်းက ချုံဧကရာဇ်လောကသခင်ခန္ဓာအကြောင်း မှတ်တမ်းတင်ထားတဲ့ ကျောက်ပြားတစ်ပြား တွေ့ခဲ့တယ်... အဲဒါကြောင့် လောကသခင်ခန္ဓာ တကယ်ရှိတယ် ထင်ပြီး ကျောက်စာကိုတောင် ကူးရေးခဲ့သေးတယ်... ကောင်းကင်ဓားမလော့ ပြောပုံအရဆို ချုံဧကရာဇ်လောကသခင်ခန္ဓာက မူအာပဲပေါ့... မှတ်တမ်းထားတာက မူအာအကြောင်း ဖြစ်နေတာပေါ့... ကျောက်ပြားပေါ်က လောကသခင်ခန္ဓာမှတ်တမ်းကလည်း ငါ ထွင်ထားတဲ့ စကားတွေပေါ့... ချင်မူ ချုံဧကရာဇ်ခေတ် ပြန်ရောက်သွားတုန်းက ငါ့စကားအတိုင်း ပြောခဲ့တာ ဖြစ်မယ်... ခဏလေး ငါ ရူးတော့မယ်... ‘
သူ့မှာ ခေါင်းပေါက်ကွဲတော့မလို ခံစားနေရသည်။ ‘ငါ ခန့်မှန်းတာ မမှားရင် ငါ လိမ်ခဲ့တဲ့ကိစ္စက ချုံဧကရာဇ်ခေတ်အထိ ပျံ့သွားတာပေါ့’
ချိမင်နတ်ဘုရားသားတော်မှာ စိတ်ထဲ ရှုပ်ထွေးနေသေးသည်။ သူက ရေအောက်ရှိ တစ္ဆေသင်္ဘောကို ကြည့်ပြီးနောက် ချင်မူ့ကို ပြန်ကြည့်ကာ မဆုံးဖြတ်တတ်တော့ပေ။
ရုတ်တရက် အလင်းရောင်သည် ဖျတ်ခနဲ လက်သွားပြီး တစ္ဆေသင်္ဘောလည်း အစအနမကျန် ပျောက်ကွယ်သွား၏။
ဤအခြင်းအရာက ချိမင်နတ်ဘုရားသားတော်ကို ဝန်ထုပ်ကြီး လျော့ကျသွားသကဲ့သို့ စိတ်သက်သာရာရသွားစေသည်။ သူက အပြုံးတစ်ခုဖြင့် ပြောလေသည်။ “မင်းပြောခဲ့တာ အမှန်ဟုတ်ဟုတ် မဟုတ်ဟုတ်၊ ငါ သင်္ဘောအပေါ် မတက်နိုင်တော့ဘူး”
ချင်မူ တဟားဟား ရယ်၍ ပတ်ဝန်းကျင်သို့ ကြည့်လိုက်သည်။ ရှေးဟောင်းနဂါးမင်းနှင့် ဖုန့်ချိုးယွင် မရှိတော့ပေ။ သင်္ဘောထဲ ဝင်သွားခြင်း ဖြစ်လိမ့်မည်။
“နတ်ဘုရားသားတော်၊ မြစ်ဘေးမှာ စကားလေးဘာလေး ပြောကြတာပေါ့” ချင်မူက ဖိတ်ခေါ်လိုက်သည်။
ချိမင်နတ်ဘုရားသားတော်က ခေါင်းညိတ်ပြီး သူ့နောက်လိုက်တော့မည့်အချိန် မင်းသားချိုးမင်ဆီမှ ရယ်သံ ထွက်လာသည်။ “လောကသခင်ခန္ဓာချင်က ငါ့ကို ခေါ်ပြီး သင်္ဘောအပေါ် မတက်နိုင်အောင် လုပ်ခဲ့တယ်... အခု ဒီအတိုင်း ထွက်သွားတော့မယ်ပေါ့... ဖိတ်ခေါ်ခံရတာက တိုက်တိုက်ဆိုင်ဆိုင် တွေ့ရတာလောက် မကောင်းဘူး... ငါ ဒီတစ်ခေါက် အောက်ဘုံဆီ ဆင်းလာတာက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုရဲ့ သူရဲကောင်းသုံးယောက်ကို ရှင်းပစ်ဖို့... အခု မင်းနဲ့ တွေ့ပြီဆိုတော့ လောကသခင်ခန္ဓာကို ဒီအတိုင်း ထွက်သွားခွင့်မပေးနိုင်ဘူး”
ချင်မူ ရပ်လိုက်ပြီး သူ့ကို လှည့်ကြည့်သည်။
မင်းသားချိုးမင်သည် အေးအေးလူလူ ပြောနေ၏။ “မင်းဘေးမှာ ကျောက်စိမ်းမြို့တော်အဆင့် သိုင်းပညာရှင်တွေ ရှိသလို ၊ ငါ့ဘေးမှာလည်း ရှိတယ်... အဆင့်မြင့်ပညာရှင်တွေအကြား တိုက်ပွဲက ပျင်းစရာကောင်းတယ်မဟုတ်လား... မင်းနဲ့ငါပဲ ဒီမြစ်ပေါ်မှာ သူသေကိုယ်သေ တိုက်ခိုက်ရအောင်... ဘယ်လိုထင်လဲ”
ကျဲ့ဟွလီက တဟားဟား ရယ်ရင်း အူတက်နေသည်။
ချင်မူက ကျဲ့ဟွလီကို ကြည့်ပြီး မင်းသားချိုးမင်အား နွေးထွေးစွာ ပြုံးပြလိုက်သည်။ “နောက်နှစ် ဒီနေ့မှာ ငါ မင်းရဲ့ အုတ်ဂူဆီ အလည်လာမယ်”