မြစ်ပြင်ထက်သို့ ဖြာကျသော လရောင်၊ သံချေးတက်နေသော သွေးအလံ
Vol. 62 Ch. 824
“လောကသခင်ခန္ဓာချင်က တယ်မောက်မာတာပဲ”
မင်းသားချိုးမင်က ဒေါသမထွက်ဘဲ ပြုံးလျက် အေးအေးဆေးဆေး ပြောနေသည်။ “ဘာလို့ မင်းတို့လို သာမန်လူတွေက ကိုယ့်ကိုယ်ကို အထင်ကြီးပြီး တော်ဝင်မိသားစုရဲ့ သားတော်တွေကို အထင်သေးကြတာလဲ... ငါ့ရဲ့အမျိုးဇာတိက မင်းထက် အများကြီး အဆင့်အတန်းမြင့်တယ်... ငါက တော်ဝင်မိသားစုမှာ မွေးဖွားလာတာ... ငါ့အသိအမြင်ကလည်း မင်းထက် အများကြီး ကြွယ်ဝတယ်... ငါ့အတွေ့အကြုံကလည်း ပိုများတယ်... နတ်ကောင်းကင်ခန်းမအဆင့် ဖြစ်ဖြစ်၊ ဧကရာဇ်ပလ္လင်အဆင့် ဖြစ်ဖြစ် ဘယ်ကျင့်စဉ်ကိုမဆို ငါ အလွယ်တကူ ရယူနိုင်တယ်.... လောကကြီးရဲ့ အကောင်းဆုံးဆရာသခင်တွေကိုယ်တိုင် ငါ့ကို သင်ပေးကြတယ်... မင်းမှာရော ဘာရှိလဲ”
ရွာလူကြီး ၊ ချိမင်နတ်ဘုရားသားတော်နှင့် ပထမလူသားဧကရာဇ် ချင်မူ့အတွက် စိတ်ပူလာကြသည်။
တော်ဝင်မိသားစုတွင် မွေးဖွားလာခြင်းသည် အခြားသူများထက် များစွာသာ၏။ ချင်မူ ယှဉ်နိုင်သော အရာမဟုတ်ပေ။
ဒုက္ခိတဘိုးဘွားကျေးရွာ၏ အဘိုးအဘွားကိုးယောက်က ချင်မူ့ကို ငယ်စဉ်ကတည်းက ပညာသင်ကြားပေးခဲ့သောကြောင့် ချင်မူအနေဖြင့် အခြားများထက် များစွာသာလွန်သော်လည်း မင်းသားချိုးမင် ရရှိခဲ့သည့် အခွင့်အရေးများနှင့် မည်သို့မျှ မယှဉ်နိုင်သည်သာ။
မင်းသားချိုးမင်က ရွှေအသိုက်တွင် ရွှေဇွန်းကိုက်၍ မွေးလာသော ရွှေဇာမဏီတစ်ကောင် ဖြစ်နေသည့်အချိန် ချင်မူကမူ ကောက်ရိုးသိုက်ထဲတွင် မွေးလာသည့် ကြက်နဂါးတစ်ကောင်သာ ဖြစ်၏။
ရွာလူကြီးမှာ သူ့ဘေးရှိ ချင်မူ့ဆီသို့ တစ်ချက်ကြည့်လိုက်ရာ ချင်မူက ဖြုံပင်မဖြုံကြောင်း တွေ့လိုက်ရသည်။ သူ သူ့ဘာသာသူ တွေးလိုက်မိသည်။ ‘ဒါတွေအကုန်လုံး သားသတ်သမားရဲ့ အမှားပဲ... သားသတ်သမားက သူ့ကို ဘယ်သူ့ကိုမှ မကြောက်ဖို့ သင်ပေးထားတာ... မျက်ကန်းကိုလည်း အပြစ်တင်ရမယ်... အဲဒီသောက်အဘိုးကြီးက သူ့ရင်ဘတ်ထဲက နတ်ဘုရားကို ချိုးဖျက်ဖို့ နတ်ဘုရားရုပ်တုနဲ့ သေးနဲ့ ပန်းခိုင်းခဲ့တာ... အခုတော့ သူ ဘာကိုမှ မကြောက်တော့ဘူး...’
ချင်မူက အပြုံးတစ်ခုဖြင့် ပြောသည်။ “ငါက တော်ဝင်မိသားစုမှာ မမွေးလာခဲ့ပေမယ့် ငါ့ကို အားတက်သရော သင်ပေးခဲ့တဲ့ လူကိုးယောက် ရှိတယ်... ဒုက္ခိတဘိုးဘွားကျေးရွာရဲ့ ခေါင်းဆောင်က အခု ငါ့ဘေးက ဒီအဘိုးကြီးပဲ... သူက ငါတို့ရွာရဲ့ ရွာလူကြီး... ငါ့ကို ဓားသိုင်း သင်ပေးခဲ့တဲ့သူ... လူကောင်းတစ်ယောက်လို ဘယ်လိုပြုမူနေထိုင်ရမယ်ဆိုတာ ဆုံးမသွန်သင်ပေးခဲ့တဲ့သူပဲ”
ရွာလူကြီးမှာ ရင်ထဲ ထိသွားပြီး ရှက်သွားသည်။ ‘အဟမ်း ငါက သူ့ကို တကယ်လည်း ဆုံးမခဲ့တာပဲ မဟုတ်လား... အဲဒါကြောင့် သူ ဒီလောက်အထိ နိမ့်ချတတ်ပြီး ယဉ်ကျေးနေတာ... သူ့အဟန့်အထည်က ငါနဲ့ အတော်လေးဆင်တယ်’
မင်းသားချိုးမင်သည် ကျယ်လောင်စွာ ရယ်မောရင်း ကျောနောက် လက်ပစ်ထား၏။ သူက ကောင်းကင်ထက်၌ တောက်ပနေသည့် လမင်းကြီးဆီသို့ မော့ကြည့်နေသည်။ တွန့်လိမ်နေသော လကြီးကြောင့် သက်ပြင်းချပြီး ပြောလေသည်။ “မင်းကို ပြုမူနေထိုင်တတ်အောင် သွန်သင်ပေးခဲ့တဲ့သူ ဟုတ်လား.. ပြုမူနေထိုင်တတ်နေလို့ရော ဘာထူးသွားမှာမလို့ပဲ... တော်ဝင်မိသားစုက အရက်စက်ဆုံး၊ ကောင်းကင်နတ်ဘုံမှာ မင်းသားတွေ အများကြီးရှိတယ်... မင်းအနေနဲ့ လူကြားထဲ ထင်ပေါ်ချင်ရင် သွေးခင်းလမ်းတွေကို လျှောက်လှမ်းရတယ်... သူများထက် သာနေတဲ့သူတွေထဲက သေရေးရှင်ရေးတွေ မဖြတ်ကျော်ခဲ့ရတဲ့သူ ဘယ်သူရှိလို့လဲ... ငါ အသက်ဆယ့်နှစ်နှစ်မှာ ခန္ဓမိစ္ဆာရဲ့ သင်္ချိုင်းဆီ အလွှတ်ခံရတယ်... စုစုပေါင်း အယောက်ငါးဆယ်မှာ ငါ တစ်ယောက်ပဲ အသက်ရှင်လျက် ထွက်လာနိုင်ခဲ့တယ်... မင်း အသက်ဆယ့်နှစ်နှစ်မှာ ဘာတွေကြုံတွေ့ခဲ့ရလို့လဲ”
ချင်မူ တွေးမိသော်လည်း ထုတ်မပြောပေ။
ရွာလူကြီးက သူ့ကို သတိပေးသည်။ “မူအာ၊ မင်း မေ့သွားပြီလား.... အဘွားစစ် ကြက်နဂါးတွေ ခေါ်လာတုန်းက မင်း ကြက်နဂါးတွေနဲ့ နေတိုင်း ရန်ဖြစ်ခဲ့ရတယ်လေ... သူတို့ ထိုးဆိတ်တာပဲ မင်းအမြဲ ခံခဲ့ရတယ်မဟုတ်လား”
ချင်မူ့မျက်နှာ မီးသွေးတုံးပမာ မည်းခြစ်သွားသည်။
မင်းသားချိုးမင်က တဟားဟား ရယ်ပြီး ခေါင်းယမ်းလိုက်၏။ “ငါက မင်းထက် သာတယ်... မင့်ထက် အများကြီး သင်ယူခဲ့ရတယ်.... အတွေ့အကြုံလည်း ပိုများတယ်... ဒါ့အပြင် ငါက မင်းထက်လည်း ကြိုးစားတယ်.. ဒါတောင် မင်းက ငါ့အုတ်ဂူဆီ အလည်လာမယ် ပြောနေသေးတယ်... ဟာသပဲ”
ချင်မူ သူ့ကို အလေးအနက် ကြည့်ကာ ပြောလိုက်သည်။ “ဒါပေမဲ့ မင်းကို သတ်ဖို့က ငါ့အတွက် တကယ် ပြဿနာမဟုတ်ဘူး.. မင်းသား၊ မင်းက ငါ အရင်တစ်ခေါက်တုန်းက ရင်ဆိုင်ခဲ့ရတဲ့ ကြက်နဂါးနဲ့တောင် မယှဉ်နိုင်ဘူး... အဲဒီကြက်နဂါးကို သတ်ဖို့ ငါ နောင်တော်ကျဲ့ဟွလီနဲ့အတူ ပူးပေါင်းခဲ့ရသေးတယ်... မင်းကို သတ်ဖို့ကတော့ သိုင်းကွက်တစ်ကွက်ပဲ လိုတယ်”
ကျဲ့ဟွလီမှာ ရယ်ချင်စိတ်ကို မြိုသိပ်ထားရပြီး သူ့အနောက်ရှိ မိစ္ဆာဓားမ၏ မျက်လုံးများလည်း ကွေးနေသည်။ ဓားမ အသံမထွက်နိုင်သည်မှာ နှမြောစရာကောင်း၏။
မင်းသားချိုးမင်က သူ့ကို ကြည့်ကာ သရော်သလို ပြုံးနေသည်။ “ကျဲ့ဟွလီ၊ မင်းက ဝိညာဉ်အစောင့်တပ်ဖွဲ့ရဲ့ ပါရမီရှင်တစ်ယောက်ဖြစ်ပြီး အောက်ဘုံရောက်တာနဲ့ ဒီလောက်အမြင်ကျဉ်းသွားမယ် မထင်ထားခဲ့ဘူး... လောကသခင်ခန္ဓာချင်၊ ငါ မင်းကို ပြောခဲ့တာတွေက ငါ့အကြောင်း ကြွားနေတာမဟုတ်ဘူး... အချက်ကျကျ ပြောနေတာ”
သူက ချင်မူ့ဆီသို့ ပြန်ကြည့်သည်။ “မင်းကို အောက်ဘုံသားတွေက လောကသခင်ခန္ဓာလို့ ခေါ်ကြတယ်... ရယ်စရာတော့ ကောင်းသားကွ... အောက်ဘုံရဲ့ အဆင့်နိမ်သတ္တဝါတွေ ဘယ်လောက်အမြင်ကျဉ်းကြလဲ ဒါကြည့်တာနဲ့တင် သိတယ်... မင်းလိုကောင်က လောကသခင်ခန္ဓာဆိုရင် တော်ဝင်မိသားစုမှာ မွေးလာတဲ့ ငါလိုမင်းသားက ဘာခန္ဓာ ဖြစ်သွားမှာလဲ... အောက်ဘုံရောက်ရင် ငါ့တာဝန်က မင်းကို ဘာကြောင့် အရင်ဆုံး သတ်ရမှာလဲ သိလား”
ချင်မူ ခေါင်းယမ်းလိုက်၏။ “မသိဘူး”
“ငါက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုရဲ့ သူရဲကောင်းသုံးယောက်ကို သတ်ဖို့ ဆင်းတာတာ... အဲဒီသူရဲကောင်းသုံးယောက်ထဲမှာ မင်းက လောကသခင်ခန္ဓာမလို့ ပထမနေရာ ဖြစ်နေတယ်”
မင်းသားချိုးမင်သည် မာန်ဟုန်မြစ်၏ ညရှုခင်းကို ကြည့်၍ အေးဆေးတည်ငြိမ်စွာ ပြော၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုရဲ့ သူရဲကောင်းတစ်ယောက်ဖြစ်တဲ့ မင်းကို သတ်လိုက်မှ အောက်ဘုံသားတွေဟာ ကောင်းကင်နတ်ဘုံရဲ့ အရှိန်အဝါကို နားလည်သွားပြီး ကြောက်ရကောင်းမှန်း သိသွားကြလိမ့်မယ်... အဲဒါမှ ဒူးထောက်ပြီး ငါတို့လက်အောက်မှာ အညံ့ခံကြလိမ့်မယ်... သူတို့ရဲ့ လက်ရှိအခြေအနေတွေကို လက်ခံပြီး ပြုပြင်ပြောင်းလဲဖို့ စိတ်ကူးကြတော့မှာ မဟုတ်ဘူး... ဒါကြောင့် မင်းကို အရင်ဆုံး ဖယ်ရှားပစ်ရမှာပဲ”
ချင်မူ သိချင်စိတ်ဖြင့် မေးလိုက်သည်။ “ဒါဆို မင်း ဖယ်ရှားပစ်မယ့် ဒုတိယတစ်ယောက်က ဘယ်သူလဲ”
“ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ကျန်းပိုင်ကွေ့”
မင်းသားချိုးမင်က ဆက်ပြော၏။ “ကျန်းပိုင်ကွေ့က နှစ်ငါးရာမှာ တစ်ခါပေါ်တဲ့ ပါရမီရှင်အဖြစ် တင်စားခံထားရတယ်... သူ သေသွားရင် တုန်လှုပ်သွားကြမှာပဲ... အောက်ဘုံရဲ့ ဦးနှောက်မရှိတဲ့ သာမန်လူတွေအားလုံး နှစ်ငါးရာမှ တစ်ခါပေါ်တဲ့ ပါရမီရှင်ဆိုတာကလည်း ကောင်းကင်နတ်ဘုံရဲ့ မျက်လုံးထဲမှာ ဘာမှမဟုတ်ဘူး၊ အလွယ်လေး နင်းချေခံလိုက်ရမယ့်လူလို့ မြင်သွားကြလိမ့်မယ်... နောက်ဆုံးကျမှ ဧကရာဇ်ယန်ဖုန်းကို ငါ သတ်မှာ... သူ့ကို ဒူးထောက်ခိုင်းပြီး သေခိုင်းမယ်... သာမန်လူတွေအားလုံးအရှေ့မှာ ဒူးထောက်ခိုင်းပြီး လည်စင်းစောင့်ခိုင်းမယ်”
သူ့အမူအရာက အေးစက်သွားသည်။ “ဘာမဟုတ်တဲ့ တိုင်းပြည်အသေးလေးရဲ့ အုတ်ကြားမြက်ပေါက် အဲဒီဧကရာဇ်က ကောင်းကင်နတ်ဘုံရဲ့ အာဏာကို မသိဘူး... ကောင်းကင်နဲ့မြေကြီးရဲ့ အတိမ်အနက်ကို မသိဘူး... သူ့မျှော်လင့်ချက်အားလုံး ရိုက်ချိုးပြီးမှ သေရမှာကို ဒူးထောင်စောင့်ခိုင်းထားမယ်”
“အပြောကောင်းလှပါပေတယ်”
သူ့အနောက်ရှိ ကောင်းကင်နတ်ဘုံမှ ဧည်သည့်နှစ်ယောက်သည် လက်ခုပ်တီးကာ ချီးကျူးနေ၏။ “ကောင်းကင်နတ်ဘုံရဲ့ ဩဇာကို အခုလို ပြသင့်တာ”
“မင်းသားက ဉာဏ်အမြော်အမြင် ကြီးမားပြီး သန်မာအားကောင်းတယ်... မင်းသားကို ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကိစ္စဖြေရှင်းခိုင်းလိုက်တာက မင်းသားရဲ့ ပါရမီတွေကို ဖြုန်းတီးပစ်လိုက်တာပဲ”
မင်းသားချိုးမင်သည် အပြုံးပန်းများ ဝေဆာစွာဖြင့် ချင်မူ့ကို ကြည့်နေ၏။ “လောကသခင်ခန္ဓာချင်၊ မင်း တိုက်ခိုက်ရဲသလား”
ချင်မူ သဘောတူရန် ပြင်လိုက်စဉ် ရွာလူကြီးက စိတ်ပူစွာ ဝင်ပြောသည်။ “မူအာ ၊ သဘောတူစရာမလိုဘူး... ငါတို့က လူပိုများတယ်... ချိမင်နတ်ဘုရားသားတော်နဲ့ ပထမလူသားဧကရာဇ် ငါတို့ဘက်မှာ ရှိနေတာပဲ သူတို့ကို သေချာပေါက် နိုင်တယ်... သူနဲ့ မသေမချင်း တိုက်ခိုက်ပြီး ဘာလို့အန္တရာယ်ဖြစ်ခံနေမှာလဲ”
မင်းသားချိုးမင်က အေးအေးလူလူ ပြောနေ၏။ “ငါ့နောက်က ပညာရှင်နှစ်ယောက်က ကျောက်စိမ်းမြို့တော်အဆင့်တွေပဲ... ငါ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အရှုပ်ထုပ်တွေကို နှိမ်နင်းနေတဲ့အချိန် ငါ့ကို စောင့်ရှောက်ပေးဖို့ သူတို့မှာ တာဝန်ရှိတယ်... ဝိညာဉ်အစောင့်တပ်ဖွဲ့ရဲ့ ကောင်းကင်ဓားမလော့ကလည်း ကောင်းကင်နတ်ဘုံရဲ့ လက်အောက်ငယ်သားတစ်ယောက်ပဲ... မင်းတို့ သူတို့အစွမ်းအစတွေကို သိထားပြီးဆိုတော့ ငါ ရှင်းပြမနေတော့ပါဘူး.. မင်းတို့တွေမှာ ကျောက်စိမ်းမြို့တော်အဆင့် အဆင့်မြင့်သိုင်းပညာရှင်နှစ်ယောက်တည်း ရှိတာ... ငါ့မှာက တစ်ယောက်ပိုများတယ်”
ရွာလူကြီး မျက်မှောင်ကြုတ်သွားသည်။
ပထမလူသားဧကရာဇ်လည်း မျက်မှောင်ကြုတ်သွားပြီး လော့ဝူရွှမ်ဆီသို့ ကြည့်သည်။
လော့ဝူရွှမ်မှာ တိတ်ဆိတ်သွားကာ ကျဲ့ဟွလီအား သံသယများဖြင့် ကြည့်လိုက်၏။
ကျဲ့ဟွလီက မမြင်ချင်ယောင်ဆောင်ပြီး ချင်မူ့ကိုသာ ကြည့်နေသည်။
ချင်မူ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ရွာလူကြီး၊ စိတ်မပူနဲ့... ကောင်းကင်နတ်ဘုံက မင်းသားလေးတစ်ယောက်ပဲဟာ... သူလို မင်းသားမျိုး မသတ်ဖူးတာလဲ မဟုတ်ဘူး... ကျွန်တော် ပြန်လာခဲ့မယ်”
ရွာလူကြီးက ခပ်တိုးတိုး ကပ်ပြော၏။ “အသေမခံနဲ့... သူ့မှာ ဘာအစွမ်းအစတွေ ရှိလဲ အရင်စမ်းသပ်... ချက်ချင်း အသေသတ်သိုင်းကွက် မထုတ်နဲ့.... သူ့အစွမ်းအစတွေ မြင်ရင် အလိုက်သင့် လှုပ်ရှားချည်”
ချင်မူ ခေါင်းညိတ်လိုက်သည်။ “မင်းသားချိုးမင်၊ ကျေးဇူးပြုပြီး”
မင်းသားချိုးမင်၏ အရှိန်အဝါသည် ကြောက်ခမန်းလိလိ ပေါ်ထွက်လာ၏။ သူ၏ချီနှင့်သွေးက သံချေးတက်နေသော သွေးရောင်အလံတစ်ရွက်အသွင်ဖြင့် ကောင်းကင်ယံတွင် ဖွဲ့တည်သွားပြီး မြစ်လေကြမ်းထဲ၌ တဖတ်ဖတ် လှုပ်ခတ်နေသည်။
ကျဲ့ဟွလီ အံ့အားသင့်သွားသည်။ တစ္ဆေသင်္ဘောအပေါ်တွင် မင်းသားချိုးမင်သည် သူ့ကို အနိုင်ယူရန် ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ် သုံးမျိုး သုံးခဲ့သော်လည်း ဤ သံသွေးရောင်အလံကျင့်စဉ်ကိုတော့ မသုံးခဲ့ပေ။
ထိုစဉ်က ချင်မူ သိုင်းကွက်အနည်းငယ်မျှဖြင့် မင်းသားချိုးမင်အား သတ်နိုင်ခဲ့ခြင်းမှာ မင်းသားချိုးမင်နှင့် ကျဲ့ဟွလီ၏ တိုက်ပွဲမှ မင်းသားချိုးမင်၏ ကောင်းကင်နတ်သိုင်းများနှင့် ကျင့်စဉ်များ ပေါ်လွင်ခဲ့၍ ဖြစ်သည်။ သို့သော် ယခုတွင် မင်းသားချိုးမင်က ယခင်ကျင့်စဉ်သုံးခုကို မသုံးတော့သဖြင့် ကျဲ့ဟွလီ ချင်မူ့အတွက် စိတ်မပူမိဘဲ မနေတော့ပေ။
ပထမလူသားဧကရာဇ် အံ့အားသင့်သွားပြီး တိုးညင်းစွာ ရေရွတ်လိုက်သည်။ “အနောက်ပိုင်းကောင်းကင်ဘုံ ရွှေနတ်မင်းရဲ့ ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ် ... သံချေးရောင်သွေးအလံကျမ်းစာ”
ရွာလူကြီးက ကပျာကယာ မေးသည်။ “အဲဒါ အင်အားကြီးလား”
ပထမလူသားဧကရာဇ်၏ မျက်ဝန်းထောင့်စွန်းများ တွန့်သွားပြီး သူ့အသံမှာ အနည်းငယ် အက်ကွဲနေသည်။ “သိုင်းပညာရှင်ကောင်းကင်ဆရာသခင် ဒီကျင့်စဉ်အောက်မှာ ရှုံးနိမ့်ခဲ့ဖူးတယ်... အနောက်ပိုင်းကောင်းကင်ဘုံ ရွှေနတ်မင်းက သူ့ကို အနိုင်ယူနိုင်ခဲ့တယ်”
ရွာလူကြီး စိတ်ထဲ လေးလံသွားကာ ပထမလူသားဧကရာဇ်ဆီသို့ အသံပေးပို့လိုက်၏။ “မူအာ ရှုံးရင် ခင်ဗျား ကောင်းကင်နတ်ဘုံဆီက ပညာရှင်နှစ်ယောက်ကို ထိန်းထား... ကျွန်တော် မူအာကို သွားကယ်မယ်”
ပထမလူသားဧကရာဇ်က ခေါင်းညိတ်သည်။
သူတို့ ဆွေးနွေးပြီးသည့်အချိန် မင်းသားချိုးမင်က လှုပ်ရှားနေပြီဖြစ်သည်။
မင်းသားချိုးမင်၏ သိုင်းကွက်ကြောင့် မာန်ဟုန်မြစ်ရေစီးကြောင်းမှာ ရပ်တန့်လုနီးပါး ဖြစ်သွားသည်။ မာန်ဟုန်ပြင်းပြင်း စီးဆင်းနေသည့် မြစ်ရေများက ကောင်းကင်ထက်သို့ မြောက်တက်သွားပြီး ကျောက်ကမ်းပါးကြီးပမာ မတ်မတ်ထူနေ၏။
မင်းသားချိုးမင် အရှေ့သို့ ပိုင်းချလိုက်သည့်အခါ သံချေးတက်နေသော အလံသည် အားလုံး၏ အမြင်ကို ပိတ်ကွယ်သွား၏။ မရေမတွက်နိုင်သော သံချေးတက်ဓားများက ဤအလံ၏အတွင်းထဲမှ ပျံထွက်လာကြပြီး ချင်မူ့ကို လွှမ်းမိုးသွားကြသည်။
ဤအချိန်တွင် ဓားရောင်တစ်ချက်က သံချေးတက်ဓားများကို ထိုးဖောက်၍ မင်းသားချိုးမင်၏ နဖူးဆီသို့ ရောက်လာသည်။
မင်းသားချိုးမင်က ခေါင်းကို စောင်းလိုက်၍ ဓားရောင်သည် သူ့ပါးကို ဖြတ်သွား၏။ ဤအချိန်တွင် သူ့အနောက်၌ အလင်းရောင် ဖျတ်ခနဲ လက်သွားပြီး ချင်မူ့ပုံရိပ် ပေါ်လာခဲ့ချေပြီ။ ချင်မူက ဓားရောင်ကို လှမ်းဖမ်းသည်။
မင်းသားချိုးမင် အံ့အားသင့်သွားပြီး ကောင်းကင်ထက်ရှိ အလံကြီးသည် သူ့ဆီသို့ အုပ်လွှမ်းလိုက်၏။ အလံကြီး အောက်ကျလာသည့်အခါ ချင်မူက ဓားကို မြှောက်၍ အလံထဲသို့ ထိုးစိုက်လိုက်သည်။
ဓားရောင်ကား ဓားပျံများအသွင် ပြောင်းသွားကာ အလံကြီးနှင့်အတူ ပါသွားသည်။
အလံကြီးက လိပ်တက်သွားပြီး မိုင်တစ်ရာအကွာသို့ တမုဟုတ်ချင်း ရွေ့လျားသွား၏။ မြန်လွန်းသဖြင့် သာမန်မျက်စိဖြင့် မမြင်နိုင်ပေ။
ချင်မူ့နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းသည် မြန်သော်လည်း မင်းသားချိုးမင်၏ သံချေးရောင်သွေးအလံကျမ်းစာကလည်း မနှေးသဖြင့် မြစ်ပြင်ထက်ရှိ လူတိုင်း တလေးတစား စုပ်သပ်မိကြသည်။ “ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်ဆိုတဲ့ အတိုင်းပါပဲ”
သံချေးအလံကြီးက ကျဆင်းလာသည့်အခါ ဝှစ်ခနဲ ပွင့်သွားပြီး ဓားပျံများသည် ငွေရောင်ငါးကလေးများသဖွယ် ပျံထွက်လာ၏။ ၎င်းတို့က ချင်မူ့ဆီသို့ ပြန်လည်ပျံသန်းလာကြလေသည်။
တချွင်ချွင် ထိခတ်သံများ ထွက်လာပြီး ဓားအသေးလေးများ တစ်လက်နှင့်တစ်လက် ပူးကပ်သွားကာ ချင်မူ့လက်ထဲ၌ ရတနာဓားတစ်လက် ဖြစ်လာ၏။
ချင်မူက လက်ဝါးနှစ်ဖက်ကို ဓားကို ပွတ်၍ ဓားစက်လုံးအဖြစ် ပြောင်းလိုက်ကာ ထောင်ကျယ်အိတ်ထဲ ထည့်လိုက်သည်။ ထို့နောက် အမွှေးတိုင်တစ်တိုင် ထုတ်ပြီး ညင်ညင်သာသာ မှုတ်လိုက်၏။ အမွှေးတိုင်က လင်းလာပြီး အခိုးအငွေ့များက ခရုပတ်သဖွယ် အပေါ်သို့ ပျံလွင့်ရင်း အလံဆီသို့ မျောသွားသည်။
မြစ်ပြင်အထက်၊ မိုင်တစ်ရာအကွာတွင် အလံကြီးထဲမှ အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေသည့် အသားစများ၊ အရိုးစများ ကျလာသဖြင့် မြစ်ရေများ နီရဲကုန်သည်။
အမွှေးတိုင်က ပျံသန်းသွားပြီး အလံထဲတွင် အပေါက်ဖောက်လိုက်သည်။
“မင်းသားချိုးမင်၊ လောကသခင်ခန္ဓာက ဘာလဲ အခု သိပြီမလား”
ချင်မူ့အသံ ထွက်လာသည်။ “ဒီအမွှေးတိုင်ကို အရင်လက်ခံထားဦး... နောက်နှစ် ဒီနေ့မှာ မင်းရဲ့ အုတ်ဂူဆီ ငါ ပြန်လာခဲ့မယ်”
အလံကြီးမှာ မြစ်ထဲသို့ တအိအိ နစ်ဝင်သွားတော့သည်။
အပ်ကျသံမကြားရအောင် တိတ်ဆိတ်နေပြီး မည်သူမှ စကားမပြောရဲပေ။ လေထုသည် မွန်းကြပ်နေ၏။
ရွာလူကြီး၊ ပထမလူသားဧကရာဇ်နှင့် ကျန်ရှိသူများ ကြက်သေသေနေကြသည်။ ကောင်းကင်နတ်ဘုံမှ ဧည်သည့်နှစ်ယောက်လုံး သတိပြန်မဝင်သေးပေ။
“တစ်ကွက်ထဲပါလား...”
ကျဲ့ဟွလီ သက်ပြင်းချမိသည်။ အဆုံးသတ်ကို သိထားသဖြင့် သူတစ်ယောက်သာ အတည်ငြိမ်ဆုံး ဖြစ်လေသည်။ သူက သူ့ဘာသာသူ တွေးနေ၏။ ‘သူ သိုင်းကွက်တစ်ကွက်ပဲ သုံးခဲ့တယ်... သင်္ဘောပေါ်မှာတုန်းက လေး၊ ငါးကွက်လောက် သုံးခဲ့ရတာ...’
လော့ဝူရွှမ်က သူ့ကို ကြည့်ပြီး ခပ်တိုးတိုး မေးသည်။ “ကျဲ့ဟွလီ၊ မင်း ဒီလိုဖြစ်မယ်မှန်း ကြိုသိနေတယ်မဟုတ်လား... ဘာလို့ ဘာမှမပြောတာလဲ”
ကျဲ့ဟွလီ ပြန်မဖြေပေ။
“မင်း မင်းသားကို သတ်လိုက်တယ်...”
ရုတ်တရက် ကောင်းကင်နတ်ဘုံမှ ဧည်သည့်နှစ်ယောက်က တုန်ရီနေသောအသံဖြင့် ပြောသည်။ “မင်း မင်းသားချိုးမင်ကို သတ်လိုက်ပြီ”
ချင်မူက ယဉ်ကျေးစွာ ပြန်ဖြေ၏။ “ဆရာကြီးတို့၊ သူ့ကို ကျွန်တော်မသတ်ရင် သူ ကျွန်တော့်ကို သတ်တာ ရပ်ကြည့်နေရမှာလား... ဆရာကြီးတို့နှစ်ယောက်လုံး သူကို ယိုတု ဒါမှမဟုတ် မင်တုမှာ သွားရှာနေလည်း တွေ့မှာမဟုတ်ဘူးနော်... ကျွန်တော်က ရန်သူကို အပျောက်ရှင်းပစ်တတ်တယ်... မင်းသားချိုးမင်ရဲ့ ဝိညာဉ် ပျက်စီးသွားပါပြီ”
ကောင်းကင်နတ်ဘုံမှာ နတ်ဘုရားနှစ်ယောက်က အော်ဟစ်ကာ နတ်စွမ်းအားများ ထုတ်လွှတ်၍ ချင်မူ့အပေါ် ခုန်အုပ်ကြသည်။
ပထမလူသားဧကရာဇ်နှင့် ချိမင်နတ်ဘုရားသားတော်က ပြိုင်တူလှုပ်ရှားပြီး သူတို့နှစ်ယောက်အား ဘယ်နှင့်ညာမှ ညှပ်ထားလိုက်ကြ၏။
လော့ဝူရွှမ်၏ မျက်ဝန်းများ အရောင်လက်သွားသည်။ သူ့အနောက်ရှိ ဓားအိမ်မှ ဓားမ ထွက်လာတော့မည့်အသံ ကြားရ၏။ ဤအခိုက်အတန့်တွင် ချင်မူက မျက်ခုံးနှစ်ဖက်ကြားမှ မိုးမခသစ်ရွက်ကို ခွာကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ “အစ်ကိုကြီး၊ သတ်ဖို့ အချိန်ကျပြီ”
တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းအောင် ကြောက်စရာကောင်းသော အရှိန်အဝါက သူ့ခန္ဓာကိုယ်မှ ထွက်လာသဖြင့် လောဝူရွှမ် ရင်ထဲတွင် ပြင်းပြင်းထန်ထန် တုန်လှုပ်သွားသည်။ သူ၏ကောင်းကင်ဓားမက ဓားအိမ်ထဲ ပြန်ဝင်သွားပြီ သူ့ခြေထောက်အောက်ရှိ သင်္ဘောလေးသည် တမုဟုတ်ချင်း နောက်ပြန်လှည့်သွား၏။
ကျဲ့ဟွလီက သင်္ဘောအပေါ်မှ လျင်မြန်စွာ ခုန်ချလိုက်သည်။ လော့ဝူရွှမ်မှာ အသက်ဘေးအန္တရာယ်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ သင်္ဘောကို ချက်ချင်း ရပ်သည်။ သူက လှမ်းအော်သည်။ “ကျဲ့ဟွလီ ၊ ပြန်တက်ခဲ့”
“ဆရာလော့”
ကျဲ့ဟွလီသည် မြစ်ရေပြင်ထက်တွင် ဒူးထောက်၍ ရှိခိုးအရိုအသေပေးလိုက်၏။ “ဒီနေ့ကစပြီး ဆရာလော့မှာ ကျွန်တော့်လို တပည့်မျိုး မရှိတော့ပါဘူး.... ကျွန်တော် ဒီနေရာမှာ ရှိခိုးဂါဝရပြုပြီး ဆရာလော့ကို ကျေးဇူးတင်ပါတယ်... နောင်တစ်ချိန်ကျ ကောင်းကင်ဓားမနဲ့ ကျွန်တော် ပြန်တွေ့ရလောက်ပါတယ်”
လော့ဝူရွှမ် မှင်သက်သွားသည်။ သူက ကောင်းကင်ဓားမကို ဆွဲထုတ်ပြီး ပြတ်နေသည့် လက်၏ အင်္ကျီလက်အိုးကို ပိုင်းဖြတ်ကာ မြစ်ထဲသို့ ပစ်ချလိုက်၏။ သင်္ဘောကား လျင်မြန်စွာ ထွက်ခွာသွားတော့သည်။