ရန်ငြိုး
Vol. 80 Ch. 1109
အပြာရောင်ဇာမဏီဧကရီက သူမ၏ အသက်ဝင်နိုးထခြင်းကို လှုံ့ဆော်လိုက်ပြီး သူမ၏ ဖွံ့ဖြိုးပြီးသား ခန္ဓာကိုယ်အထက် ပြီးပြည့်စုံစွာ ပေါ်ထွက်လာသည့် အပြာရောင်ချပ်ဝတ်နှင့်အတူ ကျောဘက်တွင်လည်း အပြာရင့်ရင့် တောင်ပံနှစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုချပ်ဝတ်နှင့် ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းသည့် အချက်က ထိုအရာသည် ရှေးဟောင်းတိုက်ပွဲချပ်ဝတ်နှင့် မတူညီဘဲ သိပ္ပံကားထဲမှ စက်ရုပ်ဝတ်စုံလိုမျိုး ဖြစ်နေသည်။
အပြာရောင်ဇာမဏီက တစ်ဖက်လူဆီ ပြေးဝင်သွားပြီး လက်သည်းရှည်ရှည်များကို လက်နက်အဖြစ် အသုံးပြုလိုက်သည်။
ဟုန်ဝါကလည်း နိုးထအသက်ဝင်ခြင်း အနေအထားတွင်ရှိနေပြီး သူမမျက်ဝန်း ဝန်းကျင်တွင် အနီရောင်အမှတ်အသားရှိနေပြီး သံကြိုးများက သူမ၏ လက်နက်များဖြင့် ဆက်နွယ်ထားကာ တိုက်ကွက်အား ဓားတစ်လက်ဖြင့် အလွယ်တကူ ပိတ်ဆို့တားဆီးလိုက်နိုင်သည်။ သို့သော်လည်း သူမက မကြာခင် မျက်မှောင်ကြုတ်လိုက်၏။
“နင်လည်း ခံစားမိတယ်မလား” အပြာရောင်ဇာမဏီက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“နင့်လက်နက်က ငါ့ကို မဖိနှိပ်နိုင်တော့ဘူး”
“ကုန်သွယ်ရေးဗဟိုချက်က နင့်ကို တစ်ခုခုပေးလိုက်တာလား” သူတို့လက်နက်များ ထိပ်တိုက်တွေ့ဆုံသွားစဉ် အားကောင်းသည့် တုန်ခါလှိုင်းများ ထွက်ပေါ်လာစဉ် ဟုန်ဝါက မေးလိုက်သည်။
“ဘယ်လိုထင်လဲ” ကုန်သွယ်ရေးဗဟိုချက်က အပြာရောင်ဇာမဏီအား ထိုဓားနှစ်ချောင်း၏ ဖိနှိပ်မှုကို ခံနိုင်ရည်ရှိသည့် အဆောင်တစ်ခုကို ပေးလာခဲ့သည်။ ထို့ကြောင့် သူမက လက်စားချေဖို့ရာအတွက် ထိုအခွင့်အရေးကို ယူဖို့ တုံ့ဆိုင်းနေခြင်းမရှိပေ။
“အဲဒါဆိုတော့ နင့်လိုမျိုး မာနကြီးတဲ့သူက တခြားတစ်ယောက်ရဲ့ ခွေးတစ်ကောင်ဖြစ်လာဖို့ ရွေးချယ်လိုက်တာကိုး”
“နင့်ရဲ့ စကားတွေက ငါ့စိတ်ကို လွှမ်းမိုးနိုင်မယ်များ ထင်နေလား။ မှားသွားပြီ။ နင့်ကို သတ်ပြီးတာနဲ့ နင်တို့ ကမ္ဘာမှာရှိတဲ့ လူသားတိုင်းကို သတ်ပြီးတော့ သူတို့ခေါင်းနဲ့ ဆုလာဘ်အခန်းပါ လုပ်ထားမယ်” အပြာရောင်ဇာမဏီက သရော်ကာ ပြောလိုက်သည်။
ဟုန်ဝါ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသည့် ဒေါသ၊ အမုန်းတရားနှင့် သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာ၏။
“ဒေါသထွက်တာလား ဟား ဟား ဟား။ မစိုးရိမ်ပါနဲ့ နင့်ရဲ့ အသိစိတ်လေးကို ချန်ထားပြီးတော့ ကိုယ်တိုင်မြင်တွေ့ရအောင် လုပ်ပေးမယ်” အပြာရောင်ဇာမဏီက ထေ့ငေါ့ကာ ပြောလိုက်သည်။
ဟုန်ဝါ၏ မျက်လုံးများက နီရဲလာ၏။
သန့်စင်ယန် မီးတောက်ဓားချက်
သူမက ကြက်ခြေခတ်ပုံစံ ဓားချက်ကို ထုတ်ဖော်လိုက်သည်။ ထိုဓားချက်မှ အပူချိန်က လေဟာနယ်ထဲရှိ ဖရိုဖရဲအချိန်စွမ်းအားကိုပင် လောင်ကျွမ်းပစ်နိုင်၏။ သို့သော်လည်း အပြာရောင်ဇာမဏီက တိုက်ကွက်ကို အလွယ်တကူ ရှောင်ရှားလိုက်သည်။ သူမက အပြာရောင်အလင်းဖြင့် ပြောင်းလဲသွားကာ ကူးပြောင်းလိုက်ဟန်ပေါ်သည့် အံ့မခန်းအလျင်နှုန်းဖြင့် ရောက်ရှိလာခဲ့သည်။
ဟုန်ဝါက ခေါင်းကို ဘေးရွှေ့ကာ လက်သည်းတိုက်ကွက်ကို ရှောင်ရှားလိုက်၏။ သို့သော် သူမ၏ မျက်နှာအထက် ခြစ်ရာတစ်ခု ထင်ကျန်ခဲ့သည်။ ထို့နောက် ထိုခြစ်ရာမှ ပြင်းထန်သည့် အအေးဓာတ်ပေါ်ထွက်လာ၍ သူမက သန့်စင်ယန်တာအိုကို အသုံးပြုကာ ခုခံနေရသည်။
ဝုန်း
ဟုန်ဝါက ဓားကိုမြှောက်ကာ ကန်ချက်ကို တားဆီးလိုက်သော်လည်း ထိုအရာက သူမအား မီတာထောင်ချီ လွင့်စင်သွားစေသည်။
ကောင်းကင်နေမင်း ပျက်သုဉ်းခြင်း
သူမက နီရဲနေသည့် နေမင်းတစ်စင်းကို ဖန်တီးပြီး ဖောက်ခွဲပစ်လိုက်သည်။ အပြာရောင်ဇာမဏီက ရေခဲ သို့မဟုတ် အအေးဓာတ်စွမ်းအားဖြင့် လွှမ်းခြုံလိုက်ပြီး ကာကွယ်လိုက်၏။
ယင်ယန် မညီမျှမှု
အပြာရောင်ဇာမဏီ၏ ခန္ဓာကိုယ်မှ ဟုန်ဝါ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် အနီရောင်အလင်းတန်းတူညီစွာ အပြာရောင်အလင်းတန်း ထွက်ပေါ်လာခဲ့သည်။ ထို့နောက် နတ်ဆိုးဖိနှိပ်ရေးဧကရာဇ်၏ ခန္ဓာကိုယ်က စတင်ပြိုလဲလာ၏။ ပထမဦးစွာ သူမ၏ ညာဘက်လက်က ကျိချွဲသည့် အရည်များအဖြစ် ပြောင်းလဲသွားသည်။ အရိုးများအားလုံးက ပျောက်ကွယ်သွားသလိုမျိုး ဖြစ်၏။ ထို့နောက် သူမ၏ ခန္ဓာကိုယ်ဘယ်ဖက်အခြမ်းကလည်း စတင်၍ အရည်ပျော်ကျလာနေသည်။
“နိုးထလိုက်တော့”
ဟုန်ဝါ၏ မျက်ဝန်းထဲက နီရဲနေမှုက အလျင်အမြန် ပျောက်ကွယ်သွားလေ၏။
“အရှင် ဝမ်ဝေ့လား”
“ဒေါသနဲ့ မင်းရဲ့ စိတ်ကို လွှမ်းမိုးမသွားစေနဲ့”
ထိုစကားများကို ကြားပြီးသည့်နောက်တွင် သူမက စိတ်ကို အလျင်အမြန် ထိန်းချုပ်နိုင်ခဲ့သည်။ တစ်ဖက်လူ၏ နည်းစနစ်က သူမသည် သန့်စင်ယန်တာအိုကို အသုံးပြုစဉ် တခြားသူက ရေခဲယင်တာအိုကို အသုံးပြု၍ သူတို့ခန္ဓာကိုယ်ကြား ယင်ယန်သဟဇာတဖြစ်မှုကို ဖန်တီးပြီး သူမ၏ ခန္ဓာကိုယ်ထဲရှိမျှခြေကို ဖျက်စီးပစ်လိုက်ခြင်း ဖြစ်သည်။
သူမက ခန္ဓာကိုယ်နှင့် တာအိုအပေါ် သာလွန်သည့် ထိန်းချုပ်မှုမျိုးကြောင့် ထိုဖြစ်စဉ်သည် မလွယ်ကူခဲ့ပေ။ ထို့ကြောင့် မျှခြေကို ပြန်လည်ရယူပြီးသည့်နောက်တွင် ဟုန်ဝါ၏ ခန္ဓာကိုယ်က ပုံမှန်ပြန်ဖြစ်လာသော်လည်း သူမ၏ အမူအရာက အနည်းငယ် ဖြူဖျော့နေဆဲ ဖြစ်၏။
သူမက ဘယ်လိုလုပ် စောစောစီးစီး နိုးထလာတာလဲ…
အပြာရောင်ဇာမဏီက တွေးလိုက်သည်။ သူမက အားကောင်းသည့် ယင်၊ ဝိညာဉ်နည်းစနစ်ကို အသုံးပြုကာ တစ်ဖက်လူ၏ စိတ်နှင့် ဝိညာဉ်ကို သက်ရောက်မှုရှိဖို့ ကြိုးစားခဲ့သည်။ သူမက တစ်ဖက်လူ၏ ဟာကွက်ကို ပစ်မှတ်ထားသည့်အချက်ကိုပါ ထည့်ပေါင်းလိုက်လျှင် ဟုန်ဝါ နိုးထလာဖို့ရာ မလွယ်ကူသင့်ပေ။
တစ်စုံတစ်ယောက်က ဝင်ရောက်စွက်ဖက်ခဲ့တာလား။ ဒါပေမဲ့ ငါ ဘာလို့ တစ်ခုခု မခံစားမိခဲ့တာလဲ…
သူမက တစ်ဖက်သူသည် သူမ၏ ဝိညာဉ်ကို ကာကွယ်မည့် နည်းလမ်းတစ်ခု ရှိနေသည်ဟု ယူဆလိုက်သည်။ အပြာရောင်ဇာမဏီက လက်ကိုမြှောက်ကာ ရေခဲခရင်းခွကို ဆင့်ခေါ်လိုက်၏။
အချိန်အေးခဲခြင်း
အရိုးခိုက်လုမတတ် အအေးဓာတ်က ပတ်ဝန်းကျင်ထံ ပျံ့နှံ့လာပြီး အချိန်မြစ်ကြောင်းကပင် ရပ်တန့်သွားဟန်ပေါ်သည်။
ဟုန်ဝါ၏ ခန္ဓာကိုယ်က အချိန်ရပ်တန့်မှုကြောင့် မလှုပ်ရှားနိုင်တော့ပေ။ သူမက တစ်ဖက်လူ သူမကို ပိတ်လှောင်လိုသည့် ရည်ရွယ်ချက်ဖြင့် ပြေးဝင်လာနေသည်ကို ကြည့်နေရင်းဖြင့် တုံ့ပြန်လိုက်၏။
ဟုန်ဝါ၏ ခန္ဓာကိုယ်မှ အေးခဲနေသည့်အချိန်ကို လောင်ကျွမ်းပစ်သည့် ကြောက်မက်ဖွယ်မီးတောက်တစ်ခု ထုတ်လွှတ်လာခဲ့သည်။ သူမက ခရင်းခွကို ဓားတစ်ချောင်းဖြင့် တားဆီးပြီး ကျန်ဓားတစ်ချောင်းဖြင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
အပြာရောင်ဇာမဏီက ခရင်းခွ၏ အစွန်းတစ်ဖက်ဖြင့် ခုခံလိုက်၏။ သူမက ပါးစပ်ဟကာ ကြောက်မက်ဖွယ် အငွေ့အသက်တစ်ခု မှုတ်ထုတ်လာခဲ့သော်လည်း ဟုန်ဝါက တူညီသည့် အငွေ့အသက်ဖြင့် ပြန်လည်ရင်ဆိုင်ခဲ့သည်။
သန့်စင်ယန်ဓားချက်
ဟုန်ဝါက မီးတောက် သို့မဟုတ် စွမ်းအားများ မရှိသော်လည်း သန့်စင်ယန် အခြေပြုနည်းစနစ်ဖြစ်သည့် ဖြူစွတ်နေသည့် ဓားချက်တစ်ခုကို ထုတ်လွှတ်လာခဲ့သည်။
ထိုအရာက ဘာလဲ။
ထိုအရာက တာအိုဘာသာတွင် သန့်စင်ယန်က အသက်ဓာတ် သို့မဟုတ် စကြဝဠာ၏ စွမ်းအင်၏ အသန့်စင်ဆုံးပုံစံဖြစ်သည့်အတွက် သူမ၏ တိုက်ကွက်တွင် ထိုအတွေးအခေါ်ကို အခြေခံထားခြင်း ဖြစ်သည်။
အပြာရောင်ဇာမဏီ၏ မျက်နှာထားက ပြောင်းလဲသွားခဲ့၏။ ရုတ်တရက် အပြောင်းအလဲက ထင်မှတ်မထားမိပေ။ သူမ၏ စိတ်ထဲတွင် ဟုန်ဝါ၏ တိုက်ကွက်က သန့်စင်ယန် တာအိုကျင့်ကြံသူ အများစုကဲ့သို့ မီးတောက်ကိုသာ အာရုံစိုက်ထားလိမ့်မည်ဟု ထင်ထားခဲ့သည်။
သူမက မြင့်မားသည့် ရေခဲနံရံတစ်ခုကို ဆင့်ခေါ်ရင်း သူမကိုယ်သူမ ကာကွယ်လိုက်သည်။ အဖြူရောင်ဓားချက်က ထောပတ်တုံးကို လှီးဖြတ်သွားသည့် ဓားတစ်ချောင်းလိုမျိုး ပိုင်းဖြတ်သွားခဲ့သည်။ ထိုအပြုအမူက သူမအား အချိန်တချို့ ဆွဲပေးနိုင်ခဲ့သည့်အတွက် သူမ၏ ခရင်းခွဖြင့် ဓားချက်ကို ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။ သူမက ရှောင်ရှားဖို့ မကြိုးစားခဲ့သည်မှာ ထိုအရာ၏ အရှိန်နှင့် ထိုအရာသည် သူမ၏ အငွေ့အသက်ကို ပစ်မှတ်ထားနေကြောင်း သိ၍ ဖြစ်သည်။
ဘန်း
အပြာရောင်ဇာမဏီ၏ တိုက်ခိုက်မှုကို ရပ်တန့်လိုက်သော်လည်း သူမ ခန္ဓာကိုယ်အထက် ပိုင်းဖြတ်ရာများစွာ ကျန်ရှိခဲ့သည်။ သူမ၏ ရေခဲဇာမဏီသွေးမျိုးဆက်ကြောင်း ချက်ချင်းဆိုသလို ပြန်လည် ကောင်းမွန်သွား၏။ ဇာမဏီ၏ မျိုးစိတ်တစ်ခုအနေဖြင့် သူတို့က ကုသရေးကဏ္ဍတွင် မီးတောက်ဇာမဏီကဲ့သို့ တူညီသည့် အနေအထားတစ်ခု မရောက်သော်လည်း ပင်ကိုနတ်ဆိုးဖြစ်နေဆဲသာ ဖြစ်၏။
ဝုန်း ဝုန်း ဝုန်း
နှစ်ယောက်သားက ထိပ်တိုက်ရင်ဆိုင်လိုက်ပြီး နည်းစနစ်များစွာ ထုတ်သုံးနေကြသည်။ ထိုအနီးအနားတွင် ချည်းကပ်လာသူများက သေလုမတတ် အေးခဲသွားခြင်း သို့မဟုတ် ပူလောင်ခြင်းတို့ကို တွေ့ကြုံရနိုင်သည်။
သို့သော်လည်း သူတို့၏ အင်အားက လက်ရည်ညီနေသည့်အတွက် ရလဒ်ကို ဆုံးဖြတ်ဖို့ရာ ခက်ခဲနေသည်။
ရုတ်ချည်းဆိုသလို နှစ်ဦးသားက ပြန်လည်ခွဲလိုက်ပြီး အချင်းချင်းကြည့်လိုက်ကြသည်။ သူတို့က ဤသို့ ဆက်လုပ်နေ၍ မဖြစ်ကြောင်း သိလေ၏။ သူတို့က ဤတိုက်ပွဲကို တတ်နိုင်သမျှမြန်မြန် အဆုံးသတ်ဖို့ အကောင်းဆုံးနည်းစနစ်ကို ထုတ်သုံးရမည်။
“နင့်ကို တစ်ခုမေးလို့ ရမလား” ဟုန်ဝါက မေးလိုက်သည်။
“နင့်ရဲ့ နောက်ဆုံးစကားတွေကို နားထောင်ပေးရတာ စိတ်ထဲမထားပါဘူး”
“ငါ့ကို ဘာလို့ ဒီလောက်မုန်းနေတာလဲ။ အရင်တုန်းက ငါ့ ကမ္ဘာမှာရှိတဲ့ နတ်ဆိုးမျိုးနွယ်တွေကို လုပ်ခဲ့တာကြောင့်လို့ ထင်နေတာ။ ဒါပေမဲ့ ဒီလောက်ကြာပြီးတဲ့နောက်မှာ ဒီရန်ငြိုးက ကိုယ်ပိုင်ရန်ငြိုးဆိုတာကို သိလိုက်တယ်”
“နင်က ငါ့ချစ်ရတဲ့သူကို သတ်ခဲ့လို့ပဲ”
“ဘယ်သူ့ကို ပြောနေတာလဲ” သူမက နတ်ဆိုးများစွာကို သတ်ဖြတ်ခဲ့ဖူးသည်။
“သူ့နာမည်က ရီထွေ့ကျစ်။ သူက ငါ့ရဲ့အရာရာပဲ” အပြာရောင်ဇာမဏီက ချစ်ခြင်းမေတ္တာ၊ လွမ်းဆွတ်မှု၊ အမုန်းတရားနှင့် မျှော်လင့်ချက်တို့ဖြင့် ပြောလိုက်သည်။ သို့သော်လည်း ဟုန်ဝါက မျက်မှောင်ကြုတ်လိုက်ပြီး ထိုနာမည်ရှိသည့်သူကို မမှတ်မိပေ။ ပြောရလျှင် သူမက သူမ သတ်ခဲ့သည့် နတ်ဆိုးများ၏ နာမည်အများစုကို မမှတ်မိပေ။
“ငါ့သွေးမျိုးဆက် မနိုးထခင်တုန်းက ငါက သာမန်ရေခဲငန်းတစ်ကောင်ပဲ။ ကမ္ဘာမှာ ငါ့မိသားစုက ငါ့ကို အရှက်အရဆုံးကိစ္စလိုမျိုး မှတ်ယူကြတာပေါ့” ကောင်းကင်ရေခဲငန်း မျိုးနွယ်က စွန့်ပယ်နတ်ဆိုးကမ္ဘာတွင် အားကောင်းကာ လေးစားခံရသည့် မျိုးနွယ်တစ်ခု ဖြစ်၏။ သူမက ထိုမျိုးနွယ်၏ ပင်မမိသားစုအတွင်း မွေးဖွားလာခဲ့သော်လည်း သာမန် ရေခဲငန်းတစ်ကောင်သာ ဖြစ်နေခဲ့သည်။
“သူက သူ့ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့ ရှားပါးအရင်းအမြစ်တွေအတွက် ငါတို့မျိုးနွယ်ဆီ လာခဲ့အခါမှာ တွေ့ခဲ့တာ။ သူက ငါ့ရဲ့ အဆင့်အတန်း၊ သွေးမျိုးဆက်နဲ့ အနာဂတ်အလားအလာတွေကို ဂရုမစိုက်ဘူး။ သူက ငါ့ကို ကြင်ကြင်နာနာ ဆက်ဆံပေးပြီးတော့ ငါ့ဘဝရဲ့ ပထမဆုံးလက်ဆောင်ကိုတောင် ပေးခဲ့တယ်။ အဲဒီနှစ်ကစပြီးတော့ ငါက သူနဲ့ ထိုက်တန်အောင် တာအိုကို သက်သေပြမယ်လို့ ကျိန်ဆိုခဲ့တယ်”
အပြာရောင်ဇာမဏီက အံကြိတ်ကာ ပြောလိုက်သည်။
“သူ့ကမ္ဘာမှာ တစ်စုံတစ်ခု ဖြစ်ပျက်သွားတယ်ဆိုတာ သိခဲ့ရတော့ အတော်လေးကို အံ့အားသင့်သွားခဲ့တယ်။ ငါ ရောက်လာတဲ့အခါမှာ နင်က ကမ္ဘာမှာရှိတဲ့ နတ်ဆိုးတွေအားလုံးကို သတ်ပစ်နေတာ”
သူမ၏ ခန္ဓာကိုယ်မှ သတ်ဖြတ်ငွေ့တို့က ပိုမိုတိုးပွားလာသည်။
“ဘယ်လိုပဲဖြစ်ဖြစ် ငါက သူ့အတွက် လက်စားချေပေးဖို့ နင်တို့လူသားမျိုးနွယ်တွေ အားလုံးကို သတ်ပြီးတော့ မင်း ကမ္ဘာမှာရှိတဲ့ သူ့အမှတ်အသားကို ယူပြီး အသက်ပြန်သွင်းမှာ”
ဟုန်ဝါက ဆွံ့အမိသွားသည်။ သူမက အိပ်မက်လောက၏ တာအိုနှလုံးသားစိတ်ဝိညာဉ် ရှင်းနှင့် ထိုအမျိုးသမီးသည် စွဲလမ်းမှုရှိနေသည့် အကြောင်းအရင်းကို နားလည်ဖို့အတွက် စကားစမြည် ပြောခဲ့ရသည်။ အကြောင်းအရင်းမှာ ထိုသူက သူမအပေါ် ကြင်နာသည့် တစ်ဦးတည်းသောသူ ဖြစ်နေ၍ ဖြစ်သည်။ အဆိုးဆုံးအနေအထားက သူမသည် သူမ သတ်ပစ်သင့်သည့်လူကိုပင် မမှတ်မိပေ။
သူမက တကယ်ကို ရူးနေတာပဲ။ ဒါပေမဲ့ ဘာမှမပြောတာပဲ ကောင်းပါတယ်လေ
သူမက ထိုအမျိုးသမီး၏ စိတ်အခြေအနေ အပြောင်းအလဲကို မဖြစ်စေလိုပေ။ ဤနည်းဗျူဟာက သူမ၏ စိတ်အပေါ် သက်ရောက်မှုရှိသွားနိုင်သော်လည်း သူမက တည်တည်ငြိမ်ငြိမ်ဖြင့် ဒေါသူပုန်ထွက်သည့် အနေအထားတစ်ခုသို့ ဝင်ရောက်သွားနိုင်ချေ ရှိ၏။
“ဒါကို အဆုံးသတ်လိုက်ရအောင်”
“ကောင်းပြီလေ” အပြာရောင်ဇာမဏီက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
သန့်စင်ယန်အနေအထား
ဟုန်ဝါက မျက်စိစူးမတတ် အပြာရောင်အလင်းတန်းကို ထုတ်လွှတ်လာခဲ့သည်။ ထိုအရာ ထွက်ပေါ်လာသည်နှင့် သူမက အဖြူရောင်ချပ်ဝတ်ဝမ်းဆက်ကို ဝတ်ဆင်ထားပြီးသား ဖြစ်၏။ သူမ၏ လက်နက်များနှင့် သံကြိုးများကလည်း အဖြူစွတ်စွတ်ဖြစ်နေကာ သူမအား ဖြူစင်ကာ မြင့်မြတ်ပြီး တော်ဝင်ဆန်စေသည့် အငွေ့အသက်မျိုး ပေးစွမ်းနေသည်။
အပြာရောင်ဇာမဏီက ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်လိုက်၏။
ဒါက ထင်မှတ်မထားမိဘူး
သူမက တွေးလိုက်မိသည်။