မျောက်ဘုရင်၏ ဆွဲဆောင်မှု
Vol. 80 Ch. 1111
ထိုလူအားလုံးကို သတ်ဖြတ်ပြီးသည့်နောက်တွင် စွမ်းအားကြီး အရှိန်အဝါနှစ်ခုက ယဲ့တာ့ဖူဆီ ရောက်ရှိလာပြီး သူ့ကို တားဆီးဖို့ ကြိုးစားနေသည်။
“ဟမ်” မျောက်ဘုရင်က သစ်သားစိမ်းကို လျစ်လျူရှုထားပြီး ဒုတိယထာဝရဧကရာဇ်ကို အာရုံစိုက်လိုက်သည်။ သူမက သက်တံလိုမျိုး ရောင်စုံဝတ်စုံကို ဝတ်ဆင်ထားပြီး မြွေမျက်လုံးရှိသည့် မိန်းမလှလေးတစ်ဦး ဖြစ်၏။
“ဒီလိုအားကောင်းပြီး လှပတဲ့ နတ်ဆိုး … ဒီသွေးမျိုးဆက်က မြွေနဂါး၉ကောင်အုပ်စိုးသူ သွေးမျိုးဆက်ပဲ ဖြစ်လိမ့်မယ်” မျောက်ဘုရင်က လေထဲ အနံ့ခံပြီး ပြုံးလိုက်သည်။ ယဲ့တာ့ဖူ၏ မျက်ဝန်းထဲ တောက်ပသည့် အလင်းရောင်တစ်ခု ပေါ်ထွက်လာခဲ့သည်။
“ဒီမျောက်ဘုရင်က ဘယ်သူမှ ငါနဲ့ မထိုက်တန်ဘူးလို့ ထင်နေတာ။ ဒီလိုမျိုး ထူးထူးဆန်းဆန်း နည်းလမ်းနဲ့ မိန်းမကို တွေ့ရလိမ့်မယ်လို့ ဘယ်သူကများ သိမှာလဲ”
“ဘယ်သူ့ကို မိန်းမလို့ ခေါ်နေတာလဲ” မြွေနဂါးဧကရီက အေးစက်စက်သတ်ဖြတ်ငွေ့ကို ထုတ်လွှတ်ရင်း မေးလိုက်သည်။
“မင်းပေါ့” ယဲ့တာ့ဖူက ပြောလိုက်သည်။
“မင်းလိုသွေးမျိုးဆက်ရှိတဲ့သူကပဲ ငါနဲ့ ထိုက်တန်တာ”
“မျောက်စုတ်။ အစကတော့ ငါတို့နှစ်ယောက်လုံးက နတ်ဆိုးဆိုပြီးတော့ နင့်ကို သက်ညှာပေးမလို့ပဲ။ အခုတော့ စိတ်ပြောင်းသွားပြီ။ အခု နင့်ကို တစ်စစီဆွဲဖြဲပြီးတော့ ငါ့ခွေးကို ကျွေးပစ်မယ်။” မြွေနဂါးဧကရီက ပြောလိုက်သည်။
“အား ရက်စက်လိုက်တာ။ ငါ သဘောကျတယ်” မျောက်ဘုရင်က ဖြူစွတ်နေသည့် သွားအားလုံးကို ပြုံးဖြီးရင်း ပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့။ ငါက သက်ညှာပေးပါ့မယ်။ မင်းကို စည်းပိတ်ပြီးတော့ လက်ထပ်ဖို့ အိမ်ပြန်ခေါ်သွားမယ်။ ငါ သွေးမျိုးဆက်ကို လက်ဆင့်ကမ်းမဲ့သူ တစ်ယောက်တွေ့ပြီဆိုတော့ အကြီးအကဲတွေလည်း ပျော်နေလောက်မှာ”
မြွေနဂါးဧကရီက နိုးထအသက်ဝင်မှုကို လှုံ့ဆော်လိုက်ကာ အရောင်၉ရောင်ပါဝင်သည့် သက်တံတစ်ခုက သူမ၏ ခေါင်းအထက် လေးကိုင်းသဖွယ် ပေါ်ထွက်လာခဲ့သည်။ ရလဒ်အနေဖြင့် သူမက ရောင်စုံဝတ်စုံဖြင့် ပိုမိုတောက်ပလာဟန်ပေါ်၏။
ထိုစဉ် ဘေးဖယ်ခံထားရသည်ဟု ခံစားနေရသည့် သစ်သားစိမ်းက ဤသို့ အားကောင်းသည့် ပြိုင်ဖက်မျိုးနှင့် အဘယ်ကြောင့် ရင်ဆိုင်ခိုင်းလဲဟုသာ တိတ်တဆိတ် ညည်းတွားနေမိသည်။ သူကလည်း နိုးထအသက်ဝင်ခြင်းကို လှုံ့ဆော်လိုက်သည်။ သူ့နောက်ဘက်တွင် သစ်သားတောင်ပံ နှစ်ခု ပေါ်ထွက်လာခဲ့၏။
“မင်းကို ငါ့သစ်သားတာအိုနဲ့ ထောက်ပံ့ပေးမယ်” သူက ပြောလိုက်သည်။
“နင့်အကူအညီ မလိုဘူး” မြွေနဂါးဧကရီက ခုခံမှုတွင် နာမည်ကျော်ကြားသည့် ရွှေရောင်မြွေနဂါးနှင့် ကာလံဒေသံကို ပိုင်းဖြတ်နိုင်စွမ်းကြောင့် နာမည်ကျော်ကြားသည့် ငွေရောင်လေဟာနယ်မြွေနဂါးတို့ကို အသက်သွင်းလိုက်သည်။ ထို့ကြောင့် သူမ၏ ခန္ဓာကိုယ်ကို ရွှေရောင်အလင်းတန်းတစ်ခု လွှမ်းခြုံသွားပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားလေ၏။
ယဲ့တာ့ဖူက သူ့ခန္ဓာကိုယ်ကို အသာလှုပ်ရှားလိုက်သည့်အချိန် သူ့ခေါင်းအထက် မြွေနဂါးကြာပွတ်တစ်ခု ဖျတ်ခနဲ ဖြတ်ပြေးသွားသည်။ သူ့မြင်ကွင်းထဲ မှုန်ဝါးဝါးပုံရိပ်တစ်ခု ပျောက်ကွယ်သွားခဲ့၏။
စက္ကန့်ပိုင်းလေးအတွင်း မှုန်ဝါးဝါးပုံရိပ်တစ်ခုက သူ့ဝန်းကျင်တွင် ပေါ်ထွက်လာပြီး ကြာပွတ်နှင့် တိုက်ခိုက်လာသည်။ သူက တိုက်ကွက်အားလုံးကို အေးအေးဆေးဆေး ရှောင်ရှားနေပြီး အဝေးတစ်နေရာမှ သစ်မြစ်များက သူ့ကို မပိတ်ဆို့ခင်အထိသာ ဖြစ်သည်။
သူက ကြောက်မက်ဖွယ်မီးတောက်ကို ထုတ်လွှတ်လိုက်ပြီး သစ်မြစ်များကို ရင်ဆိုင်လိုက်သည်။ မြွေနဂါးဧကရီကလည်း ထိုအခွင့်အရေးကို ရယူကာ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လိုက်၏။
ယဲ့တာ့ဖူက လှောင်သည့်အပြုံးမျိုးဖြင့် တုတ်ဖြင့် ကာဆီးလိုက်သည်။
“မိန်းမ ငါ့ဆီမှာ ဘယ်လိုသွေးမျိုးဆက် ပိုင်ဆိုင်ထားလဲဆိုတာကို သိသင့်တယ်။ ဒီလိုအသုံးမဝင်တဲ့ဟာတွေကို ဘာလို့ သုံးနေဦးမှာလဲ” တခြားသူများက သူမသာ ကာလံဒေသံ သွေးမျိုးဆက်စွမ်းရည်ကို အသုံးပြုလိုက်သည်နှင့် မြင်ရတော့မည် မဟုတ်သော်လည်း သူကမူ ကောင်းကင်မျက်လုံးကို ဖွင့်စရာ မလိုဘဲ လုပ်ဆောင်နိုင်သည်။
“ကြည့်ရတာ ငါထင်သလောက် အသုံးမဝင်တာမျိုးတော့ မဟုတ်ဘူးပဲ”
“ဒါပေါ့။ ငါက အပြင်ပိုင်းဖွဲ့စည်းပုံထက် သာပါတယ်။ ဒါက ငါ့ရဲ့ဆွဲဆောင်မှုတွေထဲက တစ်ခုပဲလေ။ ငါ့မိန်းမဖြစ်လာရင် ပိုသိလာမှာပါ”
“အိပ်မက်မက်နေလိုက်” မြွေနဂါးဧကရီက ခရမ်းရောင်အစွယ် မြွေနဂါးသွေးမျိုးဆက်ကို အသက်သွင်းလိုက်သည်။ ထိုအရာက သူမ၏ တိုက်ကွက်ကို အားဖြည့်ပေးပြီး အဆိပ်တာအိုထိန်းချုပ်မှုကိုလည်း ပေးအပ်ထားသည်။
သူမက ပါးစပ်ဟကာ ခရမ်းရောင်အငွေ့အသက်များကို ထုတ်လွှတ်လာခဲ့သည်။ သို့သော်လည်း ယဲ့တာ့ဖူက ပြုံးဖြီးဖြီးဖြင့် အဆိပ်ကပ်ဘေးတိုက်ကွက်ကို အသုံးမပြုခင် ဧကရီကို ဖိနှိပ်ထားနိုင်သည့် အနီရောင်အခိုးအငွေ့များကို ထုတ်လွှတ်လာသည်။
သူမ၏ ဝန်းကျင်တွင် ရွှေရောင်အရှိန်အဝါနှင့် မျောက်၏ ချုပ်တည်းထားမှုကြောင့်သာ မဟုတ်လျှင် သူမ၏ ကံကြမ္မာက ဆိုးရွားသွားနိုင်သည်။
ထိုစဉ် သစ်သားစိမ်းက အဝေးတစ်နေရာတွင် ဘဝ၏ အဆိုးရွားဆုံး အခိုက်အတန့်များကို တွေ့ကြုံနေရ၏။ ဓာတ်ငါးပါးသဘောတရားအရ မီးသည် သစ်သားကို ဖိနှိပ်နိုင်စွမ်းရှိသည့်အတွက် ထိုတိုက်ကွက်က သူ့အတွက် သဘာဝရန်သူ ဖြစ်ပေသည်။ သူက ထူးကဲသည့် သစ်ပင်ကို ဆင့်ခေါ်ပြီး မျောက်၏ တိုက်ကွက်ကို ကာကွယ်လိုက်ရ၏။ သူ့အနေဖြင့် အောင်မြင်ဖို့ရာ ခေတ္တမျှ ကြာမြင့်ခဲ့သည်။
သူက တိုက်ပွဲထဲ ဝင်ရောက်စွက်ဖက်တော့မည့်ဆဲဆဲတွင် ကြောက်မက်ဖွယ် အဆိပ်နှစ်မျိုးက သူ့ဆီဝင်ရောက်လာ၍ သစ်ပင်ကို ဆင့်ခေါ်ကာ ထပ်မံ တားဆီးလိုက်ရပြန်သည်။
သူ့ဧရာမသစ်ပင်ကြီးက စက္ကန့်ပိုင်းလေးအတွင်း ခြောက်သွေ့သွားလေ၏။ ထို့ကြောင့် သူက သစ်သားတာအိုကို အသုံးပြုကာ သစ်ပင်၏ သဘာဝကို အဆိပ်ဖြင့် အသားကျသွားအောင် ပြောင်းလဲပစ်ခဲ့ရသည်။
မြွေနဂါးဧကရီက မျောက်ကို မုန်းတီးစွာ ကြည့်လိုက်၏။ သူမက သူ့ကို လျှော့မတွက်တော့ဘဲ စွမ်းအားကုန်သုံးဖို့ ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူမက တောင်တန်းမြွေနဂါးသွေးမျိုးဆက်ကို အသက်သွင်းပြီး သူမ၏ ခန္ဓာကိုယ်ကို အားဖြည့်ခဲ့သည်။ အထူးသဖြင့် ရုပ်ပိုင်းဆိုင်ရာခွန်အား ဖြစ်၏။ တောင်ပံမြွေနဂါးသွေးမျိုးဆက်က သူမ၏ အရှိန်ကို အားဖြည့်ပေးထားသည်။ နောက်ဆုံးတွင် သူမက သက်တံမျက်ဝန်းမြွေနဂါးကို အသက်သွင်းပြီး မျက်လုံးသုံးလုံး မျောက်မျိုးဆက်နှင့် နီးကပ်လာအောင် ယှဉ်နိုင်သည့် အမြင်စွမ်းအားမျိုး ရှိလာခဲ့သည်။
မြွေနဂါးဧကရီက ခြေတစ်လှမ်းတိုးကာ ယဲ့တာ့ဖူနောက် ပေါ်ထွက်လာသည်။ သူမက အရှိန်အခြေခံ သွေးမျိုးဆက်ကို အသုံးပြုပြီး ကာလံဒေသံအမျှင်များကို ပိုင်းဖြတ်လိုက်၍ သူမ၏ အရှိန်က နောက်တဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ဝုန်း
သူမက သူ့ကို အားအပြည့်ဖြင့် ထိုးချလိုက်သည်။ ထိုအရာက ပုံမှန်တိုက်ကွက် မဟုတ်ဘဲ ကြာပွတ်တစ်ခုဖြစ်သည့် သူမ၏ တာအိုသက်သေပြပစ္စည်းက ယခုအခါ သူမ၏ လက်သီးဝန်းကျင်တွင် လက်အိတ်သဖွယ် ရစ်ပတ်ထားသည်။
မြွေနဂါးဧကရီက ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်လိုက်၏။ သူမ၏ အမြင်စွမ်းအားက သူမ၏ အရှိန်သည် တစ်ဖက်သူ၏ တုံ့ပြန်နှုန်းထက် သာလွန်နေကြောင်း အာရုံခံမိပြီးသား ဖြစ်၏။ သို့သော် မမြင်နိုင်ဖွယ် စွမ်းအားတစ်ခုက သူ့ကို ကာကွယ်ပေးနေသည်။
ဒါက မိုးမြေက ချစ်မြတ်နိုးပြီး ကာကွယ်ပေးထားတဲ့ ပိုင်နက်နည်းစနစ်ပဲ။ သူက ဘယ်နေရာပဲရောက်ရောက် ပတ်ဝန်းကျင်က သူ့ကို အလိုလိုကာကွယ်ပေးမယ်။
မြွေနဂါးဧကရီက သုံးသပ်လိုက်ပြီး လက်သီးဆုပ်ကာ တိုက်ခိုက်လိုက်သည်။ သူမ၏ အမြင်အာရုံအရ ထိုနည်းစနစ်၏ အားနည်းသည့် နေရာများကို ပစ်မှတ်ထားနေသည်။ သို့သော်လည်း သိပ်မကြာခင် ထိုကြိုးပမ်းမှုက အသုံးမဝင်ကြောင်း သဘောပေါက်သွားခဲ့၏။ ယဲ့တာ့ဖူကလည်း ထိုအားနည်းချက်များကို သိနေသည့်အလား ထိုအရာများကို ပြင်ဆင်ခြင်း သို့မဟုတ် ပြောင်းရွှေ့ခြင်းတို့ ပြုလုပ်နေသည်။
“မြွေနဂါး၉ကောင် အုပ်စိုးသူမျိုးနွယ်က တခြားမြွေနဂါး သွေးမျိုးဆက်ကို စုပ်ယူပြီး သူတို့ရဲ့ စွမ်းအားကို ကိုယ်ပိုင်အဖြစ် အသုံးပြုနိုင်တဲ့ စွမ်းရည်ကြောင့် ရှေးဟောင်းခေတ်ကာလကို လွှမ်းမိုးခဲ့သင့်တဲ့ မျိုးနွယ်တစ်ခုလို့ ပြောရမှာပဲ။ အဲဒီအစား သူတို့က စောစောစီးစီး စစ်ပွဲအစမှာပဲ ရှင်းထုတ်ခံလိုက်ရတယ်။ အကြောင်းအရင်းကို သိလား” ယဲ့တာ့ဖူက မေးလိုက်သည်။
မြွေနဂါးဧကရီက သူ့ကို လျစ်လျူရှုထားပြီး ဓာတ်သဘာဝ မြွေနဂါးသွေးမျိုးဆက်ကို အသက်သွင်းပြီး ဓာတ်သဘာဝအားလုံးကို ထိန်းချုပ်နိုင်ခွင့် ရယူလိုက်သည်။ သူမက စကြဝဠာအရွယ်အစားရှိသည့် လေမုန်တိုင်း၊ လေဆင်နှာမောင်း၊ မြေငလျင်၊ မီးတောင်ပေါက်ကွဲခြင်း၊ ဥက္ကာပျံရွာသွန်းခြင်း၊ မိုးကြိုးများ အစရှိသည့် ပေါင်းစည်းထားသည့် တိုက်ကွက်တစ်ခုအဖြစ် ထုတ်လွှတ်လာသည်။
ယဲ့တာ့ဖူက တည်တည်ငြိမ်ငြိမ်ဖြင့် ခေါင်းအသာယမ်းလိုက်သည်။ ထိုတိုက်ကွက်အားလုံးက ကပ်ဘေးကဏ္ဍအောက်တွင် ကျရောက်သွားပြီဖြစ်ကာ သူက ထိုအရာအားလုံးဖြင့် ခုခံနိုင်ရည် ရှိနေသည်။
“လူသားတွေနဲ့ တခြားပင်ကိုနတ်ဆိုးတွေက သူတို့ရဲ့ အလားအလာတွေကို အားကျပြီးတော့ ပစ်မှတ်ထားခဲ့တာ။ သူတို့တွေကို တတ်နိုင်သမျှ ရှင်းထုတ်ပစ်ချင်ခဲ့တယ်လေ။ ဒါပေမဲ့ အဲဒါက သူတို့ ကျရှုံးသွားရတဲ့ အဓိကအကြောင်းအရင်း မဟုတ်သေးဘူး” ယဲ့တာ့ဖူက ရှင်းပြလိုက်သည်။
“သူတို့ရဲ့ အကြီးမားဆုံးဆန္ဒက ကြီးထွားနှုန်း နှေးကွေးတာပဲ။ သူတို့မျိုးနွယ်မှာ ရှိတဲ့ ပါရမီအထူးကဲဆုံးလူက ပင်ကိုနတ်ဆိုး မြွေနဂါးသွေးမျိုးဆက် ၇ခုကို စုပ်ယူနိုင်တယ်။ ဒါပေမဲ့ နတ်ဆိုးတွေရဲ့ စံနှုန်းနဲ့တောင် အချိန်က အရမ်းကြီးကို ကြာမြင့်လိမ့်မယ်။”
ဝုန်း
ယဲ့တာ့ဖူက တုတ်ကို ဝှေ့ယမ်းပြီး မြွေနဂါးဧကရီကို အရိုးအက်သံကြားအောင်အထိ ရိုက်နှက်လိုက်သည်။ သူမက ကိုယ်တွင်းအင်္ဂါ သွေးထွက်သွား၏။ သူမ၏ ခန္ဓာကိုယ်က ချက်ချင်းဆိုသလို ပြန်လည်ကောင်းမွန်လာသော်လည်း ယဲ့တာ့ဖူက နာကျင်မှုကပ်ဘေးဖြင့် ရိုက်နှက်ခဲ့သည့်အတွက် ထိုနာကျင်မှုကို မမေ့လျော့နိုင်ပေ။
“မင်းက ဒီလိုခေတ်ကာလမျိုးမှာ ပင်ကိုနတ်ဆိုး မြွေနဂါးသွေးမျိုးဆက် ၇ခုကို ရယူနိုင်တာ ကံကောင်းတာပဲ။ ဒါပေမဲ့ မင်းရဲ့ ဘိုးဘေးတွေလိုမျိုး တူညီတဲ့ ကံကြမ္မာကို တွေ့ကြုံရလိမ့်မယ်။ မင်းက သူတို့ရဲ့ အလားအလာကို အပြည့်အဝ ထုတ်မသုံးနိုင်ဘူး”
မြွေနဂါးဧကရီက လျစ်လျူရှုထားပြီး သူမ၏ ကျောက်စိမ်းသွေး မြွေနဂါးသွေးမျိုးဆက်ကို အသက်သွင်းပြီး ကုသရေးအရှိန်ကို မြှင့်တင်လိုက်သည်။
“ငါ ကူညီပေးမယ်။ ငါ့ရဲ့ အကူအညီနဲ့ ဒီတိုက်ပွဲကနေ အနိုင်ရရှိတဲ့ အရင်းအမြစ်တွေနဲ့ဆိုရင် မင်းရဲ့ သွေးမျိုးဆက်တွေအားလုံးကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ ပြဿနာ မရှိဘူး” ယဲ့တာ့ဖူက ပြုံးဖြီးဖြီးဖြင့် ဆက်ပြောလိုက်သည်။
“အဓိပ္ပာယ် မရှိတာတွေ ပြောမနေနဲ့” သူမက ပြန်လည်ချေပလိုက်၏။
“ငါက ပြောနေလို့လား။ မင်းက အဆင့်နိမ့် လေးဆတိုက်ခိုက်ရေးအဆင့်ကို ရရုံနဲ့ တစ်ခုခုများ ထူးခြားနေတယ်လို့ ထင်နေလား” ယဲ့တာ့ဖူက လှောင်ကာ ပြောလိုက်သည်။
“အသင်္ချေအင်ပါယာကမ္ဘာအင်အားစုရဲ့ ထာဝရဧကရာဇ်တွေ အားလုံးကို ကြည့်လိုက်။ သူတို့ရဲ့ စွမ်းအားက အဲဒီအဆင့်မှာပဲ။ သူတို့ဆီမှာ အလားအလာကောင်းတဲ့ ပင်ကိုနတ်ဆိုးသွေးမျိုးဆက် ၇ခုတောင် ရှိတာ မဟုတ်ဘူးနော်။ ဘာကြောင့်များလဲ”
မြွေနဂါးဧကရီက ရုတ်ချည်းဆိုသလို ရပ်တန့်သွားပြီး ထိုစကားများကို အလေးအနက် စဉ်းစားလိုက်သည်။
“အဲဒါကြောင့် ရှင်က အားကောင်းနေတာလား”
သူမက သူ့စွမ်းအားသည် ၅ဆတိုက်ခိုက်ရေး ဝန်းကျင်တွင်ရှိကြောင်း သဘောပေါက်ထားသော်လည်း အတိအကျကို မသိပေ။
“ငါကလား။ မဟုတ်ဘူး” ယဲ့တာ့ဖူက ပြန်ပြောလိုက်သည်။ သူက ဝမ်ဝေ့၏ အတွင်းသိအစင်းသိ ခင်မင်ရင်းနှီးသူ မဟုတ်သည့်အတွက် ယနေ့စွမ်းအားက သူ့ကိုယ်ပိုင်အားထုတ်မှုနှင့် အင်အားကြောင့်သာ ဖြစ်၏။ သို့သော်လည်း သူက အိပ်မက်လောကနှင့် တခြားအရာများကို အသုံးပြု၍ သူ့စွမ်းအားကို မြှင့်တင်ဖို့ မစောင့်နိုင်တော့ပေ။
“အဲဒါဆိုတော့ ဘယ်လိုလဲ”
“ငါ့ရဲ့ သွေးမျိုးဆက်ကို မြှင့်တင်ဖို့ နည်းလမ်း တွေ့ခဲ့တယ်လို့ပဲ ပြောရမယ်” ယဲ့တာ့ဖူက ပြောလိုက်သည်။ ဝမ်ဝေ့ထံ ဆုံးရှုံးပြီးသည့်နောက် လှည့်ဖျားရေးစစ်ဆေးမှုမှ ထွက်လာပြီးသည့်နောက်တွင် သူက သူ့လူများအား ချန်ရစ်ကာ သတင်းများကို စုဆောင်းခိုင်းခဲ့သည်။ ထို့နောက် သူသည် ထိုလူများက မည်မျှအားကောင်းလာကြောင်း သိလိုက်ရသည်နှင့် ယဲ့တာ့ဖူက မီးပုံ ဖင်ခုထိုင်ထားရသလိုမျိုး ခံစားလာရသည်။
သူက ကြက်အုပ်ကြားတွင် ဇာမဏီတစ်ကောင် ဖြစ်နေရုံသာဖြစ်ကြောင်း သဘောပေါက်သွားခဲ့၏။
ထိုသဘောပေါက်မှုဖြင့် သူသည် တိုးတက်မည့်နည်းလမ်းကို ရှာဖွေရင်း အရက်စက်ဆုံး လေ့ကျင့်ရေးများကိုကျော်ဖြတ်ခဲ့သည်။ နောက်ဆုံးအနေဖြင့် သူသည် ကောင်းကင်အလိုဆန္ဒ တိုက်ပွဲမတိုင်ခင် ပွင့်ချပ် ၈လွှာစွမ်းအားကို ရယူနိုင်ခဲ့ပြီး တာအိုကို သက်သေပြပြီးသည့်နောက်တွင်ပင် လေ့ကျင့်မှုကို ဘယ်သောအခါမှ မရပ်တန့်ခဲ့ပေ။
“မင်းက သူ့ရဲ့ အပေးအယူကို တကယ်ကြီး စဉ်းစားနေတာလား” သစ်သားစိမ်းက ရုတ်တရက်မေးလိုက်၍ မြွေနဂါးဧကရီက လျစ်လျူရှုထားလေသည်။ နတ်ဆိုးမျိုးနွယ်က တွဲဖက် ရွေးချယ်သည့်အခါ သွေးမျိုးဆက်ကို ပိုမိုအလေးထားလေ့ရှိ၏။ အကယ်၍ ရန်သူ မဟုတ်သရွေ့ ယဲ့တာ့ဖူသည် လက်ထပ်မည့်အထဲ ထိပ်တန်းရွေးချယ်ခံ ဖြစ်လာနိုင်သည်။