အစောင့်အရှောက်၏ စွမ်းပကား
Vol. 80 Ch. 1117
လက်သီးသူတော်စင်ဧကရာဇ်၏ နိုးထအသက်ဝင်ခြင်းက ခန္ဓာကိုယ်ကို ပြောင်းလဲသွားစေသည်။ သူ့ဝတ်ရုံအပေါ်ပိုင်းက ပျောက်ကွယ်သွားခဲ့၏။ သူ့အရေပြားက အနီရောင်ပြောင်းလဲသွားကာ ရွှေရောင်အမှတ်အသားက အပေါ်ပိုင်းနှင့် လက်မောင်းတစ်လျှောက် ပျံ့နှံ့သွားသည်။ သူ့အရှိန်အဝါက ပိုအားကောင်းလာ၏။
ယန်းလီလင်းက မျက်မှောင်ကြုတ်လိုက်သည်။
ဒီလူ နောက်ဆုံးတစ်ခေါက် ပေါ်ထွက်လာတုန်းက မဟာတာအိုအရင်းအမြစ် ၅၀ရာခိုင်နှုန်း ဒါမှမဟုတ် ၆ဆတိုက်ခိုက်ရေးအဆင့်ကို ရယူဖို့ အစီအရင်ကို သုံးခဲ့ရတာ။
သူမက ထိုအကြောင်းအရင်းကြောင့် သူ့ကို အဖွဲ့မှ ခွဲထုတ်လိုက်ခြင်း ဖြစ်သည်။
ယခု သူက သူ့ကိုယ်ပိုင် ၅ဆတိုက်ခိုက်ရေး စွမ်းအားကို ပြသလာပြီ ဖြစ်ကာ ပါရမီကို ပြသနေတာလား ဒါမှမဟုတ် ကုန်သွယ်ရေးဗဟိုချက်မှာ ရှိတဲ့ သူ့ရဲ့ အရေးပါမှုကို ပြသနေတာလား။
သူမက တွေးလိုက်မိသည်။
သူက အဓိကအဖွဲ့ဝင်ဖြစ်ပြီး သူတို့၏ လက်ရုံးဖြစ်ဖို့ လေ့ကျင့်ပေးထားသူ ဖြစ်ရမည်။ သူမက သက်ပြင်းချပြီးသည့်နောက်တွင် ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်များမှ သတင်းအချက်အလက်ကို အာရုံပိုစိုက်ဖို့ ဆုံးဖြတ်လိုက်၏။
ယန်းလီလင်းက ထိုပြဿနာကို အာရုံမစိုက်တော့ပေ။
ထို့နောက် သူမက နိုးထအသက်ဝင်ခြင်းကို အသက်သွင်းလိုက်ပြီး သူမ၏ အပြာရောင်ဟန်ဖုဝတ်စုံတွင် မီးတောက်ဝတ်စုံ တစ်ခု ပေါ်ထွက်လာခဲ့သည်။
လက်သီးသူတော်စင်ဧကရာဇ်က သူမက မည်မျှပင် ပိုမိုလှပလာကြောင်း မြင်သည့်အခါ အကြည့်များ တောက်ပသွားသည်။ သို့သော် ထိုအရာက သူ့ကို မတားဆီးနိုင်ပေ။
အဓိကစူးစိုက်ရေးလက်သီး
သူက လက်သီးချက်ကို ထုတ်လွှတ်လိုက်သည်။ ထိုအနက်ရောင် အစက်အပြောက်အသေးလေးက လက်သီးရှေ့တွင် ပေါ်ထွက်လာသည်။ ထိုအနက်ရောင် အစက်အပြောက်လေးက တွင်းနက်ကြီးအသေးစားနှင့် တူညီပြီး သူ့စွမ်းအား အားလုံးကို တစ်ခုတည်းအဖြစ် စုစည်းထားသည့် ပြယုဂ် ဖြစ်၏။ ကြောက်မက်ဖွယ်ကောင်းသည့် အနက်ရောင်အလင်းတန်းက ထိုအရာမှ ထွက်ပေါ်လာကာ ထိတွေ့မိသည့် အရာအားလုံးကို အမှုန့်ဖြစ်သွားစေသည့် တုန်ခါလှိုင်းကို ထုတ်လွှတ်လာခဲ့သည်။
ယန်းလီလင်းက လက်ဝှေ့လိုက်ပြီး မီးပြင်းဖိုတစ်ခုကို ထုတ်ဖော်ကာ အနက်ရောင်အလင်းတန်းကို ဝါးမျိုပစ်လိုက်ရင်း အနက်ရောင်ဆေးလုံးအဖြစ် ဖော်စပ်လိုက်သည်။ သူမက ဆေးလုံးကို ယူကာ ခြေမွပစ်လိုက်ပြီး တူညီသည့် တိုက်ကွက်ကို ပိုင်ရှင်ထံ ပြန်လည်ပေးအပ်လိုက်၏။ သူမ၏ အပြုအမူက လျင်မြန်ကာ တိကျလှသည်။
လက်သီးသူတော်စင်က သတိလက်လွတ်ဖြစ်သွားသည့်အတွက် လက်ကို ကြက်ခြေခတ်ထားကာ ကာကွယ်လိုက်ရသည်။
သူ့ခုခံရေးနည်းလမ်းက အောင်မြင်ခဲ့ပြီး သူ့အနီရောင်အရေပြားအပေါ် ခြစ်ရာတချို့သာ ထင်ကျန်ခဲ့၏။ သို့သော် ယန်းလီလင်းက မပြီးဆုံးသေးပေ။
လေဟာနယ် ဆေးလုံး ဗုံး
သူမ၏ မီးပြင်းဖိုက ဗလာနတ္ထိ၏ ပတ်ဝန်းကျင်စွမ်းအားကို ကောင်းကောင်းအသုံးပြုထားပြီး စွမ်းအားအဖြစ် ဖွဲ့စည်းပေးလိုက်သည်။ သူမက တစ်ဖက်လူဆီ ဖောက်ခွဲပစ်လိုက်၏။
လက်သီးသူတော်စင်၏ အလိုလိုသိစိတ်က အသက်ဝင်လာကာ သူက အလျင်အမြန် ရှောင်ရှားလိုက်သော်လည် ပေါက်ကွဲမှုများထဲမှ တစ်ခုက မြန်ဆန်လွန်းပြီး နီးကပ်လွန်းနေသည့်အတွက် လက်သီးဖြင့် ထိုးရုံမှအပ ရွေးချယ်စရာ မရှိပေ။
သူ့လက်သီးက သေခြင်းရှင်ခြင်း၊ ကာလံဒေသံနှင့် တခြားသော အယူအဆများ အပါအဝင် အရာအားလုံးကို ထိုးချေနိုင်စွမ်း ရှိ၏။ သို့သော် လက်သီးသူတော်စင်က ထိုပေါက်ကွဲမှုသည် သူ့လက်ကို တိုက်စားနေကြောင်း ခံစားမိလိုက်သည်။ ထို့ကြောင့် သူက ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် လက်တစ်ဖက်ကို ဖောက်ခွဲပစ်ကာ လက်အသစ်ပြန်လည်ပေါက်ရောက်ခြင်းက အကောင်းဆုံးရွေးချယ်မှု ဖြစ်ကြောင်း ဆုံးဖြတ်လိုက်သည်။
သူမရဲ့ ပင်မတာအိုက ဆေးလုံးသန့်စင်ခြင်းဆိုတော့ သူမရဲ့ ရုပ်ခန္ဓာက အားနည်းချက်ဖြစ်နိုင်တယ်။ အဲဒါဆိုတော့ အနီးနား သွားဖို့လိုတယ်…
လက်သီးသူတော်စင်က တိုက်ပွဲအခြေအနေကို သုံးသပ်ပြီး ကုန်သွယ်ရေးဗဟိုချက်မှ ရရှိထားသည့် သတင်းအချက်အလက်များကိုပါ ကောက်ချက်ချလိုက်သည်။ အသင်္ချေအင်ပါယာကမ္ဘာရှိ ဧကရာဇ်တိုင်းက ကြောက်ဖို့ကောင်းသည့် တိုက်ခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထားကြကြောင်း သိသည့်အတွက် တစ်ဖက်လူဆီ တိုက်ရိုက်ချဉ်းကပ်သွားခြင်းက အလုပ်ဖြစ်မည် မဟုတ်ပေ။ သူမကလည်း သူမ အားနည်းချက်ကို မည်သို့ ထိန်းချုပ်ရမည်မှန်း ကောင်းကောင်း သိထားလိမ့်မည်။
အချိန်မုန်တိုင်း လက်သီး
သူ့နောက်ဘက်တွင် အချိန်မြစ်ကြောင်း ပုံရိပ်တစ်ခု ထွက်ပေါ်လာကာ သူမဆီ ထိုးချလိုက်သည်။ အချိန်စွမ်းအား ပါဝင်သည့် ကြောက်မက်ဖို့ကောင်းသည့် မုန်တိုင်းက ယန်းလီလင်းဆီ ပြေးဝင်လာ၏။ အကယ်၍ သူမသာ ထိမှန်သွားပါက သူမ၏ ခန္ဓာကိုယ်သည် ဆိုးဆိုးရွားရွား အသက်ကြီးရင့်ခြင်း သို့မဟုတ် အချိန်အပိုင်းအစများမှ ပယ်ဖျက်ခြင်း ခံရလိမ့်မည်။
သို့သော်လည်း သူမ၏ တုံ့ပြန်မှုက သရော်မှုသာ ဖြစ်၏။
“ရှင့်ရဲ့ အချိန်တာအိုက အားနည်းသေးတယ်”
သူမက ကြေညာပြီးသည့်နောက်တွင် သူမ၏ ခန္ဓာကိုယ်မှ အချိန်မုန်တိုင်းကို လောင်ကျွမ်းပစ်နိုင်သည့် မီးတောက်တစ်ခု ထုတ်လွှတ်လာခဲ့သည်။
လက်သီးသူတော်စင်က သူမကို လျစ်လျူရှုထားပြီး ဒုတိယအကြိမ် လက်သီးချက်ဖြင့် ထိုးခွင်းလိုက်သည်။ ဤတစ်ကြိမ် သူက သူမ၏ ဝိညာဉ် အတိအကျပြောရလျှင် စိတ်အာရုံကို တိုက်ရိုက်ပစ်မှတ်ထားလိုက်ခြင်း ဖြစ်၏။
ယန်းလီလင်း၏ မျက်ဝန်းက ခေတ္တမျှ ငေးမောသွားလေသည်။
ဒါက ငါ့အခွင့်အရေးပဲ…
သူက ရုတ်ချည်းဆိုသလို သူမ ခေါင်းအထက်ပေါ်ထွက်လာကာ အားအကောင်းဆုံး အသုံးပြုလိုက်သည်။
လက်သီးသူတော်စင်က တာအိုဆန္ဒနှင့် စိတ်ဆန္ဒသဏ္ဌာန်ပြခြင်းကိုပင် အသုံးပြုခဲ့သည်။ သို့သော်လည်း သူ့လက်သီးက တစ်ဖက်လူဆီ မကျရောက်ခင် သူမ၏ မျက်နှာအထက် လှောင်ပြုံးကို မြင်လိုက်ရ၏။
ဝုန်း
ယန်းလီလင်းက ခွန်အားမီးပြင်းဖိုကို အသက်သွင်းပြီး လက်သီးသူတော်စင်၏ ဗိုက်ကို ဟွင်သွမ်းမီးတောက်အပြည့်ဖြင့် လွှမ်းခြုံထားသည့် လက်သီးဖြင့် ထိုးချလိုက်သည်။ ကြွက်သားပြိုင်းပြိုင်း အမျိုးသားက အလင်းနှစ်ရာချီ လွင့်စင်သွားလေ၏။ သူ့ဗိုက်တွင် အပေါက်ကြီးတစ်ခု ဖြစ်နေလေသည်။
လက်သီးသူတော်စင်က အံကြိတ်ကာ ထိုဒဏ်ရာကို ကုစားလိုက်ပြီး ထိုနေရာတွင် အနက်ရောင် အမှတ်အသားများသာ ချန်ထားခဲ့သည်။
ယန်းလီလင်းက မျက်မှောင်ကြုတ်လိုက်၏။
တာအိုမြင့်မြတ် ရေစင်လား
သူမ၏ တိုက်ကွက်က အချိန်ကိုက်ဖြစ်ကာ အစစ်အမှန်ဆန္ဒ အသုံးပြုမှုကိုပါ ထည့်ပေါင်းထားသည့်အတွက် သေစေလောက်သည့် ဒဏ်ရာမျိုး ပေးစွမ်းနိုင်သည်။ သို့သော်လည်း လက်သီးသူတော်စင်က အဆင်ပြေစွာဖြင့် သူမ၏ အစစ်အမှန်ဆန္ဒကိုပင် ချက်ချင်းဖယ်ရှားနိုင်ခဲ့သည်။
သူက ဒီတိုက်ပွဲအတွက် သူ့ခန္ဓာကိုယ်ထဲမှာ တာအိုမြင့်မြတ်ရေစင်ကို ထည့်သိမ်းထားတာလား။ နှမြောစရာပဲ…
“မင်းတို့လူတွေကို ဘယ်လောက်ပဲ အထင်ကြီးကြီး ခန့်မှန်းထားတာထက်တော့ အမြဲတမ်း သာနေတာချည်းပဲ” လက်သီးသူတော်စင်ဧကရာဇ်က ရေရွတ်လိုက်သည်။ သို့သော်လည်း ယန်းလီလင်း၏ တုံ့ပြန်မှုက ဟွင်သွမ်းမီးတောက်ဖြင့် ဖွဲ့စည်းထားသည့် ဧရာမလက်ဝါးသာ ဖြစ်သည်။
ရိုင်းလိုက်တာ…
လက်သီးသူတော်စင်က စကြဝဠာလက်သီးကို အသုံးပြုလိုက်သည်။ သူ့လက်သီးချက်ကို စကြဝဠာထောင်ပေါင်းများစွာ၏ ဖျက်စီးမှုဖြင့် နောက်ခံပြုထားလေ၏။ မီးတောက်က ပျောက်ကွယ်သွားသည့်အတွက် သူက တိုက်ကွက်ကို ဖယ်ရှားနိုင်ခဲ့သည်ဟု ထင်ထားခဲ့မိသော်လည်း မှားယွင်းသွားခဲ့သည်။ မီးတောက်က အယောင်ပြသက်သက်သာ ဖြစ်၏။
ယန်းလီလင်းက သူ့တိုက်ကွက်နောက်ကွယ်မှ စွမ်းအားအားလုံးကို ဖမ်းယူကာ ဆေးလုံးအဖြစ် ဖွဲ့စည်းပြီး သူမ၏ ရုပ်ပိုင်းဆိုင်ရာစွမ်းအင်ကို ယာယီ မြှင့်တင်ခဲ့သည်။
သူမက လက်သီးသူတော်စင်ရှေ့ ရောက်လာကာ လက်ဝါးချပ်ဖြင့် ရိုက်ထုတ်လိုက်သည်။ သူက ရှောင်ရှားလိုသော်လည်း သူမက မြန်ဆန်လွန်းနေသည်။ သူ့တိုက်ကွက်ကို ထပ်မံစုပ်ယူခံရပြီး ဆေးလုံးဖြင့် ဖွဲ့စည်းခံရမည်ကို စိုးထိတ်နေမိ၏။ သူ့ တုံ့ဆိုင်းမှုက သူ့ကို အဆုံးသတ်သွားစေသည်။
ထို့ကြောင့် သူက သူ့ခန္ဓာကိုယ်မှ သွေးစွမ်းအားဖြင့် ဖွဲ့စည်းထားသည့် ဒိုင်းကာတစ်ခုကို အလျင်အမြန် ထုတ်ဖော်လိုက်ရသည်။
ဝုန်း
လက်သီးသူတော်စင်က အဝေးတစ်နေရာသို့ လွင့်စင်သွားသော်လည်း ဤတစ်ကြိမ် သူက ဗလာလေဟာနယ်ထဲ မြောလွင့်နေခြင်း မရှိတော့ပေ။ သူ့လမ်းတွင် သတ္တုဂိတ်ပေါက် ဆယ်ခုပေါ်ထွက်လာပြီး သူက ထိုအရာများဖြင့် ဝင်တိုက်သွား၏။
လက်သီးသူတော်စင်က ပထမဂိတ်ပေါက်ကို ဝင်တိုက်ပြီးသည့်နောက်တွင် သွေးတစ်ပွက် အန်လိုက်ရသည်။ ဂိတ်ပေါက်ဆယ်ခုလုံးကို ဖြတ်ကျော်သွားပြီးသည့်အခါ သူ့ဒဏ်ရာများက ပိုမိုဆိုးရွားလာခဲ့၏။
ဒီတံခါးစုတ်တွေကို ဘယ်လိုဂုဏ်သတ္တိမျိုးနဲ့ လုပ်ထားတာလဲ
သူက တွေးလိုက်သည်။
“အဖြေက ဟွင်သွမ်းသတ္တုလေ” ယန်းလီလင်းက ပြန်ပြောလိုက်သည်။
“ကျွန်မကိုယ်တိုင် လေ့ကျင့်ပြီးတော့ ဒီနည်းစနစ်အတွက် သန့်စင်ထားတာဆိုတော့ သူတို့ကို အဲ့လိုခေါ်နိုင်တယ်”
“မင်းက ငါ့စိတ်ကို ဖတ်လိုက်တာလား”
“ရှင် ဘယ်လိုထင်လဲ”
လက်သီးသူတော်စင်ဧကရာဇ်က ချက်ချင်းဆိုသလို တုန်လှုပ်မိသွားသည်။ စိတ်ဖတ်ရေး နည်းစနစ်များက ဒိုင်မေးရှင်းအနိမ့်တွင် ထူးကဲကြောင်း သိထားလေ၏။ သူက တစ်စုံတစ်ယောက်သည် သူတို့၏ အံ့ဖွယ်အသိစိတ်ဖြင့် တခြားသူ၏ ခုခံမှုကို ကျော်လွန်ကာ စိတ်ဖြင့် မှတ်ဉာဏ်များကို ဖတ်သည့် နည်းစနစ်အကြောင်းကို ပြောနေခြင်း မဟုတ်ပေ။
အစစ်အမှန် စိတ်ဖတ်ရေး နည်းစနစ်များက အာရုံခံဖို့ မလွယ်လှပေ။ သူတို့က ဒိုင်မေးရှင်းအနိမ့် တစ်လျှောက်လုံးတွင် ရှားပါးလှလေသည်။ အကြောင်းအရင်းမှာ အမည်မသိစွမ်းအားတချို့ (အစစ်အမှန် ကောင်းကင်တာအို)က ထိုအရာ၏ ဖွံ့ဖြိုးတိုးတက်မှုများကို တင်းကြပ်ထား၍ ဖြစ်သည်။
အများစုက ထူးကဲသည့် သွေးမျိုးဆက် သို့မဟုတ် နိုးထသည့်စွမ်းရည်များမှ ပုံစံဖြင့်သာ ပေါ်ထွက်လာလေ့ရှိသည်။ ထိုနည်းလမ်း ပါဝင်နေသည့် နည်းစနစ်များကလည်း အမည်မသိအကြောင်းအရင်းများကြောင်း အနှေးနှင့်အမြန် ပျောက်ကွယ်သွားလေ့ ရှိသည်။
ငါ စိတ်ငြိမ်ငြိမ်ထားရမယ်။ စိတ်ဖတ်တယ်ဆိုတာက တကယ်ကို ရှားပါးတဲ့ နည်းစနစ်။ သူမက ဒီလိုစွမ်းရည်မျိုး လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါကို သင်ယူနိုင်တာဆိုရင်တော့ ဗုဒ္ဓဘာသာမှာတော့ တစ်ခါက ဒီလိုနည်းစနစ်မျိုး ရှိဖူးတယ်။ ဒါပေမဲ့ ပြန်လည်ရှင်သန်မှုက လတ်တလောလေးမှာဆိုတော့ ပျောက်သွားလောက်ပြီ…
“ရှင့်ကိုယ်ရှင် စိတ်သက်သာရာရအောင် လိမ်ညာဖို့ စဉ်းစားနေတာပေါ့” ယန်းလီလင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။
လက်သီးသူတော်စင်၏ မျက်နှာထားက ချက်ချင်းဆိုသလို ပျက်ယွင်းသွားပြီး အလျင်အမြန် တုံ့ပြန်လိုက်၏။ သူက အာရုံထွေပြားခြင်း မရှိဘဲ အသေအချာ အာရုံစိုက်ထားလိုက်သည်။
“ဟုတ်ပြီလေ။ ဒါက လက်ရှိအခြေအနေကို ဖြေရှင်းဖို့ နည်းလမ်းကောင်းပဲ” ယန်းလီလင်းက ဆက်ပြောကာ သူမ၏ စိတ်ကစားပွဲကို ဆက်လက် လုပ်ဆောင်လိုက်သည်။
လက်သီးသူတော်စင်က ဘာမှမတုံ့ပြန်ဘဲ တိုက်ခိုက်လာခဲ့၏။
ကောင်းကင်လက်သီး
သူ့လက်သီးချက်က ကောင်းကင်တာအိုနှင့် သဟဇာတဖြစ်နေသည့်အတွက် တွက်ချက်မှုအမြောက်အများ ပါဝင်နေသည်။ ရန်သူအား ရှောင်ရှားနိုင်ခြင်းမှ တားဆီးဖို့ ဖြစ်နိုင်ချေများ၊ လက်သီးချက်၏ တိုက်ကွက်စွမ်းရည်ကို တိုးမြှင့်နိုင်ခြေများနှင့် အစွမ်းထိန်းချုပ်ရေး၊ အားနည်းချက်ကို ထိမှန်စေသည့် ဖြစ်နိုင်ခြေများနှင့် အောင်မြင်နိုင်ဖို့ အာမခံပေးမည့် ဖြစ်နိုင်ခြေများ ပါဝင်နေသည်။
ဒီလက်သီးချက်က ပြီးပြည့်စုံတယ်…
ယန်းလီလင်းက ထိုအရာ ရောက်လာသည်ကို ကြည့်ရင်း တွေးလိုက်သည်။ သူမ၏ စိတ်ထဲ အလျင်အမြန် တွက်ချက်ကာ ခုခံမည့် အကောင်းဆုံးနည်းလမ်းကို စဉ်းစားနေ၏။ သူမတွင် အတွေးတစ်ခု ရှိလာမိသည်။ သူမအနေနှင့် ထိုအရာကို ခုခံနိုင်မည် မဟုတ်သလို ရှောင်ရှားနိုင်မည် မဟုတ်ပေ။
ဒီလိုဆိုရင် ငါ မလုပ်နိုင်တော့ဘူး…
ဆေးလုံးခန္ဓာ ဖောက်ခွဲခြင်း
သူမက ခန္ဓာကိုယ်ကို ဖောက်ခွဲရေးဆေးလုံးအဖြစ် ပြောင်းလဲလိုက်သည်။ လက်သီးသူတော်စင်က အကောင်းအတိုင်း ရှိနေသေးပြီး သူ့လက်သီးချက်က ထိုဖြစ်နိုင်ချေကို ထည့်သွင်းစဉ်းစားထားလေ၏။ ထိုစဉ် အဝေးတစ်နေရာတွင် အနက်ရောင်မီးပြင်းဖိုတစ်ခု ပေါ်ထွက်လာကာ ပြင်းထန်သည့် ဆေးမျိုး ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ယန်းလီလင်း၏ ခန္ဓာကိုယ်အသစ်က ထိုမီးပြင်းဖိုမှ ထွက်ပေါ်လာ၏။
“ဒီနည်းစနစ်က အတော်လေး ပြောင်မြောက်တယ်ဆိုတာကိုတော့ ဝန်ခံရလိမ့်မယ်” သူမက ချီးကျူးလိုက်သည်။
“ဒီလိုထင်တယ်ဆိုတော့ တော်သေးတာပေါ့။ ဒါက ငါ့ရဲ့ လက်ရာမြောက် တိုက်ကွက်ပဲလေ” လက်သီးသူတော်စင်က ဂုဏ်ယူဟန်ဖြင့် ပြောလိုက်သည်။
“ရှင်ကိုယ်တိုင် ဖန်တီးထားတာ မဟုတ်ဘူးဆိုတာကိုလည်း သိတယ်”
“စော်ကားလိုက်တာ” လက်သီးသူတော်စင်က အနည်းငယ် အသံမြှင့်ကာ ပြောလိုက်သည်။ သူ သဘောကျရသည့် အမျိုးသမီးတစ်ယောက်ရှေ့တွင် သူ့ဂုဏ်သိက္ခာ နင်းခြေခံရသည့် အမျိုးသားထက် ဆိုးရွားသည့်အရာ မရှိပေ။
“ရှင့်ရဲ့ ပါရမီကို နှိမ့်ချပြောတာတော့ မဟုတ်ပါဘူး။ အကျိုးအကြောင်းသင့်သင့် ပြောရုံပါပဲ။ အရာအားလုံး ဖြစ်ပျက်ခဲ့တာတွေအရ ကောင်းကင်အလိုဆန္ဒကမ္ဘာအားလုံးမှာ ကောင်းကင်အလိုဆန္ဒတိုက်ပွဲ အဆုံးသတ်တာ အချိန်ခဏလေးပဲ ရှိသေးတယ်လေ။ အဲဒါဆိုတော့ ရှင့်အနေနဲ့ ဒီလိုနည်းစနစ်မျိုးမှာ အိပ်မက်လောက ဒါမှမဟုတ် ပြင်ပအကူအညီ မပါဘဲ ဖန်တီးဖို့ဆိုတာ မဖြစ်နိုင်ဘူး”