← Chapters

ဟွင့်သွမ့်ပိုးကောင်များ

Vol. 143 Ch. 1986

ဟွင့်သွမ့်ပိုးကောင်များ

Vol. 143 Ch. 1986

ကောင်းကင်ဝါးမျိုသားရဲမှာ ကျန်းရီ ‌ရှေးဦးဝိညာဉ်ဆန်းကြယ်နယ်မြေထဲတွင် ကံကောင်း၍ ရခဲ့သောအရာဖြစ်သည်။ ထိုစဉ်က ကောင်းကင်ဝါးမျိုးသားရဲ သူ့နောက်လိုက်ခဲ့ခြင်းမှာ သူ့မီးဝိညာဉ်ပုလဲထဲရှိ မီးတောက်များကို စားလို၍ဖြစ်သည်။

ထို ကောင်းကင်ဝါးမျိုသားရဲက မိုးမြေထူးခြားမီးတောက်များကို အကြိုက်ဆုံးပင်။ ၎င်းက အစားကျူးသည်။ ယခင်တွင် မီးဝိညာဉ်ပုလဲထဲရှိ မီးအရင်းအမြစ်ကိုပင် စားခဲ့သေးသည်။ ၎င်းသည် ဗိုက်ဝသည်နှင့် အိပ်သွားပြီး နိုးလာသည်နှင့် ထပ်စားပေသည်။ အကယ်၍ ယန်ကိုးပါးကောင်းကင်ဧကရာဇ်ကသာ ကျန်းရီကို သတိမပေးလျှင် ကျန်းရီ ထိုသားရဲလေးကို မေ့နေမည်ဖြစ်သည်။

ကောင်းကင်ဝါးမျိုသားရဲသည် မီးအရင်းအမြစ် တော်တော်များများကို စားခဲ့သည်။ ကျန်းရီ ကောင်းကင်စိတ်အာရုံ ပို့လွှတ်၍ အာရုံခံကြည့်လိုက်ရာ ကောင်းကင်ဝါးမျိုသားရဲလေးက အတော်လေး ကြီးထွားလာပြီဖြစ်ကြောင်း သိလိုက်ရသည်။ အစတွင် ၎င်းသည် ပဲစိမ်းတစ်စေ့အရွယ်သာ ရှိခဲ့သည်။ အဆက်မပြတ် ဆင့်ကဲပြောင်းလဲပြီးနောက်တွင်မူ ၎င်းသည် လက်သီးဆုပ်စာ အရွယ်အစား ရှိလာပြီး လက်တစ်ချောင်းစာ အရှည်ရှိလာသည်။

“ရှောင်မုန့်... ထွက်လာပြီး အလုပ်လာလုပ်ဦး”

ကျန်းရီသည် ကောင်းကင်ဝါးမျိုသားရဲလေးအပေါ် ကောင်းကင်စိတ်အာရုံပို့၍ အော်ပြောလိုက်၏။ ထိုကောင်းကင်ဝါးမျိုသားရဲက မည်သို့မှ မတုံ့ပြန်ဘဲ ဆက်အိပ်နေသည်။ ကျန်းရီ မျက်လုံးအရောင်လက်သွားပြီး ထပ်မံ အသံပို့လွှတ်လိုက်သည်။

“ရှောင်မုန့်.. မြန်မြန်ထတော့။ အပြင်မှာ စားလို့ကောင်းတာတွေ ရှိတယ်”

မျှော်လင့်ထားသလိုပင်...

ကောင်းကင်ဝါးမျိုသားရဲလေး မျက်လုံးဖွင့်လာပြီး မီးဝိညာဉ်ပုလဲထဲမှနေ၍ အလင်းတန်းတစ်တန်းအလား ပျံထွက်လာ၏။ ဤနေရာမှ လေထုက အလွန်ခိုင်မာသည်။ ထို့ကြောင့် မည်သည့် လေဟာနယ်နတ်ဘုရားအသုံးအဆောင်ကိုမှ မသုံးနိုင်ပေ။ သို့သော် မီးဝိညာဉ်ပုလဲကပင် ထူးခြားသည်လော သို့မဟုတ် ကောင်းကင်ဝါးမျိုသားရဲလေးက အလင်းတန်းအဖြစ် ပြောင်းလဲနိုင်၍လောမသိ ၎င်း အပြင်သို့ အလွယ်တကူ ပျံထွက်လာနိုင်ပေသည်။

“တမုန့်.. ဘယ်မှာတုန်း စားစရာက”

ကောင်းကင်ဝါးမျိုသားရဲသည် ကျန်းရီ၏ ပခုံးပေါ် ခုန်တက်လိုက်၏။ ၎င်းသည် လှည့်ပတ်ကြည့်ပြီးနောက် အသံပို့လွှတ်လိုက်သည်။

“တမုန့်... ဒီနေရာက မြေဆွဲအားက အရမ်းအားကောင်းတာပဲ။ ပြီးတော့... အရမ်းလည်း အေးတယ်”

“မင်းကလည်း အအေးကို ကြောက်တာလား”

ကျန်းရီ နှာခေါင်းပွတ်ကာ သူတို့ထံ ချဉ်းကပ်လာနေသော ပိုးကောင်များကို ညွှန်ပြ၍ ပြောလိုက်၏။

“မြန်မြန် အဲ့ပိုးကောင်လေးတွေကို ထိန်းချုပ်ရင်ထိန်းချုပ် မဟုတ်လည်း စားပစ်လိုက်ကွာ။ ပြီးရင် ငါ မင်းစားဖို့ သစ်သားအရင်းအမြစ် နည်းနည်းနဲ့ ရေခဲအရင်းအမြစ် နည်းနည်း ပေးမယ်။ ဘယ်လိုလဲ”

“သစ်သားအရင်းအမြစ်နဲ့ ရေခဲအရင်းအမြစ်က ဘာတွေလဲ။ အဲ့ဒါတွေက မီးအရင်းအမြစ်ထက် ပိုအရသာရှိလား”

သားရဲလေးသည် ခေါင်းရှုပ်ဟန်နှင့် မျက်တောင်ပုတ်ခတ်လိုက်၏။ ၎င်း နားမလည်နိုင်ပေ။

“အဲ့ဒါတွေက သေချာပေါက် မီးအရင်းအမြစ်ထက် ပိုသာတာပေါ့။ မြန်မြန်သာ အလုပ်သွားလုပ်စမ်းပါ။ မဟုတ်ရင် နောက်ကျ ငါ မင်းကို ဘာ စားကောင်းတာမှ မပေးတော့ဘူး”

ကျန်းရီသည် သားရဲလေးကို စိုက်ကြည့်၍ ပြောလိုက်သည်။ ဤကိစ္စက သေရေးရှင်ရေးကိစ္စပင်။ ယင်းကိုပင် သားရဲလေးက အစားအကြောင်း တွေးနေသေးသည်လော။

“ကောင်းပြီ”

ကျန်းရီက ဒေါသထွက်လာ၍ သားရဲလေးသည် ၎င်း၏ ရွှေအိုရောင်အတောင်ကို ခတ်ကာ ရေခဲထုကို ထိုးဖောက်၍ အောက်ဘက် ပျံဆင်းသွားလိုက်၏။ မာကြောသည့် ရေခဲထုက ၎င်းကို တစ်ချက်ပင် မတားနိုင်ပေ။

ကျန်းရီသည်လည်း အသက်နွယ်ကို ထိန်းချုပ်၍ ချဉ်းကပ်လာသည့် ပိုးကောင်များကို သတ်နေ၏။ သူ ကောင်းကင်ဝါးမျိုသားရဲကိုလည်း ကောင်းကင်စိတ်အာရုံနှင့် စောင့်ကြည့်နေသည်။ ၎င်းက ထိုပိုး‌ကောင်များကို ထိန်းချုပ်နိုင်၊ မနိုင် သူ သိလိုနေပေသည်။

ကျီ...ကျီ...

ကောင်းကင်ဝါးမျိုသားရဲသည် နှစ်ကြိမ်အော်၍ ပိုးကောင်လေးများဆီ လျင်မြန်စွာ ဆင်းသွားနေ၏။ ပိုးကောင်များအနီးသို့ ရောက်သောအခါ ၎င်း၏ ခေါင်းပေါ်မှ ဦးချိုက တောက်ပစွာ လင်းလက်လာသည်။ သို့သော် မင်း လျင်မြန်စွာ ပြန်ဆုတ်လာပြီး အသံပို့လွှတ်လိုက်သည်။

“တမုန့်... အဲ့ပိုးကောင်တွေကို ဟွင့်သွမ့်ပိုးကောင်တွေလို့ ခေါ်တယ်။ သူတို့က ငါနဲ့ အဆင့်အတူတူပဲ။ ငါ.. သူတို့ကို မထိန်းချုပ်နိုင်ဘူး”

“မင်းနဲ့ အဆင့်အတူတူပဲလား”

ကျန်းရီ မျက်မှောင်ကြုတ်လိုက်၏။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်ကလည်း အံ့ဩစွာ အသံပို့လွှတ်လာသည်။

“အဲ့ဒါတွေက တကယ်ပဲ ဟွင့်သွမ့်ပိုးကောင်တွေလား။ ကောင်းကင်ဧကရာဇ်တစ်ပါးက အဲ့ပိုးကောင်တွေနဲ့ ကြုံဖူးတယ်လို့ ကောင်းကင်ဘုံခုံရုံးထဲမှာ မှတ်တမ်းတင်ထားတာ ရှိတယ်။ ဟွင့်သွမ့်ပိုးကောင်တွေက ကပ်လောကအစမှာ မွေးဖွားလာခဲ့တဲ့ နတ်ဘုရားပိုးကောင်တွေပဲ။ ကျန်းရီ... ဒီတစ်ခေါက်တော့ မင်း ပြဿနာအကြီးကြီးတက်ပြီ။ ဒီတွင်းကြီးက လွန်ခဲ့တဲ့ နှစ်တစ်သောင်းကျော်တုန်းက မရှိခဲ့ပါဘူး။ ဘယ်လိုလုပ် ဒီလောက်စွမ်းအားကြီးတဲ့ ပိုးကောင်းတွေ မွေးလာရတာလဲ။ ဒီတွင်းအောက်ခြေမှာ ဘာရှိနေတာလဲ”

လက်ရှိတွင် ကျန်းရီသည် တွင်းအောက်ခြေ၌ မည်သည့်အရာ ရှိကြောင်းကို အရေးမစိုက်နိုင်သေးပါ။ ထိုပိုးကောင်များ ချဉ်းကပ်လာလျှင် မည်သို့ဖြစ်လာမည်ကိုသာ အာရုံစိုက်နိုင်သည်။ သူ ကောင်းကင်ဝါးမျိုသားရဲ‌လေးကို ကြည့်ကာ ပြောလိုက်သည်။

“တခြားနည်းလမ်း မရှိတော့ဘူးလား။ ဘယ်လိုဆိုရင် မင်း အဲ့ပိုးကောင်တွေကို ထိန်းချုပ်နိုင်မလဲ”

“ထပ်ပြီး ဆင့်ကဲပြောင်းလဲနိုင်လိုက်ရင်။ ဒါပေမဲ့ ငါ ဆင့်ကဲပြောင်းလဲခဲ့တဲ့ အကြိမ်တွေက များပြီ။ အခု ထပ်ပြီး ဆင့်ကဲပြောင်းလဲဖို့က အရမ်းခက်နေပြီ။ ဆက်ပြီး ဆင့်ကဲပြောင်းလဲဖို့ ဘာစားဖို့လိုလဲဆိုတာကို ငါ မသိဘူး”

“ဘာစားရမှာလဲ...”

ကျန်းရီ လျင်မြန်စွာ တွေး‌တောကာ အော်ပြောလိုက်သည်။

“ရှောင်မုန့်... မင်း ငါ့ခန္ဓာကိုယ်ထဲ ဝင်နိုင်လား။ ငါ့ရဲ့ နဝမမြောက်ကြယ်စက်လုံးထဲမှာ မိုးမြေစွမ်းအားတွေ အများကြီးရှိတယ်။ မင်း အဲ့စွမ်းအားကိုစားပြီး ဆင့်ကဲပြောင်းလဲနိုင်မလား ကြည့်ကြည့်လိုက်။ မင်း စားချင်တာသာ စားပစ်ကွာ...”

“ကောင်းပြီ...”

သားရဲလေး၏ မျက်ဝန်းများ အရောင်လက်လာ၏။ ၎င်းက ကျန်းရီ၏ စိတ်ဝိညာဉ်ပင်လယ်ထဲပင် ဝင်နိုင်ရာ ကျန်းရီ၏ ခန္ဓာကိုယ်ထဲလည်း ဝင်နိုင်ပေသည်။ ၎င်းသည် ချက်ချင်းပင် အလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲ၍ ကျန်းရီ၏ခန္ဓာကိုယ်ထဲ ဝင်လိုက်သည်။ ကျန်းရီ၏ ညွှန်ပြမှုအောက်မှနေ၍ ၎င်း နဝမမြောက်ကြယ်စက်လုံးထဲ ဝင်သွားနိုင်လေသည်။

“ဝါးဟားဟား...”

သားရဲလေးသည် နဝမမြောက်ကြယ်စက်လုံးထဲ ရောက်သည်နှင့် မျက်လုံးများ အရောင်လက်လာ၏။ ၎င်း နဝမမြောက်ကြယ်စက်လုံးထဲရှိ သစ်သားအရင်းအမြစ်ဆီ ပျံသွားကာ အော်ပြောလိုက်သည်။

“တမုန့်... ဒါက သစ်သားအရင်းအမြစ်ဆိုတာလား။ ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ အသက်စွမ်းအားလဲ။ ငါ ဒီစွမ်းအားကိုလည်း ကြိုက်တယ်။ တမုန့်... ခဏလောက်တောင့်ထား။ ငါ သစ်သားအရင်းအမြစ်နဲ့ ဒီစွမ်းအားကို စားပြီးရင် ဆင့်ကဲပြောင်းလဲနိုင်လောက်တယ်”

ကောင်းကင်ဝါးမျိုသားရဲလေးသည် သစ်သားအရင်းအမြစ်နှင့် မိုးမြေစွမ်းအားကို ကြည့်နေ၏။ ၎င်း၏ မျက်ဝန်းများ လင်းလက်နေသည်။ ၎င်းသည် ဟယ်နုန်ယင်း၏ ထူးဆန်းသောစွမ်းအင်နှင့် ပေါင်းစည်းထားသော မိုးမြေစွမ်းအားတန်းများကို ကြည့်နေသည်။ သစ်သားအရင်းအမြစ်နှင့် ပေါင်းစည်းစွမ်းအားက ၎င်းအတွက် အထောက်အကူကြီးစွာ ဖြစ်မည်ဖြစ်ကြောင်း ထင်ရှားပေသည်။

“မြန်မြန်စားပြီး မြန်မြန် ဆင့်ကဲပြောင်းလဲလိုက်။ မဟုတ်ရင် ငါ သေလိမ့်မယ်...”

ကျန်းရီသည် အသံပို့လွှတ်ပြီးနောက် ကောင်းကင်ဝါးမျိုးသားရဲလေးကို လျစ်လျူရှုလိုက်တော့၏။ ၎င်းနောက် သူ အသက်နွယ်ကို ထိန်းချုပ်ကာ အနားကပ်လာသည့် ပိုးကောင်များကို သတ်လိုက်သည်။ ကောင်းကင်စိတ်အာရုံနှင့်လည်း ပတ်ဝန်းကျင်ကို အာရုံခံနေပေသည်။ မကြာခင်တွင် ဤအခြေအနေအတိုင်း ဆက်သွားနေ၍ မဖြစ်ကြောင်း သူ သိသွားသည်။ ပိုးကောင်များက အလွန်များလွန်းသည်။ အသက်နွယ်က ၎င်းတို့အားလုံးကို သတ်နိုင်မည် မဟုတ်ပေ။

“ထျန်းဖုန့်ဧကရာဇ်... ခင်ဗျား နတ်ဘုရားသစ်ရွက်ကို သန့်စင်လိုက်။ ခဏနေရင် ခင်ဗျား ခံစားရလိမ့်မယ်”

ကျန်းရီ အံကြိတ်လိုက်ပြီး နတ်ဘုရားသစ်ရွက်ပေါ်မှ သူ့ဝိညာဉ်အမှတ်အသားကို ဖြတ်လိုက်သည်။ သူ မီးအရင်းအမြစ်ကို ထုတ်တော့မည်ဖြစ်သည်။ အကယ်၍ ပိုးကောင်များ အနားရောက်လာလျှင် အကျိုးဆက်က မည်သို့ဖြစ်လာမည်ကို မည်သူ သိမည်နည်း။ ထို ရွှေရောင်တောက်နေသည့် အစွယ်လေးချောင်းက ကြည့်ရုံနှင့်ပင် ကြောက်မက်ဖွယ်ကောင်းနေပြီဖြစ်သည်။

“ကောင်းပါပြီ”

ထျန်းဖုန့်ဧကရာဇ်သည် အခြေအနေက မည်မျှအရေးကြီးနေကြောင်းကို သိ၏။ ထို့ကြောင့် သူ မငြင်းတော့ဘဲ နတ်ဘုရားသစ်ရွက်ကို လျင်မြန်စွာ ယူကာ သန့်စင်လိုက်သည်။ ကျန်းရီက သူ့ဝိညာဉ်အမှတ်အသားကို ဖြတ်ထားပေးပြီးဖြစ်သည်။ ထို့ကြောင့် ထျန်းဖုန့်ဧကရာဇ် နတ်ဘုရားသစ်ရွက်ကို လျင်မြန်စွာ သန့်စင်နိုင်ပေသည်။ ငါးမိနစ်အတွင်းမှာပင် သူ အော်ပြောလိုက်သည်။

“ပြီးပြီ...”

“အင်း...”

နတ်ဆိုးချောက်နက်ထဲရှိ မီးအရင်းအမြစ် တစ်ဝက်လောက်ကို ကျန်းရီကို စုပ်ယူခဲ့သည်။ တစ်ဝက်ကျန်သေးရာ ကျန်းရီသည် သူ့ရှိ မီးအရင်းအမြစ်အားလုံးကို သုံးလိုက်ရန် မနှမြောပေ။ ထို့ပြင် ကပ်လောကထဲ၌ မီးအရင်းအမြစ်များစွာ ရှိပေသည်။ သုံးကုန်သွားလျှင်လည်း သူ ထပ်ရှာနိုင်ပေသည်။

ကျန်းရီ၏ လက်ထဲတွင် မီးအရင်းအမြစ် ထွက်ပေါ်လာ၏။ သူ မီးအရင်းအမြစ်ကို ဘယ်ဘက်ကို ပစ်လွှတ်လိုက်သည်။ မီးအရင်းအမြစ် ပတ်လည်မှ ရေခဲများ ရုတ်ခြည်း အရည်ပျော်သွား၏။ ကြောက်မက်ဖွယ် အပူလှိုင်းတစ်ခုကလည်း တွင်းအောက်ပိုင်းတစ်ခွင်လုံး၌ ပျံ့နှံ့သွားသည်။

“အား...”

ထျန်းဖုန့်ဧကရာဇ် ရုတ်ခြည်း အော်လိုက်၏။ ရေခဲအရင်းအမြစ်က သူ့ကို အေးခဲပစ်နိုင်သော်လည်း သူ များစွာ မခံစားရပါ။ သို့သော် မီးအရင်းအမြစ်က ကွဲပြားသည်။ ထျန်းဖုန့်ဧကရာဇ်၏ တစ်ကိုယ်လုံး မီးခိုးစိမ်းများ ထွက်လာသည်။ သူ့အရေပြားနှင့် အသားများမှနေ၍ အသားကင်နံ့လည်း ထွက်လာ၏။ သူ ချက်ချင်း မီးလောင်သေဆုံးမသွားနိုင်သော်လည်း အလွန်နာကျင်ခံစားရပေလိမ့်မည်။

ရွှီး...

နတ်ဘုရားသစ်ရွက် တောက်ပလာသည်။ ထိုအခါ ထျန်းဖုန့်ဧကရာဇ်၏ ခန္ဓာကိုယ်က လျင်မြန်စွာ ပြန်ကောင်းလာ၏။ သို့သော် မီးအရင်းအမြစ်က ရှိနေသေးရာ သူ မီးကျွမ်းလိုက် ပြန်ကောင်းလိုက်နှင့် နှိပ်စက်ခံနေရသလို ဖြစ်နေပေသည်။ သူ ငရဲရောက်လိုက်၊ ကောင်းကင်ဘုံရောက်လိုက်နှင့်ပင်။

‘ကံကောင်းလို့၊ ကံကောင်းလို့...’

ကျန်းရီသည် ကောင်းကင်စိတ်အာရုံနှင့် အာရုံခံပြီးနောက် မီးအရင်းအမြစ်က အနီးကပ်လာသော ပိုးကောင်များကို အပြင်းအထန် ဒဏ်ရာရသွားအောင် လုပ်နိုင်ကြောင်း သိလိုက်ရ၏။ မီးအရင်းအမြစ်မှာ ခက်ထန်သော ဖြစ်တည်မှုတစ်ခုပင်။ ၎င်း၏ အဖျက်စွမ်းအားက အလွန်ကြီးသည်။ ထိုပိုးကောင်များသည် မီးတောက်မျာ၏ လွှမ်းခြုံမှုကို ခံရသည်နှင့် အလွယ်တကူ လောင်ကျွမ်းသွားကြပေသည်။ ၎င်းတို့က ချက်ချင်း သေမသွားကြသော်လည်း အနားကပ်မလာနိုင်တော့ပေ။

“ထျန်းဖုန့်ဧကရာဇ်... ခဏလောက် တောင့်ထားဦး။ ကျွန်တော်တို့ အဝိုင်းခံထားရတာကနေ ဖောက်ထွက်ပြီး ခုခံနိုင်မဲ့ နေရာတစ်ခုကို ရှာမယ်”

ကျန်းရီ အောက်ပြောလိုက်ပြီးနောက် အောက်ဆက်ဆင်းကာ မီးအရင်းအမြစ်နှင့် ရေခဲအရင်းအမြစ်ကို တစ်လှည့်စီ ပစ်လွှတ်လိုက်သည်။ ထိုနည်းက ပိုးကောင်များကို အနားကပ်မလာနိုင်အောင် တားနိုင်ရုံသာမက အပြင်းအထန်ဒဏ်ရာရသွား၊ သေသွားအောင်လည်း လုပ်နိုင်နေပေသည်။

“အား...”

ထျန်းဖုန့်ဧကရာဇ်က နာကျင်တကြီး အော်ဟစ်နေသည်။ သို့သော် သူ ကျန်းရီနှင့်လည်း ဝေးဝေးခွာ၍ မဖြစ်ချေ။ မဟုတ်လျှင် ပိုးကောင်များက သူ့ဆီသာ လာကြပေလိမ့်မည်။

“ဘယ်ဘက်ကို သွားလိုက်။ အဲ့မှာ လမ်းကြောင်းတစ်ခု ရှိတယ်။ အဲ့လမ်းကြောင်းအတိုင်းလိုက်ပြီး တွင်းအောက်မှာ ဘာရှိလဲ ကြည့်လိုက်”

ယန်ကိုးပါးကောင်းကင်ဧကရာဇ်က အသံပို့လွှတ်လိုက်၏။ သူ့အသံထဲတွင် သိလိုနေသော အရိပ်အမြွက်တစ်ခု ပါနေသည်။ အတိတ်တွင် သူ လောကကို အုပ်စိုးခဲ့စဉ်က ဤတွင်းကြီး မရှိသေးပေ။ ထို့ကြောင့် သူ ဤတွင်အကြောင်းကို စိတ်ဝင်စားနေသည်။ ဤတွင်းထဲဤ ဒဏ္ဍာရီလာ ဟွင့်သွမ့်ပိုးကောင်များ ရှိကြ၏။ ထို့ကြောင့် ဤတွင်းကြီးက မရိုးရှင်းကြောင်း ထင်ရှားပေသည်။

***

All Chapters