တွင်းကြီး၏ လျှို့ဝှက်ချက်
Vol. 143 Ch. 1987
ဤတွင်းကြီးက အမှန်ပင် မရိုးရှင်းပေ။
ကျန်းရီက တွင်းထဲဆင်းသွားသည်ဆိုသော သတင်းကို ရပြီးသည်နှင့် ယန်မဟာဧကရာဇ်သည် ချက်ချင်းပင် မသေမျိုးတစ်ပိုင်း ရသေ့ကြီး၊ တောဆိတ်ရသေ့ကြီးနှင့် ဧကရာဇ်ရွေတို့ဆီ အကြောင်းကြားလိုက်သည်။ သူတို့သုံးယောက်က ကမ္ဘာဦးကောင်းကင်ဘုံထဲ လျှို့ဝှက် ဝင်ရောက်ပြီးနေပြီဖြစ်သည်။ ထိုအခိုက်တွင် သူတို့သည် လျှိုဒေသ၏ အနောက်ဘက်ရှိ ဟေးဒေသထဲတွင် ရှိနေကြသည်။
ယန်မဟာဧကရာဇ်သည် တွင်းကြီးနှင့် ပတ်သတ်သော လျှို့ဝှက်ချက်တစ်ခုကို သိထား၏။ သို့သော် သူ ကျန်းရီကို အပြစ်မပြုဝံ့ပေ။ မိုးပြာမဟာဧကရာဇ်က မိုးကြိုးလျှပ်စီးလမ်းကြောင်းသို့ ရောက်နေ၍ အချိန်မီ ပြန်လာနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် ယန်မဟာဧကရာဇ်သည် ထိုလျှို့ဝှက်ချက်ကို မသေမျိုးတစ်ပိုင်း ရသေ့ကြီးအား ပြောပြခဲ့သည်။
မသေမျိုးတစ်ပိုင်း ရသေ့ကြီးသည် သတင်းရသည်နှင့် ကျန်းရီကို ကိုင်တွယ်ဖို့ တောဆိတ်ရသေ့ကြီးနှင့် ဧကရာဇ်ရွေတို့ကို ခေါ်၍ ကမ္ဘာဦးကောင်းကင်ဘုံသို့ သွားရန် ဆုံးဖြတ်ခဲ့၏။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးက လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့ကို ကျန်းရီနှင့် မည်သည့်အခါတွင်မှ မိတ်ဆွေမဖွဲ့ရန် ပြောခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မျိုးနွယ်သုံးခုနှင့် ယန်ကိုးပါးကောင်းကင်ဧကရာဇ်ကြားမှ ရန်ငြိုးက မကြေနိုင်၍ပင်။ ထို့ပြင် ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အပိုင်းအစကလည်း ရှိနေသေးသည်။
မျိုးနွယ်သုံးခုသည် အပြင်ထွက်လာရန် ဆုံးဖြတ်ခဲ့ပြီး ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အပိုင်းအစ ရှိနေသေးကြောင်းကို သိရပြီးနောက်မှာပင် ပြန်သွားပုန်းမည့်ပုံ မပြကြပေ။ ယင်းမှာ သူတို့က ယန်ကိုးပါးကောင်းကင်ဧကရာဇ်နှင့် တိုက်ခိုက်ရန် ဆုံးဖြတ်ပြီးပြီဆိုသော အဓိပ္ပာယ်ပင်။ ယခု သူတို့သည် ကျန်းရီနှင့် ယန်ကိုးပါးကောင်းကင်ဧကရာဇ်တို့ကို အကွက်ဆင်ရန် အခွင့်အရေးရပြီဖြစ်ရာ ထိုအခွင့်အရေးကို မည်သို့ မဖမ်းဆုပ်ဘဲ နေနိုင်ပါမည်နည်း။
အမှန်တွင်...
တွင်းကြီးက တစ်တွင်းတည်းမဟုတ်၊ နှစ်တွင်း ရှိခြင်းဖြစ်သည်။ လျှိုဒေသ၏ အနောက်ဘက် မိုင်သန်းချီအကွာရှိ ဟေးဒေသထဲတွင်လည်း တွင်းကြီးတစ်တွင်း ရှိသေးသည်။ အရေးအကြီးဆုံးမှာ ထိုတွင်းကြီးနှစ်တွင်းက ဆက်စပ်နေခြင်းဖြစ်ပေသည်။
ဟေးမျိုးနွယ်က ဟေးဒေသကို ထိန်းချုပ်ပြီး ယန်မဟာဧကရာဇ်ထံတွင် လက်အောက်ခံထားသည်။ ထို့ကြောင့် ယန်မဟာဧကရာဇ်က ထိုဒေသထဲရှိ တွင်းကြီးအကြောင်းကို ကောင်းစွာ သိထားသည်။ သူကိုယ်တိုင်လည်း တွင်းများထဲ ဆင်းခဲ့ဖူးသည်။ သို့သော် ဟေးဒေသထဲရှိ တွင်းထဲကို လျှို့ဝှက်၍ ဆင်းခဲ့ခြင်းဖြစ်ရာ အပြင်လူများက ထိုအကြောင်းကို မသိကြချေ။
တွင်းကြီးနှစ်တွင်း...
ထိုနှစ်တွင်း၏ အောက်ခြေက အလွန်ဆန်းကြယ်သော နေရာတစ်ခုနှင့် ဆက်စပ်နေ၏။ ထိုနေရာသည် ယန်မဟာဧကရာဇ် တစ်သက်လုံး မသွားလိုသောနေရာ ဖြစ်သည်။ ထို့ကြောင့် ကျန်းရီက တွင်းကြီးထဲ ဆင်းသွားကြောင်း သိသည်နှင့် ယန်မဟာဧကရာဇ်သည် ကိုယ်တိုင်မလှုပ်ရှားခဲ့ခြင်းဖြစ်သည်။ သူကိုယ်တိုင်လည်း ဆင်းမသွားဝံ့ပါ။ သို့ဖြစ်၍ မသေမျိုးတစ်ပိုင်း ရသေ့ကြီးနှင့် အခြားသူများထံ သတင်းပို့ကာ လှုပ်ရှားစေခဲ့ခြင်းဖြစ်သည်။
ဟေးဒေသရှိ ရဲတိုက်တစ်လုံးထဲတွင်...
မသေမျိုးတစ်ပိုင်း ရသေ့ကြီးသည် သတင်းရပြီးနောက် မျက်လုံးများ အရောင်လက်သွားပြီး တောဆိတ်ရသေ့ကြီးနှင့် ဧကရာဇ်ရွေတို့ကို ပြောလိုက်သည်။
“ခင်ဗျားတို့နှစ်ယောက် လှုပ်ရှားလိုက်ကြပေါ့။ သတိထားပါ... ဒီတစ်ခေါက် မလာကြနဲ့။ ခင်ဗျားတို့ အောင်မြင်မယ်ထင်ရင် လုပ်ပါ။ မထင်ရင်တော့ မစွန့်စားနဲ့”
မသေမျိုးတစ်ပိုင်း ရသေ့ကြီးက ပြောပြောဆိုဆိုနှင့် မြေပုံတစ်ချပ် ထုတ်ပေး၏။ တောဆိတ်ရသေ့ကြီးသည် မြေပုံကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့လက်စွပ်ထဲ ထည့်လိုက်သည်။ ပြီးလျှင် ခေါင်းညိတ်ကာ ပြောလိုက်လေသည်။
“ရသေ့ကြီး... မစိုးရိမ်ပါနဲ့။ ကျုပ်တို့ လောမှာ မဟုတ်ပါဘူး။ တကယ်လို့ အခြေအနေ မကောင်းရင် ကျုပ်တို့ ပြန်ဆုတ်လာပြီး ကျောက်စိမ်းအဆောင်ကို ချိုးလိုက်မှာပါ”
“ကောင်းပြီ”
မသေမျိုးတစ်ပိုင်း ရသေ့ကြီးသည် တောဆိတ်ရသေ့ကြီးနှင့် ဧကရာဇ်ရွေတို့ကို ရဲတိုက်အပြင်သို့ ဦးဆောင်ခေါ်သွားလိုက်၏။ ဟေးဒေသအရှင်၏ လမ်းညွှန်မှုအောက်တွင် သူတို့ အရှေ့ဘက်သို့ သွားလိုက်ကြသည်။ မကြာခင်မှာပင် သူတို့ တောင်တန်းကြီးတစ်ခုဆီ ရောက်သွားလေသည်။
တောင်တန်းအပြင်ဘက်တွင် ဟေးဒေသ၏ စစ်တပ် ရှိနေသည်။ တွင်းကြီးက တောင်တန်းထဲတွင် ဖြစ်ကြောင်း သိရပြီးနောက် ယန်မဟာဧကရာဇ်က တောင်တန်းကို ချိပ်ပိတ်ခိုင်းခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကမ္ဘာဦးကောင်းကင်ဘုံက ဒုတိယတွင်းကြီးအကြောင်းကို သိမထားခြင်း ဖြစ်ပေသည်။
မသေမျိုးတစ်ပိုင်း ရသေ့ကြီးသည် ကျန်နှစ်ယောက်နှင့် ဟေးဒေသအရှင်ကို ဦးဆောင်ကာ တောင်တန်းထဲ ဝင်၍ တွင်းကြီးကို ရှာလိုက်၏။ ထိုတွင်းကြီးက လျှိုဒေသထဲမှ တွင်းကြီးနှင့် ဆင်တူသည်။ သို့သော် မြေဆွဲအားမှာမူ သိပ်၍ ကြောက်မက်ဖွယ်မကောင်းချေ။
“ရွှေကြိုးထုတ်လိုက်”
မသေမျိုးတစ်ပိုင်း ရသေ့ကြီးက လက်ဝှေ့ယမ်း၍ ပြောလိုက်ရာ ဟေးဒေသအရှင်က ဧရာမကြိုးတစ်ချောင်းကို ထုတ်၍ တွင်းကြီးထဲ ပစ်ချလိုက်၏။ ကြိုးက အဆုံးမဲ့ ဆန့်တန်းသွဦးသည်။ ထိုကြိုးက ရတနာတစ်ခု ဖြစ်ပြီး အကန့်အသတ်မဲ့ ဆန့်တန်းနိုင်ပေသည်။
“ဆင်းသွားလိုက်ကြ။ တကယ်လို့ အခြေအနေ မဟန်ရင် ရွှေကြိုးအတိုင်း ပြန်တက်လာခဲ့။ ကျုပ် ခင်ဗျားတို့ကို လာကယ်မယ်”
မသေမျိုးတစ်ပိုင်း ရသေ့ကြီးက ပြောလိုက်သည်။ တောဆိတ်ရသေ့ကြီးနှင့် ဧကရာဇ်ရွေတို့သည် ချက်ချင်းပင် တွင်းထဲ ဆင်းလိုက်ကြ၏။ သူတို့သည် ရွေကြိုးကို ကိုင်ကာ အောက်သို့ လျင်မြန်စွာ ဆင်းသွားကြသည်။ တွင်းကြီး၏ မြေဆွဲအားက ကြောက်မက်ဖွယ်ကောင်း၏။ တောဆိတ်ရသေ့ကြီးနှင့် ဧကရာဇ်ရွေတို့၏ စွမ်းအားနှင့်ပင် ပျံတက်နိုင်မည် မဟုတ်ပါ။ သို့သော် ရွှေကြိုးနှင့် မသေမျိုးတစ်ပိုင်း ရသေ့ကြီးရှိနေလျှင် သူတို့ အောက်၌ အန္တရာယ်တစ်ခုခု ကြုံရပါက အလွယ်တကူ ပြန်တက်လာနိုင်မည်ဖြစ်သည်။
တောဆိတ်ရသေ့ကြီးနှင့် ဧကရာဇ်ရွေတို့ တွင်းထဲဆင်းသွားပြီးနောက် မသေမျိုးတစ်ပိုင်း ရသေ့ကြီး၏ မျက်ဝန်းများက တဖြည်းဖြည်း အေးစက်လာ၏။ သူ သူသာ ကြားနိုင်သော အသံနှင့် ရေရွတ်လိုက်သည်။
“ဝူမင်... နှစ်တစ်သောင်းကျော် ကြာခဲ့ပြီ။ အရင်တစ်ခေါက်တုန်းက ခင်ဗျားက မိုးပြာမဟာဧကရာဇ်နဲ့တောင် တိုက်ခိုက်ခဲ့တယ်။ ခင်ဗျားမှာ ဝိညာဉ်စွမ်းအား သိပ်မကျန်တော့ဘူး မဟုတ်လား။ ကျုပ်တို့ ကျန်းရီကို သတ်လိုက်မယ်ဆိုရင် ခင်ဗျားရဲ့ ကျန်တဲ့ဝိညာဉ်စွမ်းအားလေးနဲ့ နောက်ထပ်ဆက်ခံသူကို ဘယ်လိုရှာနိုင်တော့မှာလဲ...”
“တွင်းကြီ...တွင်းကြီး...”
မသေမျိုးတစ်ပိုင်း ရသေ့ကြီးသည် သူ့အရှေ့ရှိ အောက်ခြေမဲ့တွင်းကြီးကို စိတ်ဝင်တစား ကြည့်လိုက်၏။ ယန်မဟာဧကရာဇ်က သူ့အား ပေးထားသော အချက်အလက်ကို ပြန်တွေးကာ သူ သက်ပြင်းချလိုက်သည်။
“အဲ့တွင်းကြီးက ဘာလဲ။ ဘာလို့ အောက်ခြေမှာ ကြောက်စရာကောင်းတဲ့ ဖြစ်တည်မှုတစ်ခု ရှိနေရတာလဲ။ တွင်းကြီးက တခြားလောကတစ်ခုနဲ့ ဆက်စပ်နေတာလား။ မသေမျိုးဘုံနဲ့ ဆက်စပ်နေတာလား။ မသေမျိုးဘုံရဲ့ တံခါးက အဲ့တွင်းအောက်ခြေမှာလား”
မသေမျိုးတစ်ပိုင်း ရသေ့ကြီး မသိပေ။ သူ အောက်သို့လည်း ဆင်းမသွားဝံ့ပါ။ အပြင်တွင် စောင့်နေသူတစ်ယောက် ရှိရမည်။ မဟုတ်လျှင် သူတို့ အရာအားလုံးကို ဆုံးရှုံးသွားရနိုင်သည်။ ထို့ကြောင့် တောဆိတ်ရသေ့ကြီးနှင့် ဧကရာဇ်ရွေတို့ ပြန်လာမည်ကိုသာ သူ စောင့်နေရပေမည်။
***
တွင်းအောက်ခြေတွင် ကျန်းရီသည် ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ လမ်းညွှန်ချက်အတိုင်း ထျန်းဖုန့်ဧကရာဇ်ကို ခေါ်၍ အရှေ့သို့ ဖြည်းဖြည်းချင်း သွားနေ၏။ အောက်ခြေတွင် လမ်းကြောင်းတစ်ခု ရှိသည်။ ထိုလမ်းကြောင်းထဲတွင် ဟွင့်သွမ့်ပိုးကောင်များ ပြည့်နှက်နေသည်။ ထပ်ထွက်လာသော ပိုးကောင်များလည်း ရှိနေရာ ၎င်းတို့မှာ အဆုံးမရှိနိုင်ချေ။
ကျန်းရီ စိတ်မရှိပါ။ သူ့တွင် ရေခဲအရင်းအမြစ်နှင့် မီးအရင်းအမြစ် အလုံအလောက်ရှိသည်။ သို့သော် ထျန်းဖုန့်ဧကရာဇ်က အခက်ကြုံနေရ၏။ သူ သေချင်စိတ်ပင် ပေါက်နေလေသည်။
ထျန်းဖုန့်ဧကရာဇ်သည် ရှေ့မတိုးနိုင်၊ နောက်မဆုတ်နိုင် ဖြစ်နေ၏။ သူ ကျန်းရီနှင့် ခပ်လှမ်းလှမ်းတွင် ချန်ခဲ့ပြီး တိုက်ခိုက်မှုများ ထုတ်လွှတ်၍ သူတို့နောက် လိုက်လာသော ပိုးကောင်များကို တားရန် ကြိုးစားကြည့်ခဲ့သည်။ သို့သော် ပိုးကောင်များက ခံနိုင်ရည် အလွန်ကောင်းသည်။ သူ၏ ဧကရာဇ်အဆင့် တိုက်ခိုက်စွမ်းအားနှင့်ပင် ထိုပိုးကောင်များကို မသတ်နိုင်ပေ။ သူ ၎င်းတို့ကို လွင့်ထွက်သွားအောင်သာ လုပ်နိုင်ပေသည်။
ပိုးကောင်များစွာရှိနေ၏။ ထျန်းဖုန့်ဧကရာဇ် တစ်ယောက်တည်းနှင့် ၎င်းတို့ကို တားရန်မှာ ခက်ခဲပေသည်။ ခက်ခဲရသည့်အဓိကအကြောင်းမှာ ထွက်ပေါက်မရှိခြင်းပင်။ သူ တွင်းထဲမှလည်း ပြန်မထွက်နိုင်။ ထို့ကြောင့် တောင့်ခံ၍သာ ကျန်းရီနောက်သို့ ဆက်လိုက်သွားရလေသည်။
လမ်းကြောင်းက အလွန်ရှည်၏။ အောက်ဘက်သို့ တဖြောင့်တည်း ဆက်ဆင်းနေသည်။ ၎င်းက မည်သည့်နေရာသို့ ရောက်ကြောင်း မည်သူမှ မသိပေ။ ကျန်းရီနှင့် ထျန်းဖုန့်ဧကရာဇ်တို့သည် မိုင်တစ်သောင်း သွားခဲ့ပြီးပြီဖြစ်သည်။ သို့သော် အဆုံးသတ်ကို မမြင်ရသေးချေ။ ထျန်းဖုန့်ဧကရာဇ်သည် လမ်းတစ်လျှောက်တွင် အဆက်မပြတ် အော်နေရသည်။ သူသည် မြစ်ဝါလမ်းကို ဖြတ်နေရသလိုပင် ခံစားနေရသည်။ ထိုခရီးက သူ့ဘဝတွင် အနာကျင်ရဆုံး ခရီးပင်။
အရှေ့မှ ပိုးကောင်များက အဆုံးမရှိသေးပေ။ ကောင်းကင်ဝါးမျိုသားရဲလေးသည် သစ်သားအရင်းအမြစ်နှင့် ပေါင်းစည်းစွမ်းအားကို စုပ်ယူနေခဲ့သည်။ ထို့နောက် ၎င်း အိပ်မောကျသွားလေသည်။
ကျန်းရီတို့သည် မြေအရင်းအမြစ်ကို ရှာမတွေ့ပါ။ ဤနေရာမှ မြေဆွဲအားက အလွန်အားကောင်းပြီး ဘေးကျောက်နံရံများကလည်း အလွန်မာကြောသည်။ ကျန်းရီထံတွင် ထွက်လမ်းမရှိချေ။ သူ အရှေ့သို့သာ ဆက်ပြေးနေရသည်။
မီးအရင်းအမြစ်နှင့် ရေခဲအရင်းအမြစ်ကို တစ်လှည့်စီ သုံးနေ၏။ ပိုးကောင်များသည် ရေခဲအရင်းအမြစ်ကြောင့် အေးခဲပြီးနောက် မီးအရင်းအမြစ်ကြောင့် လောင်ကျွမ်းသွားကြသည်။ ထို့နောက် ၎င်းတို့သည် အပြင်းအထန် ဒဏ်ရာရကာ မလှုပ်နိုင်ကြတော့ပေ။ ကျန်းရီနှင့် ထျန်းဖုန့်ဧကရာဇ်တို့က ပိုးကောင်အသေများကို နင်းကာ အရှေ့သို့ ဆက်သွားကြပေသည်။
မိုင်တစ်သောင်းခွဲ...
လမ်းကြောင်းက ရုတ်တရက် အောက်ဘက်သို့ စိုက်ဆင်းသွား၏။ မြေဆွဲအားကြောင့် ကျန်းရီနှင့် ထျန်းဖုန့်ဧကရာဇ်တို့ ပိုမြန်မြန် ပြေးနိုင်သွားကြသည်။ ကျန်းရီ မီးအရင်းအမြစ်နှင့် ရေခဲအရင်းအမြစ် ထုတ်လွှတ်နှုန်းကိုလည်း မြှင့်တင်လိုက်၏။ သူ အတန်ငယ် စိုးရိမ်နေသည်။ ထိုလမ်းကြောင်းက အဆုံးမရှိဘဲ အောက်သို့ ဆက်ဆင်းနေလျှင် မီးအရင်းအမြစ်နှင့် ရေခဲအရင်းအမြစ် ကုန်သွားလျှင် သူနှင့် ထျန်းဖုန့်ဧကရာဇ်တို့ မည်သို့ ပြန်တက်ရမည်နည်း။
ထျန်းဖုန့်ဧကရာဇ်က ဆက်မသွားလိုတော့ဘဲ လက်လျှော့တော့မည့်အခိုက်တွင် အရှေ့မှ လမ်းကြောင်းက ရုတ်တရက် မြေပြန့်ဖြစ်သွား၏။ ထို့ပြင် ထိုနေရာရှိ မိုးမြေဝိညာဉ်စွမ်းအင်က အလွန်သိပ်သည်းလာသည်။ ထို့ကြောင့် ကျန်းရီနှင့် ထျန်းဖုန့်ဧကရာဇ်တို့ မျှော်လင့်ချက် ရှိသွားပေသည်။ သူတို့ လမ်းကြောင်းအတိုင်း ဆက်ပြေးသွားကြလေသည်။
တစ်နာရီကြာပြီးနောက် ကျန်းရီနှင့် ထျန်းဖုန့်ဧကရာဇ်တို့ သူတို့အရှေ့ရှိ တောက်ပသော အလင်းပြောက်တစ်ပြောက်ကို တွေ့လိုက်၏။ သူတို့ အရှေ့သို့ ဆက်လျှောက်သောအခါ အလင်းပြောက်မှာ ကြီး၍ ကြီး၍ လာသည်။ နောက်ဆုံးတွင် သူတို့နှစ်ယောက် လမ်းကြောင်းအဆုံးသို့ ရောက်သွားသည်။ လမ်းကြောင်းအဆုံးက အလွန်တောက်ပလာသည်။ ထိုနေရာတွင် မည်သည့်အရာရှိကြောင်း သူတို့ မသိကြပေ။
‘ဘယ်လောင်တောင် သိပ်သည်းတဲ့ မိုးမြေဝိညာဉ်စွမ်းအင်လဲ’
ကျန်းရီ စေ့စေ့စပ်စပ် အာရုံခံလိုက်ပြီးနောက် ဤနေရာမှ မိုးမြေဝိညာဉ်စွမ်းအင်က ကမ္ဘာဦးဆန်းကြယ်နယ်မြေထဲမှ မိုးမြေဝိညာဉ်စွမ်းအင်ထက်ပင် ပိုသိပ်သည်းကြောင်း သိလိုက်ရသည်။ သူ အလွန်အံ့အားသင့်သွားသည်။ ဤနေရာတွင် မည်သည့်အရာ ရှိနေသနည်း။ မိုးမြေဝိညာဉ်စွမ်းအင်က အဘယ်သို့ အလွန်သိပ်သည်းနေရသနည်း။
“ထင်ထားသလိုပဲ...”
ယန်ကိုးပါးကောင်းကင်ဧကရာဇ်က အသံပို့လွှတ်လာ၏။ သူ သက်ပြင်းချကာ ပြောသည်။
“ငါ တွေးခဲ့မိသင့်တာ။ ဒဏ္ဍာရီလာ ကမ္ဘာဦးဆန်းကြယ်နယ်မြေကလွဲပြီး ကမ္ဘာဦးဟွင့်သွမ့်ပိုးကောင်တွေက တခြားဘယ်နေရာကနေ မွေးလာနိုင်ဦးမှာလား။ ကျန်းရီ.. မင်းက အရမ်းကံကောင်းသလို အရမ်းလည်းကံဆိုးတယ်။ မင်းက ကမ္ဘာဦးဆန်းကြယ်နယ်မြေတွေထဲမှာ စွမ်းအားအကြီးဆုံးဖြစ်တဲ့ ကမ္ဘာဦးဟွင့်သွမ့်ဆန်းကြယ်နယ်မြေကို ရှာတွေ့သွားတာပဲ။ ဒါပေမဲ့... အဲ့နယ်မြေအကြောင်းက သမိုင်းမှာ မှတ်တမ်းနှစ်ခုပဲ ရှိတယ်။ ကမ္ဘာဦးဟွင့်သွမ့်ဆန်းကြယ်နယ်မြေက အရမ်းကြောက်စရာကောင်းတယ်။ မင်း သတိထားတာ ကောင်းလိမ့်မယ်”
***