← Chapters

ကမ္ဘာဦးဟွင့်သွမ့်ဆန်းကြယ်နယ်မြေ

Vol. 143 Ch. 1988

ကမ္ဘာဦးဟွင့်သွမ့်ဆန်းကြယ်နယ်မြေ

Vol. 143 Ch. 1988

ကောင်းကင်ဧကရာဇ်များပင် ကမ္ဘာဦးဟွင့်သွမ့်ဆန်းကြယ်နယ်မြေက အလွန်ကြောက်မက်ဖွယ်ကောင်းသည်ဟု မှတ်တမ်းတင်ထားကြသည်။ ထို့ကြောင့် ကျန်းရီ ထင်ထားသည်ထက် ပိုကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။ ကျန်းရီသည် အရှေ့သို့ ဆက်မလျှောက်ဝံ့တော့ပေ။ သို့သော် ယခုမှလည်း ပြန်လှည့်၍ မဖြစ်တော့ပေ။ ထို့ကြောင့် အံကြိတ်၍သာ ရှေ့ဆက်လျှောက်လိုက်ရလေသည်။

အရှေ့သို့ရောက်လေ၊ တောက်ပလာလေပင်။ ငါးမိနစ်ကြာပြီးနောက် ကျန်းရီနှင့် ထျန်းဖုန့်ဧကရာဇ်တို့ တွင်းလမ်းကြောင်းထဲမှ ထွက်နိုင်လိုက်၏။ သူတို့အရှေ့မှ လောကက ရုတ်တရက် တောက်ပလာသည်။ ကျန်းရီတို့ တစ်ခဏမျှ ကြည့်ပြီးနောက် မှင်တက်သွားကြပေသည်။

အရှေ့တွင် အဆုံးမဲ့သော သမုဒ္ဒရာကြီးတစ်ခု ရှိနေသည်။ ထို ဟွင့်သွမ့်ပိုးကောင်များက ထိုသမုဒ္ဒရာထဲမှနေ၍ တွင်းထဲ ဝင်လာကြခြင်းပင်။ သမုဒ္ဒရာ နေရာအနှံ့တွင် ဟွင့်သွမ့်ပိုးကောင်များ ရှိနေကြသည်။ ကျန်းရီနှင့် ထျန်းဖုန့်ဧကရာဇ်တို့ ပေါ်လာသောအခါ ဟွင့်သွမ့်ပိုးကောင်များသည် သူတို့ထံ ကူးခတ်လာကြလေသည်။

ကျန်းရီသည် သေချာကြည့်လိုက်ပြီးနောက် သူတို့အရှေ့မှ အရာက သမုဒ္ဒရာ မဟုတ်ကြောင်း သိလိုက်၏။ ရေများက သမုဒ္ဒရာရေများလည်း မဟုတ်ဘဲ အဖြူဆွတ်ဆွတ်ဖြစ်ပြီး အနှစ်ပြင်ကြီးနှင့် တူပေသည်။

သိပ်သည်းသော မိုးမြေဝိညာဉ်စွမ်းအားမှာ ထိုအနှစ်ပြင်မှ ထွက်လာခြင်းဖြစ်သည်။ ဟွင့်သွမ့်ပိုးကောင်များက ထိုအနှစ်ပြင်မှ မွေးဖွားလာခြင်းဖြစ်ကြောင်းလည်း ထင်ရှားလေသည်။

“သခင်လေး.. ကျုပ်တို့ ဘာလုပ်သင့်လဲ”

ကျန်းရီက မှင်တက်နေသော်လည်း ထျန်းဖုန့်ဧကရာဇ်က စိတ်လှုပ်ရှားနေသည်။ ဟွင့်သွမ့်ပိုးကောင်များက များစွာ ရှိနေသည်။ သူတို့ အချိန်တစ်ခုလောက် တောင့်ခံနိုင်လျှင်ပင် မည်မျှကြာကြာ ရှင်သန်နိုင်ပါမည်နည်း။

“ညာဘက်ကို သွားလိုက်။ အဲ့ဘက်မှာ လမ်းကြောင်းတစ်ခု ရှိတယ်။ မင်းတို့ ခဏတော့ တောင့်ခံနိုင်လိမ့်မယ်”

ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ကောင်းကင်စိတ်အာရုံက ကျန်းရီ၏ ကောင်းကင်စိတ်အာရုံထက် များစွာပို၍ အားကောင်းသည်။ ထို့ကြောင့် သူ လျင်မြန်စွာပင် နေရာကောင်းတစ်ခုကို ရှာနိုင်လိုက်သည်။ ကျန်းရီ သတိကပ်လာ၏။ သူ ရေခဲအရင်းအမြစ်နှင့် မီးအရင်းအမြစ်ကို ထုတ်လွှတ်လိုက်ပြီး ထျန်းဖုန့်ဧကရာဇ်နှင့်အတူ ညာဘက်သို့ သွားလိုက်လေသည်။

ယန်ကိုးပါးကောင်းကင်ဧကရာဇ်သည် ဤ ကမ္ဘာဦးဟွင့်သွမ့်ဆန်းကြယ်နယ်မြေအကြောင်းကို များစွာ မသိပေ။ ထို့ပြင် ယခုတွင် သူက ဝိညာဉ်အပိုင်းအစသာ ဖြစ်နေ၍ စွမ်းအားများစွာ မရှိပါ။ ထို့ကြောင့် သူ့တွင် အကြံကောင်းများ မရှိနိုင်လောက်ချေ။

မိုင်ဒါဇင်ကျော် ပြေးပြီးနောက် ကျန်းရီနှင့် ထျန်းဖုန့်ဧကရာဇ်တို့ လမ်းကြောင်းတစ်ခုကို ရှာတွေ့သွားကြ၏။ ထိုလမ်းကြောင်းမှာ မိုင်အနည်းငယ် ရှည်ပြီး အထဲတွင် ဟွင့်သွမ့်ပိုးကောင်များ မရှိကြပေ။

ဝှစ်...

ထျန်းဖုန့်ဧကရာဇ်သည် လမ်းကြောင်း၏ အဆုံးအနားအထိ လျင်မြန်စွာ ပြေးသွားလိုက်၏။ ကျန်းရီက လမ်းကြောင်းဝကို ကာထားသည်။ ထျန်းဖုန့်ဧကရာဇ်က မိုင်အနည်းငယ်အကွာတွင် ရှိနေသဖြင့် မီးအရင်းအမြစ်၏ မြင့်မားသော အပူချိန်ကို တောင့်ခံနိုင်သည်။ အနည်းဆုံးတော့ သူ ဒဏ်ရာရသွားတော့မည် မဟုတ်ပေ။

ဟူး...ဟူး...

ထျန်းဖုန့်ဧကရာဇ် ဟိုက်နေ၏။ သူ မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး ဆက်မလှုပ်လိုတော့ပေ။ ဤအတွေ့အကြုံက သူ့ဘဝအတွင်း ကြုံတွေ့ခဲ့ရသမျှထဲမှ အနာကျင်ရဆုံး အတွေ့အကြုံပင်။

‘ဒီနေရာက ဘယ်လိုနေရာလဲ’

ထျန်းဖုန့်ဧကရာဇ်သည် တစ်ခဏမျှ အနားယူပြီးနောက် ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်ကာ ပတ်ဝန်းကျင်ကို အာရုံခံကြည့်လိုက်၏။ လမ်းကြောင်းဝတွင် ဟွင့်သွမ့်ပိုးကောင်များ ပြည့်နေကြောင်း သိလိုက်ရသည်။ အကယ်၍ ယန်ကိုးပါးကောင်းကင်ဧကရာဇ်နှင့် ချီဟုန်တို့ကို မည်သို့မှ မလုပ်နိုင်လျှင် သူတို့အားလုံး ဤနေရာတွင် သေသွားလောက်ပေသည်။

ထျန်းဖုန့်ဧကရာဇ်က ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက် ဖြစ်သည်။ သူက ကပ်လောက၏ အထွတ်အထိပ်တွင် ရပ်တည်နေသည်ဟု ဆိုနိုင်သည်။ လောကထဲတွင် သူ့အသက်ကို ခြိမ်းခြောက်နိုင်သည့်အရာ မရှိဟု ထင်ခဲ့သည်။ သူ နတ်ဆိုးချောက်နက်ထဲ ဝင်လိုက်လျှင်ပင် ချီဟုန်က မည်သို့မှ မလုပ်ပါက အသက်ရှင်လျက် လွတ်မြောက်နိုင်သေးသည်။ သို့သော် သူ မလွတ်မြောက်နိုင်သော နေရာတစ်ခု ရှိသေးကြောင်း မည်သို့ ထင်ထားခဲ့ပါမည်နည်း။

ထိုအခိုက်တွင်လည်း ကျန်းရီလည်း ကူကယ်ရာမဲ့နေသည်။

ယန်ကိုးပါးကောင်းကင်ဧကရာဇ်နှင့် ချီဟုန်တို့ကလည်း အသံပို့လွှတ်မလာကြတော့ပေ။ သူတို့တွင်လည်း အကြံကောင်းများ မရှိကြောင်း ထင်ရှားသည်။ ယခု ကျန်းရီတစ်ယောက် ကောင်းကင်ဝါးမျိုသားရဲလေး ဆင့်ကဲပြောင်းလဲသွားပြီး ဟွင့်သွမ့်ပိုးကောင်များအား ထိန်းချုပ်နိုင်၊ မထိန်းချုပ်နိုင်ကိုသာ ကြည့်ရပေတော့မည်။

“ကောင်းကင်ဧကရာဇ်... ဧကရာဇ်က ကျွန်တော်တို့အောက်မှာ မြေအရင်းအမြစ် ရှိတယ်လို့ အာရုံခံခဲ့မိတယ် မဟုတ်လား”

ကျန်းရီ တစ်စုံတစ်ခုကို အမှတ်ရသွား၏။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်သည် တွင်းအောက်ဘက်တွင် မြေအရင်းအမြစ်၏ အရှိန်အဝါကို အာရုံခံမိခဲ့သည်ဟု ပြောခဲ့သည်။ သို့သော် အစောတွင် သူ မြေအရင်းအမြစ်ကို မတွေ့ခဲ့ချေ။ ထို့ကြောင့် သူ ခေါင်းရှုပ်သွားပေသည်။

“အင်း...”

ယန်ကိုးပါးကောင်းကင်ဧကရာဇ်က အသံပို့လွှတ်လိုက်သည်။

“သမုဒ္ဒရာအောက်မှာ တကယ်ပဲ မြေအရင်းအမြစ် ရှိနေတယ်။ ပြီးတော့... မီးအရင်းအမြစ်၊ သစ်သားအရင်းအမြစ်၊ သတ္တုအရင်းအမြစ်နဲ့ ရေအရင်းအမြစ်လည်း ရှိလောက်တယ်။ ဒါပေမဲ့ ကြည့်ရတာ မင်း အဲ့ဒါတွေကို စုပ်ယူနိုင်လောက်မှာ မဟုတ်ဘူး”

“အာ...”

ကျန်းရီ မှင်တက်သွားသည်။ ဤ သမုဒ္ဒရာအောက်တွင် မိုးမြေအရင်းအမြစ် အားလုံး ရှိနေသည်လော။ ဤ ကမ္ဘာဦးဟွင့်သွမ့်ဆန်းကြယ်နယ်မြေက မည်သို့သော နေရာတစ်ခုနည်း။

“ဆက်မမေးနဲ့တော့”

ယန်ကိုးပါးကောင်းကင်ဧကရာဇ်သည် ကျန်းရီ၏အတွေးကို သိပုံရ၏။ သူ သက်ပြင်းသဲ့သဲ့ချကာ ပြောလိုက်သည်။

“ငါ ကမ္ဘာဦးဟွင့်သွမ့်ဆန်းကြယ်နယ်မြေထဲ တစ်ခါမှ မရောက်ဖူးဘူး။ ဒီဆန်းကြယ်နယ်မြေတွေက ရှားတယ်။ အရင်က ကောင်းကင်ဧကရာဇ်နှစ်ပါးပဲ ဒီနယ်မြေတွေထဲ ရောက်ဖူးကြတယ်။ ဒါပေမဲ့... သူတို့လည်း သမုဒ္ဒရာအောက်ခြေကို မသွားရဲခဲ့ကြဘူး။ သူတို့ သွားလိုက်ရင် သမုဒ္ဒရာအောက်ခြေက ကြောက်စရာ ဖြစ်တည်မှုကို နှိုးလိုက်သလို ဖြစ်သွားလိမ့်မယ်။ အဲ့ ကြောက်စရာ ဖြစ်တည်မှု ထွက်လာတာနဲ့ ကောင်းကင်ဧကရာဇ်တွေလည်း ထွက်ပြေးရမှာပဲ”

“ကောင်းကင်ဧကရာဇ်တွေတောင် ထွက်ပြေးရမှာတဲ့လား”

ကျန်းရီသည် သူ့အရှေ့ရှိ တည်ငြိမ်နေသော သမုဒ္ဒရာကို ကြည့်လိုက်ပြီး ရင်ခုန်မြန်သွား၏။ သူသာ ဧကရာဇ်အဆင့်သို့ ရောက်နိုင်လျှင် ယန်ကိုးပါးကောင်းကင်ဧကရာဇ်နှင့် စွမ်းအား သိပ်ကွာတော့မည် မဟုတ်ပေ။ မိုးပြာမဟာဧကရာဇ်ထက်မူ သေချာပေါက် ပိုစွမ်းအားကြီးပေလိမ့်မည်။ သို့သော် ဤလောကထဲတွင် ကောင်းကင်ဧကရာဇ်များပင် မသတ်နိုင်သော ဖြစ်တည်မှုတစ်ခု ရှိနေသေးသည်လော။

‘ဒီကမ္ဘာဦးဟွင့်သွမ့်ဆန်းကြယ်နယ်မြေမှာ ဘယ်လို တုန်လှုပ်စရာ လျှို့ဝှက်ချက်တွေ ရှိနေတာလဲ’

ကောင်းကင်ဧကရာဇ်များပင် အဖြေမရှာနိုင်လျှင် ဤ ကမ္ဘာဦးဟွင့်သွမ့်ဆန်းကြယ်နယ်မြေက ကပ်လောကတစ်ခွင်လုံးရှိ အကြီးမားဆုံး ပဟေဠိတစ်ခု ဖြစ်ရမည် မဟုတ်လော။

ကျန်းရီသည် ကမ္ဘာဦးဟွင့်သွမ့်ဆန်းကြယ်နယ်မြေ၏ လျှို့ဝှက်ချက်ကြီးကို အဖြေမရှာလိုပါ။ သူ ဤနေရာတွင်လည်း မကျင့်ကြံလိုပါ။ ဤ အန္တရာယ်များသော အခြေအနေထဲမှနေ၍ ဘေးကင်းကင်းသာ ထွက်သွားလိုနေသည်။ သူ အပြင်လောကသို့ ပြန်လိုနေပေပြီ။

ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ကျန်းရီကို လှည့်ပတ်သွားကြည့်ရန် အကြံပေး၏။ သူတို့ သမုဒ္ဒရာအောက်ခြေမှ ဖြစ်တည်မှုကို မနှိုးမိသ၍ အဆင်ပြေပေလိမ့်မည်။ သို့သော် ကျန်းရီက လျှောက်မသွားဝံ့ပေ။ လျှောက်သွားနေလျှင် ထျန်းဖုန့်ဧကရာဇ်က တောင့်မခံနိုင်တော့ပါက မည်သို့လုပ်မည်နည်း၊ သူတို့ သမုဒ္ဒရာအောက်မှ ဖြစ်တည်မှုကို နှိုးမိသွားလျှင် မည်သို့လုပ်မည်နည်း။

ထို့ကြောင့် ကျန်းရီသည် သားရဲလေး နိုးလာသည်အထိ စောင့်၍သာနေရပေမည်။ ဤလမ်းကြောင်းက အလွန်ကျဉ်း၍ တော်သေးသည်။ ဟွင့်သွမ့်ပိုးကောင်များစွာ တစ်ပြိုင်တည်း မတိုက်ခိုက်နိုင်ပေ။ ထို့ကြောင့် ကျန်းရီ ရေခဲအရင်းအမြစ်နှင့် မီးအရင်းအမြစ်ကို များစွာ အသုံးပြုစရာ မလိုပါ။ သူ ရှစ်ရက်မှ ဆယ်ရက်လောက်အထိ အလွယ်တကူ တောင့်ခံနိုင်ပေလိမ့်မည်။

ထျန်းဖုန့်ဧကရာဇ်က လမ်းကြောင်းအဆုံးနားတွင် စောင့်နေပြီး ကျန်းရီက လမ်းကြောင်းဝတွင် စောင့်နေသည်။ အချိန်က တရွေ့ရွေ့ ကုန်ဆုံးလာသော်လည်း ကောင်းကင်ဝါးမျိုးသားရဲလေး နိုးထမလာသေးပေ။

သုံးရက်ကြာပြီးနောက် ကျန်းရီ အတန်ငယ် ထုံလာသည်။ လမ်းကြောင်းအပြင်ဘက်တွင် ဟွင့်သွမ့်ပိုးကောင်အလောင်းများက တောင်ပုံရာပုံ ဖြစ်လာပေပြီ။ သို့သော် သမုဒ္ဒရာထဲမှနေ၍ ဟွင့်သွမ့်ပိုးကောင်များ ထွက်လာနေဆဲပင်။ သမုဒ္ဒရာထဲ၌ ဟွင့်သွမ့်ပိုးကောင်များ မည်မျှရှိကြောင်းကို ကျန်းရီ မသိချေ။

ငါးရက်ကြာပြီးနောက်...

ကျန်းရီ၏ ကောင်းကင်စိတ်အာရုံက သူ့နဝမမြောက်ကြယ်စက်လုံးထဲ ဝင်သွား၏။ ကောင်းကင်ဝါးမျိုသားရဲလေးက နိုးထမလာသေးပေ။ ကျန်းရီသည် ကျန်သော မီးအရင်းအမြစ်နှင့် ရေခဲအရင်းအမြစ်ကို ကြည့်ကာ စိတ်ထဲမှ ညည်းညူလိုက်သည်။

မီးအရင်းအမြစ်နှင့် ရေခဲအရင်းအမြစ်တို့က တစ်ဝက်မပြည့်တော့ပေ။ အကယ်၍ ကောင်းကင်ဝါးမျိုသားရဲလေးသာ သုံးရက်မှ ငါးရက်အတွင်း နိုးမလာသေးလျှင် သူနှင့် ထျန်းဖုန့်ဧကရာဇ်တို့ အန္တရာယ်ဖြစ်ပေလိမ့်မည်။

“အန်...”

ခြောက်ရက်မြောက်နေ့တွင် မီးနဂါးဓားမှနေ၍ အာမေဋိတ်တစ်သံ ထွက်ပေါ်လာ၏။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်က အသံပို့လွှတ်လာသည်။

“တစ်ယောက်ယောက်၊ တစ်ယောက်ယောက်ဝင်လာပြီ။ ဟားဟား... အဲ့ဒါက တောဆိတ်မျိုးနွယ်က ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်ပဲ”

“တောဆိတ်မျိုးနွယ်က ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်လား။ တောဆိတ်ရသေ့ကြီး”

ကျန်းရီ၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်အရှိန်အဝါများ ပြည့်နှက်သွား၏။ တောဆိတ်ရသေ့ကြီးက ကမ္ဘာဦးဟွင့်သွမ့်ဆန်းကြယ်နယ်မြေထဲ အမှန်တကယ် ရောက်လာသည်လော။ ယင်းမှာ ကိစ္စကောင်းတစ်ခု မဟုတ်ပေ။

“မကောင်းတော့ဘူး...”

ယန်ကိုးပါးကောင်းကင်ဧကရာဇ်က အသံဆက်ပို့လွှတ်၏။

“အဲ့လူက သမုဒ္ဒရာထဲ ဆင်းသွားပြီ။ သူက သမုဒ္ဒရာအောက်ခြေက ကြောက်စရာ ဖြစ်တည်မှုကို နှိုးဖို့ ကြိုးစားနေတာထင်တယ်။ ကောင်လေး... မြန်မြန်ထွက်သွားတော့။ လာလမ်းအတိုင်း ပြန်သွားပြီး ထွက်ပြေးတော့”

“ထျန်းဖုန့်ဧကရာဇ် မြန်မြန်ထွက်လာပါ”

ကျန်းရီသည် တုံ့ဆိုင်းမှုမရှိဘဲ ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ စကားကို နာခံလိုက်၏၊။ သူ အော်ခေါ်လိုက်ပြီး မီးအရင်းအမြစ်နှင့် ရေခဲအရင်းအမြစ်ကို အရှေ့သို့ ပစ်လွှတ်ကာ သူတို့အတွက် လမ်းကြောင်းရှင်းလိုက်သည်။ ထျန်းဖုန့်ဧကရာဇ်ကလည်း လှစ်ခနဲ ပြေးလာပြီး အံ့ဩစွာနှင့် မေးလိုက်လေသည်။

“သခင်လေး.. ဘာဖြစ်တာလဲ”

ဟိန်း...

သမုဒ္ဒရာထဲရှိ အဝေးတစ်နေရာမှနေ၍ တုန်လှုပ်ဖွယ် ဟိန်းသံတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် သမုဒ္ဒရာတစ်ခုလုံး စတင်လှုပ်ရှားလာသည်။ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုလည်း ထွက်လာသည်။ ထိုအရှိန်အဝါက မိုးပြာမဟာဧကရာဇ်၏ အရှိန်အဝါထက်ပင် ပိုအားကောင်း၍ ကျန်းရီကို မွန်းကြပ်သွားစေပေသည်။

ဝှစ်...

အနက်ရောင်လူရိပ်တစ်ခုက လှိုင်းများပေါ်မှနေ၍ ကျန်းရီတို့ထံသို့ လျှောက်လာနေ၏။ ကျန်းရီ လှမ်းကြည့်လိုက်၏။ သူ့မျက်ဝန်းများထဲတွင် ဒေါသများ ပြည့်နှက်သွားသည်။ ထိုလူက အတော်လေး ပိန်ပါးပြီး မျက်နှာက ဆိတ်တစ်ကောင်နှင့် တူသည်။ သူသည် တောဆိတ်ရသေ့ကြီးမှလွဲ၍ အခြားမည်သူ ဖြစ်နိုင်ပါသေးသနည်း။

“ဟင်းဟင်း.. ကျန်းရီ ငါ စိတ်မကောင်းပါဘူး။ ငါ မင်းကို ဆွဲထည့်ရမယ်”

တောဆိတ်ရသေ့ကြီးက ပြုံးလိုက်၏။ သူ့လက်ထဲတွင်လည်း ထူးဆန်းသော ကိုးမြှောင့်ကျောက်စိမ်းအဆောင်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းနောက်တွင် ကျောက်စိမ်းအဆောင်က ပေါက်ကွဲသွားပြီး လေထဲ၌ တံခါးငယ်တစ်ချပ် ထွက်ပေါ်လာ၏။ တောဆိတ်ရသေ့ကြီးသည် တံခါးထဲဝင်ကာ ပျောက်ကွယ်သွားလေသည်။

***

All Chapters