← Chapters

တွင်းထဲမှာပဲ နေခဲ့ရအောင် လုပ်မယ်

Vol. 143 Ch. 1989

တွင်းထဲမှာပဲ နေခဲ့ရအောင် လုပ်မယ်

Vol. 143 Ch. 1989

“အာကာသအချိန်တံခါးလား”

မီးနဂါးဓားထဲမှနေ၍ အတန်ငယ် ဒေါသဖြစ်နေသော အသံတစ်သံ ထွက်လာသည်။ မျိုးနွယ်ကြီးများစွာသည် ထိုကဲ့သို့ နတ်ဘုရားအစီအရင်မျိုးကို သိကြသည်။ သို့သော် အစီအရင်ဗဟိုချက်ကို ဖန်တီးရန်မှာ အလွန်ခက်သည်။ အစီအရင်ပြုလုပ်ရန် လိုအပ်သော ကုန်ကြမ်းများမှာလည်း အလွန်အဖိုးတန်ပေသည်။

ထိုကဲ့သို့သော နတ်ဘုရားအစီအရင်မျိုးက တောက်မျိုးနွယ်၏ နတ်ဘုရားရှောင်တိမ်းအဆောင်နှင့် ဆင်တူ၏။ သို့သော် ဤ အာကာသအချိန်တံခါးက များစွာပို၍ အစွမ်းထက်သည်။ မဟုတ်လျှင် ဤမျှခိုင်မာသောလေထုရှိသည့် နေရာတွင် တည်နေရာပြောင်းရွှေ့ တံခါးတစ်ချပ်ကို ဖန်တီးနိုင်မည် မဟုတ်ချေ။ သို့သော် ဤကဲ့သို့ ခိုင်မာသောနေရာတွင် ထိုနတ်ဘုရားအစီအရင်ကလည်း ဝေးဝေးသို့ တည်နေရာပြောင်းရွှေ့ မပေးနိုင်လောက်ပါ။

ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ဒေါသထွက်ခဲသည်။ သို့သော် ဤတစ်ခေါက်တွင် သူ အမှန်တကယ် ဒေါသထွက်နေပေပြီ။ သူသည် အတိတ်တွင် မျိုးနွယ်သုံးခုကို မျိုးမဖြုတ်မိခဲ့သည့်အတွက်လည်း နောင်တရနေသည်။ ယခု သူ့တွင် ဝိညာဉ်စွမ်းအားများစွာ မကျန်တော့ပေ။ အကယ်၍ ကျန်းရီ သေသွားပါက သူ ဆက်ခံသူအသစ်တစ်ယောက်ကို ပျိုးထောင်ပေးနိုင်ဖို့ မျှော်လင့်နိုင်တော့မည် မဟုတ်ချေ။

လူသားမျိုးနွယ်က ဖျက်ဆီးခံရတော့မည်ဖြစ်သော်လည်း လူများသာက ကျန်းရီကို သတ်ရန် ကြံနေကြ‌သေးသည်လော။ ယခုတွင် ကျန်းရီက တစ်ကိုယ်တည်း မဟုတ်ပေ။ သူက လူသားမျိုးနွယ်၏ မျှော်လင့်ချက်ကို ကိုယ်စားပြုသည်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ နှစ်တစ်သောင်းကျော် မျှော်လင့်စောင့်စားမှုကို ကိုယ်စားပြုပေသည်။

“ချီဟုန်... အဲ့မိစ္ဆာကို သွားတားလိုက်။ ကောင်လေး.. ပြေးပေတော့”

ယန်ကိုးပါးကောင်းကင်ဧကရာဇ် အော်ပြောလိုက်သည်။ ထို့နောက် မီးနဂါးဓားထဲမှနေ၍ မီးတောက်လုံးများ ထွက်လာပြီး ဧရာမမီးနဂါးတစ်ကောင်အဖြစ် ဖွဲ့စည်းသွားသည်။ ချီဟုန်သည် ဟိန်းကာ သမုဒ္ဒရာဆီသို့ ဦးတည်သွားသည်။ ကျန်းရီကမူ ထျန်းဖုန့်ဧကရာဇ်ကို ခေါ်၍ နောက်ပြန်လှည့်မကြည့်ဘဲ သူတို့လာခဲ့ရာသို့ ပြန်ပြေးလေသည်။ မီးအရင်းအမြစ်နှင့် ရေခဲအရင်းအမြစ်ကလည်း တစ်လှည့်စီ ထွက်ပေါ်လာပြီး ကျန်းရီတို့ထံ ပြေးလာသည့် ဟွင့်သွမ့်ပိုးကောင်များကို အပြင်းအထန် ထိခိုက်သွားသောင် လုပ်နေပေသည်။

ကံကောင်းစွာပင်...

ကျန်းရီက တွင်းလမ်းကြောင်းနှင့် သိပ်ဝေးမနေခဲ့ပေ။ ကီလိုမီတာဒါဇအနည်းငယ်လောက်သာ ဝေးသည်။ ဤနေရာမှ မြေဆွဲအားက ကြောက်မက်ဖွယ်ကောင်းသော်လည်း မိုးမြေစွမ်းအားကို သုံးလိုက်လျှင် ကျန်းရီ၏ အမြန်နှုန်းက အထင်ကြီးစရာကောင်းသေးပေသည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် ကျန်းရီ တွင်းလမ်းကြောင်းထဲ ပြန်ဝင်နိုင်လိုက်လေသည်။

ဟိန်း...

သမုဒ္ဒရာအောက်မှနေ၍ နောက်ထပ် ကျယ်လောင်သော ဟိန်းသံကြီး ထွက်ပေါ်လာ၏။ သမုဒ္ဒရာအနှစ်ပြင်ကြီးက ကုန်းထလာသည်။ အနှစ်ပြင်မှနေ၍ သိပ်မကြီးသော အနက်ရောင်‌ခေါင်းတစ်လုံး ထွက်လာသည်။ ထို့နောက် ၎င်းမှနေ၍ လွန်စွာဖိအားကောင်းသော အရှိန်အဝါဝစ်ခု ထွက်လာလေသည်။

ကျန်းရီသည် ထိုအရှိန်အဝါကြောင့် အလိုလို လှည့်ကြည့်မိလိုက်၏။ မြင်လိုက်ရသောအရာက သူ့ကို တုန်လှုပ်သွားစေသည်။ ထိုမိစ္ဆာ၏ ဦးခေါင်းက ပေနှစ်ဆယ်သာ ကျယ်သည်။ တစ်ခေါင်းလုံးမှာ မည်းနက်နေပြီး ခေါင်းပေါ်၌ အနက်ရောင်ဦးချိုတစ်ချောင်း ရှိသည်။ ၎င်း၏ ဧရာမမျက်လုံးကြီးများကလည်း မည်းနက်နေသည်။ ထိုမျက်လုံးများက လူသားများ၏ အဖြူအနက် မျက်လုံးများနှင့် ကွဲပြားသည်။ မည်းနက်နေသော မျက်လုံးများမှာ ကြည့်မိသူကို ရင်တုန်သွားစေလေသည်။

ဟိန်း...

မိစ္ဆာကြီးသည် ၎င်း၏ကိုယ်တစ်ပိုင်းကို ဖော်ပြလိုက်၏။ ချီဟုန် ပျံသန်းလာသောအခါတွင်လည်း ၎င်းက တစ်ကိုယ်လုံး မဖော်ပြဘဲ မည်းနက်နေသော ဧရာမအမြီးကြီးကိုသာ ယမ်းလိုက်သည်။

ထိုအမြီးက ငါးကြင်းမြီးနှင့်တူ၏။ ၎င်းကို ယမ်းလိုက်သောအခါ လေထဲထုထဲတွင် အပေါက်တစ်ပေါက် ဖြစ်သွားသည်။ ၎င်းသည် ကြောက်မက်ဖွယ် အရှိန်အဝါကို သယ်ဆောင်ကာ ချီဟုန်ထံ လျှပ်စီးအလျင်နှင့် ရွေ့လျားသွားပေသည်။

ထိုအခိုက်တွင် ကျန်းရီကို တုန်လှုပ်သွားစေသည်မှာ ချီဟုန်က ၎င်းအမြီးကို မရှောင်ဘဲ သူ့ခန္ဓာကိုယ်အား ထိတိုက်ခွင့် ပေးလိုက်၍ပင်။ ချီဟုန်၏ ခန္ဓာကိုယ်က ပုံရိပ်တစ်ခုသာ ဖြစ်သော်လည်း ရုတ်ခြည်း လွင့်ပြယ်သွားပေသည်။ ယင်းအခိုက်၌ ချီဟုန်၏ မျက်ဝန်းများထဲမှ ကြီးစွာသော အကြောက်တရားကို ကျန်းရီ ရှင်းလင်းစွာ မြင်လိုက်ရလေသည်။

“ဘာတွေ ကြောင်ကြည့်နေတာလဲ။ သွားကြစို့။ ချီဟုန်မှာ အသက်ကယ် နတ်ဘုရားစွမ်းရည်ရှိတယ်။ သူ့ ဝိညာဉ်အပိုင်းအစက ပြိုကွဲသွားမှာ မဟုတ်ဘူး”

ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ အသံပို့လွှတ်မှုကို ကြားလိုက်ရသည်။ ကျန်းရီ သတိကပ်လာပြီး တွင်းလမ်းကြောင်းအတိုင်း အထက်သို့ ပြေးတက်လိုက်သည်။ သို့သော် သူ နောက်သို့ တစ်ချက်လှည့်ကြည့်မိသေးသည်။ မြင်လိုက်ရသောအရာက သူ့ရင်ကို လှိုင်းထန်သွားစေသည်။

ထိုအခိုက်တွင် မိစ္ဆာကြီးက ကျန်းရီကို ကြည့်နေသည်။ ထိုမျက်ဝန်းနက်များက သူ့စိတ်ဝိညာဉ်ကို ဖောက်မြင်နိုင်သကဲ့သို့ပင်။ သူ့စိတ်ဝိညာဉ်ထဲမှ လျှို့ဝှက်ချက်အားလုံးကို ထိုမျက်လုံးများက မြင်သွားသလိုပင်။

တစ်ချိန်တည်းမှာပင် ကျန်းရီ၏ စိတ်ထဲမှ အတွေးတစ်ခု ပေါ်လာ၏။ ထိုမိစ္ဆာက သူ့ကို သတ်လိုလျှင် ရုတ်ခြည်းအတွင်း သတ်ပစ်နိုင်သည်။ သို့သော် မိစ္ဆာက အတွေးတစ်မျိုးကို ထုတ်လွှတ်နေပုံပင်။

ဟုတ်၏။

အတွေးတစ်မျိုးပင်။ ကျန်းရီသည် ပြေးနေရင်း ပို၍ ပို၍ သေချာလာသည်။ ထိုအတွေးမှာ မိစ္ဆာက ပို့လွှတ်လိုက်ခြင်းပင်။ အတွေးမှာလည်း ကြင်နာသောအတွေးမျိုးဖြစ်သည်။

ပြဿနာမှာ...

အဘယ်ကြောင့် ထိုမိစ္ဆာက ကျန်းရီထံ ကြင်နာသောအတွေးတစ်ခုကို ပို့လွှတ်ရသနည်း။ ဤနေရာက ၎င်း၏ပိုင်နက်ဖြစ်သည်။ ကျန်းရီက ၎င်း၏ပိုင်နက်ထဲ ကျူးကျော်လာသူပင်။ ၎င်းက သူ့ကို ဒေါသထွက်ကာ တိုက်ခိုက်ရမည် မဟုတ်လော။ ချီဟုန်မှာ ၎င်း၏အမြီးချက်ကြောင့် လွင့်ပြယ်သွားပြီဖြစ်သည်။ သို့ဖြစ်ရာ အဘယ်ကြောင့် ၎င်းက သူ့ကို မတိုက်ခိုက်ရသေးသနည်း။

ကျန်းရီ နားမလည်နိုင်ပေ။ သူ့တွင် တွေးတောရန်လည်း အချိန်မရှိပေ။ သူ လျင်မြန်စွာ ဆက်၍ပြေးနေသည်။ သူ့အထင် မှားသွားလျှင် သူ ဤနေရာ၌ သေချာပေါက် သေရပေလိမ့်မည်။ သူ သေသွားသည်နှင့် ကောင်းကင်ဘုံခုံရုံးထဲမှ လူများ မည်သို့ ဖြစ်သွားမည်နည်း။ သူတို့ ကောင်းကင်ဘုံခုံရုံးထဲတွင်ပင် အသက်ကြီးရင့်ကာ သေသွားကြမည်လော။

ပေတစ်ထောင်၊ ပေတစ်သောင်း၊ ပေသုံးသောင်း...

ရွှစ်...ရွှစ်...

အနောက်မှနေ၍ လေခွင်းသံတစ်သံ ထွက်ပေါ်လာ၏။ ချီဟုန် ပျံသန်းလာသည်။ သူ့ဝိညာဉ်ပုံရိပ်က ပြန်ဖွဲ့စည်းပြီးနေပြီဖြစ်သည်။ သို့သော် ဤတစ်ခေါက် ပုံရိပ်မှာ အလွန်ကြည်လင်နေသည်။ သူသည် မင်တဲနှင့် တိုက်ခိုက်ခဲ့စဉ်ကထက် ပိုအားနည်းနေကြောင်း ထင်ရှားသည်။ သူ့ဝိညာဉ်ပုံရိပ်သည် တလက်လက် လင်းကာ ကျန်းရီ၏ မီးနဂါးဓားထဲဝင်ကာ ထိုမှတဆင့် မီးဝိညာဉ်ပုလဲထဲ ပြန်ဝင်သွားလေသည်။ မီးဝိညာဉ်ပုလဲထဲ ရောက်သည်နှင့် သူ မီးအရင်းအမြစ်ထဲဝင်ကာ အိပ်မောကျသွားလေတော့သည်။

“မြန်မြန်ပြေး။ အဲ့မိစ္ဆာက အတိတ်တုန်းက ချီဟုန်ထက်တောင် ပိုသန်မာတယ်။ သူသာ မင်းကို တိုက်ခိုက်ရင် ငါ‌တောင် မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး”

ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ထပ်မံ အသံပို့လွှတ်လိုက်၏။ ကျန်းရီ တုန်လှုပ်သွားသည်။ အတိတ်တွင် ချီဟုန်သည် ယန်ကိုးပါးကောင်းကင်ဧကရာဇ်ကြောင့် အသုံးအဆောင်ဝိညာဉ် ဖြစ်ခဲ့ရသည်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ဧရာမအစီအရင်ကြီးတစ်ခုကို သုံး၍ ချီဟုန်ကို ချုပ်ခဲ့ရခြင်းဖြစ်သည်။ သို့ဖြစ်ရာ အတိတ်မှ ချီဟုန်က မည်မျှသန်မာကြောင်းကို သိနိုင်သည်။ သို့သော် ထိုမိစ္ဆာက အတိတ်မှ ချီဟုန်ထက်ပင် ပိုသန်မာမည်ဆိုလျှင် ၎င်း၏ စွမ်းအားမှာ သေချာပေါက် မိုးပြာမဟာဧကရာဇ်နှင့် ယန်ကိုးပါးကောင်းကင်ဧကရာဇ်တို့၏ ကြားတွင် ရှိပေလိမ့်မည်။

ယန်ကိုးပါးကောင်းကင်ဧကရာဇ်ထံတွင် ဝိညာဉ်စွမ်းအားများစွာ မကျန်တော့ပါ။ သူ နောက်တစ်ကြိမ် တိုက်ခိုက်ပြီးလျှင် သူ့ဝိညာဉ်က လွင့်ပြယ်သွားပေလိမ့်မည်။ ထို့ပြင် ကောင်းကင်ဧကရာဇ် နတ်ဘုရားလက်နက်ကလည်း အထွတ်အထိပ်ကို ပြန်မရောက်သေးပေ။ တမလွန်ဘုံအရှိန်အဝါကြောင့် မီးနဂါးဓားနှင့် မပေါင်းစည်းနိုင်သည့် အစိတ်အပိုင်းတစ်ခု မီးဝိညာဉ်ပုလဲထဲတွင် ရှိနေသေးသည်။ ထို့ကြောင့် မီးနဂါးဓားကလည်း ထိုမိစ္ဆာကို ယှဉ်နိုင်လောက်မည် မဟုတ်ချေ။

ကျန်းရီ တတ်နိုင်သမျှ အမြန်ဆုံး ပြေးနေသည်။ တစ်နာရီကြာ ပြေးပြီးသည်အထိ သူ့အနောက်တွင် လှုပ်ရှားမှု ရှိမလာသေးပေ။ ထို့ကြောင့် ကျန်းရီ အတန်ငယ် စိတ်သက်သာရာရလာသည်။ ကြည့်ရသည်မှာ ထိုမိစ္ဆာက သူ့ကို အမှန်ပင် ထိခိုက်အောင် မလုပ်လိုပုံပင်။ မဟုတ်လျှင် သူ ပြေးပင်ပြေးနိုင်ခဲ့မည် မဟုတ်ပေ။

သို့သော်...

ကျန်းရီ သတိလက်လွတ် မဖြစ်ဝံ့သေးပါ။ သူ ဆက်ပြေးနေသည်။ ထျန်းဖုန့်ဧကရာဇ်မှာ သူ့အနောက်မှနေ၍ အလွန်ဒုက္ခများနေသည်။ သို့သော် ဟွင့်သွမ့်ပိုးကောင်များ ရှိနေရာ သူ မည်သို့ ကျန်းရီနောက်မှ ကပ်မလိုက်ဘဲ နေနိုင်မည်နည်း။

ရွှီး...

မီးဝိညာဉ်ပုလဲထဲတွင် မီးအရင်းအမြစ် သိပ်မကျန်တော့ပေ။ ကျန်းရီသည် ချီဟုန်အတွက် စိုးရိမ်သဖြင့် ချီဟုန်စုပ်ယူနိုင်ရန် မီးဝိညာဉ်ပုလဲထဲသို့ မီးအရင်းအမြစ် မီးတောက်လုံး ဒါဇင်အနည်းငယ် ထည့်ပေးလိုက်သည်။

“အာ...”

ကျန်းရီသည် မီးအရင်းအမြစ်ကို ထုတ်နေ၊ ပို့နေရင်း ကောင်းကင်ဝါးမျိုသားရဲလေးက နိုးလာပြီဖြစ်ကြောင်း သိလိုက်ရ၏။ သူ ချက်ချင်းပင် အံ့ဩတကြီးနှင့် အသံပို့လွှတ်လိုက်သည်။

“ရှောင်မှုန့်... မင်း ဆင့်ကဲပြောင်းလဲပြီးပြီလား”

ရွှီး...

ကောင်းကင်ဝါးမျိုသားရဲလေးသည် အလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲ၍ ပျံထွက်လာ၏။ ၎င်း ကျန်းရီ၏ ပခုံးပေါ်တွင် နားလိုက်သည်။ ၎င်း၏ခန္ဓာကိုယ်က အတန်ငယ် ကြီးထွားလာပုံလည်း ပေါ်ပေသည်။ ၎င်းသည် လှည့်ပတ်ကြည့်ပြီးနောက် အသံမပို့လွှတ်ဘဲ ပုံမှန်အတိုင်း ပြောလိုက်၏။

“တမုန့်... ဘာလို့ မင်းက ဒီလောက်မြန်မြန် ပြေးနေတာလဲ။ တစ်ယောက်ယောက်က မင်းကို လိုက်နေလို့လား”

“အခု မင်း စကားပြောနိုင်သွားပြီလား”

ကျန်းရီ မှင်တက်သွား၏။ သူ ချက်ချင်း ‌အော်ပြောလိုက်သည်။

“ရှောင်မုန့်.. မြန်မြန် ဟွင့်သွမ့်ပိုးကောင်တွေကို ထိန်းချုပ်လိုက်”

“ကောင်းပြီ... ငါ့ကို ကြည့်ထား”

ကောင်းကင်ဝါးမျိုသားရဲလေး၏ ကျောပေါ်မှ အတောင်ပံများ တဖျတ်ဖျတ် ခတ်လာ၏။ ထို့နောက် ၎င်း အရှေ့သို့ ပျံထွက်သွားသည်။ ၎င်းသည် အရှေ့ရှိ ဟွင့်သွမ့်ပိုးကောင်များထဲ ကြောက်ရွံ့ခြင်းမရှိ ပျံသန်းသွား၏။ ၎င်း၏ ဦးခေါင်းပေါ်မှ ဦးချိုက တောက်ပစွာလင်းလက်လာပြီး ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်ကာ အရှေ့မှ ဟွင့်သွမ့်ပိုးကောင်များကို လွှမ်းခြုံလိုက်လေသည်။

“ဟုတ်ပြီ...”

ကျန်းရီသည် ဟွင့်သွမ့်သားရဲများက ရွှေရောင်အလင်း၏ လွှမ်းခြုံမှုကို ခံရပြီးနောက် လှုပ်ရှားမှု ရပ်တန့်သွားသည်ကို တွေ့လိုက်သောအခါ ဝမ်းသာသွား၏။ ကောင်းကင်ဝါးမျိုသားရဲလေးက နောက်လှည့်ကြည့်၍ ပြုံးလိုက်သည်။

“တမုန့်... ပြဿနာမရှိဘူး။ အခု ငါ ဒီပိုးကောင်တွေကို ထိန်းချုပ်နိုင်ပြီ။ ငါက စွမ်းအားမကြီးဘူးလား”

ဘုတ်...

အနောက်တွင် ရှိနေသော ထျန်းဖုန့်ဧကရာဇ်၏ သားရဲလေး၏ စကားများကို ကြားလိုက်၏။ သူ မြေပေါ်တွင် ထိုင်ချလိုက်သည်။ သူ့မျက်နှာပေါ်သို့လည်း မျက်ရည်များ လိမ့်ဆင်းလာသည်။ သူ ကောင်းကင်ဝါးမျိုသားရဲလေးကို ရိုခိုးမလိုပင် ဖြစ်သွားသည်။ နောက်ဆုံးတွင် သူ ရေခဲနှင့်မီးမှ နာကျင်မှုကို ဆက်ခံစားစရာ မလိုတော့ပေ။

“အဲ့သားရဲက တကယ်ကို ထူးခြားတာပဲ”

ယန်ကိုးပါးကောင်းကင်ဧကရာဇ်သည် သူ၏ အံ့ဩမှုကို ဖော်ပြရန် အသံပို့လွှတ်လိုက်သည်။ ကျန်းရီကမူ ကောင်းကင်ဝါးမျိုသားရဲလေးကို မချီးကျူးသေးဘဲ ‌အေးစက်စက် မျက်ဝန်းများနှင့် ဒေါသတကြီး အော်လိုက်သည်။

“ရှောင်မုန့်... အဲ့ဟွင့်သွမ့်ပိုးကောင်တွေကို မြန်မြန်ထိန်းချုပ်လိုက်။ ပြီးရင် ငါတို့ တောဆိတ်ရသေ့ကြီးနောက်ကို လိုက်ကြမယ်။ ငါ အဲ့အဘိုးကြီးကို ဒီတွင်းထဲမှာပဲ နေခဲ့ရအောင် လုပ်ပစ်မယ်”

***

All Chapters