ကပ်လောကမှမဟုတ်နိုင်
Vol. 143 Ch. 1990
ကျန်းရီ အမှန်ပင် ဒေါသထွက်နေသည်။ သူ တွင်းထဲသို့ ဆင်းခဲ့သည်မှာ မည်မျှသာ ကြာခဲ့သေးသနည်း။ သို့သော် တောဆိတ်ရသေ့ကြီးက ဤနေရာသို့ ရောက်နေပြီလော။ ထို့ပြင် တောဆိတ်ရသေ့ကြီးသည် ကြောက်မက်ဖွယ် ဖြစ်တည်မှုကို နှိုးရန် သမုဒ္ဒရာထဲ တန်းသွားခဲ့ပြီး အာကာသအချိန်တံခါးကို သုံးကာ ထွက်ပြေးသွားခဲ့သည်။ ယင်းမှာ သူ့ကို သတ်ရန် ကြိုးစားခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။
တော်သေးသည်မှာ ကြောက်မက်ဖွယ်ဖြစ်တည်မှုက ကျန်းရီကိုသတ်ရန် ဆန္ဒမရှိ၍ပင်။ မဟုတ်လျှင် သူ သေပြီးနေလောက်ပေပြီ။ ထိုအခါ ကောင်းကင်ဘုံခုံရုံးက ဤတွင်းကြီးထဲတွင် ထာဝရကျန်ခဲ့နိုင်သည်။ စုလောရွှယ်၊ ရီဖျောင်ဖျောင်၊ ယဉ်ရို့ပင်းနှင့် အခြားသူများကလည်း ကောင်းကင်ဘုံခုံရုံးထဲမှာပင် အသက်ကြီးကာ သေသွားနိုင်လေသည်။
ကြောက်မက်ဖွယ် ဖြစ်တည်မှုက နောက်မှ လိုက်မလာဘဲ ကောင်းကင်ဝါးမျိုသားရဲလေးက ဟွင့်သွမ့်ပိုးကောင်များကို ထိန်းချုပ်နိုင်နေရာ ကျန်းရီက တောဆိတ်ရသေ့ကြီးကို မည်သို့ အလွှတ်ပေးနိုင်မည်နည်း။
ဤနေရာမှ လေထုက အလွန်ခိုင်မာသဖြင့် လေဟာနယ်နတ်ဘုရားအသုံးအဆောင်များကိုပင် မသုံးနိုင်ချေ။ ကျန်းရီသည် တောဆိတ်ရသေ့ကြီးက ဝေးဝေးသို့ တည်နေရာပြောင်းရွှေ့သွားနိုင်လိမ့်မည်ဟု မယုံပါ။ သူ တွင်းကြီးထဲမှာပင် ရှိနေလောက်သေးသည်။
ကျန်းရီသည် တွင်းကြီးက နှစ်တွင်းရှိကြောင်း မသိပေ။ ထို့ကြောင့် တောဆိတ်ရသေ့ကြီးက သူ ဝင်လာခဲ့သည့် တွင်းမှသာ ဝင်လာခဲ့ပြီး မတူသော လမ်းကြောင်းကို သုံးခဲ့ခြင်းသာ ဖြစ်ရမည်ဟု ထင်နေပေသည်။ တွင်းထဲမှ မြေဆွဲအားက အလွန်အားကောင်းသဖြင့် ထျန်းဖုန့်ဧကရာဇ်ပင် ပျံမထွက်နိုင်ပါ။ တောဆိတ်ရသေ့ကြီးကလည်း ပျံမထွက်နိုင်လောက်ပါ။
ရွှီး...
ကောင်းကင်ဝါးမျိုသားရဲလေးသည် အဆက်မပြတ် အရောင်လက်ကာ ဟွင့်သွမ့်ပိုးကောင်များကို လျင်မြန်စွာ ထိန်းချုပ်နေသည်။ ကျန်းရီက အထက်သို့ ပြေးတက်သောအခါ ဟွင့်သွမ့်ပိုးကောင်များက သူ့အတွက် အလိုလို ဖယ်ပေးကြသည်။ မျှော်လင့်ထားသလိုပင် ၎င်းတို့က သူ့ကို ဆက်မတိုက်ခိုက်ကြတော့ပေ။
“သွားမယ်...”
ကျန်းရီသည် ကောင်းကင်ဝါးမျိုသားရဲလေးကို လမ်းရှင်းခိုင်းနေ၏။ အစတွင် ထျန်းဖုန့်ဧကရာဇ်သည် အနောက်တွင် ကျန်ခဲ့သည့် ဟွင့်သွမ့်ပိုးကောင်များကို စိုးရိမ်နေခဲ့သည်။ သို့သော် မိုင်အနည်းငယ် ပြေးပြီးသည်အထိ အနောက်မှလမ်းကို သားရဲလေး ထိန်းချုပ်ထားသော ဟွင့်သွမ့်ပိုးကောင်များက ကာထားသေး၏။ သားရဲလေးသည် သူတို့အနောက်သို့ ဟွင့်သွမ့်ပိုးကောင်တစ်အုပ်ကို လိုက်လာစေသေးသည်။ သူတို့ ပြေးနေကြသော မြင်ကွင်းမှာ အလွန်လှပပေသည်။
တစ်နာရီကျော် ကြာပြီးနောက်...
ကျန်းရီတို့ တွင်းကြီး အခြေမှ နေရာလွတ်သို့ ပြန်ရောက်လာ၏။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ပတ်ဝန်းကျင်ကို အာရုံခံကာ အသံပို့လွှတ်လိုက်သည်။ သူ့အသံတွင် သတ်ဖြတ်အရှိန်အဝါ ခပ်ရေးရေး ပါနေပေသည်။
“စုံစမ်းနေစရာ မလိုဘူး။ တောဆိတ်ရသေ့ကြီးက ဒီနေရာမှာ မရှိခဲ့ဘူး။ သူ့ အငွေ့အသက်တစ်စမှ ရှိမနေဘူး။ ဒီတွင်းကြီးမှာ တခြားဝင်ပေါက် ရှိသေးတဲ့ပုံပဲ။ အနောက်ဘက်နဲ့ မြောက်ဘက်မှာ လမ်းကြောင်းတစ်ကြောင်းစီ ရှိသေးတယ်။ မင်း တစ်ခု ရွေးလို့ရမယ်။ ကောင်လေး... မင်း တောဆိတ်ကောင်နောက်ကို လိုက်လို့ရပေမဲ့ အစောက မြေအောက်သမုဒ္ဒရာဆီတော့ ပြန်မသွားနဲ့တော့”
“ဟုတ်ကဲ့ပါ”
ကျန်းရီ ခေါင်းညိတ်လိုက်သည်။ ထို့နောက် တောဆိတ်ရသေ့ကြီး ပထမဆုံး ထွက်ပေါ်လာချိန်က သမုဒ္ဒရာသို့ အနောက်ဘက်မှ လာခဲ့ကြောင်းကို သူ ပြန်တွေးလိုက်သည်။ ထို့ကြောင့် အနောက်ဘက်မှ လမ်းကြောင်းအတိုင်း လိုက်ရန် ဆုံးဖြတ်လိုက်လေသည်။
ယခုတွင် ကျန်းရီတို့ တွင်းကြီးပေါ်သို့ ပြန်မတက်နိုင်ပေ။ တောဆိတ်ရသေ့ကြီးက အခြားဝင်ပေါက်မှ ပြန်ဝင်ခဲ့ခြင်းဖြစ်ရာ သူတို့ ထိုဝင်ပေါက်မှနေ၍ ပြန်တက်နိုင်လောက်သည်။
ကောင်းကင်ဝါးမျိုသားရဲလေးသည် လမ်းတစ်လျှောက်ရှိ ဟွင့်သွမ့်ပိုးကောင်များကို ထိန်းချုပ်နေပြီး ကျန်းရီက ထျန်းဖုန့်ဧကရာဇ်နှင့်အတူ ပြေးနေသည်။ သူတို့အနောက်တွင် ဟွင့်သွမ့်ပိုးကောင် အကောင်တစ်သောင်းကျော် ရှိနေပြီဖြစ်သည်။ ထိုမျှသာ ရှိသေးခြင်းမှာ သားရဲလေးက ၎င်းထိန်းချုပ်လိုက်သော ပိုးကောင်အားလုံးကို နောက်မှလိုက်မလာခိုင်းခဲ့၍ ဖြစ်သည်။ မဟုတ်လျှင် အရေအတွက် နှစ်ဆဖြစ်နေပေလိမ့်မည်။
“ကျီ...ကျီ...”
ကောင်းကင်ဝါးမျိုသားရဲလေးက ပင်ပန်းနေလောက်ပေပြီ။ ၎င်းသည် ကျန်းရီ၏ ပခုံးထက်သို့ ပြန်သွားရန် ဆုံးဖြတ်လိုက်ပြီး အကြိမ်အနည်းငယ် အော်ကာ အနောက်မှ လိုက်လာသည့် ဟွင့်သွမ့်ပိုးကောင်များကို အရှေ့သို့ ခုန်သွားစေလိုက်၏။ ထိုအခါ ၎င်းပိုးကောင်များသည် အရှေ့မှ ဟွင့်သွမ့်ပိုးကောင်များကို စတင်တိုက်ခိုက်လိုက်လေသည်။
‘အဲ့အစွယ်တွေက တကယ်ထက်တာပဲ...’
ကျန်းရီနှင့် ထျန်းဖုန့်ဧကရာဇ်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ဟွင့်သွမ့်ပိုးကောင်များ၏ အစွယ်လေးချောင်းက အလွန်ထက်ရှသည်။ ၎င်းတို့က ပြိုင်ဘက်၏ ခန္ဓာကိုယ်ကို ရုတ်ခြည်း ကိုက်ဖြဲပစ်နိုင်သည်။ ထျန်းဖုန့်ဧကရာဇ်၏ ဧကရာဇ်အဆင့် စွမ်းအားကပင် ထို ဟွင့်သွမ့်ပိုးကောင်များကို ထိခိုက်အောင် မလုပ်နိုင်ကြောင်း မမေ့သင့်ပေ။ ထို့ကြောင့် ၎င်းဟွင့်သွမ့်ပိုးကောင်များ၏ အစွယ်များက မည်မျှ ထက်ရှကြောင်း သိနိုင်ပေသည်။
အကယ်၍ ထိုအစွယ်များကသာ ကျန်းရီနှင့် ထျန်းဖုန့်ဧကရာဇ်တို့ကို ကိုက်လိုက်မည်ဆိုလျှင်...
အနောက်ဘက် လမ်းကြောင်းထဲတွင် ဟွင့်သွမ့်ပိုးကောင်များက ပိုနည်းသည်။ ကောင်းကင်ဝါးမျိုသားရဲလေးက သောင်းချီသော ဟွင့်သွမ့်ပိုးကောင်များကို ထိန်းချုပ်နေသည်။ ကျန်းရီတို့ကလည်း လျင်မြန်စွာ ပြေးနေကြသည်။ ဟွင့်သွမ့်ပိုးကောင် မည်မျှများများ လာပါစေ အသတ်ခံရမည်သာ။ သို့သော် ထိန်းချုပ်ထားပြီးသော ဟွင့်သွမ့်ပိုးကောင်များလည်း သေသွားနိုင်သည်။ သို့ငြားလည်း ကျန်းရီနှင့် ကောင်းကင်ဝါးမျိုသားရဲလေးတို့က ဂရုမစိုက်ကြပါ။ အကောင်ဟောင်းများ သေသွားလျှင် အကောင်သစ်များကို ထပ်မံထိန်းချုပ်နိုင်သည် မဟုတ်ပါလား။
ထိုသို့ဖြင့် ကျန်းရီတို့ ပြေးနေကြသည်။ မြေအောက်လမ်းကြောင်းက အလွန်ရှည်လျားသဖြင့် သူတို့ အဆုံးကို မမြင်ရသေးပေ။ ကျန်းရီနှင့် ထျန်းဖုန့်ဧကရာဇ်တို့ တစ်ရက်နှင့် နေ့တစ်ဝက် ပြေးခဲ့သော်လည်း လမ်းကြောင်းအဆုံးကို မရောက်ကြသေးပေ။
သို့သော် ထျန်းဖုန့်ဧကရာဇ် အလွန်သက်တောင့်သက်သာ ရှိနေသည်။ ပြီးခဲ့သော နာကျင်ရသည့် လမ်းခရီးနှင့် နှိုင်းလျှင် ထိုသို့ ငါးမိနစ် လမ်းလျှောက်မည့်အစား သူ မြေအောက်လမ်းကြောင်းထဲတွင်သာ ဆယ်နှစ်ကြာအောင် ပြေးလိုပေသည်။ သူသည် ကောင်းကင်ဝါးမျိုသားရဲလေးကိုလည်း သူ၏မိဘတစ်ယောက်အလား နူးညံ့သောအကြည့်နှင့် ကြည့်နေပေသည်။
လမ်းတစ်လျှောက်တွင် ကျန်းရီနှင့် ထျန်းဖုန့်ဧကရာဇ်တို့ အလွန်တိတ်ဆိတ်နေခဲ့၏။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်ကလည်း အသံမပို့လွှတ်ပေ။ သို့သော် ကောင်းကင်ဝါးမျိုသားရဲလေးကမူ မရပ်မနား စကားပြောနေပေသည်။ ၎င်းသည် ဆိုးသော ကလေးတစ်ယောက်အလား ကျန်းရီ၏ ပခုံးထက်တွင် ခုန်ပေါက်နေလေသည်။
ကျန်းရီ၏ ရင်ထဲမှ သတ်ဖြတ်လိုစိတ်က အလွန်အားကောင်းနေသေးသည်။ သို့သော် တစ်ရက်နှင့် နေ့တစ်ဝက် ပြေးပြီးနောက် သူ့မျက်ဝန်းများ အရောင်မှိန်လာသည်။ တစ်ရက်နှင့် နေ့တစ်ဝက်မှာ အလွန်ကြာသောအချိန် မဟုတ်ပါလား။ တောဆိတ်ရသေ့ကြီးက တွင်းကြီးထဲမှ ထွက်သွားလောက်ပေပြီ။
ကျန်းရီသည် သူ့ပခုံးပေါ်မှ ကောင်းကင်ဝါးမျိုသားရဲလေးကို ကြည့်၍ ရုတ်တရက် ယန်ကိုးပါးကောင်းကင်ဧကရာဇ်ဆီ အသံပို့လွှတ်လိုက်၏။
“ကောင်းကင်ဧကရာဇ်... ဒီသားရဲလေးက ဘာသားရဲအမျိုးအစားလဲ။ သူက ဟွင့်သွမ့်ပိုးကောင်တွေကိုတောင် ထိန်းချုပ်နိုင်တာလား”
“ငါလည်း မသိဘူး...”
ယန်ကိုးပါးကောင်းကင်ဧကရာဇ်က အသံပြန်ပို့လွှတ်လိုက်သည်။
“သမိုင်းတစ်လျှောက်မှာ ကောင်းကင်ဝါးမျိုသားရဲက သုံးကြိမ်ပဲ ထွက်ပေါ်ခဲ့ဖူးတယ်။ ဒါပေမဲ့ တစ်ကောင်က ငယ်ငယ်ကတည်း သေသွားခဲ့တယ်။ ကျန်တစ်ကောင်ကို ကောင်းကင်ဧကရာဇ်တစ်ပါးက ရခဲ့တယ်။ အဲ့သားရဲသာ နောက်ဆုံးအဆင့်အထိ ဆင့်ကဲပြောင်းလဲပြီးရင် အရမ်းစွမ်းအားကြီးတယ်လို့ ပြောကြတယ်။ အဲ့သားရဲက အကုန်လုံးကို ဝါးမျိုနိုင်ပြီး သန္ဓေပြောင်းသားရဲတွေ အများကြီးကိုလည်း ထိန်းချုပ်နိုင်တယ်။ ဒီလောကကြီးက အရမ်းကြီးတယ်။ ထူးဆန်းတဲ့ မျိုးစိတ်တွေ အများကြီးရှိတယ်။ ဥပမာအနေနဲ့ ဟိုသမုဒ္ဒရာအောက်ခြေက သန္ဓေပြောင်းသားရဲကို ကြည့်ပေါ့။ ငါ အဲ့အကောင်ကြောင်း ဘာမှ မသိဘူး”
“ဧကရာဇ်တောင် မသိဘူးလား”
ကျန်းရီ အံ့ဩသွားသည်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်မှာ ကောင်းကင်ဧကရာဇ်များထဲတွင် ဗဟုသုတအကြွယ်ဝဆုံးဟု ဆိုနိုင်သည်။ သူပင် ထို သန္ဓေပြောင်းသားရဲအကြောင်းကို မသိလျှင် မည်သူက သိတော့မည်နည်း။
“တကယ်တော့...”
ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် အသံထပ်မံပို့လွှတ်လိုက်၏။
“ငါ နည်းနည်း သံသယရှိနေတယ်။ အဲ့သန္ဓေပြောင်းသားရဲက ကပ်လောက,က မဟုတ်လောက်ဘူး။ သူ့ရဲ့ အသက်အရှိန်အဝါက သိပ်မကြီးသေးပေ။ သူက သက်တမ်း နှစ်ထောင်ကျော်လောက်ပဲ ရှိလိမ့်ဦးမယ်။ ငါ မှားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ခုတော့ သေချာတယ်။ အဲ့သန္ဓေပြောင်းသားရဲရဲ့ တိုက်ခိုက်စွမ်းအားက သေချာပေါက် လက်ရှိချင်နီထက် ပိုကြီးတယ်။ ချီဟုန်ရဲ့ တိုက်ခိုက်စွမ်းအားက အတိတ်တုန်းက အရမ်းကြီးခဲ့တာ။ ဒါပေမဲ့ ချီဟုန်က ကပ်လောကအစမှာ မွေးခဲ့လို့ အကြိမ်ကြိမ် ပြန်ဝင်စားပြီး စွမ်းအားတွေ အများကြီး စုဆောင်းနိုင်ခဲ့တာ။ အဲ့... သန္ဓေပြောင်းသားရဲကတော့... ငါလည်း မသိဘူး”
“အဲ့ဒါက...”
ကျန်းရီ၏ မျက်ဝန်းများ အရောင်လက်သွားသည်။ သူ့ တုန်လည်း တုန်လှုပ်သွားပြီး ချက်ချင်း အသံပြန်ပို့လွှတ်လိုက်လေသည်။
“သူက ကပ်လောက,က မဟုတ်ဘူးလား။ မသေမျိုးဘုံကများလား။ ကောင်းကင်ဧကရာဇ်... မသေမျိုးဘုံက တကယ်ရှိတာလား”
“ငါလည်း မသိဘူး”
ယန်ကိုးပါးကောင်းကင်ဧကရာဇ်က စိတ်ပျက်စွာ အသံပို့လွှတ်၏။
“ဘယ်သူကမှ မသေမျိုးဘုံတံခါးကို မဖွင့်နိုင်ခဲ့ဘူး။ အဲ့တော့ မသေမျိုးဘုံ တကယ်ရှိ၊ မရှိဆိုတာ ဘယ်သူမှ မသိကြဘူး။ အခုလောလောဆယ် အဲ့အကြောင်းတွေကို တွေးမနေပါနဲ့။ မင်းမှာ ငါ့ရဲ့ အတိတ်တုန်းကလို စွမ်းအားမျိုး ရှိလာတဲ့အထိ စောင့်ပါ။ ပြီးမှ အဖြေရှာကြတာပေါ့”
ကျန်းရီ ခေါင်းညိတ်လိုက်သည်။ လက်ရှိတွင် သူ အားနည်းလွန်းနေသေးသည်။ ထို့ကြောင့် များစွာတွေးတောနေလျှင်လည်း အကျိုးမရှိချေ။ သူ တိတ်တဆိတ်သာ ဆက်ပြေးနေရပေသည်။ ထျန်းဖုန့်ဧကရာဇ်နှင့် သုံးရက်ကြာ ပြေးပြီးသည်အထိ သူတို့ လမ်းကြောင်း၏ အဆုံးကို မရောက်သေးပေ။
“ဒီမှာ တစ်ယောက်ယောက် ရှိနေတယ်”
ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ရုတ်တရက် အသံပို့လွှတ်လိုက်၏။ ထို့ကြောင့် ကျန်းရီ စိတ်လှုပ်ရှားသွားပြီး ထျန်းဖုန့်ဧကရာဇ်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ ကောင်းကင်ဝါးမျိုသားရဲလေးဆီ အသံပို့လွှတ်လိုက်လေသည်။
“မြန်မြန် အရှေ့ကိုသွားပြီး ဟွင့်သွမ့်ပိုးကောင်တွေကို ထိန်းချုပ်လိုက်။ ငါ့ရန်သူက အရှေ့မှာ”
“ကောင်းပြီ”
ကောင်းကင်ဝါးမျိုသားရဲလေးသည် ပါးစပ်ဖွင့်၍ လူစကားပြောကာ အရှေ့သို့ ပျံသန်းသွားလိုက်သည်။ ၎င်းသည် ဟွင့်သွမ့်ပိုးကောင်များကို အချင်းချင်း ပြန်သတ်ရန် ခိုင်းလိုက်၏။ ထို့နောက် အရှေ့မှ ဟွင့်သွမ့်ပိုးကောင်များကို စတင်ထိန်းချုပ်လိုက်သည်။
ကျန်းရီသည် အရှေ့ကို လှမ်းမျှော်ကြည့်၍ အသံပို့လွှတ်လိုက်၏။
“ကောင်းကင်ဧကရာဇ်... ဟိုရှေ့ကလူက တောဆိတ်ရသေ့ကြီးလား”
ယန်ကိုးပါးကောင်းကင်ဧကရာဇ်က အသံပြန်ပို့လွှတ်သည်။
“မဟုတ်ဘူး။ သူက နှလုံးညှို့မျိုးနွယ်က ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားပဲ”
“ဧကရာဇ်ရွေ”
ကျန်းရီ၏ မျက်ဝန်များ အေးစက်သွားသည်။ ဧကရာဇ်ရွေက တောဆိတ်ရသေ့ကြီးနှင့် ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်ကြောင်း ထင်ရှားသည်။ ထိုမျိုးနွယ်သုံးခုက အမှန်ပင် ရည်ရွယ်ချက် မကောင်းကြပေ။ ဤတစ်ခေါက်တွင် မသေမျိုးတစ်ပိုင်း ရသေ့ကြီးကလည်း ကမ္ဘာဦးကောင်းကင်ဘုံသို့ ရောက်နေလိမ့်မည်ဟု ကျန်းရီ ခန့်မှန်းပေသည်။
“သွားကြစို့...”
ကျန်းရီသည် ထျန်းဖုန့်ဧကရာဇ်ကိုကြည့်၍ ပြောလိုက်၏။ သူတို့နှစ်ယောက် အရှေ့သို့ တိတ်တဆိတ် သွားလိုက်ကြသည်။ အရှေ့မှ ဟွင့်သွမ့်ပိုးကောင်များက ကောင်းကင်ဝါးမျိုသားရဲလေး၏ ထိန်းချုပ်မှုကို ခံနေရသည်။ ထို့ကြောင့် ၎င်းတို့က မည်သည့်အသံမှ မပြုကြပေ။ အနောက်မှ ဟွင့်သွမ့်ပိုးကောင်များကသာ လှုပ်ရှားသံ ခပ်တိုးတိုး ပြုနေကြပေသည်။
ဝုန်း...ဝုန်း...ဝုန်း...
အဝေးမှနေ၍ ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။ ခံ့ညားသော အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ရွှေကြိုးတစ်ချောင်းကို ကိုင်ကာ လေထဲတွင် ဝဲနေသည်။ သူ့အခြားလက်တစ်ဘက်က အောက်ဘက်မှ ပျံတက်လာသော ဟွင့်သွမ့်ပိုးကောင်များကို တိုက်ခိုက်နေသည်။
“အာ..”
ထိုအမျိုးသားသည် တစ်စုံတစ်ခု မှားနေကြောင်း သိလိုက်၏။ သူ ကောင်းကင်စိတ်အာရုံသုံး၍ ပတ်ဝန်းကျင်ကို အာရုံခံလိုက်ရာ ကျန်းရီနှင့် ထျန်းဖုန့်ဧကရာဇ်တို့ကို တွေ့သွားသည်။ သူ ရုတ်ခြည်း မျက်နှာပျက်သွားလေသည်။ သူ တုံ့ဆိုင်းခြင်းမရှိဘဲ လက်ထဲမှ ကျောက်စိမ်းအဆောင်ကို ချိုးလိုက်၏။ တစ်ချိန်တည်းမှာပင် လက်နှစ်ဘက်သုံးကာ ရွှေကြိုးမှနေ၍ အထက်သို့ တက်သွားလိုက်သည်။
ကျန်းရီနှင့် ထျန်းဖုန့်ဧကရာဇ်တို့ လျင်မြန်စွာ ပြေးသွားလိုက်ကြ၏။ ဧကရာဇ်ရွေက လွတ်သွားတော့မည်ကို မြင်သောအခါ ကျန်းရီ ဒေါသတကြီး အော်ပြောလိုက်သည်။
“ဧကရာဇ်ရွေ... ခင်ဗျားက ဒီအတိုင်း ထွက်ပြေးသွားတော့မှာလား။ တောဆိတ်ရသေ့ကြီးကို အရေးမစိုက်တော့ဘူးလား”
***