← Chapters

သူသေကိုယ်သေ

Vol. 143 Ch. 1991

သူသေကိုယ်သေ

Vol. 143 Ch. 1991

“တောဆိတ်ရသေ့ကြီးလား”

ဧကရာဇ်ငယ်ရွေ တုံ့သွား၏။ ကျန်းရီက ဤနေရာတွင် ပေါ်လာပြီး တောဆိတ်ရသေ့ကြီးအကြောင်းကို ပြောနေသည်။ ထို့ကြောင့် တောဆိတ်ရသေ့ကြီးက ကျန်းရီ၏ ဖမ်းဆီးမှုကို ခံထားရနိုင်သည်။ ဧကရာဇ်ငယ်ရွေ တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားပေသည်။

သို့သော် သူ ကျောက်စိမ်းအဆောင်ကို ချိုးလိုက်ပြီဖြစ်၍ ရွှေကြိုးက အထက်သို့ ဆွဲယူခံလာရ၏။ ဧကရာဇ်ရွေ ရွေးချယ်စရာမရှိတော့ဘဲ စိတ်တင်း၍သာ အထက်သို့ ဆက်တက်သွားလိုက်ရလေသည်။

‌တောဆိတ်ရသေ့ကြီးပင် ကျန်းရီ၏ ဖမ်းဆီးမှုကို ခံလိုက်ရသည်။ ဧကရာဇ်ရွေ၏ တိုက်ခိုက်စွမ်းအားမှာ တောဆိတ်ရသေ့ကြီး၏ တိုက်ခိုက်စွမ်းအားထက်ပင် အတန်ငယ် ပိုအားနည်းသေးသည်။ သို့ဖြစ်ရာ သူ ဆက်နေပါက အဖမ်းခံလိုက်ရနိုင်ပေသည်။

ဝှစ်...ဝှစ်...

ကျန်းရီနှင့် ထျန်းဖုန့်ဧကရာဇ်တို့ အမြန်ဆုံး ပြေးလာနေကြ၏။ သို့သော် သူတို့ နောက်ကျသွားပေပြီ။ သူတို့ တွင်းအခြေသို့ ရောက်ချိန်တွင် ဧကရာဇ်ရွေက အထက် ပေတစ်သောင်းကျော်အကွာသို့ ရောက်နေပေပြီ။ ရွှေကြိုးကလည်း အလွန်လျင်မြန်စွာ ကျုံ့လာသည်။ ထို့ကြောင့် သူတို့နှစ်ယောက် ဧကရာဇ်ရွေကို ထိခိုက်အောင် မလုပ်နိုင်တော့ချေ။

ဝှစ်...

ထျန်းဖုန့်ဧကရာဇ်သည် ဒေါသတကြီးနှင့် အထက်သို့ လက်ဝါးချက်တစ်ချက် ရိုက်ထုတ်လိုက်၏။ သို့သော် ယင်းက ဧကရာဇ်ရွေ၏ တက်နှုန်းကို တိုးမြှင့်ပေးလိုက်သလိုသာ ရှိပေသည်။ ကျန်းရီ လက်ဝှေ့ယမ်းလိုက်ပြီး ထျန်းဖုန့်ဧကရာဇ်ကို အချိန်ဆက်မဖြုန်းရန် အချက်ပြလိုက်၏။ ထို့နောက် အရှေ့ဘက်သို့ ကောင်းကင်စိတ်အာရုံနှင့် အာရုံခံကြည့်ကာ ပြောလိုက်သည်။

“အရှေ့ဘက်လမ်းကြောင်းထဲ သွားပြီး စောင့်နေရအောင်။ တောဆိတ်ရသေ့ကြီးက တွင်းထဲမှာပဲ ရှိနေလောက်သေးတယ်။ ဧကရာဇ်ငယ်ရွေက သူ့ကို ဒီမှာ စောင့်နေတာပဲ။ သူ ဒီကို အနှေးနဲ့အမြန် ရောက်လာလိမ့်မယ်”

“ဟုတ်”

ထျန်းဖုန့်ဧကရာဇ်သည် ကျန်းရီက တောဆိတ်ရသေ့ကြီး၏ အမည်ကို ပြောလိုက်သောအခါ ဧကရာဇ်ရွေ တုံ့ဆိုင်းသွားသည်ကို ပြန်တွေးလိုက်သည်။ ထို့ပြင် ဧကရာဇ်ရွေက ဤနေရာတွင် ကူညီပေးရန် စောင့်နေခြင်းဖြစ်ကြောင်း ထင်ရှားသည်။ တောဆိတ်ရသေ့ကြီးက သေချာပေါက် တွင်းထဲ၌ ရှိနေလောက်သေးပြီး နောက်ဆုံးတွင် သူ ဤနေရာသို့ လာလိမ့်ပေမည်။

ဤတွင်းကြီးတွင် လမ်းကြောင်းသုံးခုရှိသည်။ ကျန်းရီနှင့် ထျန်းဖုန့်ဧကရာဇ်တို့က အရှေ့ဘက်လမ်းကြောင်းထဲသို့ သွားလိုက်ပြီး ကောင်းကင်ဝါးမျိုသားရဲလေးက ဟွင့်သွမ့်ပိုးကောင်များကို ထိန်းချုပ်၍ လမ်းကြောင်း အရှေ့အနောက်ကို ပိတ်ဆို့စေလိုက်သည်။ ၎င်းသည် ထိန်းချုပ်ပြီးသော ပိုးကောင်များကိုလည်း အရှေ့မှလာနေသည့် ပိုးကောင်များကို တားခိုင်းနေပေသည်။

ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ကောင်းကင်စိတ်အာရုံက ပတ်ဝန်းကျင်ကို အဆက်မပြတ် အာရုံခံနေ၏။ ‌တောဆိတ်ရသေ့ကြီး ထွက်ပေါ်လာသည်နှင့် သူ ချက်ချင်း သိရမည်ဖြစ်သည်။

ဤဘက်မှ တွင်း၏ မြေဆွဲအားက တစ်ဘက်မှ တွင်း၏ မြေဆွဲအားထက် အတန်ငယ် ပိုအားနည်း၏။ သို့သော် ပြင်ပအကူအညီမရှိလျှင် ကျန်းရီ မတက်နိုင်ပေ။ ထို့ကြောင့် ရွေးချယ်စရာမရှိဘဲ တိတ်တဆိတ်သာ စောင့်နေရမည်။ အရင်ဆုံး သူ တောဆိတ်ရသေ့ကြီးကို အနိုင်ယူရပေမည်။

နေ့တစ်ဝက်...

ပိုးကောင်များက လမ်းကြောင်း အရှေ့၊ အနောက် နှစ်ဘက်လုံးမှ လာနေပြီး တောင်ပုံရာပုံ ဖြစ်လာသော်လည်း တောဆိတ်ရသေ့ကြီး ရောက်မလာသေးပါ။ ထျန်းဖုန့်ဧကရာဇ် အတန်ငယ် စိတ်မရှည်နိုင်ဖြစ်လာသည်။ ကျန်းရီကမူ အလွန်တည်ငြိမ်နေသည်။ သူ့ မျက်လုံးမှိတ်၍ တိတ်တဆိတ် ကျင့်ကြံနေလေသည်။

“သူရောက်လာပြီ”

နေ့တစ်ဝက်ကြာပြီးနောက် ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ရုတ်တရက် အသံပို့လွှတ်လိုက်၏။ ကျန်းရီ ရုတ်ခြည်း မျက်လုံးဖွင့်ကာ တောင်ဘက်မှ လမ်းကြောင်းကို ကြည့်လိုက်၏။ ထို့နောက် ကောင်းကင်ဝါးမျိုသားရဲလေးထံ အသံပို့လွှတ်ကာ ဟွင့်သွမ့်ပိုးကောင်များကို ဆက်မတိုက်ခိုင်းဖို့ ပြောလိုက်၏။ သားရဲလေးလည်း ဟွင့်သွမ့်ပိုးကောင်များကို အသံမထွက်ဖို့ ထိန်းချုပ်လိုက်သည်။ ထျန်းဖုန့်ဧကရာဇ်မှာလည်း အသက်အောင့်ထားပြီး အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်ထားပေသည်။

ဝုန်း...ဝုန်း...ဝုန်း...

မကြာခင်မှာပင် တောင်ဘက်လမ်းကြောင်းမှနေ၍ ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာ၏။ တောဆိတ်ရသေ့ကြီးက လမ်းတစ်လျှောက်ရှိ ဟွင့်သွမ့်ပိုးကောင်များကို တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ထင်ရှားသည်။ ထိုအခိုက်တွင် တောဆိတ်ရသေ့ကြီးက အဘယ်ကြောင့် ဤမျှကြာနေခဲ့ကြောင်း ကျန်းရီ နားလည်သွားသည်။ သူတို့တွင် ကောင်းကင်ဝါးမျိုသားရဲလေး ရှိနေ၍သာ အလွန်လျင်မြန်စွာ သွားနိုင်ခဲ့ခြင်းဖြစ်သည်။ တောဆိတ်ရသေ့ကြီးမှာမူ လမ်းတစ်လျှောက်တွင် ဟွင့်သွမ့်ပိုးကောင်များကို တိုက်ခိုက်ခဲ့ရသည်။ ထို့ကြောင့် သူက သူတို့ထက် နောက်ကျပြီးမှ ရောင်လာခြင်းကို နားလည်နိုင်ပေသည်။

တောဆိတ်ရသေ့ကြီးက ဆက်၍ ချဉ်းကပ်လာသည်။ ကျန်းရီ၏ မျက်ဝန်းများ ပိုတောက်ပလာသည်။ ထျန်းဖုန့်ဧကရာဇ်၏ တစ်ကိုယ်လုံးတွင်လည်း သတ်ဖြတ်အရှိန်အဝါရေးရေး ပြည့်နေသည်။ သူ့မျက်ဝန်းများမှာမူ ငွေရောင်တလက်လက် တောက်နေပေသည်။

“ဟားဟားဟား...”

တောက်ဘက်လမ်းကြောင်းထဲမှနေ၍ လူတစ်ယောက် ပြေးထွက်လာ၏။ သူ့မျက်ဝန်းများထဲတွင် အံ့အားသင့်မှုများနှင့် ပြည့်နေသည်။ အဘယ်ကြောင့်ဆိုသော် အဝေးကတည်းက သူ ကောင်းကင်စိတ်အာရုံနှင့် အာရုံခံခဲ့၍ပင်။ ဤနေရာတွင် ဧကရာဇ်ရွေ ရှိမနေသည်လော။

ဝှစ်...

ထိုအခိုက်တွင် ကျန်းရီသည် ထျန်းဖုန့်ဧကရာဇ်ကို ခေါ်၍ အရှေ့ဘက်လမ်းကြောင်းထဲမှ ထွက်လိုက်၏။ တောဆိတ်ရသေ့ကြီး၏ ကောင်းကင်စိတ်အာရုံက သူတို့အပေါ် ကျရောက်လာသည်။ သူ့မျက်ဝန်းများ အေးစက်သွားလေသည်။

“ကျန်းရီ... မင်းက မသေသေးဘူးလား”

“ကျွန်တော်က သေပြီ... ဒါက ကျွန်တော့်ရဲ့ ရန်ငြိုးဝိညာဉ်ပဲ။ ကျွန်တော် ခင်ဗျားရဲ့အသက်ကို နှုတ်ဖို့လာတာ”

ကျန်းရီက အေးစက်စက် ရယ်၍ အရှေ့သို့ ပြေးသွား၏။ တောဆိတ်ရသေ့ကြီးသည် အကြာကြီး မှင်တက်မနေဘဲ အခြေအနေက မဟန်တော့ပုံပေါ်၍ ထွက်ပြေးရန် ရွေးချယ်လိုက်သည်။

ရွှစ်...ရွှစ်...

ကျန်းရီ၏ လက်ထဲတွင် ရေခဲအရင်းအမြစ် ထွက်ပေါ်လာသည်။ သူ ၎င်းကို အရှေ့သို့ ပစ်လွှတ်ကာ ပတ်ဝန်းကျင်ကို ရုတ်ခြည်း အေးခဲသွားစေလိုက်၏။ တောဆိတ်ရသေ့ကြီးက ပေသောင်းကျော်အကွာတွင် ရှိနေသော်လည်း အေးခဲသွားပေသည်။ သူ ရေခဲထဲမှ လျင်မြန်စွာ ဖောက်ထွက်နိုင်သော်လည်း သူ့ အမြန်နှုန်းက ရှောင်လွှဲ၍မရနိုင် ထိခိုက်သွားပေသည်။

“မီးအရင်းအမြစ်”

ကျန်းရီ မီးအရင်းအမြစ်ကို သုံးလိုက်ရာ သူ့အရှေ့မှ ရေခဲသားက ရုတ်ခြည်း အရည်ပျော်လာသည်။ ကြောက်မက်ဖွယ် အပူချိန်လည်း ထွက်လာ၍ တောဆိတ်ရသေ့ကြီးသည် သူ့တစ်ကိုယ်လုံး မီးလောင်သွားသလို ခံစားလိုက်ရလေသည်။

“အား...”

ကျန်းရီအနောက်ရှိ ထျန်းဖုန့်ဧကရာဇ်က အော်လိုက်၏။ သို့သော် သူ့လက်ထဲတွင် နတ်ဘုရားသစ်ရွက်ရှိ၍ မီးလောင်ဒဏ်ရာများကို လျင်မြန်စွာ ကုသနိုင်သည်။ သူ နာကျင်မှုကို တောင့်ခံကာ မျက်လုံးထဲမှနေ၍ အဖြူရောင်အလင်းတန်းနှစ်တန်း ပစ်လွှတ်လိုက်သည်။ ထိုအလင်းတန်းနှစ်တန်းက တောဆိတ်ရသေ့ကြီး၏ ခေါင်းထဲ ဝင်သွားလေသည်။

ထိုအဖြူရောင်အလင်းတန်းက စိတ်ဝိညာဉ်တိုက်ခိုက်မှုဖြစ်သည်။ ၎င်းကြောင့် ကျန်းရီ၏ စိတ်ဝိညာဉ် ပြိုကွဲလုမတတ် ဖြစ်ခဲ့ဖူးသည်။ ထျန်းဖုန့်ဧကရာဇ်၏ တိုက်ခိုက်စွမ်းအားက မဆိုးပါ။ သူ့စိတ်ဝိညာဉ်တိုက်ခိုက်မှုကလည်း အလွန်စွမ်းအားကြီးသည်။ ထို့ကြောင့် စက္ကန့်အနည်းငယ် အတွင်းမှာပင် တောဆိတ်ရသေ့ကြီး၏ မျက်ဝန်းများ အတန်ငယ် ရီဝေသွားပေသည်။

စက္ကန့်အနည်းငယ်မှာ အလွန်တိုသည်။ သို့သော် ကျန်းရီအတွက် ပေတစ်သောင်းကို ဖြတ်ကျော်ရန် လုံလောက်၏။ ကျန်းရီ ရေခဲအရင်းအမြစ်ကို ထပ်သုံးလိုက်ပြီး သူ့ကိုယ်သူနှင့် ‌တောဆိတ်ရသေ့ကြီးကို အေးခဲပစ်လိုက်သည်။

ခက်...ခက်...ခက်...

မ‌ရေမတွက်နိုင်သော ဟွင့်သွမ့်ပိုးကောင်များက အရပ်မျက်နှာအနှံ့မှနေ၍ လာနေ၏။ ထိုဟွင့်သွမ့်ပိုးကောင်အားလုံးမှာ ကောင်းကင်ဝါးမျိုသားရဲလေး ထိန်းချုပ်ထားသော ပိုးကောင်များဖြစ်ကြ၍ တောဆိတ်ရသေ့ကြီးထံသာ ဦးတည်သွားနေကြသည်။ ကျန်းရီသည် ထိုဟွင့်သွမ့်ပိုးကောင်များကို မီးလောင်သွားစေမိမည်စိုး၍ မီးအရင်းအမြစ် မထုတ်ပေ။ ထိုအစား ရေခဲအရင်အမြစ်ကိုသာ အဆက်မပြတ် ထုတ်၍ တောဆိတ်ရသေ့ကြီးကို ‌အေးခဲနေစေပေသည်။

ဖုန်း...ဖုန်း...ဖုန်း...

‌တောဆိတ်ရသေ့ကြီး၏ တိုက်ခိုက်စွမ်းအားက မဆိုးပါ။ သူသည် အလွန်ထူးဆန်းသော ဆန်းကြယ်စွမ်းရည်တစ်ခုကို သုံးကာ သူ့လက်တစ်ဘက်မှနေ၍ လျှပ်စီးလုံးများ ပစ်လွှတ်နေသည်။ ထိုလျှပ်စီးလုံးများက သူ့ကိုလှည့်ပတ်ကာ ရေခဲထုကို လျင်မြန်စွာ ဖောက်နေကြသည်။ သူသည် ထျန်းဖုန့်ဧကရာဇ် စိတ်ဝိညာဉ်တိုက်ခိုက်မှုကို အဆက်မပြတ် ပစ်လွှတ်နေ၍ အတန်ငယ် ဒေါသထွက်နေ၏။ ထိုတိုက်ခိုက်မှုက သူ့ကို မထိခိုက်စေသော်လည်း သူ ထိမှန်ခံလိုက်ရတိုင်း သူ့ကိုယ်သူ ကာကွယ်ရန် ရပ်တန့်နေရလေသည်။

ကျန်းရီနှင့် ထျန်းဖုန့်ဧကရာဇ်တို့က အလွန်အပေးအယူမျှနေ၏။ တစ်ယောက်က ရေခဲအရင်းအမြစ် ထုတ်လွှတ်ပြီး တစ်ယောက်က စိတ်ဝိညာဉ်တိုက်ခိုက်မှုများ ပစ်လွှတ်နေသည်။ ထို့ကြောင့် တောဆိတ်ရသေ့ကြီး၏ ရေခဲထုထဲမှ ထိုးဖောက်နိုင်နှုန်းက နှေးလာသည်။ ကောင်းကင်ဝါးမျိုးသားရဲလေးကလည်း ဟွင့်သွမ့်ပိုးကောင်များကို ထိန်းချုပ်၍ တောဆိတ်ရသေ့ကြီးဆီ လွှတ်နေပေသည်။

တောဆိတ်ရသေ့ကြီးထံတွင် တောဆိတ်မသေမျိုးမိစ္ဆာသွေးရှိ၏။ ထို့ကြောင့် ကျန်းရီ သူ့အနားသို့ အရမ်းကပ်မသွားဝံ့ပေ။ ကျန်းရီသာ တောဆိတ်မသေမျိုးမိစ္ဆာသွေး ထိမှန်ခံလိုက်ရမည်ဆိုလျှင် မည်မျှ ရုပ်ခန္ဓာသန်မာပါစေ ရွံစရာ သွေးအိုင်တစ်အိုင် ဖြစ်သွားမည်သာ။

ထို့ကြောင့် ကျန်းရီသည် တောဆိတ်ရသေ့ကြီးနှင့် ပေတစ်သောင်းအကွာတွင် ရပ်တန့်ကာ ထျန်းဖုန့်ဧကရာဇ်နှင့် အင်အားပူးပေါင်း၍ တောဆိတ်ရသေ့ကြီးကို ထိန်းထားသည်။ သူတို့ သူ့ကို အချိန်တစ်ခုအထိ ထိန်းထားနိုင်လိုက်ပြီး ဟွင့်သွမ့်ပိုးကောင်များ ဝန်းရံပြီးသည်အထိ စောင့်နိုင်လျှင် ရလဒ်မှာ သေချာသွားပေလိမ့်မည်။

တောဆိတ်ရသေ့ကြီးသည် ကျန်းရီ၏ ရည်ရွယ်ချက်ကို သတိပြုမိ၏။ သို့သော် ကျန်းရီက ဟွင့်သွမ့်ပိုးကောင်များကို မည်သို့ ထိန်းချုပ်နိုင်ကြောင်းကိုမူ သူမသိပေ။ ဟွင့်သွမ့်ပိုးကောင်များက ကျန်းရီထံသို့ မသွားဘဲ သူ့ထံသို့သာ လာနေကြသည်။ ယင်းနှင့်ပင် ကျန်းရီက ဟွင့်သွမ့်ပိုးကောင်များကို ထိန်းချုပ်နိုင်ကြောင်း သိနိုင်ပေသည်။

တောဆိတ်ရသေ့ကြီး၏ မျက်လုံးများ အရောင်လက်သွားသည်။ သူ့လက်ထဲတွင် နီညိုရောင်သွေးစက်အချို့ ထွက်ပေါ်လာသည်။ ထို့နောက် သူ ကျန်းရီဘက်သို့ ချိန်ကာ အော်ပြောလိုက်သည်။

“ကျန်းရီ... ငါ့ကို ဖိအားမပေးနဲ့။ မဟုတ်ရင် ငါ မင်းနဲ့ သူသေကိုယ်သော တိုက်ပစ်မယ်”

“တောဆိတ်မသေမျိုးမိစ္ဆာသွေးလား”

ကျန်းရီ ခပ်လှောင်လှောင်ရယ်ကာ ပြန်ပြောလိုက်၏။

“အဲ့သွေးကို ခင်ဗျားတို့ရဲ့ ဘိုးဘေးတွေကို သန့်စင်ပြီး ယူထားတာ မဟုတ်လား။ ကျွန်တော် အဲ့သွေးကို မြည်းပြီးပါပြီ။ ခင်ဗျားက သူသေကိုယ်သေ တိုက်ချင်တာလား။ စမ်းကြည့်လေ။ ခင်ဗျား ကျွန်တော့်ကို မှန်အောင် ပစ်နိုင်မလား ကြည့်သေးတာပေါ့”

“ကောင်းပြီ... အတူတူ သေကြတာပေါ့”

‌တောဆိတ်ရသေ့ကြီးက ဒေါသတကြီး အော်ပြောလိုက်၏။ ထို့နောက် သူ့ကိုယ်မှနေ၍ မရေမတွက်နိုင်သော လျှပ်စီးလုံးများ ထွက်လာသည်။ ၎င်းလျှပ်စီးလုံးများက လျှပ်စီးလုံးတစ်လုံးတည်းအဖြစ် ပေါင်းစည်းသွားကြသည်။ တောဆိတ်ရသေ့ကြီးသည် ထိုလျှပ်စီးလုံးထဲ တောဆိတ်မသေမျိုးမိစ္ဆာသွေးစက်အချို့ကို ထည့်သွင်းလိုက်၏။ ပြီးလျှင် လက်နှစ်ဘက်ဖြင့် လက်ဟန်များလုပ်ကာ လျှပ်စီးလုံးကို ကျန်းရီထံသို့ ပစ်လွှတ်လိုက်လေသည်။

‘မြန်လိုက်တာ’

ကျန်းရီ မျက်မှောင်ကြုတ်သွား၏။ သူ တောဆိတ်ရသေ့ကြီး၏ တိုက်ခိုက်စွမ်းအားကို လျှော့တွက်လိုက်မိပေပြီ။ ထိုလျှပ်စီးလုံးက အလွန်မြန်လွန်းသည်။ အရေးအကြီးဆုံးမှာ လျှပ်စီးလုံးက ရေခဲထုကို ထိုးဖောက်နိုင်ခြင်းပင်။ ထို့ပြင် တောဆိတ်ရသေ့ကြီးက ၎င်းကို အချိန်မရွေး ပေါက်ကွဲထွက်သွားအောင် ထိန်းချုပ်နိုင်သေးသည်။ ၎င်းသာ ပေါက်ကွဲသွားလျှင် အထဲရှိ မိစ္ဆာသွေးစက်များက နေရာအနှံ့သို့ လွင့်စင်သွားပေလိမ့်မည်။ ထိုအခါ ကျန်းရီ မည်သည့်နေရာသို့ သွားပုန်းရမည်နည်း။

“ရှောင်မုန့်...”

အရေးအကြီးအခိုက်အတန့်တွင် ကျန်းရီ၏ ဦးနှောက်က အဆတစ်သောင်း ပိုလျင်မြန်စွာ အလုပ်လုပ်လာသည်။ သူ ရေခဲကို အရည်ဖျော်ရန် မီးအရင်းအမြစ် ထုတ်လွှတ်၍ အော်ပြောလိုက်သည်။

ရှောင်မုန့်က ချက်ချင်းပင် ဟွင့်သွမ့်သားရဲများကို ထိန်းချုပ်၍ ကျန်းရီအရှေ့သို့ သွားစေကာ လျှပ်စီးလုံးဆီ ဆက်သွားခိုင်းလိုက်သည်။ လျှပ်စီးလုံးကို ဝေးဝေးကတည်းက ပေါက်ကွဲသွားအောင် လုပ်နိုင်လျှင် လွင့်စင်လာမည့် မိစ္ဆာသွေးစက်များကို ကျန်းရီ အလွယ်တကူ ရှောင်နိုင်ပေလိမ့်မည်။

***

All Chapters