← Chapters

ငါ အညံ့ခံတယ်

Vol. 143 Ch. 1992

ငါ အညံ့ခံတယ်

Vol. 143 Ch. 1992

ကျန်းရီသည် တောဆိတ်ရသေ့ကြီး၏ အစွမ်းအစကို လျှော့တွက်မိ‌သေးသည်။ မရေမတွက်နိုင်သော ဟွင့်သွမ့်ပိုးကောင်များက ရွေ့လျားပိတ်ဆို့လာသောအခါ လျှပ်စီးလုံးက ၎င်းတို့ကို အလွတ်တကူ ကွေ့ပတ်ရှောင်သွားပြီး ကျန်းရီနှင့် နီး၍ နီး၍ လာလေသည်။

“မီးနဂါးဓားကို သုံးလိုက်”

ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ကျန်းရီထံ အသံပို့လွှတ်လိုက်၏။ ကျန်းရီသည် တုံ့ဆိုင်းမှုမရှိဘဲ နောက်ကျောတွင် လွယ်ထားသော မီးနဂါးဓားကို ထုတ်ကာ အရှေ့သို့ အကြိမ်အနည်းငယ် ခုတ်ချလိုက်သည်။

ရွှစ်...ရွှစ်...

အနီရောင်အလင်းတန်း အချို့ ပျံထွက်သွားပြီး မီးနဂါးများအဖြစ် ဖွဲ့စည်းသွားကြသည်။ ၎င်းနဂါးများမှာ ဟိန်းနေကြသည်။ ၎င်းတို့၏ စွမ်းအားနှင့် အရှိန်မှာလည်း ယခင် ကျန်းရီအသုံးပြုခဲ့စဉ်ကထက် ဆယ်ဆပို၍ စွမ်းအားကြီးလာပေသည်။

“ဟင်းဟင်း... ကောင်လေး၊ ဒါက လောကထဲက စွမ်းအားအကြီးဆုံးလက်နက်ပဲ။ အစိတ်အပိုင်းတစ်ခုကို မပေါင်းစည်းရသေးဘူး ဆိုပေမဲ့ ဒီလက်နက်ရဲ့စွမ်းအားက ကမ္ဘာဦးဝိညာဉ်ရတနာကိုတောင် ဖိနှိပ်နိုင်နေပြီ”

ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ဂုဏ်ယူစွာ အသံပို့လွှတ်လိုက်သည်။ ကျန်းရီ မီးနဂါးဓားကို များစွာ အသုံးမပြုခဲ့ခြင်းမှာ ၎င်းက လက်နက်တစ်ခုသာဖြစ်ပြီး မပြီးပြည့်စုံသေး၍လည်း ဖြစ်သည်။ ယခုမှာသာလျှင် သူ ကောင်းကင်ဧကရာဇ် နတ်ဘုရားလက်နက်ကို လျှော့တွက်လိုက်မိပြီဖြစ်ကြောင်း သိသွားပေသည်။

ဝှစ်...ဝှစ်...

ကျန်းရီသည် အနောက်သို့ ဆုတ်ရင်း မီးနဂါးဓားကို အဆက်မပြတ် လွှဲယမ်းနေ၏။ အနီရောင်အလင်းတန်းများ လေထုထဲတွင် ပြည့်နှက်သွားသည်။ တောဆိတ်ရသေ့ကြီးက လျှပ်စီးလုံးကို လေထဲတွင် ယိမ်းနွဲ့ရှောင်ရှားနေစေနိုင်လျှင်ပင် မီးနဂါးဓား၏ ခုတ်ချက်များကို ရှောင်နိုင်လိမ့်တော့မည် မဟုတ်ချေ။

ဝုန်း...

လျှပ်စီးလုံး ပေါက်ကွဲသွားပြီး အထဲရှိ တောဆိတ်မသေမျိုးမိစ္ဆာသွေးစက် ဒါဇင်ကျော်က အရပ်မျက်နှာအနှံ့သို့ လွင့်စင်ထွက်သွားသည်။ အနီးရှိ ဟွင့်သွမ့်ပိုးကောင်အချို့ သွေးစက်များ ထိမှန်ခံလိုက်ရပြီး ရုတ်ခြည်း တိုက်စားခံရကာ သွေးပြစ်များအဖြစ် ပြောင်းလဲသွားသည်။ ကျန်းရီက အတန်ငယ် လှမ်းနေသော်လည်း သူ့ထံသို့ မိစ္ဆာသွေးစက်အချို့ ရောက်လာပေသေးသည်။

ဝှစ်...ဝှစ်...

ကျန်းရီသည် တောဆိတ်မသေမျိုးမိစ္ဆာသွေးဆက်များကို လှစ်ခနဲ အလွယ်တကူ ရှောင်လိုက်၏။ တောဆိတ်ရသေ့ကြီး၏ မျက်ဝန်းများထဲတွင် တုန်လှုပ်သည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။ ထောင်ချီသော ဟွင့်သွမ့်ပိုးကောင်များက သူ့ကို ဝိုင်းရံထားပြီဖြစ်ပြီး စတင်တိုက်ခိုက်နေကြပေပြီ။

“ထျန်းဖုန့်ဧကရာဇ်...”

ကျန်းရီသည် မလှမ်းမကမ်းတွင် ရှိနေသည့် ထျန်းဖုန့်ဧကရာဇ်ကို လှမ်းအော်လိုက်၏။ ထျန်းဖုန့်ဧကရာဇ်၏ မျက်ဝန်းများ အ‌ရောင်လက်လာပြီး အဖြူရောင်အလင်းတန်းများ ပစ်လွှတ်လိုက်သည်။ ကောင်းကင်ဝါးမျိုသားရဲလေးကလည်း ဟွင့်သွမ့်ပိုးကောင်များကို ပိုထိန်းချုပ်၍ တောဆိတ်ရသေ့ကြီးထံ သွားစေလိုက်လေသည်။

တောဆိတ်ရသေ့ကြီး၏ တိုက်ခိုက်စွမ်းအားက ထျန်းဖုန့်ဧကရာဇ်ထက် ပိုကြီးလောက်သည်။ သူက ဟွင့်သွမ့်ပိုးကောင်များကို မသတ်နိုင်သော်လည်း လွင့်ပျံထွက်သွားအောင်မူ အလွယ်တကူ လုပ်နိုင်သည်။

ပြဿနာမှာ...

ဟွင့်သွမ့်ပိုးကောင်များက အလွန်အများအပြား ရှိနေပြီး ထျန်းဖုန့်ဧကရာဇ်က သူ့စိတ်ဝိညာဉ်ကို အဆက်မပြတ် တိုက်ခိုက်နေခြင်းပင်။ ထို့ကြောင့် ရလဒ်မှာ သေချာနေပေပြီ။ ဟွင့်သွမ့်ပိုးကောင်တစ်ကောင် ချဉ်းကပ်လာတိုင်း သူ၏အသားစတစ်စကို ပေးလိုက်ရပေသည်။

ဟွင့်သွမ့်ပိုးကောင်များ၏ အစွယ်လေးချောင်းက အလွန်ထက်ရှ၏။ တောဆိတ်ရသေ့ကြီး၏ ခန္ဓာကိုယ်က မည်မျှသန်မာသနည်း။ သို့သော် ယခုတွင် သူ့ခန္ဓာကိုယ်မှာ အလွယ်တကူ ကိုက်ဖြဲခံနေရလေသည်။

စက္ကန့်အနည်းငယ်အတွင်းမှာပင် တောဆိတ်ရသေ့ကြီး၏ တစ်ကိုယ်လုံးတွင် ဒဏ်ရာများ ပြည့်နှက်လာသည်။ သူ့အသားများစွာ ကိုက်ဖြဲခံလိုက်ရပြီး သူ့ဘယ်ဘက်ဒူးခေါက်ကွေး အောက်မှ အရိုးလည်း ကိုက်ခံလိုက်ရသည်။

“ပြင်းထန်လိုက်တာ”

ကျန်းရီနှင့် ထျန်းဖုန့်ဧကရာဇ်တို့သည် ထိုအခြင်းအရာကို မြင်သောအခါ တုန်လှုပ်သွားကြ၏။ အကယ်၍ ကောင်းကင်ဝါးမျိုသားရဲလေးသာ ဟွင့်သွမ့်ပိုးကောင်များကို မထိန်းချုပ်နိုင်လျှင် သူတို့နှစ်ယောက် မည်သို့ဖြစ်သွားမည်နည်း။ နောက်ဆုံးတွင် သူတို့နှစ်ယောက် အစိတ်စိတ်အမွှာမွှာ ကိုက်ဖြဲခံရကာ အရိုးပုံတစ်ပုံ ဖြစ်သွားပေလိမ့်မည်။ တွေးကြည့်ရုံဖြင့်ပင် သူတို့ ကြက်သီးထသွားကြသည်။

“ပြီးပြီ...”

တောဆိတ်ရသေ့ကြီး၏ ကိုယ်ပေါ်တွင် အသားစတစ်စပင် ကပ်ကျန်မနေတော့ပေ။ သူ့အရိုးများလည်း ကိုက်ခံနေရသည်။ သူ့သွေးကြောများစွာ ပေါက်ပြဲကုန်သည်။ ထိုအခိုက်တွင် သူက မြေပြင်ပေါ်တွင် လဲနေသည်။ ယခုတွင် သူ့အတွက် ပြန်တိုက်ခိုက်ရန် ခက်ခဲနေပေပြီ။ နောက်ဆုံးတွင် ကျန်းရီသည် ကောင်းကင်ဝါးမျိုသားရဲလေးကို ဟွင့်သွမ့်သားရဲများကို ဆက်မထိန်းချုပ်ရန် အမိန့်ပေးလိုက်သည်။

ကျန်းရီ တောဆိတ်ရသေ့ကြီးကို သတ်ပစ်ရမည်ဖြစ်ကြောင်းကို သံသယဖြစ်စရာ မရှိပေ။ သို့သော် လက်ရှိတွင် သူ့ကို အရှင်ထားထားလျှင် အသုံးဝင်မှုအချို့ ရှိနိုင်သေးသည်။ အနည်းဆုံးတော့ ကျန်းရီ သူ့ထံမှနေ၍ သတင်းအချက်အလက်အချို့ ရနိုင်သေး၏။ သူ တွင်းပေါ်သို့ တက်နိုင်ရန် နည်းလမ်းတစ်ခု ရှာဖို့ တောဆိတ်ရသေ့ကြီးကို အသုံးချနိုင်သည်။

ဝှစ်...

ကျန်းရီသည် လက်မြှောက်၍ ကောင်းကင်စွမ်းအား ထုတ်လွှတ်လိုက်ပြီး တောဆိတ်ရသေ့ကြီး၏ လက်တစ်ဘက်ကို ဖြတ်လိုက်၏။ ထိုလက်ပေါ်တွင် သိုလှောင်လက်စွပ်ရှိ၏။ သို့သော် သူ စိုးရိမ်နေသေးသဖြင့် ဓားအလင်းတန်းတစ်တန်းကို ထုတ်လွှတ်၍ တောဆိတ်ရသေ့ကြီး၏ နတ်ဘုရားအမြုတေကို ဖျက်ဆီးပစ်လိုက်သည်။

ဝုန်း...

တောဆိတ်ရသေ့ကြီးသည် အပြင်းအထန် ဒဏ်ရာရထား၍ မ‌ရှောင်နိုင်တော့ပေ။ သူ့နတ်ဘုရားအမြုတေက ပေါက်ကွဲထွက်သွားပြီး သူ နာကျင်တကြီး အော်ဟစ်လိုက်သည်။

“ကျန်းရီ... ငါ သရဲဖြစ်ရင်တောင် မင်းကို အလွှတ်ပေးမှာ မဟုတ်ဘူး”

ဝှစ်...

ထျန်းဖုန့်ဧကရာဇ်သည် အရှေ့သို့ ပြေးသွားပြီး တောဆိတ်ရသေ့ကြီးကို ဟွင့်သွမ့်ပိုးကောင်အုပ်ထဲမှ ဆွဲထုတ်လိုက်သည်။ ထို့နောက် တောဆိတ်ရသေ့ကြီး၏ ကိုယ်ထဲ မိစ္ဆာစွမ်းအား ထည့်သွင်းလိုက်ပြီး သူ သူ့ကိုယ်သူ သတ်မသေနေနိုင်အောင် တားဆီးလိုက်သည်။

“တောဆိတ်ရသေ့ကြီး”

ကျန်းရီသည် တောဆိတ်ရသေ့ကြီးကို ခပ်လှမ်းလှမ်းမှကြည့်၍ တည်ငြိမ်စွာ ပြောလိုက်၏။

“ကောင်းကင်ဘုံခုံရုံးထဲမှာတုန်းက ကျွန်တော် လင်းဖေးရှန်းနဲ့ ဧကရာဇ်ငယ်ရွေတို့ကို မသတ်ခဲ့ဘူးဆိုတာ ခင်ဗျား သိတယ် မဟုတ်လား။ အဲ့တော့... ခင်ဗျားက ကျွန်တော့်ကို သတ်ချင်ပေမဲ့ ခင်ဗျားသာ ပူးပေါင်းမယ်ဆိုရင် ကျွန်တော် ခင်ဗျားကို လွှတ်ပေးနိုင်တယ်။ ခင်ဗျားရဲ့ နတ်ဘုရားအမြုတေ ဖျက်ဆီးခံလိုက်ရပြီ။ ဒါပေမဲ့ ခင်ဗျားရဲ့ အစွမ်းအစနဲ့ဆိုရင် နတ်ဘုရားအမြုတေ ပြန်ဖန်တီးပြီး ထပ်ကျင့်ကြံနိုင်မှာပဲ။ ဆယ်နှစ်မပြည့်ခင် ခင်ဗျား ဧကရာဇ်အဆင့်ကို ပြန်ရောက်လောက်မှာပါ...”

“ဒါပေမဲ့...”

ကျန်းရီ အေးစက်စက် လေသံနှင့် ဆက်ပြောလိုက်သည်။

“ခင်ဗျား ဆက်အသက်မရှင်ချင်တော့ရင်လည်း ကျွန်တော် ခင်ဗျားကို ဘိုးဘေးတွေနဲ့ ဆုံရအောင် ပို့ပေးနိုင်တယ်။ ဒါပေမဲ့... ကျွန်တော် ခင်ဗျားကို ပြန်ကုပေးပြီး အဲ့ပိုးကောင်တွေကို ထပ်ကိုက်ခိုင်ပြီး အကြိမ်တစ်သောင်းလောက် သေတာထက် ဆိုးသွားအောင်လည်း လုပ်ပေးနိုင်တယ်”

တောဆိတ်ရသေ့ကြီး၏ သွေးလွှမ်းနေသော မျက်နှာက ရှုံ့မဲ့သွားသည်။ ပိုးကောင်များ၏ အကြိမ်တစ်သောင်း အကိုက်ခံရလျှင် အစကတည်းက သူ့ကိုယ်သူ မဖောက်ခွဲမိလေခြင်းဟု နောင်တရသွားပေလိမ့်မည်။

သို့သော် တောဆိတ်ရသေ့ကြီးက ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်ဖြစ်သည်။ သူက မျိုးနွယ်ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်သည်။ သို့ဖြစ်ရာ သူ မည်သို့ အလွယ်တကူ အညံ့ခံနိုင်မည်နည်း။ ထို့ကြောင့် သူ အံကြိတ်ကာ နှုတ်ဆိတ်၍နေလိုက်သည်။

“ထျန်းဖုန့်ဧကရာဇ်...”

ကျန်းရီသည် ထျန်းဖုန့်ဧကရာဇ်ကို အော်ခေါ်လိုက်၏။ ထျန်းဖုန့်ဧကရာဇ်က နတ်ဘုရားသစ်ရွက်ကို သုံး၍ တောဆိတ်ရသေ့ကြီး ကုသပေးလိုက်သည်။ တောဆိတ်ရသေ့ကြီးက ဒဏ်ရာများ လျင်မြန်စွဦ ပြန်ကောင်းလာသည်။ သူ့အသားများ ပြန်ပြည့်လာသည်။ ထို့နောက် ထျန်းဖုန့်ဧကရာဇ်သည် တောဆိတ်ရသေ့ကြီးကို မြေကြီးပေါ် ပစ်ချလိုက်လေသည်။

ကျီ...ကျီ...

ကောင်းကင်ဝါးမျိုသားရဲလေးသည် အော်မြည်လိုက်ပြီး ဟွင့်သွမ့်ပိုးကောင်များကို တောဆိတ်ရသေ့ကြီးအား လွှမ်းခြုံကာ ထပ်မံ ကိုက်ဝါးစေလိုက်သည်။ တောဆိတ်ရသေ့ကြီး ထပ်မံ၍ နာကျင်တကြီး အော်လိုက်၏။

“ထပ်ကုပေးလိုက်”

အချိန်ကျသောအခါ ကျန်းရီသည် ထျန်းဖုန့်ဧကရာဇ်ကို တောဆိတ်ရသေ့ကြီးအား ထပ်ကုပေးစေလိုက်၏။ တောဆိတ်ရသေ့ကြီး ပြန်ကောင်းလာသောအခါ ကောင်းကင်ဝါးမျိုသားရဲလေးကို ဟွင့်သွမ့်ပိုးကောင်များ ထပ်မံထိန်းချုပ်စေလိုက်သည်။

“ကျန်းရီ... မိစ္ဆာကောင်၊ မသေမျိုးတစ်ပိုင်း ရသေ့ကြီးနဲ့ မိုးပြာမဟာဧကရာဇ်က ငါ့အတွက် လက်စားချေပေးမှာပဲ”

“ကျန်းရီ... မင်း သတ္တိရှိရင် ငါ့ကိုသတ်လိုက်၊ ငါ့ကိုသတ်လိုက်”

“ကျန်းရီ... မင်းက ကောင်းကင်ဧကရာဇ်ရဲ့ ဆက်ခံသူပဲ။ ဘယ်လိုလုပ် အဲ့လောက် ‌အောက်တန်းကျရတာလဲ။ ဒီအကြောင်းသာ ပေါက်ကြားသွားရင် ကောင်းကင်ဧကရာဇ်ရဲ့ ဂုဏ်သတင်းက မင်းကြောင့် ညစ်နွမ်းသွားလိမ့်မယ်”

“ကျန်းရီ... ရပ်လိုက်၊ ရပ်လိုက်”

တောဆိတ်ရသေ့ကြီးက အဆက်မပြတ် အော်နေသည်။ သို့သော် သူ အညံ့မခံသေးပေ။ ကျန်းရီ၏ မျက်နှာထားက တစ်ချက်မှ မပြောင်းပေ။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်ကလည်း အသံပို့လွှတ်မလာချေ။ နှုတ်ဆိတ်နေခြင်းမှာ ကျန်းရီ၏ လုပ်ရပ်များကို သဘောတူနေသကဲ့သို့ပင်။

ကျန်းရီသည် ယန်ကိုးပါးကောင်းကင်ဧကရာဇ်လောက် မကြင်နာတတ်ပေ။ သူသည် သူ့ကိုယ်သူ လူကောင်တစ်ယောက်ဟု တစ်ခါမှ မတွေးခဲ့ပါ။ သူ ရက်စက်လိုလျှင် တစ်မြို့လုံး၊ အင်အားတစ်သန်း စစ်တပ်တစ်တပ်လုံးကို သတ်ပစ်နိုင်သည်။ ထို့ကြောင့် တောဆိတ်ရသေ့ကြီးကို ကိုင်တွယ်သောအခါ သူ နှလုံးနုမနေနိုင်တော့ပေ။

ဂုဏ်သတင်း...

ကျန်းရီ ဂုဏ်သတင်းကို တစ်ခါမှ ဂရုမစိုက်ခဲ့ပါ။ အကယ်၍ ဂုဏ်သတင်းက အသုံးဝင်လျှင် သူ၏ ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူဆိုသော ဂုဏ်သတင်းက လုံလောက်သင့်ပြီ မဟုတ်လော။ အဘယ်ကြောင့် လူများစွာက သူ့ကို သတ်လိုနေရသေးသနည်း။

အတိတ်တွင် မဟာဧကရာဇ်လေးပါးမှာ ကောင်းကင်ဧကရာဇ်၏ စစ်သူကြီးလေးပါး ဖြစ်ခဲ့သည်။ ယခုတွင် ကျန်းရီက ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူဖြစ်ကြောင်း ဖော်ထုတ်လိုက်ပြီးသည်ပင် ထိုမဟာဧကရာဇ်များက သူ့ထံ လက်အောက်မခံရသေးသနည်း။ မိုးပြာမဟာဧကရာဇ်၊ ရူးသွပ်မဟာဧကရာဇ်နှင့် ယန်မဟာဧကရာဇ်တို့အားလုံးမှာ သူ့ကို အပိုင်းပိုင်း ဖြတ်ပစ်လိုနေပေသည်။

အင်အား...

ဤလောကထဲတွင် အင်အားမှာသာ အခရာဖြစ်သည်။ အတိတ်တွင် ယန်ကိုးပါးကောင်းကင်ဧကရာဇ်က တိုက်ခိုက်စွမ်းအား အကြီးဆုံး မဟုတ်ခဲ့သ‌လော။ သူ့အကြင်နာတရားသက်သက်နှင့်သာ ဆိုလျှင် လောကကို မည်ကဲ့သို့ လောကကို အုပ်စိုးနိုင်ခဲ့မည်နည်း။

မည်မျှ ရယ်ရသနည်း။

ငါးကြိမ်... ဆယ်ကြိမ်...

တောဆိတ်ရသေ့ကြီးက ထပ်ခါ ထပ်ခါ ပြန်ကုသခံရနေပြီး ဟွင့်သွမ့်ပိုးကောင်အုပ်ထဲ အကြိမ်ကြိမ် ပစ်ချခံနေရသည်။ ကျန်းရီက ရက်စက်သည်။ ထျန်းဖုန့်ဧကရာဇ်ကလည်း မျက်တောင်တစ်ချက်ပင် မခတ်ပေ။ တောဆိတ်ရသေ့ကြီး တစ်ယောက်တည်း မဆိုထားနှင့် တောဆိတ်မျိုးနွယ်တစ်ခုလုံးကို သတ်ပစ်ရမည်ဆိုလျှင်ပင် သူ တစ်ချက်မှ လက်တွန့်မည် မဟုတ်ပါ။

ဆယ့်သုံးကြိမ်...

တောဆိတ်ရသေ့ကြီးသည် နောက်ဆုံးတွင် တောင့်မခံနိုင်တော့ပေ။ သူ ရူးသွပ်တော့မလို ရှိလာသည်။ သူ ဟွင့်သွမ့်ပိုးကောင်အုပ်ထဲ ထပ်မံပစ်ချခံရတော့မည့် အချိန်တွင် တလက်လက်တောက်နေသော ပိုးကောင်များ၏ အစွယ်များကို ကြည့်ကာ ကြောက်ရွံ့တကြီး အော်လိုက်လေသည်။

“ကျန်းရီ... ရပ်လိုက်၊ ငါ အညံ့ခံတယ်”

***

All Chapters